အခန်း ၃၁ ပထမဆုံး တွေ့ဆုံခြင်း
Viewers 3k

အခန်း ၃၁ ပထမဆုံးတွေ့ဆုံခြင်း

 

အဆိုပါ ထင်မြင်ချက်များမှာ အင်စလေ၏ အလွန်အကျူး တီထွင်ဖန်တီးထားသော စိတ်ကူးယဉ်မှုနှင့်အတူ စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်သည်။ ထိုနေရာ၌ တစ်စုံတစ်ခု ရှိနေသည်ဟု သူမကိုယ်သူမ နှစ်သိမ့်နေခြင်းသာ။

 

ယင်းသည် ကောင်မလေးအား အရူးလုပ်ရန် ရည်ရွယ်ထားသော ဖင်းလီ၏ ဗျူဟာအား အကူအညီဖြစ်စေသည်မှာ သံသယဝင်ရန်ပင် မလိုတော့ချေ။

 

“ဟူး.. ဟူး..”

 

အင်စလေ အသက်ရှူသံအား ထိန်းချုပ်ပြီးနောက် စာအုပ်စင်နှစ်ခုထံသို့ ခြေဖျားထောက်သွားလိုက်သည်။ အနည်းငယ်လှမ်းသောကြောင့် စာအုပ်စင်ရှိရာသို့ ရောက်ရန် ၅ မိနစ်ခန့်ကြာသည်။

 

အင်စလေ ထိုနေရာ၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေသည်ဟု ယုံကြည်လာမိပြီး သူမပင် မသိလိုက်ဘဲ ခပ်သွက်သွက် လျှောက်လိုက်သည်။

 

၅ မိနစ် ကြာပြီးနောက် ကလေးငယ်သည် စာအုပ်စင်နှစ်ခု ရှိရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အဝေးမှကြည့်လျှင်ပင် စာအုပ်စင်များမှာ အတော်လေး ကြီးမားနေပြီးဖြစ်သောကြောင့် အနီးသို့ ရောက်ရှိလာချိန်၌မူ ဧရာမစာအုပ်စင်များအလားပင်။

 

စာအုပ်စင်များမှာ အလွန်မြင့်မားလွန်းပြီး စာကြည့်တိုက်၏ မျက်နှာကျက်ကွေးကိုပင် ထိလုနီးနီးဖြစ်သည်။

 

ဒီနေရာက နေရောင်မရတာ အံ့ဩစရာ မရှိတော့ဘူး.. စာအုပ်စင်တွေက ဧရာမတွေ ဖြစ်နေတာကိုး.. သာမန်ထက်ထူးခြားတဲ့ စာအုပ်စင်တွေ ဖြစ်ရမယ်..

 

အင်စလေ ထိုသို့ယုံကြည်သည်။ သို့သော် အမှန်တရားအား သိရှိသွားမည်ဆိုလျှင် သူမကိုယ်သူမ သစ်ပင်၌ တွဲလောင်းချိတ်ဆွဲထားချင်စိတ် ပေါ်လာလိမ့်မည်။ ဤစာအုပ်စင်များ အလွန်အမင်း ကြီးမားနေရခြင်းမှာ ဒဏ္ဍာရီလာသက်ရှိများနှင့် ကမ္ဘာ့ဆန်းပြားထွေလာများ ဟူသည့် စာအုပ်ကြီးများအား ထားရှိရာနေရာ ဖြစ်သောကြောင့်ပင်။

 

ထိုစာအုပ်များအား ဖတ်ရှုသူဟူ၍ မရှိကြချေ။ အကြောင်းမှာ မာဖီးယားမိသားစု အများအပြားသည် သူတို့အား အကူအညီပေးနိုင်သော နတ်သမီးများမှလွဲ၍ ဒဏ္ဍာရီလာသက်ရှိများအကြောင်း စိတ်ဝင်စားမှု အနည်းငယ်မျှပင် မရှိကြချေ။

 

စူးစမ်းရှာဖွေသူ၊ စွန့်စားသွားလာသူနှင့် မည်သည့်မာဖီးယားမိသားစုနှင့်မျှ ပူပေါင်းထားခြင်း မရှိသော စွမ်းရည်အသုံးပြုသူများသာလျှင် ထိုဒဏ္ဍာရီလာသက်ရှိများနှင့် အမည်မဲ့ကုန်းမြေတိုက်ကြီးများအား ရှာဖွေလိုစိတ် ရှိကြလိမ့်မည်။

 

အင်စလေသည် ဂေါ့လိဖ်နိုင်ငံသမိုင်းကြောင်းစာအုပ်ကိုသာ ဖတ်ရှုဖူးသောကြောင့် အခြားနိုင်ငံများနှင့် ကုန်းမြေတိုက်ကြီးများအကြောင်း အနည်းငယ်မျှပင် မသိချေ။ ဂေါ့လိဖ်သမိုင်းကြောင်းစာအုပ်၌ အရေးကြီးသော နိုင်ငံအများစုကိုသာ ဖော်ပြထားခြင်းဖြစ်သည်။

 

အခြားကုန်းမြေတိုက်ကြီးများအကြောင်းနှင့် ပတ်သက်သည့် အရာများအား ဘေးဖယ်ထား၍ ရသေးသည်။ ယခုအချိန်၌ အင်စလေ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ စလိုအန်မိသားစုအား ပြန်လည်အသက်သွင်းရန်ဖြစ်သည်။ အခြားနိုင်ငံများနှင့် ကုန်းမြေတိုက်ကြီးများအား စူးစမ်းလေ့လာရန် အချိန်ပင်မရှိချေ။

 

အင်စလေသည် စာအုပ်စင်များထံသို့ ချဉ်းကပ်သွားသော်ငြား မည်သည့်အရာကိုမျှ မထိမိရန် ကြိုးစားသည်။ ပထမစာအုပ်စင်အား ကျော်လွန်ပြီးနောက် စာအုပ်စင်ပေါ်ရှိ စာအုပ်များထဲ၌ တစ်စုံတစ်ခု ရှာတွေ့နိုင်မည်ဟု တွေးနေစဉ်မှာပင် ရုတ်တရက်

 

စာအုပ်စင် နှစ်ခုအကြား၌ တလက်လက်တောက်ပနေသည့် ရွှေအိုရောင်ဆံပင်များအား တွေ့လိုက်ရသည်။

 

!

 

အင်စလေ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်မိလုနီးနီးဖြစ်ကာ နောက်သို့ ခုန်ဆုတ်လိုက်သည်။ ကံကောင်းစွာဖြင့် ကလေးသည် သူမ၏ ပါးစပ်လေးအား လက်ဖြင့် အလျင်အမြန် ပိတ်လိုက်သည်။

 

ရွေရောင်... ဆံပင်.. ရွှေအိုရောင် ဟုတ်လား..

 

အင်စလေ နှလုံးထွက်ကျတော့မလိုပင်။ မျက်လုံးများ ပြူးကျယ်ကာ တဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်သည်။

 

ဆံ.. ဆံပင်.. တစ်ယောက်ယောက် ရှိနေလား.. လူလား.. ဒါပေမဲ့ ဒီဟာက ပုဂ္ဂလိကစာကြည့်တိုက်လေ.. ငါမသိဘဲ ဘယ်သူက စာကြည့်တိုက်ထဲ ဝင်လာတာလဲ..

 

အကြီးပိုင်းများနှင့် မိသားစုခေါင်းဆောင်များမှအပ စာကြည့်တိုက်အတွင်းသူ အခြားလူတစ်ယောက် ဝင်နိုင်ရန် အလွန်ခက်ခဲကြောင်း အင်စလေကောင်းစွာသိသည်။ အကြီးပိုင်းတစ်ဦးဦးနောက်မှ လိုက်ပါသည့် အိမ်အကူနှင့် အစေခံများသာ စာကြည့်တိုက်အတွင်း ဝင်ခွင့်ရခြင်းဖြစ်သည်။

 

စာကြည့်တိုက်အတွင်း၌ ‌အလွန်များပြားသော ဗဟုသုတများ ရှိနေသဖြင့် သူလျှိုတစ်ဦးသာ ဝင်ရောက်လာပါက အန္တရာယ်များပေမည်။ ကံမကောင်းစွာဖြင့် မိသားစုကြီးတစ်ခု၏ အမွေဆက်ခံသူမှာ ဤစာကြည့်တိုက်ထဲသို့ ဆန္ဒရှိသလို ဝင်ထွက်နိုင်ကြောင်း အင်စလေ မသိရှာချေ။

 

အမွေဆက်ခံသူအကြောင်း အနည်းအကျဉ်းမျှပင် မသိရှာသော အင်စလေသည် အသက်ပြင်းပြင်းရှူကာ ရွှေအိုရောင်ဆံပင်ထွက်ပေါ်နေသည့် စာအုပ်စင်ရှိရာသို့ ဂရုတစိုက် ချဉ်းကပ်သွားသည်။

 

ရှပ်

တစ်လှမ်း

ရှပ်

နှစ်လှမ်း

ရှပ်

သုံးလှမ်း

 

အင်စလေ သုံးလှမ်းတိတိ လှမ်းပြီးနောက် သူမမျက်လုံးရှေ့၌ ရွှေအိုရောင်ဆံပင်၏ ပိုင်ရှင်ဖြစ်သူ ထွက်ပေါ်လာသည်။

 

SHAAA…

 

နှစ်ဦးစလုံးအတွက် အချိန်များ ရပ်တံ့သွားသလိုပင်။ နေရောင်ခြည်မကျရောက်နိုင်သည့် နေရာဖြစ်သော်ငြား အံ့ဩဖွယ်ကောင်းလောက်အောင် ရွှေအိုရောင်ဆံပင်ပိုင်ရှင်ပေါ်သို့ နေရောင်ဖြာကျလျက်ရှိသည်။

 

နူးညံ့သော နေရောင်ခြည်သူ ရွှေအိုရောင်ဆံပင်များပေါ်၌ ဖြာကျနေသောကြောင့် ရွှေအိုရောင်ဆံပင်များအား ယခင်ထက်ပိုကာ တောက်ပနေစေသည်။

 

ဝ.. ဝ သ...

 

အင်စလေ ပါးစပ်အဟောင်းသားဖြစ်နေသည်မှာ အတော်ကြာလေပြီ။ ပါးစပ် ပြန်ပိတ်ဖို့ပင် သတိမရဘဲ မျက်လုံးများမှာလည်း ချက်ချင်း ကျွတ်ထွက်တော့မလိုပင်။

 

သူမ၏ မြင်ကွင်းထဲသို့ ဝင်လာသည်မှာ ၁၀ နှစ်ပင် မပြည့်သေးသော ကောင်ငယ်လေးတစ်ဦး ဖြစ်သည်။ သူမ၏ မျက်လုံးထဲ၌ ကောင်လေး၏ ငြိမ်းချမ်းစွာ အိပ်မောကျနေသော မျက်နှာ ရောင်ပြန်လာသည်။ အဆင့်တန်းမြင့် ဈေးကြီးမည့် အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားပြီး လှုပ်ရှားမှုအနည်းငယ်ရှိသည်။

 

“ခူး.. ခူး..”

 

ကောင်လေး၏ ခပ်ဖျော့ဖျော့ အသက်ရှူသံ အင်စလေ၏ နားထဲသို့ ဝင်လာသည်။ ကောင်လေး အသက်ရှူလိုက်ချိန်တွင်းတွင် ရင်ဘတ်လှုပ်ရှားသွားလေ့ရှိပြီး ရွှေအိုရောင်ဆံပင်တိုလေးများမှာ လိပ်ပြာတောင်ပံများကဲ့သို့ အနည်းငယ် လှုပ်ခတ်သွားလိမ့်မည်။

 

မျက်တောင်ရှည်များသည် အချိန်တစ်ခုကြာမှ တစ်ကြိမ်ခန့် တုန်ယင်သွားတတ်ပြီး မျက်လုံးများ တင်းတင်းကြပ်ကြပ် ပိတ်ထားသဖြင့် မည်သည့်အချိန်မှ နိုးထလာမည်ဖြစ်ကြောင်း မသိနိုင်ချေ။

 

“အင်း..”

 

ကောင်လေး၏ ပါးစပ်ဖျားမှ ခပ်တိုးတိုးညည်းသံ ထွက်ပေါ်လာပြီး လှပသေသပ်သည့် နှုတ်ခမ်းလေးများ ပွင့်ဟလာသည်။ နီမြန်းနေသည့် နှုတ်ခမ်းများသည် အင်စလေ၏ မျက်လုံးထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။

 

ဘုရားရေ.. ရူးလောက်အောင် လှတဲ့ အလှတရားလေးက ဘာလေးများလဲ..

 

ကောင်လေ၏ မျက်နှာကြောင့် အင်စလေ အသက်ရှူရပ်သွားမိသည်။ ခပ်ဖျော့ဖျော့ ညည်းညူသံလေးပင်လျှင် ကောင်းကင်ဘုံ၏ ငွေခေါင်းလောင်းသံအလားပင်။

 

တကယ်ကြီးလား..

 

အင်စလေ စက္ကန့်ပိုင်းမျှ နှလုံးခုန်သံများ ရပ်တန့်သွားသည်။ သူမ၏ မျက်လုံးများသည် ကောင်လေးအား ခေါင်းအစခြေအဆုံး စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

 

ကောင်လေးမှာ သိသိသာသာကို အိပ်ပျော်နေသည်။ သို့သော် ကွေးကွေးလေးနှင့် ဒူးပိုက်ရင်း ဒုတိယစာအုပ်စင်အား ခေါင်းအုံးသဖွယ်မှီရင်း အိပ်ပျော်နေခြင်းပင်။

 

စာအုပ်စင် နှစ်ခုအကြား ထိုင်နေသည်မှာ အလွန်ထူးခြားဆန်းကြယ်လှသော်ငြား ထိုနေရာ၌ ခုံတစ်လုံး ရှိနေသောကြောင့် အတော်‌လေး ယုတ္တိဆန်လေသည်။ မည်သို့ပင်ဖြစ်စေ အင်စလေအတွက်မူ ဤသို့သော ထူးခြားဆန်းပြားသည့် သက်ရှိမှာ..

 

သူမ စိတ်ကူးထားသည်ထက် ကျော်လွန်နေလေသည်။

 

ကောင်လေးသည် ကိုယ်ကိုကွေးကာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေပုံမှာ ချူနီအင် အတွက် ထူးဆန်းအံ့ဩဖွယ်ကောင်းနေသည်။

 

'ဒါက.. နတ်သမီးလား..'

 

 ကောင်လေးသည် ၁၀ နှစ်ပင် မပြည့်သေးပုံရသည်။ အသက် ၈ နှစ်လောက် ရှိလိမ့်မည် ဖြစ်သော်ငြား သက်တူရွယ်တူ ကောင်လေးများနှင့် ယှဉ်လျှင် ပုသည်ဟု ဆိုရမည်။

 

တောင်ပံတွေတော့ မရှိဘူး.. ဒါပေမဲ့ တော်ဝင်နတ်သမီးတွေက တောင်ပံတွေကို ဖွက်ထားနိုင်တယ် မဟုတ်လား.. သူတို့ရဲ့ မူလပုံစံကလည်း ၁၀ နှစ်ပတ်ချာလည် ကလေးအရွယ်ပဲတဲ့..

 

အင်စလေသည် သူမ မြင်တွေ့နေရသည့် ကောင်လေးမှာ နတ်သမီးတစ်ယောက်ဖြစ်ရန် လေးပုံ သုံးပုံခန့် သေချာနေသည်။

 

ဘယ်နတ်သမီးက သူများတကာရဲ့ စာကြည့်တိုက်ထဲ လာအိပ်နေမှာလဲ..

 

သေချာပေါက် စာကြည့်တိုက်နတ်သမီးပဲပေါ့..