အခန်း ၃၂ မြစိမ်းရောင်မျက်လုံးများ
Viewers 3k

အခန်း ၃၂ မြစိမ်းရောင်မျက်လုံးများ

 

ဒီကောင်လေးက ငါရှာနေတဲ့ စာကြည့်တိုက်နတ်သမီးများလား..

 

အင်စလေ ကျယ်လောင်စွာ တံတွေးမျိုချမိသည်။

 

နတ်သမီး.. ဒါက နတ်သမီးပေါ့.. ပြီးတော့ ရှေးဟောင်းစာကြည့်တိုက်တွေကို သဘောကျတဲ့ တော်ဝင်နတ်သမီးတဲ့.. အဲဒီ နတ်သမီးက ငါတို့မိသားစုရဲ့ စာကြည့်တိုက်ထဲမှာ အိပ်နေတာတဲ့လား..

 

အင်စလေ စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။

 

အင်စလေ စိတ်လှုပ်ရှားစွာ အော်ဟစ်ပစ်လိုစိတ်ကြောင့် နှုတ်ခမ်းပါးများ တဆတ်ဆတ် တုန်ယင်လာသည်။ စိတ်လှုပ်ရှားမှုကြောင့် ပါးဖောင်းဖောင်းလေးများ နီမြန်းလာပြီး မျက်လုံးများသည်လည်း ကြယ်ပွင့်လေးများကဲ့သို့ တဖျက်ဖျက်လတ်နေတော့သည်။

 

နတ်သမီး.. တော်ဝင်နတ်သမီး.. စာကြည့်တိုက်နတ်သမီး.. ဘုရား ဘုရား.. နောက်ဆုံးတော့ နတ်သမီးကို တွေ့ရပြီ..

 

အင်စလေ လက်ကလေးများအား တင်းတင်းဆုပ်ကာ သူမထက် များစွာပိုမြင့်သော ခုံပေါ်၌ထိုင်နေသည့် ကောင်လေးအား မော့ကြည့်လိုက်သည်။ သူမ၏ ဦးခေါင်းထက်ပင် မြင့်နေသော ထိုင်ခုံကြောင့် ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်နေရုံသာ တတ်နိုင်သည်။

 

ဒီ နတ်သမီးကို ထိချင်တာတို့ စကားပြောချင်တာတို့ဆို ခုံပေါ်ကို တက်ရမှာပေါ့.. အဲဒါဆို နိုးသွားမှာလား.. မနိုးဘူးဆိုရင် သူ့ပေါင်ပေါ်မှာထိုင်ပြီး ထိကြည့်ချင်တယ်လို့..

 

အိပ်ပျော်နေသည့် ကောင်ငယ်လေးအား ထိတွေ့လိုသည်ဟု တွေးရုံနှင့်ပင် လူယုတ်မာတစ်ဦး ဖြစ်မှန်းမသိ ဖြစ်နေရှာသည်ကိုမူ အင်စလေ မသိရှာချေ။

 

ဤကောင်မလေးမှာ အစကတည်းက အသိစိတ်ဟူ၍ မရှိသောကြောင့် အပြုအမူများနှင့် ပတ်သက်၍ ဂရုမစိုက်ချေ။

 

အပြုအမူ.. ကိုယ်ကျင့်တရား.. ဟုတ်လား.. စားလို့ရလား..

 

အင်စလေ စိတ်လှုပ်ရှားစွာဖြင့် လက်ဖဝါးလေးများအား ပွတ်ပြီးနောက် ခုံခြေထောက်တစ်ဖက်အား ကိုင်လိုက်သည်။ ခုံပေါ်သို့ တွယ်တက်ရန် ခုံခြေထောက်အား အသုံးပြုရင်း တစ်ဆင့်ချင်း တက်ရမည်ဖြစ်သည်။

 

နတ်သမီးလေးသာ ခြေထောက်တွေကို ဆန့်ထားမယ်ဆိုရင် အဲဒီ ခြေထောက်ကနေ တွယ်တက်လို့ရမှာကို..

 

အင်စလေသည် ထူးဆန်းသော ကိုယ်နေဟန်ထားဖြင့် အိပ်နေသော နတ်သမီးကြောင့် ကြေကွဲဝမ်းနည်းစွာ ညည်းညူလိုက်သည်။ များများစားစား တွေးမနေတော့ဘဲနှင့် ခန္ဓာကိုယ်သေးသေးလေးအားသုံးကာ သစ်သားခုံပေါ်သို့ တွယ်တက်လေသည်။

 

ကျွိ.. ကျွိ

 

အင်စလေ တက်သွားချိန်တိုင်း၌ သစ်သားခုံမှ ကျွိကျွိအသံ မြည်လာသည်။ နတ်သမီးလေး နိုးသွားမည် စိုးသောကြောင့် အသံမည်လာချိန်၌ ခေတ္တမျှ ရပ်သည်။ နတ်သမီးသည် တိတ်ဆိတ်ကာ အိပ်မောကျနေဆဲပင်။

 

အင်စလေ စိတ်သက်သာရာ ရစွာဖြင့် ခုံပေါ်သို့ ဆက်တက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ကောင်လေး၏ ပေါင်ပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

 

“ဟား.. ခက်ခဲရိုက်ဒါနော်”

 

အင်စလေ နဖူးအား လက်ဖြင့်သပ်ကာ ညည်းညူစကားဆိုရင်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ ဤခုံသည် သူမကဲ့သို့သော လမ်းလျှောက်ခါစ ကလေးတစ်ဦးအတွက် အလွန်မြင့်လှသည်။

 

အဆုံးတွင် ခုံပေါ်သို့ တက်နိုင်ခဲ့သည်။ ကလေးငယ်သည် အရှက်မဲ့စွာဖြင့် ကောင်လေး၏ ပေါင်ပေါ်၌ ထိုင်နေကာ အနည်းငယ်မျှပင် စိတ်အနှောင့်အယှက်ဖြစ်ပုံ မရချေ။

 

“အင်းးး”

 

အင်စလေ ခေါင်းထောင်ကြည့်လိုက်သည်။ ဤနေရာမှဆိုလျှင် ကောင်လေး၏ ခန္ဓာကိုယ်နှင့် လွတ်နေသော ခုံနေရာကျဉ်းကျဉ်းလေး၌ သက်သောင့်သက်သာရှိစွာ ထိုင်နိုင်မည်ဖြစ်သည်။

 

သူမ ထိုင်ချပြီးနောက် ဦးခေါင်းမှာ ကောင်လေး၏ မေးစေ့နှင့် ထိလုနီးနီးပင်။

 

ဒီတော့ ငါတို့ ဘေးချင်းယှဉ်ရပ်ရင် ငါ့အရပ်က သူ့ပခုံးလောက်ပဲ ရှိမှာပေ့ါ.. ဒါမှမဟုတ် ဗိုက်လောက်ပဲ ရှိမှာ..

 

ဂါးးးး ဒီခန္ဓာကိုယ်လေးက ဘာဖြစ်လို့ ဒီလောက်တောင် သေးညှပ်နေတာလဲ.. ဒီခန္ဓာကိုယ်က ချို့ယွင်းချက် ရှိနေတာလား.. ဒီလောက်ကြီး ညှပ်မနေသင့်ဘူးလေ..

 

သူမ၏ ခြေတံလက်တံများမှာ အရပ်ကဲ့သို့ ပုတိုနေသည့် အချက်အား အင်စလေ အလွန်မုန်းတီးလှသည်။ ထိုကြောင့်သာ သူမလမ်းလျှောက်ချိန်တိုင်း၌ နှိပ်စက်ညှင်းပန်းခံရသလိုပင်။ လူထွားကြီးများ ရှိသည့်ကမ္ဘာ၌ ရှင်သန်နေထိုင်ရသလို ခံစားရသည်။

 

‘ဘာပဲဖြစ်ဖြစ် နတ်သမီးကို ထိဖို့က နံပါတ် ၁ ပဲ..’

 

အင်စလေ သူမဖတ်ခဲ့သော စာအုပ်ပါ အကြောင်းအရာများအား မှတ်မိနေဆဲဖြစ်သည်။ ဆိုထားသည်မှာ နတ်သမီးအား ပထမဆုံးအကြိမ် ထိတွေ့မိသူမှာ ဉာဏ်အလင်းရစေနိုင်သည်။

 

စွမ်းရည်နိုးထလာနိုင်သလို ရှိပြီးသား စွမ်းအားများကို ပိုမိုသန်မာလာစေသည်။ ကံဆိုးသူအချို့မှာမူ မည်သည့်အရာမျှ မရရှိချေ။

 

အင်စလေသည် ဤခန္ဓာကိုယ်ထဲ၌ ချိပ်ပိတ်ခံထားရသော စွမ်းရည်များရှိလျှင် နိုးထလာစေရန် ရည်မှန်းထားခြင်းဖြစ်သည်။ မည်သည့်အရာမျှ မရလျှင်ပင် လုံလောက်ချေပြီ။

 

အသက် ၃ နှစ်အရွယ်မှာ တော်ဝင်နတ်သမီးကို ထိဖူးတယ်လို့ ကြွားလို့ရတဲ့သူ ရှိလား.. မာဖီးယားကမ္ဘာရဲ့ ပါရမီရှင်ဆိုတဲ့ ဝေါ်လ်တာမိသားစုရဲ့ အမွေဆက်ခံသူတောင် ဒီလိုလုပ်နိုင်လား..

 

သူမပြောနေသည့် အမွေဆက်ခံသူမှာ သူမရှေ့တွင် ရှိနေသည့် နတ်သမီးဖြစ်ကြောင်း မသိရှာချေ။

 

အင်စလေ ဘာတစ်ခုမှ မသိဘဲ မတ်တတ်ရပ်လိုက်သည်။ နတ်သမီးလေးသည် ထိုင်ခုံ၏ တစ်ဝက်ကျော်ကျော် နေရာယူထားသဖြင့် နေရာအရမ်းကြပ်နေသောကြောင့် အင်စလေ အလွန်အမင်း ဂရုစိုက်နေရသည်။

 

စိတ်ရှည်စွာဖြင့် သူမ၏ ခန္ဓာကိုယ်လေးဖြင့် ကောင်လေး၏ ဒူးတစ်လုံးအား ဖိလိုက်ပြီး‌ မပြုတ်ကျစေရန် နောက်ဒူးတစ်လုံးအား ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ကလေးသည် ကောင်လေး၏ မျက်နှာဆီသို့ လက်လှမ်းလိုက်လေသည်။

 

“အွင်း အွင်း..”

 

အင်စလေသည် စာအုပ်စင်အား မှီနေဆဲဖြစ်သည့် ကောင်လေး၏ ဦးခေါင်းရှိရာသို့ လက်ချောင်းလေးများ တဖြည်းဖြည်းချင်း တိုးကပ်သွားသည်။

 

နောက်တစ်ခေါက် လှုပ်လိုက်ရုံနှင့်ပင် ကောင်လေး၏ ပါး သို့မဟုတ် ဆံပင်အား ထိနိုင်ပေတော့မည်။

 

'ဂါးးးး နည်းနည်းလေးယေးဘဲ’

 

အင်စလေ ခြေဖျားထောက်ကာ ညာဘက်လက်အား ဆန့်နိုင်သမျှ ကြိုးစားဆန့်လိုက်သည်။ စိတ်ပျက်ဖွယ်ရာ ခန္ဓာကိုယ်သေးသေးလေးကြောင့် အကူအညီမဖြစ်ပေ။

 

သို့သော် မဆုတ်မနစ် အားထုတ်မှုကြောင့် အင်စလေ၏ လက်ချောင်းထပ်သည် ကောင်လေး၏ ပါးပြင်သို့ ထိလုမတတ် ဖြစ်သွားသည်။

 

သို့သော် ကံမကောင်းစွာဖြင့် အင်စလေ မထိမိခင်မှာပင် ကောင်လေး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

 

မျက်တောင်ခတ်။

 

မျက်တောင်ခတ်လိုက်သည်။

 

ထို့နောက် အင်စလေ နေရာမှာတင် ကြက်သေသေသွားတော့သည်။

 

သူမ၏ မျက်နှာမှာ ကောင်လေးနှင့် လက်မအနည်းငယ်သာ ကွာဝေးသဖြင့် မျက်လုံးများ ပွင့်လာပုံအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။

….

 

အင်စလေမှာ ကိုးရိုးကားယားနိုင်စွာဖြင့် လေထဲ၌ လက်တွဲလောင်းဖြစ်နေသည်။ အင်စလေ နှလုံးတစ်ချက် ခုန်သွားသည်။ မဟုတ်.. ဓာတ်လိုက်သွားသလိုပင်။

 

ဖ... ဘယ်.. ဘယ်လိုလုပ်...

 

သို့သော် အင်စလေ၏ တုန်လှုပ်မှုမှာ မပြီးသေးချေ။ ကောင်လေးနှင့် မျက်နှာချင်းဆိုင် ကြည့်နေရချိန်၌ သူမ၏ အပြာရောင်မျက်လုံးများ ပြူးကျယ်လာသည်။ ယခုအခါ ကောင်လေး၏ မျက်လုံးများ ပွင့်လာပြီဖြစ်သောကြောင့် မျက်နှာသွင်ပြင်တစ်ခုလုံးအား မြင်နိုင်ပြီဖြစ်သည်။

 

ရုတ်တရက် သူမစိတ်ထဲ၌ နတ်သမီးများအကြောင်း ဖတ်ခဲ့ရသည့် စာအုပ်ထဲ၌ ပါရှိသော စာပိုဒ်တစ်ပိုဒ် ပေါ်လာသည်။

 

‘တော်ဝင်နတ်သမီးများ၌ သိသာထင်ရှားသော လက္ခဏာရပ်များ ရှိကြသည်။ ပထမတစ်ခုမှာ ရွှေအိုရောင်ဆံနွယ်များ ဖြစ်သည်။’

 

ဒုတိယတစ်ခုမှာ

 

ကောင်လေးနှင့် မျက်လုံးချင်း ဆုံမိချိန်တွင် အင်စလေ လေအေးများ ရှိုက်မိတော့သည်။

 

မြစိမ်းရောင် မျက်လုံးတွေ..

 

တော်ဝင်နတ်သမီး၏ တမူထူးခြားသော လက္ခဏာရပ်တစ်ခုပင်။

 

ကောင်လေးအပေါ် ရှိနေခဲ့သည့် သံသယများ တမဟုတ်ချင်း လွင့်စင်ပြယ်ပျောက်သွားသလို ခံစားရသည်။

 

မဟုတ်.. သူမ၏ နှလုံးသားအောက်ခြေမှနေ ယုံကြည်နေပြီဖြစ်သည်။