အခန်း ၃၃ အယောင်ဆောင်
Viewers 3k

အခန်း ၃၃ အယောင်ဆောင်

 

ရွှေအိုရောင်ဆံပင်... မြစိမ်းရောင်မျက်လုံး..

 

ဒီကောင်လေးက တကယ် တော်ဝင်နတ်သမီးပဲ..

 

အင်စလေမှာ အလွန်စိတ်လှုပ်ရှားနေသောကြောင့် ကောင်လေးနှင့် မျက်နှာချင်း အလွန်နီးကပ်နေသည်ကို သတိမပြုမိဘဲ ရှိနေသည်။ စိတ်လှုပ်ရှားကာ ဟွန်းခနဲ လှောင်ပြောင်ရယ်မောသံ ခပ်တိုးတိုး ထွက်ပေါ်သွားသည်ကိုလည်း လျစ်လျူရှုလိုက်သည်။

 

ဖ... တကယ်ကြီးလား.. နတ်သမီးတဲ့.. မေမေရေ... သူက တကယ့် နတ်သမီးအစစ်ပဲ.. မြစိမ်းရောင် မျက်လုံးတွေက သက်သေပဲနော်..

 

အင်စလေ၏ မျက်လုံးများမှာ အမှောင်ထဲရှိ မီးအိမ်သဖွယ် တောက်ပလာပြီး မသိစိတ်မှ ကောင်လေး၏ ဒူးခေါင်းကို အားဖြင့်ဖျစ်ညှစ်လိုက်သည်။ သူမ၏ နောက်လက်တစ်ဖက်မှာ ကောင်လေး၏ မေးစေ့အား ထိရန် ရှေ့တိုးသွားလေသည်။

 

“နတ်တမီး ယား.. (နတ်သမီးလား)”

 

အင်စလေသည် သူမအား ဗလာမျက်လုံးများဖြင့် ကြည့်နေသည့် ကောင်လေး၏ မေးစေ့အား လက်ဖြင့် ခပ်တင်းတင်း ဆွဲလိုက်သည်။

 

ကောင်လေး ရုတ်တရက် တွန့်သွားပြီး ကြည်လင်ငြိမ်းအေးသော မြစိမ်းရောင်မျက်လုံးများမှ မျက်ရည်စများ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။

 

"အူး..  အူးဝါးးး လူသားးးးးးး"

 

နတ်သမီး.. မဟုတ် နတ်သမီးအဖြစ် ဟန်ဆောင်နေသော ကောင်လေး ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို ‘ကျယ်လောင်စွာအော်ဟစ်’ သည်မှာ အလွန်ကြောက်ရွံ့နေသောကြောင့် ကောင်းမွန်စွာ မအော်ဟစ်နိုင်ဘဲ ခပ်တိုးတိုး ညည်းညူသံအလားပင်။

 

“လ.. လူသား..”

 

ကောင်လေး နောက်တစ်ကြိမ်ထပ်ပြောပြီး ရုတ်တရက် ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ အင်စလေတစ်ဦးတည်း ချန်ထားရစ်သည်။ သူ၏ လှုပ်ရှားပုံမှာ အလွန်လျင်မြန်ကာ အင်စလေ၏ ကျီစယ်တတ်သော လက်ဖဝါးလေးထံမှ လွတ်မြောက်သွားတော့သည်။

 

အင်စလေသည် ကောင်လေး၏ ဒူးခေါင်းနှင့် မေးစေ့တို့အား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည့်တိုင်အောင် ကောင်လေး.. မဟုတ် နတ်သမီးလေးသည် သူမ၏ မိစ္ဆာဆန်ဆန် ဖမ်းချုပ်ထားမှုမှ လွယ်လင့်တကူ လွတ်မြောက်သွားလေသည်။

 

!

 

အင်စလေ အလွန်ထိတ်လန့်တုန်လှုပ်သွားသောကြောင့် မျက်လုံးများ ပြူးကျယ်လာသည်။ ပါးစပ်ကလေးမှာလည်း ကြက်ဥတစ်လုံး ထည့်နိုင်လောက်အောင် ကျယ်လောင်စွာ ပွင့်ဟနေလေသည်။

 

ဘာ.. ဘာလား.. အမ်.. သူက လွတ်သွားတယ်.. ဟမ်..

 

အင်စလေမှာ အကြီးကြီး ထိတ်လန့်ဆဲ ဖြစ်နေချိန်တွင် နတ်သမီးလေးသည် ဒုတိယစာအုပ်စင်၏ နောက်ကွယ်၌ အလျင်စလို ပြေးပုန်းလိုက်သည်။ ထို့နောက် အင်စလေအား နီရဲနေသော မျက်လုံးများဖြင့် ကြည့်လေသည်။

 

“ဘယ်.. ဘယ်သူလဲ.. ငါ့.. ငါ့ကို ဘယ်.. ဘယ်လို ရှာတွေ့တာလဲ..”

 

ဖင်းလီ တုန်ယင်သောအသံဖြင့် မေးလိုက်သည်။ သူ၏ပုံစံမှာ ကြောက်ရွံ့ထိတ်လန့်နေသော ရှဉ့်လေးတစ်ကောင်ကဲ့သို့ဖြစ်ပြီး မည်သူမဆို အကာအကွယ်ပေးချင်စိတ် ပေါ်လာလိမ့်မည်။

 

ဟုတ်သည်။ သူ၏ အယောင်ဆောင်စွမ်းရည်မှာ ထိပ်တန်းအဆင့်ပင်။ သူ၏ အယောင်ဆောင်စွမ်းရည်မှာ အနာဂတ်၌ အင်စလေ၏ အယောင်ဆောင် ဂေါ့ဖားသားဝိညာဉ်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်။

 

နတ်သမီးလေး၏ ရုတ်တရက် ရန်လိုမုန်းတီးမှုကြောင့် အင်စလေ ကြောင်အသွားသည်။ သူမအား ကြောက်ရွံ့ကာ အလွန်အမင်း ခုခံနေပုံရပြီး ချက်ချင်းပင် အတောင်ပံများဖြန့်ကာ ပျံပြေးလုမတတ် ဖြစ်နေသည်ကို ထည့်မပြောရသေးပေ။

 

မရဘူး.. သူ့ကို ထွက်သွားခွင့်မပေးနိုင်ဘူး..

 

ပျာယာခတ်နေသော အင်စလေ ချက်ချင်းပင် စိတ်တည်ငြိမ်အောင် ပြုလိုက်သည်။ သူမ၏ အမူအရာအား အတတ်နိုင်ဆုံး အန္တရာယ်မပြုဟန်ပေါ်အောင် ကြိုးစားထိန်းချုပ်ပြီးနောက် နတ်သမီးအား သူမ၏ သက်တမ်းတစ်လျှောက် အတောက်ပဆုံးဟု ဆိုရမည့် အပြုံးတစ်ပွင့် ပေးလိုက်သည်။

 

“မင်ဂါဘာ.. နာဂ အင်ချယေဘာ.. အင်.. လူတားဘာ.. (ငါကအင်စလေပါ.. လူသားပါ..)”

 

အင်စလေ လက်ကလေးများယမ်းကာ နတ်သမီးအား နှုတ်ဆက်လိုက်ပုံမှာ အလွန်အမင်း ချစ်စဖွယ်ကောင်းလှသည်။

 

 စကားမပီခြင်းနှင့် တောက်ပသော အပြုံးလေးမှာ သူမ၏ သွင်ပြင်အား ပို၍ပင် နှစ်လိုဖွယ်ကောင်းစွားစေသည်။ စွမ်းရည် အသုံးပြုခြင်း မရှိချိန်မှာပင် ကလေးသည် နတ်သမီးအား ညှို့ယူနိုင်လောက်အောင် ချစ်စဖွယ်ကောင်းနေခြင်းဖြစ်သည်။

 

မဟုတ်ဘူး.. ဒါက ဘာလေးလဲ..

 

ဖင်းလီ စိတ်သက်သာရာ ရ,ရမည့်အစား အချိန်တစ်ခုမျှ ကြောင်အနေလေသည်။ ထိုတောက်ပလွန်းသည့် အပြုံးလေးအား မြင်လိုက်ရသည့် အချိန်မှာပင် ဤကလေးငယ်ကသာ နတ်သမီးအစစ် ဖြစ်လိမ့်မည်ဟု ရုတ်တရက် တွေးမိလိုက်သည်။

 

ဒီကလေးက စာကြည့်တိုက်နတ်သမီး မဟုတ်တာ သေချာရဲ့လား..

 

ဖင်းလီ တံတွေးမျိုချမိသည်။ ကောင်လေး၏ မျက်လုံးကြီးများမှာ အင်စလေ၏ အပြုံးအား အကြည့်မလွှဲနိုင်ဘဲ ရှိလေသည်။

 

ဒါ.. ဒါက တကယ်ပဲ အင်စလေစလိုအန်လား..

 

ခရမ်းရောင်ဆံပင်များမှာ ငြင်းဆန်၍မရနိုင်သည့် သက်သေများဖြစ်နေသည့်တိုင်အောင် ဖင်းလီသည် အင်စလေ၏ အထောက်အထားအား သံသယဝင်မိဆဲပင်။

 

ဤကလေးအား မည်သည်ကြောင့် သံသယမဝင်နိုင်ဘဲ ရှိမည်နည်း။ ဖင်းလီသိထားသော အင်စလေမှာ အမြဲလိုလို မှုန်ကုတ်ကုတ်နှင့် ရှိနေတတ်ပြီး သူမနှင့်အတူ ကစားပေးချင်သူဟူ၍ မည်သူမျှမရှိချေ။

 

အတိတ်ဘဝ၌ ဤကလေးအား မြင်တွေ့ခဲ့ဖူးသည်။ အသက် ၁၅ နှစ် မတိုင်မီအထိ ကောင်မလေးမှာ အလွန်တိတ်ဆိတ်ကာ မှိုင်တွေနေတတ်သဖြင့် သူမအပေါ် ထင်မြင်ချက်ကောင်းများ မရှိကြချေ။ ထို့ကြောင့်ပင် မိသားစု၏ ရုပ်သေးခေါင်းဆောင်ဖြစ်လာချိန်၌ မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းမရှိခြင်းပင်။

 

အခုကဘာလဲ.. ဘာတွေလဲ.. ကလေးက ဘာဖြစ်လို့ အရမ်းပဲ တက်ကြွ.. ချစ်ဖို့ကောင်း.. အားအင်ပြည့်ပြီး ဉာဏ်ရည်ထက်မြက်ပုံ ပေါ်နေတာလဲ..

 

သူမ ငါ့ကို.. နတ်သမီးကို နှုတ်ဆက်ပုံကလည်း အပြုအမူကောင်းတွေ ရှိပုံပေါ်တယ်.. တခြား ၃ နှစ်အရွယ် ကလေးတွေက ဒီလိုမျိုး ကောင်းကောင်းနှုတ်ဆက်တတ်လို့လား.. ဟမ်..

 

“အင်.. စလေ.. လား”

 

ဖင်းလီ သံသယကြားမှ စကားပြောလိုက်သည်။ သူ၏ နှုတ်ခမ်းများကြားမှ ထွက်ပေါ်လာသော ခပ်တိုးတိုးအသံမှာ အမှန်တကယ်ကို နူးညံ့ညင်သာပြီး ယစ်မူးစေနိုင်သည်။

 

‘နတ်သမီး’ ၏ စကားပြောသံကြောင့် အင်စလေ၏ နားများပူလောင်လာသည်ဟု ခံစားမိသည်။

 

အိုး.. ဘုရားရေ.. အသံလေးကတောင် ချိုသာနေရော.. တကယ့် နတ်သမီးပဲ..

 

အင်စလေ စိတ်တက်ကြွလာသည်။ ချက်ချင်းပင် ခေါင်းညိတ်ကာ စကားပြောသည်။

 

“ဟုဒယ်.. နာက အင် ပါ.. အမ်.. နင်က နတ်တမီး ယား.. (ငါက အင် ပါ.. နင်က နတ်သမီးလား)”

 

အင်စလေသည် နတ်သမီးများ၏ တည်ရှိမှုအား မသိဟန်ဆောင်လိုက်သည်။ နတ်သမီးများအကြောင်း သိထားသည်ဟု ပြောလိုက်ပါက ထက်မြက်သည့် နတ်သမီးလေးမှာ သူမအား ကြောက်ရွံ့သွားနိုင်သည်။

 

နတ်သမီးအချို့မှာ ရှက်ရွံ့တတ်ကြသည်ဟု စာအုပ်ထဲ၌ ဖော်ပြထားသည်။ ဤနတ်သမီးမှာလည်း အတူတူပင် ဖြစ်ရမည်။ နတ်သမီးအား ကြောက်လန့်သွားစေ၍ မဖြစ်ပေ။

 

အင်စလေသည် ဘာမှမသိဟန်ဆောင်ကာ မည်သူဖြစ်ကြောင်း မေးနေသဖြင့် ဖင်းလီ မျက်မှောင်ကြုတ်ချင်သွားသည်။ ကလေးသည် နတ်သမီးများအကြောင်း စာအုပ်များအား ဖတ်နေသည်ကို တွေ့ရှိထားပြီးဖြစ်သော်ငြား မည်သည်ကြောင့် မသိဟန်ဆောင်နေရသနည်း။

 

သို့သော် သူမ မေးလာပုံမှာ ဖင်းလီအား နတ်သမီး ဟုတ်၊ မဟုတ် သိလိုခြင်းပင်။ နတ်သမီးများအကြောင်း ယခုမှ သိရှိလာဟန်တူသည်။

 

“အင်း.. ဟု.. ဟုတ်တယ်.. ငါ.. ငါက နတ်.. နတ်သမီးဆိုတာ ဘယ်.. ဘယ်လိုသိတာလဲ..”

 

ဖင်းလီ ရည်ရွယ်ချက်ရှိရှိ စကားထစ်ဟန်ဆောင်လိုက်သည်။ ကောင်လေးသည် အင်စလေအား စာအုပ်များကြားမှ ချောင်းကြည့်လိုက်ပုံမှာ ရှက်ရွံ့တတ်သော နတ်သမီးနှင့် တူလေသည်။

 

ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဖင်းလီအား ‌ကောင်းစွာသိသောသူ တစ်ဦးတစ်ယောက်သာ ဤကဲ့သို့သော အမူအရာအား မြင်တွေ့သွားပါက ကိုယ့်ကိုယ်ကိုယ် သေနတ်နှင့်ပစ်ကာ သတ်သေသွားနိုင်သည်။

 

ဆိုးသွမ်းကာ ကောက်ကျစ်စဉ်းလဲပြီး အညှာအတာမဲ့ ရက်စက်သော သခင်ငယ်လေးမှာ အလွန် ရှက်ရွံ့ကြောက်လန့်တတ်သူ ဖြစ်လေသည်။

 

အယောင်ဆောင်

 

ကျေးဇူးတင်ဖို့ကောင်းစွာပင် အင်စလေမှာ ဖင်းလီဝေါ်လ်တာနှင့် ပတ်သက်၍ အနည်းငယ်မျှပင် သိထားခြင်းမရှိချေ။ သူမ၏ရှေ့၌ ရှိနေသော ကောင်လေးမှာ နတ်သမီးတစ်ယောက်ဟုပင် ရိုးရိုးရှင်းရှင်း မှတ်ယူလိုက်သည်။ ထို့ကြောင့် အလွန်အမင်း ဂရုတစိုက်နှင့် ပြန်ဖြေသည်။

 

“နတ်သမီးချာအုပ် ဖတ်ဖူးတယ်..”

 

အင်စလေ နတ်သမီးများအကြောင်း စာအုပ် ဖတ်ဖူးသည်ကို ဝန်ခံလိုက်သည်။

 

“ဒါမဲ့ များကြီးဟုတ်ဝူး.. အင် နဲနဲဘဲ တိတာ..”

 

အင်စလေ ခေါင်းယမ်းလိုက်ပြီး နတ်သမီးများနှင့် ပတ်သက်၍ ဗဟုသုတ အကန့်အသတ်သာရှိကြောင်း ပြောလိုက်သည်။

 

ထိုသို့ဖြင့် နတ်သမီးများရှိကြောင်း သိသော်ငြား နတ်သမီးအမျိုးအစားများကိုမူ မသိကြောင်း ဖော်ပြပြီးဖြစ်သည်။

 

သူမကိုယ်သူမ ကောင်းကောင်းလုပ်ခဲ့သည်ဟု ထင်လိုက်သည်။