အခန်း ၃၄ နတ်သမီးနှင့် စကားပြောခြင်း
Viewers 3k

အခန်း ၃၄ နတ်သမီးနှင့် စကားပြောခြင်း

 

နတ်သမီးအစစ်နှင့် တွေ့ဆုံရမည်ဆိုလျှင်ပင် အင်စလေ၏ အဖြေကြောင့် စိတ်သက်သာရာ ရသွားလိမ့်မည်။

 

၃ နှစ်အရွယ်မှာပင် နတ်သမီးများအကြောင်း အလွန်အမင်း သိရှိနေခြင်းမှာ နတ်သမီးများအတွက်ပင် အလွန်ထိတ်လန့်ဖွယ်ကောင်းလေသည်။

 

သို့သော် ဖင်းလီ စိုးရိမ်သည်မှာ ထိုအကြောင်းမဟုတ်ပေ။ အင်စလေသည် အဆိုပါ စာအုပ်ထူကြီးများအား အမှန်တကယ် နားလည်နိုင်ခြင်း ရှိ၊ မရှိ ကိုသာ ပို၍သိချင်လှသည်။

 

ဘယ် ၃ နှစ်သားက ရှုပ်ထွေးလွန်းတဲ့ စာအုပ်တွေကို ဖတ်နိုင်လဲ ပြော..

 

ဖင်းလီသည် အင်စလေအား သံသယရှိစွာ စိုက်ကြည့်လိုက်သည်။ ကလေးငယ်များသည် အိပ်ရာဝင်ပုံပြင်များမှတဆင့် နတ်သမီးများအကြောင်း သိရှိကြခြင်းမှာ အလွန်သာမန်ဆန်သည်။

 

သို့သော် ဤကလေးမှာမူ စာအုပ်များမှ သိထားကြောင်းဆိုသည်။ စာအုပ်ထဲရှိ ရုပ်ပုံများအားကြည့်ကာ နတ်သမီးများအကြောင်း သိထားခြင်း ဖြစ်နိုင်သည်။

 

ထိုသည်က ပို၍ ယုတ္တိရှိသည်။ ကလေးမှာ အလွန်အမင်း ထူးချွန်ထက်မြက်ကြောင်း ဆိုလိုပြီး အတိတ်ဘဝမှ ဖင်းလီကဲ့သို့ ပါရမီရှင်တစ်ဦး ဖြစ်လိမ့်မည်။

 

ဖင်းလီ ထိုသို့တွေးကာ ထိတ်လန့်တုန်လှုပ်နေသည့် နှလုံးသားအား နှစ်သိမ့်စေသည်။ အင်စလေအား ဂြိုဟ်သားတစ်ကောင်သဖွယ် သံသယမဝင်မိစေရန် ကြိုးစားလိုက်သည်။

 

ထိုသို့တွေးပြီးနောက် ကောင်လေး အသက်ပြင်းပြင်းရှိုက်ကာ ခေါင်းညိတ်လိုက်သည်။

 

“ဟုတ်.. ဟုတ်တယ်.. ငါက နတ်သမီးပါ.. လူ.. လူသားက ငါ.. ငါ့ကို ဘယ်လို ရှာတွေ့တာလဲ..”

 

ဖင်းလီ ဂနာမငြိမ်ဖြစ်နေသည်။ ထိုသို့သော အားနည်းဟန်ဖြင့် စကားပြောဆိုသည်အား ကြားရသည်မှာ အင်စလေ၏ နှလုံးသားအား ကြိုးဖြင့်ဆွဲထားသလိုပင်။

 

ဂါးးးး နတ်သမီးလေးက အရမ်းချစ်စရာကောင်းတာပဲ..

 

သူမ၏ မျက်နှာထက်ရှိ လှပသော အပြုံးလေးမှာ လူယုတ်မာအပြုံးအဖြစ် ပြောင်းမသွားစေရန် အင်စလေ အလွန်အမင်း ဖိနှိပ်ထားရသည်။

 

အားးး ပီဒိုဖြစ်လို့မရဘူး.. ငါက ကောင်ကလေးတွေကို မကြိုက်ဘူး.. ငါ့ခန္ဓာကိုယ်က ၃ နှစ်ပဲ ရှိသေးပေမဲ့ ဝိညာဉ်က အသက် ၂၀ ရှိနေပြီ.. ဒီကောင်လေးကို ချစ်ခင်စိတ်နဲ့ ကြည့်လို့မရဘူးလို့..

 

အင်စလေ ရှို့တကွန် မဖြစ်ရဟု ကျိန်ဆိုလိုက်သည်။ ရှို့တကွန်က ဘာလဲ..။ ကောင်ငယ်လေးများအား သဘောကျနှစ်သက်သူများဖြစ်သည်။ ရှို့တ၏ အဓိပ္ပါယ်မှာ ကောင်လေး ဟု ဆိုသည်။

 

 

“အင်.. အင် ရှောက်တွားနေရင်း တွေ့တာ..”

 

အင်စလေ မျက်နှာတစ်ချက်မပျက် လိမ်လိုက်သည်။  ကောင်မလေသည် ပြုံးရယ်နေသော မျက်နှာနှင့် သူမနှင့် ခပ်လှမ်းလှမ်း၌ ရှိနေသော နတ်သမီးအား အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။

 

“မစ်တာ နတ်တမီးက ဒီမာဘာရုပ်နေဒါရဲ (မစ္စတာ နတ်သမီးက ဒီမှာဘာလုပ်နေတာလဲ)”

 

အင်စလေ ခေါင်းလေးစောင်းကာ ဖင်းလီအား မေးလိုက်သည်။ သူမ၏ မေးခွန်းမှာ အမှန်တကယ်ကို ဖြူစင်လှ၍ ဤကလေးမလေးမှာ လွန်ခဲ့သော မိနစ်ပိုင်းက နတ်သမီးလိုက်ရှာနေခြင်းဖြစ်ကြောင်း မည်သူမျှ သိနိုင်တော့မည် မဟုတ်ချေ။

 

မှန်သည်။ ဖင်းလီကိုယ်တိုင်ပင် ထိုအကြောင်းအား မသိပါချေ။ အင်စလေ၏ နတ်သမီးများအပေါ် ရူးသွပ်စွဲလမ်းမှုကြောင့် သူ၏ အယောင်ဆောင်ခြင်းမှာ ရာနှုန်းပြည့် အောင်မြင်သွားသည်။

 

“အ.. အာ.. ငါ.. ငါက ဒီ.. ဒီမှာနေတာ.. ငါ.. ငါ ဒီနေရာကို ကြိုက်.. ကြိုက်လို့..”

 

ဖင်းလီ နတ်သမီးအစစ်များကဲ့သို့ ရှက်ရွံ့စွာ ပြန်ဖြေသည်။ ကောင်လေးမှာ ရှက်ရွံ့ကာ မနေတတ်မထိုင်တတ် ဖြစ်နေသော်ငြား အင်စလေ၏ မျက်လုံးများကို ကြည့်ရဲလာပြီဖြစ်သည်။

 

“မစ္စ.. လူသား လေ.. လေဒီ..”

 

ကောင်လေး အလွန်တိုးညှင်းစွာ ခေါ်လိုက်သည်။

 

“ဟု..”

 

အင်စလေ ချက်ချင်းပင် ပြန်ဖြသည်။ သူမသည် နတ်သမီးလေးနှင့် စကားပြောရန် အလွန်စိတ်အားထက်သန်နေသောကြောင့် အချိန်အတော်ကြာ စောင့်ရမည် ဆိုလျှင်ပင် စိတ်မရှိချေ။

 

“ငါ.. ငါ ဒီမှာနေတာ တခြား.. တခြားလူတွေကို မပြောလို့ ရ.. ရမလားဟင်..”

 

ဖင်းလီ အောက်နှုတ်ခမ်းအားကိုက်လိုက်ပြီး မျက်ရည်များဝဲကာပြောသည်။ သူ၏ အမူအရာမှာ ကြောက်ရွံ့တုန်လှုပ်နေသော ယုန်ပေါက်လေးနှင့် တူလေသည်။

 

အရမ်း ချစ်စရာလေး...

 

အင်စလေ ငြင်းပယ်နိုင်စွမ်း မရှိချေ။ နတ်သမီးတစ်ယောက်နှင့် တွေ့ခဲ့ကြောင်း အခြားသူများအား မည်သို့ပြောနိုင်မည်နည်း။

 

“ဟု.. ချိတ်ပူနဲ့.. အင် ဘူ့ကိုမပေါဝူးနော် (စိတ်မပူနဲ့.. အင် ဘယ်သူ့ကိုမှ မပြောဘူးနော်)”

 

အင်စလေ သူမ၏ ရင်ဘတ်လေးအား ဂုဏ်ယူစွာဖြင့်ပုတ်ရင်း ဖင်းလီ၏ တည်ရှိမှုအား ထုတ်ဖော်မည်မဟုတ်ကြောင်း အာမခံလိုက်သည်။

 

လူသားများနှင့် ပဋိညာဉ်ပြုထားသော နတ်သမီးများမှလွဲ၍ ကျန်နတ်သမီးများမှာ သီးသန့်နေရခြင်းအား ကြိုက်နှစ်သက်သည်ဟု စာအုပ်ထဲ၌ ဖော်ပြထားသည်။ ဤစာကြည့်တိုက်နတ်သမီးလေးမှာ လူသားများနှင့် ပဋိညာဉ်ပြုထားခြင်းမရှိပါသော လွတ်လပ်သည့် တော်ဝင်နတ်သမီး ဖြစ်ရမည်။

 

ဒါဆို.. ငါနဲ့ ပဋိညာဉ်ပြုလို့ရတာလား..

 

လောဘကြီးသည့် ကြောင်ပေါက်လေး အင်စလေမှာ ဖင်းလီအား ကောင်းကင်မှ ပြုတ်ကျလာသော အရသာရှိသည့် ပိုင်မုန့်သဖွယ် ကြည့်လိုက်သည်။ သို့သော် ကောင်လေးမှာမူ သဘောပေါက်ခြင်း မရှိချေ။ အင်စလေ၏ စကားများအား ခေါင်းညိတ်ကာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။

 

“ကောင်း.. ကောင်းတယ်.. ဒီနေရာကို ကြိုက်တယ်.. ဒါ.. ဒါပေမဲ့ လူသားတွေသာ ငါ့အကြောင်း သိ.. သိသွားရင် ငါ.. ငါ ထွက်သွားရမယ်..”

 

ဖင်းလီသည် ရာစုနှစ်၏ အလိမ်ညာစကားပေါ် နောက်တစ်ထပ် အုပ်လိုက်သည်။

 

ဖင်းလီမှာ နာရီအနည်းငယ်အတွင်း ထွက်ခွာသွားရမည်ဖြစ်သည်။ ဤနေရာ၌ မည်မျှကြာအောင် နေမည်ဆိုသည်ကိုမူ..။

 

“ဒါ.. ဒါပေမဲ့ ငါထင်တာတော့ ငါတို့ ထပ်.. ထပ်မတွေ့လောက်တော့ဘူး.. အင်စလေ..”

 

နာမည်ပင် မိတ်မဆက်ရသေးသော နတ်သမီး ဖင်းလီသည် ရုတ်တရက် သူနှင့် ကောင်မလေးအကြား စည်းတားလိုက်သည်။

 

သူ၏ ရုတ်တရက် ကြေညာချက်မှာ အင်စလေအား ပင်လယ်ထဲ လွှင့်ပစ်လိုက်သလိုပင်။

 

ဘာ.. ဘာဖြစ်တယ်..

 

“ရဝူးးးးး အင်က ပါရို့ မတွေ့ရတော့ဒါလဲ.. (မရဘူး.. အင်က ဘာလို့ မတွေ့ရတော့တာလဲ)”

 

အင်စလေ အလွန်စိတ်လှုပ်ရှားသောကြောင့် ကောင်လေးထံသို့ စတင်ချဉ်းကပ်သွားသည်။

 

တိုက်တိုက်ဆိုင်ဆိုင်ပင် ကောင်လေးမှာ ပုန်းစရာနေရာမရှိချေ။ ထို့ကြောင့် အင်စလေကိုသာ ထိတ်လန့်တကြား စိုက်ကြည့်နေမိတော့သည်။

 

“အ.. အနားကပ်မလာနဲ့.. လူ.. လူသား.. နင် ငါ့ကို မကြည့်ရဘူး.. တွေ့လို့မရဘူး..” ဖင်းလီ ကောင်မလေးကြောင့် ကြောက်လန့်ဟန်ဆောင်လိုက်သည်။ ထွက်သွားမည်ဟု ပြောကာ ကောင်မလေးအား ချိန်းချောက်လိုက်သော်ငြား ထွက်သွားဦးမည် မဟုတ်ပေ။

 

မူလကတည်းက နတ်သမီးများအား အလွန်အမင်း သဘောကျနှစ်ခြိုက်ပုံရသည့် ဤကလေးမှာ သူ့အား ထွက်သွားခွင့်ပြုမည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် အနာဂတ်တွင် ဤကလေးနှင့် ဆက်သွယ်နိုင်တော့မည် မဟုတ်‌ချေ။ ဖင်းလီထံ၌ ထူးဆန်းလှသော ကလေးနှင့် ပတ်သက်၍ သိလိုသည်များ ရှိသေးသည်။

 

မှန်သည်။ ဖင်းလီသည် အနာဂတ်တွင် နတ်သမီးအဖြစ် အင်စလေနှင့် အဆက်အသွယ်ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

 

သူမအနားကပ်လာလျှင် ကောင်လေးထွက်သွားမည်ဟု ကြားပြီးနောက် အင်စလေ၏ ခြေလှမ်းများ ရပ်တံ့သွားသည်။ အင်စလေ ကောင်လေးနှင့် တစ်မီတာအကွာ၌ ရပ်လိုက်သည်။ သူတို့နှစ်ဦးကြား တစ်ခုတည်းသော ကြားခံနယ်မှာ စာအုပ်စင်သာဖြစ်သည်။

 

စာအုပ်စင်မှာ လမ်းကြောင်းနှစ်ခုအား တားဆီးထားသော နံရံတစ်ခု ဖြစ်လာသည်။

 

“ဒါ.. ဒါက.. အိုခေ.. အင် ဒီမာဘဲနေမယ်နော်.. ဒါပေမဲ့ မစ္စတာ နတ်တမီးက မတွားပါညဲ့”

 

အင်စလေ ညည်းညူရင်း အသနားခံလိုက်သည်။

 

အခက်အခဲများစွာ ကျော်ဖြတ်ပြီးနောက်မှ နတ်သမီးအား ရှာတွေ့ခဲ့ခြင်းဖြစ်သောကြောင့် သူမလက်ထဲမှ ထွက်ပြေးသွားမည်ကို အလွန်စိုးရိမ်နေမိသည်။

 

ထိုသို့မဖြစ်ရပါ။

 

အင်စလေ စိတ်ရင်းအမှန်ဖြင့် သူ့အားနေစေချင်သည်ကို မြင်သည့်အခါ ဖင်းလီ ပြုံးချင်မိသော်ငြား ထိုသို့ဆိုလျှင် သူ၏ဇာတ်ကောင်စရိုက်မှ သွေဖယ်သွားနိုင်သောကြောင့် မပြုံးနိုင်ဘဲ ရှိနေသည်။

 

ရာစုနှစ်၏ အထူးချွန်ဆုံးသော လိမ်ညာဟန်ဆောင်သူမှာ သူ၏ သရုပ်ဆောင်မှုအား လွယ်လင့်တကူ စွန့်လွှတ်လိုက်မည် မဟုတ်ပေ။

 

“အို.. အိုခေ.. ငါ.. ငါမသွားတော့ဘူးနော်..”

 

ဖင်းလီ အားနည်းချိနဲ့စွာ ခေါင်းညိတ်လိုက်သည်။ အင်စလေအား သံသယမျက်လုံးများဖြင့် ကြည့်နေဆဲဖြစ်သည့်တိုင်အောင် ကောင်မလေးအား ချိန်းချောက်ခြင်းမပြုတော့ပေ။

 

“အွင်း.. ဟုပီကွ.. ကျေးချူးညော် မစ္စတာ နတ်သမီးလေး..”

 

အင်စလေ ထွက်ပြေးမသွားသည့်အတွက် နတ်သမီးလေးအား အလျင်အမြန် ကျေးဇူးတင်လိုက်သည်။

 

အရေးအကြီးဆုံး ပြဿနာအား ဖြေရှင်းပြီးလေပြီ။ နောက်တစ်ခုမှာ...