အင်စလေသည် မြစိမ်းရောင်မျက်လုံးများနှင့် ကောင်လေးအား စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
အရင်ဆုံး သူ့နာမည်ကို သိသင့်တယ် မဟုတ်လား..
“မစ္စတာ နတ်တမီး..”
အင်စလေ ဖင်းလီအား ခေါ်လိုက်သည်။ အင်စလေ၏ မျက်နှာထက်ရှိ အပြုံးချိုချိုလေးမှာ ဖင်းလီ၏ နှလုံးသားအား ယားယံစေသည်။
“နာမည် ဘရိုထော်ရဲ နတ်တမီးယေး (နာမည်ဘယ်လိုခေါ်လဲ)”
အင်စလေ စာအုပ်စင်ရှိရာသို့ လက်ဆန့်လိုက်သည်။ သူမ၏ လက်များသည် စာအုပ်များအကြားရှိ အဟနေရာနှင့် ကွက်တိပင်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ အင်စလေ၏ လက်ကလေးများမှာ အလွန်ပုတိုနေသောကြောင့် စာအုပ်စင်နောက်၌ ပုန်းနေသော ဖင်းလီအား ထိရန် မဖြစ်နိုင်ပေ။ အင်စလေမှာ ဖင်းလီထက် ပိုပုကြောင်းကို ပြောရန်ပင် မလိုချေ။ ကောင်လေး၏ မျက်နှာအား မထိတွေ့နိုင်တော့ပေ။ အများဆုံး ကောင်လေး၏ အင်္ကျီလက်ကို ဆွဲရန်သာ တတ်နိုင်သည်။
“နာ.. နာမည်လား..”
ဖင်းလီ၏ မျက်လုံးများမှာ အင်စလေ၏လက် သွားရာနောက်သို့ လိုက်ပါနေပြီး မသိစိတ်မှ အလိုလို ရှောင်ရှားလိုက်သည်။ ယင်းမှာ ဖင်းလီသည် ကလေး၏ ထိတွေ့မှုအား မလိုချင်သောကြောင့် မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်အား အခြားသူများ ထိတွေ့ခြင်းနှင့် အသားမကျသောကြောင့်ပင်။
“ငါ့.. ငါ့နာမည်..”
အင်စလေ လက်ဖဝါးလေးအား ပြန်ရုတ်သွားသည်ကိုကြည့်ရင်း ဖင်းလီမျက်လုံးများ တုန်လှုပ်သွားသည်။ ထိုအခါမှသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။
“ငါ.. ငါက ဖင်းနီပါ.. စာ.. စာကြည့်တိုက်နတ်သမီး တစ်ယောက်ပါ..”
ဖင်းလီ သူမ၏ နာမည်အရင်းအား နတ်သမီးတစ်ယောက်နှင့် သင့်တော်မည့် နာမည်အဖြစ် အနည်းငယ် ပြောင်းပြောရန် ဆုံးဖြတ်လိုက်သည်။
ဖင်းနီ... နတ်သမီးနာမည်အနေနဲ့တော့ မဆိုးဘူးမဟုတ်လား..
“ဖွင်းနီ..”
အင်စလေ နတ်သမီးနာမည်အား ရေရွတ်လိုက်သည်။ ဖင်းနီ၏ နာမည်အား ရေရွတ်ချိန်တိုင်း၌ သူမ၏အပြုံးမှာ တစ်စထက်တစ်စ ပိုမိုကြီးမားလာပြီး ယခင်ထက်ပင် အဆပေါင်းများစွာ ချစ်ဖို့ကောင်းလာသည်။
ဤကလေးမှာ အရွယ်ရောက်လာချိန်၌ လမ်းလျှောက်နေသော ဘေးဒုက္ခသဖွယ် ဖြစ်လာလိမ့်မည်ဟု ဖင်းလီပင် ခံစားမိသည်။
“နင်.. နင် ငါ့ကို ဖင်း လို့ ခေါ်လို့ရတယ်..”
ဖင်းလီ အကြံပြုလိုက်သည်။ တစ်ဦးနှင့်တစ်ဦး နာမည်ပြောင်များ ခေါ်ဆိုခြင်းဖြင့် မြန်မြန်ဆန်ဆန် ရင်းနှီးလာနိုင်သည်။
ဤကလေးနှင့် ပိုမိုရင်းနှီးလာခြင်းမှာ မကောင်းသည့်အရာ မဟုတ်ပေ။
“အိုး ခေ.. ဖွင်းး”
အင်စလေ စိတ်လှုပ်ရှားကာ ခေါင်းညိတ်ပြီးနောက် ချက်ချင်းပင် အမည်ပြောင်အား ခေါ်လိုက်သည်။ စကားမပီရန်လည်း မမေ့ပါချေ။ သူမ၏ စကားသံလေးမှာ စိတ်အနှောင့်အယှက် ဖြစ်ရမည့်အစား အလွန်ချစ်စဖွယ်ကောင်းလှသည်။
“ဖွင်းက နာ့ကို အင် ရို့ ထော်ရို့ရတယ် (ငါ့ကို အင်လို့ ခေါ်လို့ရတယ်)”
အင်စလေ ခြေဖျားထောက်ကာ လက်ဆန့်လိုက်သည်။ သူမသည် ဖင်းလီအား ရိုးသားသော မျက်လုံးများဖြင့် ကြည့်နေခြင်းပင်။
လက်ကလေးဆန့်လိုက်သည့် အဓိပ္ပါယ်မှာ နတ်သမီးလေးနှင့် လက်ဆွဲနှုတ်ဆက်လိုခြင်း ဖြစ်သည်။
ဖင်းလီသည် ကောင်မလေးလိုချင်သည်အား သိသောကြောင့် ရက်ရက်စက်စက် လျစ်လျူမရှုနိုင်တော့ချေ။ ကြောက်ကြောက်လန့်လန့်နှင့် လက်ဆန့်ကာ အင်စလေ၏ လက်ချောင်းထိပ်နှင့် ထိလိုက်သည်။
...သေးသေးလေး..
ဖင်းလီသည် အင်စလေ၏ ဖောင်းတုတ်တုတ်လက်ချောင်းလေးများအား အလွန်အမင်း စိတ်ဝင်စားစွာ ဖျစ်ညှစ်ကြည့်ပုံမှာ လူသားတစ်ဦးနှင့် ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံဖူးသည့်နှယ် ဖြစ်သည်။
ဖင်းလီ စက္ကန့်အနည်းငယ်ကြာ အင်စလေ၏ လက်ချောင်းလေးများအား ဖျစ်ညှစ်ကြည့်ပြီးနောက် လက်ဖဝါးအား ဆွဲလှုပ်လိုက်သည်။
“တွေ့.. တွေ့ရတာ ဝမ်းသာပါတယ် အင်..”
ဖင်းလီ ပထမဆုံးအကြိမ် တောက်ပစွာ ပြုံးလိုက်သည်။ သူ၏အပြုံးမှာ အင်စလေအဖို့ သေစေနိုင်လောက်အောင် ဆွဲဆောင်မှုရှိမှန်းတော့ မသိလိုက်ချေ။
ဂါးးးး ဒီရှို့တကို ခေါ်သွားကြစမ်းပါ.. သူက အရမ်းပဲ အဆိပ်ပြင်းတယ်.. မဟုတ်ဘူး.. ဒုက္ခအိုးကြီး..
အင်စလေသည် ဖင်းလီ၏ တလက်လက်ထနေသော အပြုံးကြောင့် မျက်စိကန်းလုနီးနီးပင်။ ထို့ကြောင့် သူမ၏ မျက်လုံးလေးများအား မှိတ်လိုက်သည်။
“ဟု.. သွေ့ရတာဝမ်းသာဘာချယ် ဖွင်း (တွေ့ရတာဝမ်းသာပါတယ်)”
အင်စလေ တုန်ယင်နေသော လက်မောင်းလေးဖြင့် ဖင်းလေအား လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူမ၏ တုန်ယင်မှုမှာ စိတ်လှုပ်ရှားမှုကြောင့်လား၊ စိုးရိမ်မှုကြောင့်လား မသိချေ။
အာ.. ဖင်းရဲ့လက်က အရမ်းနွေးတယ်နော်.. သူ့ပုံက အတော်လေး သန်မာတယ်လို့ ခံစားရတယ်..
အင်စလေသည် သူမ၏လက်အား ဆုပ်ကိုင်ထားသည့် ဖင်းလီ၏ လက်ဖဝါးကြီးအား ကြည့်လိုက်သည်။ ထိုသို့ကြည့်လျှင် သူမ၏ လက်ဖဝါးလေးမှာ ကျောက်စရစ်ခဲသဖွယ် အလွန်သေးနေသည်။
ဒါမှမဟုတ် ဖင်းရဲ့လက်က အရမ်းပဲ ကြီးနေတာလား..
ဖင်းလီမှာ သူနှင့် သက်တူရွယ်တူ ကောင်လေးအများစုထက် ပုကာ သေးညှပ်သည်ဟု ဆိုရမည်။ သို့သော် နှစ်ဦးကြား ၅ နှစ် ကွာဟသောကြောင့် ခန္ဓာကိုယ်အရွယ်အစားမှာလည်း အတော်လေး ကွာခြားသည်။
အင်စလေ ဖင်းလီ၏ လက်ဖဝါးအား စူးစမ်းနေစဉ် ဖင်းလီမှာလည်း ထိတ်လန့်နေမိခြင်းဖြစ်သည်။ သူ၏ သက်တမ်းတစ်လျှောက်၌ ပထမဆုံးအကြိမ် ကလေးပေါက်စလေးတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်ဖူးခြင်း ဖြစ်သည်။
လက်ဖဝါးလေးက သေးသေးလေး.. အရမ်းပဲ နုနုနယ်နယ်လေးဖြစ်နေတာ.. စလိုအန်မိသားစုက သူမကို အစာအာဟာရ ဝဝလင်လင် မကျွေးဘူးလား.. ဒါပေမဲ့ သူ့ကြည့်ရတာတော့ ဝဝတုတ်တုတ်လေးပါ..
အရမ်းငယ်သေးလို့ပဲ ဖြစ်ရမယ်..
ဖင်းလီ အတွေးနက်နေပြီး အင်စလေ သူမ၏လက်အား ပြန်ရုတ်သွားသည်ကိုပင် သတိမထားလိုက်ချေ။ ကလေးသည် ခေါင်းကလေးစောင်းကာ ဖင်းလီအား လက်ညှိုးထိုးရင်းပြောရသည်။
“ဖွင်း.. ထု နာတို့က တူနယ်ချင်းရား (ခု ငါတို့က သူငယ်ချင်းလား)”
!
“သူ.. သူငယ်ချင်း ဟုတ်လား..”
ဖင်းလီ တံတွေးမျိုချလိုက်သည်။ ထိုသို့ဖြစ်လာရန် မျှော်လင့်မိသော်ငြား မာဖီးယားမိသားစုသမိုင်း၌ ကံအဆိုးဆုံးသော မိသားစုခေါင်းဆောင်နှင့် သူငယ်ချင်းဖြစ်လာမည်ကို တွေးမိသည့်အခါ..
အတော်လေး ထူးဆန်းတယ်နော်..
“ဟု.. တူနယ်ချင်း..”
အင်စလေ ခေါင်းမော့ကာ နားရွက်ချိတ်လုတမျှ ပြုံးနေသည်။ သူမ ခေါင်းမမော့ထားလျှင် ဖင်းလီ၏ မျက်နှာအား မမြင်နိုင်ပေ။
ထို့အတူ ဖင်းလီသည်လည်း နတ်သမီးတစ်ယောက် ဖြစ်သင့်သည့် သေးငယ်သောသက်ရှိလေးအား ငုံ့ကြည်နေရသည်။
“အို.. အိုခေ.. ဒါ.. ဒါပေမဲ့ ပထမဆုံး လူသားနဲ့ သူငယ်ချင်း ဖြစ်ဖူးတာပဲ.. ဒီ.. ဒီတော့..”
ဖင်းလီ ပါးအားကုတ်လိုက်သည်။ ကြွေသားနှင့်တူသည့် ဖြူဖွေးသော အသားအရည်မှာ စက္ကန့်ပိုင်းမျှ နီမြန်းလာသည်။
နတ်သမီးလေးက ရှက်တတ်တာ တကယ်ပဲကိုး..
“ချိတ်ပူညဲ့.. အင် တင်ပေးမေ (စိတ်မပူနဲ့.. အင် သင်ပေးမယ်)”
အင်စလေသည် ဖင်းလီရှိရာသို့ တတောက်တောက် လျှောက်သွားသည်။ ဤတစ်ကြိမ်တွင်မူ ကောင်လေးသည် အင်စလေအား မတားတော့ချေ။ စာအုပ်စင်နှင့် နံရံကြားရှိ နေရာလွတ်မှာ အလွန်ကျဉ်းလှသည်။
ကလေးငယ် ဝင်မလာနိုင်–
သို့သော် အင်စလေ အလွယ်တကူပင် နေရာလွတ်ကြား လျောဝင်ပြီး ဖင်းလီ၏ အင်္ကျီလက်အား ဆွဲလိုက်သည်။
“ဖွင်း... ပြင်ထွက်ပီး ကချားမေ (အပြင်ထွက်ပြီး ကစားမယ်..)”
အင်စလေသည် ထုံထိုင်းထိုင်း ကလေးတစ်ဦးသဖွယ် နတ်သမီးလေး၏ အင်္ကျီလက်အား မလွှတ်တမ်းဆွဲထားသည်။ သူမ၏ အပြုအမူမှာ ယဉ်ကျေးမှုမရှိမှန်း သိသည့်တိုင်အောင်...
ဒီလို နေရာကျဉ်းကျဉ်းလေးမှာ နေဖို့က လုံးဝ အဆင်မပြေဘူးလေ.. ဟုတ်ပြီနော်..
ဖင်းလီသည်လည်း ထိုသို့တွေးမိသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ တစ်ခုနှင့်တစ်ခု အလွန်အမင်း နီးကပ်နေသည်။
ကလေးများသာ ဖြစ်သည့်တိုင်အောင် လူငယ်တစ်ဦး၏ ဝိညာဉ်ရှိနေသည့် ဖင်းလီမှာမူ ထိုသို့ နီးကပ်နေခြင်းမှာ မသင့်တော်ဟု ခံစားမိသည်။
“အင်း.. ငါ.. ငါက စာကြည့်တိုက် အပြင်ကို မသွားချင်ဘူး.. ဒီ.. ဒီနားမှာပဲ ကစားကြမယ်လေ..”
ဖင်းလီသည် အင်စလေအား နေရာလွတ်ထဲမှ ဆွဲထုတ်ခွင့်ပြုရင်း နောက်ထပ် အလိမ်အညာတစ်ခု ပြောလိုက်ပြန်သည်။
ကောင်းပြီ.. ဒါက လိမ်တယ်လို့ ပြောလို့မရဘူးလေ.. စာကြည့်တိုက်အပြင်ကို မသွားချင်တာက တခြားလူတွေနဲ့ တွေ့သွားရင် သူဘယ်သူလဲဆိုတာ ပေါ်သွားမှာပေါ့..
“အို.. ခေ.. ဒီမာ ကချားကြမေ (ဒီမှာကစားကြမယ်)”
အင်စလေသည် ဖင်းလီအား ထောင့်တစ်နေရာသို့ ခေါ်သွားပြီးနောက် ထိုင်ချလိုက်သည်။
တစ်စုံတစ်ယောက်၏ မျက်နှာပေါ်တွင် ဆိုးယုတ်သော အပြုံးတစ်ပွင့် ပေါ်လာသည်။
ဟီးဟီး နတ်သမီးလေးကို သိမ်းသွင်းရမဲ့ အချိန်ပဲ..