“ငါ.. ငါတို့ ဘာလုပ်ကြမှာလဲ..”
ဖင်းလီ နံရံအား ကျောမှီထိုင်လိုက်ရင်း အင်စလေအား ဂရုတစိုက် မေးလိုက်သည်။ ကောင်လေးသည် ဒူးနှစ်ဖက်အား လက်ဖြင့်ပိုက်ထားဆဲဖြစ်ပြီး လူသားတစ်ဦးနှင့် တွေ့ဆုံရခြင်းအပေါ် မသက်မသာဖြစ်နေပုံပေါ်သည်။
“ဟွန်.. နတ်တမီးတွေအကြောင်း ပြောပြရို့ရတယ်ရေ..”
နတ်သမီးလေးနှင့် အတူရှိခွင့်ရမည့် အကြောင်းပြချက်တစ်ခုသာ ဖြစ်သော်ငြား ဖင်းလီကို သူမအား နတ်သမီးများအကြောင်း ပို၍ပြောပြစေချင်သည်။
ဖြစ်နိုင်မည်ဆိုလျှင် မနက်ဖြန်၊ သဘက်ခါနှင့် နေ့ရက်တိုင်းတွင် စာကြည့်တိုက်သို့လာကာ ဖင်းနီအား ရှာဖွေချင်သည်။
“အင်း.. နတ်သမီးအကြောင်း.. အမ်..”
ဖင်းလီသည် အင်စလေ၏ ဆန္ဒကြောင့် အခက်အခဲ ဖြစ်နေဟန်ဖြင့် ပါးအား ပွတ်လိုက်သည်။ အင်စလေအား နတ်သမီးများအကြောင်း မပြောပြလို၍ မဟုတ်ချေ။ သို့သော်
သူသည်လည်း နတ်သမီးများနှင့် ပတ်သက်၍ များများစားစား သိထားခြင်း မရှိပေ။ သူ၏ ဗဟုသုတများမှာ အင်စလေအတွက် လုံလောက်နိုင်သော်ငြား မတော်တဆ ဟာကွက်တစ်ခု ရှိလာမည်ကို စိုးရိမ်မိသည်။
ဒီကလေးလေးက မသိလောက်ပါဘူး ဟုတ်တယ်မလား.. သူမက ဒီတိုင်း စပ်စုနေတာပဲဖြစ်မှာ..
“ကောင်း.. ကောင်းပြီ.. အင်ရေ.. ငါတို့ နတ်သမီးတွေကို အဆင့်အတန်း ၄ ခု ခွဲထားတယ်ဆိုတာ သိထားလား..”
ဖင်းလီ လက်ချောင်းလေးများအား ချိုးကာ လက်လေးချောင်း ထောင်ပြလိုက်သည်။
နတ်သမီးတွေအကြောင်း စကားစမြည်ပြောတာက နောက်ပိုင်းကျ ပုဂ္ဂိုလ်ရေးတွေကိုပါ ပြောဖို့အတွက် အစကောင်းပဲ..
“၄ ထုလား.. နိုး.. အင် တိဝူးး (၄ ခုလား.. အင် မသိဘူး)”
အင်စလေ ခေါင်းယမ်းလိုက်သည်။ နတ်သမီးမျိုးနွယ်စု၏ တိကျသော ဝါစဉ်အဆင့်အား မသိထားချေ။
“အိုခေ.. နတ်သမီးတွေမျာ အဆင့်အတန်း ၄ မျိုးရှိတယ်.. အနိမ့်ဆုံးက သာမန်နတ်သမီး.. ပြီးရင် စစ်သည်တော်၊ ကုန်သည်နဲ့ အစောင့်အကြပ်.. ဒုတိယအမြင့်ဆုံးက မျိုးရိုးမြင့်တွေ.. သူရဲကောင်းတွေနဲ့ အောင်မြင်မှုကြီးကြီးမားမား ရရှိထားတဲ့ နတ်သမီးတွေ..”
ဖင်းလီ နတ်သမီးများအကြောင်း ပြောစဉ် တစ်ချက်ကလေးပင် တုံ့ဆိုင်းသွားခြင်း မရှိချေ။ အင်စလေ၏ မျက်လုံးထဲ၌ ဖင်းလီမှာ ယခင်ကထက်ပင် ပိုမိုစိတ်အားထက်သန်လာပုံရပြီး အရာအားလုံးထက် ဗဟုသုတပြည့်စုံခြင်းအား ပိုမိုကြိုက်နှစ်သက်သော အစစ်အမှန် စာကြည့်တိုက်နတ်သမီး အလားပင်။
“အိုး.. ကောင်းဆုံးက ထော်ဝင်နတ်တမီး ရား..”
အင်စလေ “တော်ဝင်” ဟု ပြောချင်မိသော်ငြား ကလေးပေါက်စ တစ်ဦးအသွင် ရှိနေသောကြောင့် “တ” အသံအား ပီပီသသ မထွက်သင့်ပေ။
ကံကောင်းစွာဖြင့် ဖင်းလီသည် အင်စလေ၏ စကားအား နားလည်သောကြောင့် ခေါင်းအသာညိတ်လိုက်သည်။
“ဟုတ်တယ်.. မှန်တယ်.. အင် က တော်လိုက်တာ..”
ဖင်းလီ ရယ်မောကာဖြင့် ခြေထောက်ဆန့်လိုက်သည်။ နတ်သမီးလေးသည် အင်စလေအနီး၌ ပိုမို သက်သောင့်သက်သာ ရှိလာပုံရသောကြောင့် အင်စလေ မပျော်ရွှင်ဘဲ မနေတော့ချေ။
ဟုတ်တယ်.. ဒီလိုသာ ဆက်ဖြစ်နေရင် သူနဲ့ သူငယ်ချင်း အရင်းကြီးတွေ ဖြစ်လာနိုင်တယ်.. အဲဒီလိုဆို ဖင်းနဲ့ ဆက်သွယ်လို့ရမှာ.. ဗဟုသုတက အင်အားပဲတဲ့.. ဖင်းက အများကြီး ကူညီပေးနိုင်မှာ..
အင်းစလေသည်လည်း ဖင်းလီနှင့်အတူ တဟိဟိ ရယ်မောလေသည်။ နှစ်ဦးသား အချင်းချင်းကြည့်ကာ ရယ်ကြပြန်သည်။
“ဟဲဟဲ.. ငါက တော်တဲ့လူတွေကို သဘောကျတယ်..”
ဖင်းလီ ဖြူဖွေးသော သွားများပင်ပေါ်အောင် ရယ်မောလိုက်သည်။ ထိုအချိန်၌ ရှက်ကြောက်တတ်သူတစ်ဦးနှင့် မတူတော့သော်ြား အနည်းငယ် လူကြောက်ပုံတော့ ရှိသေးသည်။
အင်စလေ ဂရုမစိုက်ချေ။
“ဟီးဟီးဟီး ဖင်းက တော်ချုံးဘဲ(အတော်ဆုံးပဲ)”
အင်စလေ ဖင်းလီအား ပြန်လည်ချီးကျူးလိုက်သည်။ နတ်သမီးအဆင့်အတန်းနှင့် ပတ်သက်သည့် ဗဟုသုတမှာ သာမန်ပင်ဖြစ်သော်ငငြား ကောင်လေးအား မြှောက်ပင့်ချင်သည်။
ဖင်းလီ ရှက်ရွံ့ဟန်ဆောင်ကာ လက်ယမ်းရင်း ချောင်းဆိုးလိုက်သည်။
“အို.. အိုခေ.. နတ်သမီးအကြောင်း နောက်တစ်ခု ပြောကြမယ်..”
ထို့နောက် ဖင်းလီသည် အင်စလေအား နတ်သမီးများအကြောင်း အတော်များများ ပြောပြသည်။ ဖင်းလီသည် လွယ်ကူရိုးရှင်းသည့် နည်းလမ်းအားသုံးကာ ပြောပြသောကြောင့် ကလေးအား နားလည်လွယ်စေသည်။ ဖင်းလီ ရှင်းပြသည့်နည်းလမ်းမှာ အမှန်တကယ် အံ့အားသင့်ဖွယ်ရာပင်။
၁၅ မိနစ် ကြာပြီးနောက် နှစ်ဦးသား ပိုမိုနီးကပ်လာကြသည်။ ဖင်းလီသည် သူ၏ မျက်နှာနှင့် ဆံပင်အား အင်စလေကို ထိခွင့်ပေးထားသည်။
“ဝါး.. ဖင်း ချံပင်က ရမ်းပျော့တယ် (ဆံပင်က အရမ်းပျော့တယ်)”
အင်စလေ စိတ်ဝင်တစားနှင့် ဖင်းလီ၏ ရွှေအိုရောင်ဆံပင်များအား ကိုင်လိုက်သည်။ ကောင်လေး၏ ဆံပင်အား ချီးကျူးချိန်တွင် လိမ်ညာခြင်း တစ်စိမပါပေ။
ဒီနတ်သမီးလေးရဲ့ ဆံပင်က အရမ်းပဲ ပျော့ပျောင်း ချောမွတ်ပြီး ခပ်ထူထူလေး ဖြစ်နေရော.. တကယ့် နတ်သမီးပဲ.. ဆံပင်လေးတောင် အရမ်းလှနေတာ..
“အွန်း.. ငါတို့ နတ်သမီးတွေရဲ့ ဗီဇလက္ခဏာလေ..”
ဖင်းလီ မျက်တောင်တစ်ချက်မခတ် လိမ်ညာလိုက်သည်။ နတ်သမီးမဟုတ်သည့်တိုင်အောင် နတ်သမီးအနားတွင် အချိန်ကြာမြင့်စွာ နေထိုင်ဖူးလျှင် နတ်သမီး၏ ကောင်းချီးအား ရရှိနိုင်သည်။
သူ၏ မျက်နှာမှာ တော်ဝင်နတ်သမီးနှင့် ဆင်တူလာသည့်အပြင် ခန္ဓာကိုယ် အစိတ်အပိုင်းများသည်လည်း ထပ်တူညီလုနီးနီး ဖြစ်လာသည်။
သူ၏ ရွှေအိုရောင်ဆံပင်များနှင့် မြစိမ်းရောင်မျက်လုံးများမှာ ဝေါ်လ်တာမိသားစုအတွင်းမှာပင် တမူထူးလေသည်။ ဝေါ်လ်တာမိသားစု၏ မျိုးရိုးဆက်ဆက်တွင် ရွှေအိုရောင်ဆံပင်များသာ အမွေဆက်ခံလာပြီး ဖင်းလီ၏ မြစိမ်းရောင်မျက်လုံးများ မည်သို့ဖြစ်လာကြောင်း မည်သူမျှ မသိကြချေ။
ကောလဟာလများအရ ဖင်းလီ၏ မိခင်မှာ နတ်သမီးတစ်ယောက်ဖြစ်ပြီး လူသားနှင့် တော်ဝင်နတ်သမီးတို့၏ တရားမဝင်ကလေးဟု ဆိုကြသည်။
မြစိမ်းရောင်မျက်လုံးများမှာ မွေးရာပါစွမ်းရည်မှ ဖြစ်လာကြောင်း ဖင်းလီတစ်ဦးတည်းသာ သိသည်။ စွမ်းရည်များစွာ ပိုင်ဆိုင်ထားသောကြောင့် ပထမဆုံးစွမ်းရည် နိုးထလာချိန်၌ ဖင်းလီ၏ မျက်ဆံများမှာ မြစိမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။
‘ပထမဆုံး’ ဟု ဆိုရခြင်းမှာ ယခင်ဘဝ၌ ဖင်းလီသည် စွမ်းရည် ၅ မျိုး အသုံးပြုသူတစ်ဦး ဖြစ်ခဲ့သည်။ အလိုအလျောက် အသုံးပြုနိုင်သော စွမ်းရည် (passive) နှင့် ကိုယ်တိုင်ကိုယ်ကျ အသုံးပြုရသော စွမ်းရည် (active) ဟူ၍ စွမ်းရည် ၅ မျိုးရှိခဲ့သည်။
မည်သည်ကိုမျှ မသိရှာသော အင်စလေသည် ဖင်းလီ၏ မျက်နှာအစိတ်အပိုင်းများအား စတင်ထိတွေ့နေပြီး နောက်တစ်ဖန် အံ့ဩသွားပြန်သည်။
ဘုရားရေ.. ဒီကောင်လေးက အရမ်းလှတာပဲ.. ငါ့ထက်တောင် လှနေသေးတယ်.. အရွယ်ရောက်လာရင် ခံ့ခံ့ညားညား လှလှပပ ကောင်လေးဖြစ်လာမှာ.. မျက်နှာတစ်ခုတည်းနဲ့တင် နိုင်ငံကို သိမ်းလို့ရတယ် ဆိုတာမျိုးပေါ့..
အင်စလေမှာ တော်ဝင်နတ်သမီး မျိုးရိုးကြောင့် အလွန်ကြည့်ကောင်းလှပနေသော ဖင်းအားကြည့်ရင်း မနာလိုဖြစ်လာသည်။
“ဖွင်းက ရမ်းချောတာဘဲ”
အင်စလေ သူမလက်ကလေးအား ပြန်ရုတ်ရင်း ခပ်တိုးတိုးပြောသည်။ ရုတ်တရက်ရှက်သွေးဖြာလာသော ကောင်လေး၏ရှေ့တွင် နာခံမှုရှိရှိ ထိုင်လိုက်သည်။
“ဘာ.. ဘာ.. ငါ.. ငါက ချောတာလား.. အဲဒါက မျိုးရိုးလိုက်တာလေ..”
ဖင်းလီ ကိုးရိုးကားယားနိုင်စွာ ရယ်မောလိုက်သည်။ သူ၏ ခံ့ညားချောမောမှုအား သူသိသည်။ အတိတ်ဘဝ၌ သူ၏ မျက်နှာတစ်ခုတည်းနှင့်ပင် သူ့ရှေ့သို့ ကျဆင်းလာသော အမျိုးသမီးပေါင်းများစွာ ရှိခဲ့သည်။
အဆိုပါ သစ္စာဖောက်မှုသာ မရှိခဲ့လျှင် သူ၏ဘဝမှာ ပြီးပြည့်စုံသည်ဟု ဆိုရမည်။
သို့သော် ကလေးပေါက်စလေးထံမှ ချောမောသည်ဟု ချီးကျူးခံရခြင်းမှာမူ အနည်းငယ် မနေတတ် မထိုင်တတ် ဖြစ်စေသည်။
“အင်လည်း လှတယ်..”
ဖင်းလီ ရှက်ရွံ့မှုအား ဖုံးကွယ်ရန်အတွက် ပြန်လည်ချီးကျူးပေးရန် ဆုံးဖြတ်လိုက်သည်။ ဤတစ်ကြိမ်၌ အပြောသက်သက် မဟုတ်ပေ။
အင်စလေမှာ အမှန်တကယ် လှပသူဖြစ်သည်။ အတိတ်ဘဝ၌ပင် ကလေးသည် လှပသော ကောင်မလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီး မှုန်မှိုင်းကာ ယုံကြည်ချက်မဲ့ပုံသာ မရှိခဲ့လျှင် သူမအား လိုက်လံပိုးပန်းသူ အများအပြား ရှိမည်ဖြစ်သည်။
သူ၏ ချီးကျူးမှုကြောင့် အင်စလေ ရှက်ရွံ့သွားလိမ့်မည်ဟု ဖင်းလီ ထင်ခဲ့မိသည်။ မိန်းကလေးအများစုမှာ ထိုသို့ချီးကျူးခံရလျှင် ရှက်သွားတတ်ကြသော်ငြား သူ၏ ထင်မြင်ချက်နှင့် ဆန့်ကျင်စွာပင်..
အင်စလေ ရယ်မောလိုက်သည်။
ကလေးမှာ ရယ်မောရုံသာမကဘဲ သူမ၏ သွင်ပြင်နှင့် ပတ်သက်၍ စတင်ကြွားဝါတော့သည်။