“ဟုတယ်.. အင်က လှတယ်..”
အင်စလေ မေးပင့်လိုက်ချိန်တွင် သူမ၏ နှာတံလေးမှာ ရှည်သွယ်လာသည်။ ထို့နောက် ခါးထောက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ဆိုသည်။
ငါက အလှဆုံး
...ဒါက အတော်လေး အတ္တပေမဝါဒီဆန်တာပဲ..
“အာ.. ဟားဟား ဟုတ်တာပေါ့..”
ဖင်းလီမှာ ကလေး၏ တုံ့ပြန်ပုံကြောင့် ကြောင်အသွားပြီး လျှာကိုက်မိလုနီးနီးပင်။
အာ.. ဒီကလေးက တကယ့်ကို သာမန်ကလေး မဟုတ်ဘူးပဲ.. ပေါက်စအရွယ်မှာကို ယုံကြည်ချက် ပြင်းထန်နေပြီ.. နောက်ပိုင်းကျမှ ဘယ်လိုဖြစ်ပြီး မှုန်ကုတ်ကုတ်လေး ဖြစ်လာတာလဲ.. မဟုတ်ဘူး.. ဒီ အင်စလေက အရင်ဘဝမှာ တွေ့ခဲ့တဲ့ တစ်ယောက်နဲ့ ကွဲပြားသွားမယ်ထင်တယ်..
ဖင်းလီသည် တဖြည်းဖြည်းချင်း ပြောင်းလဲလျက်ရှိသည့် အနာဂတ်ကြောင့် မသိစိတ်မှ အလိုအလျောက် ပြုံးလိုက်မိသည်။ ထိုသို့ဆိုလျှင် သူ၏ အနာဂတ်မှာလည်း ပိုမိုကောင်းမွန်လာလိမ့်မည်။
ဤသို့ဖြင့် နှစ်ဦးသား အချင်းချင်းအကြောင်း စတင်ပြောဆိုကြပြီး နာရီအနည်းငယ်အတွင်းမှာပင် အခင်ဆုံးသူငယ်ချင်းများ ဖြစ်လာကြသည်။
ကံမကောင်းစွာဖြင့် ဦးလေးရော်ဂျာ စာကြည့်တိုက်သို့ ရောက်မလာမီ ဖင်းလီ ထွက်ခွာသွားရတော့မည် ဖြစ်သည်။ သို့မဟုတ်လျှင် သူ၏ အထောက်အထား အစစ်အမှန်အား အင်စလေရှေ့၌ ဖော်ထုတ်မိသွားနိုင်သည်။
“အင်.. ငါ ပုန်းဖို့အချိန်ကျပြီလို့ ထင်တယ်..”
ဖင်းလီသည် သူတို့ရှိနေရာနှင့် မဝေးသည့် ပြတင်းပေါက်အားကြည့်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
“ငါ သွားရတော့မယ်.. မနက်ခင်းပဲ ကစားဖို့လာမယ်နော်.. မိဘတွေက.. ခွင့်ပြုချက်တောင်းရဦးမှာ..”
ဖင်းလီ နောက်တစ်ဖန် မျက်နှာမပျက် လိမ်လိုက်ပြန်သည်။
“အမ်.. ဖွင်း.. တျောက်တည်း တွားရဝူးရား (တစ်ယောက်တည်း မသွားရဘူးလား..)”
အင်စလေ မျက်လုံးများ မှေးကျဉ်းကာ ကြည့်လိုက်ပြီးနောက် စိတ်မကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။ ဖင်းလီမှာ ကောင်လေးတစ်ယောက်နှင့် တူသော်ငြား အသက်မှာ ဆယ်ကျော်သက်အရွယ် ရှိလောက်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်ပင် တော်ဝင်နတ်သမီးတစ်ယောက်အနေနှင့် ဖင်းလီသည် ကမ္ဘာအနှံ့ လွတ်လပ်စွာ သွားလာနိုင်မည်ဟု သူမ ထင်ခဲ့ခြင်းပင်။ သို့သော် ဖင်းလီမှာ အသက်မပြည့်သေးဟု မထင်ထားချေ။
“ငါက အရွယ်မရောက်သေးဘူး.. အင်.. ငါ.. ငါက နေမွန်းတည့်ချိန် မရောင်ခင် အိမ်ပြန်ရမှာ..”
ဖင်းလီသည် မနက် ၁၁ နာရီ ထိုးနေပြီဖြစ်သော နာရီအား ညွှန်ပြလိုက်သည်။
နှစ်ဦးသား စကားပြောနေသည်မှာ ၂ နာရီ ကြာမြင့်ပြီဖြစ်သည်။
“အာ.. အာ.. အာ့ချို အင်နဲ့ ဘယ်ချိန် တွေ့ရမာလဲ”
အင်စလေသည် မျက်လုံးလေးချကာ ဖင်းလီ၏ လက်ချောင်းအား ဆွဲလိုက်သည်။
အချိန်ကုန်မြန်လှသည်။ သူမ၏ တစ်ဦးတည်းသော နတ်သမီးလေးအား နောက်တစ်ကြိမ်ပြန်မလာဘဲ ထွက်သွားမည်ကို မလိုချင်ပေ။
“ဟမ်.. မနက်တိုင်း ၈ နာရီဆို စာကြည့်တိုက်ကို လာခဲ့မယ်နော်.. ပြီးကျရင် အင့်ရဲ့ ဥယျာဉ် ဒါမှမဟုတ် တစ်နေရာရာကို သွားကြမယ်လေ..”
ဖင်းလီသည် စာကြည့်တိုက် ဒုတိယထပ် တစ်ထပ်လုံးနှင့် အပြင်ဘက်ရှိ သစ်ပင်များအား ညွှန်ပြလိုက်သည်။
“ငါက ခိုးလာမှာမို့ အင် ကလည်း တခြားသူတွေကို နောက်က လိုက်မလာခိုင်းနဲ့နော်”
ဖင်းလီ ခပ်လျော့လျော့ ပြုံးလိုက်သည်။ ကောင်လေးသည် အင်စလေအနီး၌ ရှက်ရွံ့ခြင်း မရှိတော့သည့်တိုင်အောင် သတိအနေအထားဖြင့် ရှိနေဆဲဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း နတ်သမီးက နတ်သမီးပင်။ မဟုတ်.. အယောင်ဆောင် ပင်။
“အိုချေ.. နက်ဖြန်လား.. အွန်း.. အင် တီကို လာထဲ့မေ.. တျောက်တည်း.. (ဒီကို လာခဲ့မယ်.. တစ်ယောက်တည်း)”
အင်စလေ စိတ်အားထက်သန်မှုအပြည့်ဖြင့် ခေါင်းညိတ်ကာ တစ်ဦးတည်း လာခဲ့ပါမည်ဟု ကတိပေးလိုက်သည်။
“အိုခေ.. ကောင်းပြီ.. ဒါဆို ငါသွားတော့မယ်နော်..”
ဖင်းလီ ကြီးမားသော ပြတင်းပေါက်ရှိရာသို့ လျှောက်သွားပြီး တဖြည်းဖြည်းချင်း တွယ်တက်လိုက်သည်။ အင်စလေ ထိုအရာအား မြင်သည့်အခါ နှလုံးခုန်သံများ မြန်လာပြီး ပေါက်ကွဲလုနီးနီးပင်။
‘ဖင်းနီက သူ့ရဲ့ အတောင်ပံတွေ ငါ့ကို ပြလောက်လား..’
ဖင်းလီသည် အင်စလေ၏ အတွေးများအား သိနေဟန်ဖြင့် လှည့်ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။
“ငါ့အတောင်ပံတွေကို မြင်ချင်တာ ဆိုရင်တော့ မပြနိုင်လို့ ဝမ်းနည်းပါတယ်..”
!
“ပါရို့ရဲ (ဘာလို့လဲ)”
အင်စလေ အော်ဟစ်လုဆဲဆဲမှာပင် အသံအား ထိန်းချုပ်လိုက်ရသည်။ အယ်လီယာနာနှင့် အိမ်အကူများ ကြားသွားလျှင် မကောင်းချေ။
“ငါတို့ တော်ဝင်နတ်သမီးတွေက ကံစပ်တဲ့သူကိုပဲ အတောင်ပံ ပြကြတယ်..”
ဖင်းလီ ခပ်ရဲရဲပါးများအား ကုတ်လိုက်သည်။
“အဲဒါကြောင့် ငါတို့က တခြားသူတွေကို အတောင်ပံ ပြခဲတယ်.. နတ်သမီး အချင်းချင်းတောင် မပြကြဘူး..”
ဖင်းလီသည် အဆင့်မြင့်မုသားစကားဖြင့် အင်စလေအား အရူးလုပ်လိုက်သည်။
“အွန်.. အဲရိုရား (အဲလိုလား)”
အင်စလေ ခေါင်းယမ်းလိုက်ပြီး ဖင်းလီ၏ အတောင်ပံများအား မမြင်နိုင်သည့်အတွက် စိတ်မကောင်းဖြစ်မိသည်။
“အာ.. ဒါပေမဲ့ ကြည့်လေ.. ငါတို့က အတောင်ပံ မရှိတာတောင် ပျံနိုင်တုန်းပဲ.. တောင်ပံဆိုတာက တောင်ဝင်နတ်သမီးတွေရဲ့ မြင့်မြတ်တဲ့ အဆောင်အယောင်တစ်မျိုးပဲ.. အဲဒါကြောင့် ပုံမှန်ဆိုရင်တော့ လေမှော်စွမ်းအင်ကို အသုံးပြုပြီး ပျံသန်းတတ်ကြတယ်..”
ဖင်းလီသည် ပြတင်းပေါက် ဘောင်ပေါ်၌ မတ်တတ်ရပ်ရင်း မျက်စိမှိတ်ပြလိုက်သည်။
ရှေ့တစ်လှမ်း တိုးလိုက်ရုံနှင့် ပြုတ်ကျသွားနိုင်သည်။
“ရေ.. မော်.. ရား (လေမှော်လား)”
အင်စလေ ထိတ်လန့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
စာအုပ်ထဲ၌ မှော်စွမ်းအင်နှင့် ပတ်သက်သည်များအား ဖော်ပြထားခြင်း မရှိချေ။ ဒဏ္ဍာရီလာ သားရဲများပင်လျှင် အထူးစွမ်းရည်များ အသုံးပြုကြသည်ဟုသာ ဆိုထားသည်။
“အထူးစွမ်းရည်ကို ပြောတာလေ.. ဒီမှာကြည့်..”
ဖင်းလီ လက်ဖြန့်လိုက်ပြီး ရုတ်တရက် လက်ဖဝါးပေါ်၌ သန်မာအားကောင်းသော လေပွေတစ်ခု ဖြစ်ပေါ်လာသည်။
ကောင်လေး၏ လက်ဖဝါးပေါ်ရှိ လေဝဲလေးမှာ စက္ကန့်တိုင်း၌ တဖြည်းဖြည်းချင်း ကြီးထွားကာ အားကောင်းလာပြီး အဆုံးတွငင် ဖင်းလီ၏ ခန္ဓာကိုယ်အား လွှမ်းခြုံကာ ခေါ်ဆောင်သွားတော့သည်။
ကောင်လေး၏ ခန္ဓာကိုယ်မှာ လေထဲ၌ မျောလွင့်နေပြီး ရွှေအိုရောင်ဆံပင်များမှာလည်း လေပြင်းတိုက်ခိုက်မှုကြောင့် လွင့်ဝဲနေသည့်တိုင်အောင် ဂရုမစိုက်ဘဲ အင်စလေအား လှည့်ကြည့်သည်။
“မနက်ဖြန်မှ တွေ့ကြမယ် အင်..”
ဖင်းလီ အူလှိုက်သည်းလှိုက် ရယ်မောကာ လေပြင်းခေါ်ဆောင်ရာသို့ လိုက်ပါသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖင်းလီသည် လေပြင်းနှင့်အတူ မျောလွင့်ကာ အင်စလေ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ရှား________
ပြတင်းပေါက်အနီး၌ လေပြင်းအကြွင်းအကျန်များသာ ကျန်ရှိသည်။ နူးညံ့သော လေနုအေးသည် အင်စလေ၏ ပါးပြင်လေးအား ညင်သာစွာ ထိတွေ့လာပြီး နှုတ်ဆက်အနမ်းပေးသည့်အလားပင်။
“အာ.. တူတွားဘီ (သူသွားပြီ)”
အင်စလေသည် ဖင်းလီ ပျောက်ကွယ်သွားသော အပြာရောင်ကောင်းကင်ကြီးအား မော့ကြည့်လိုက်သည်။ နတ်သမီးလေး ထွက်ခွာသွားပြီ ဖြစ်သောကြောင့် သူမ၏ ရင်ဘတ်ထဲ၌ မွန်းကြပ်သလို ခံစားရသည်။
‘ဟူး.. ပျော်ဖို့ကောင်းခဲ့ပေမဲ့ အခုတော့ ငါတစ်ယောက်တည်း..’
အင်စလေ ခေါင်းငုံကာ နောက်လှည့်လိုက်သည်။ သူမ၏ မျက်နှာထက်၌ စိတ်ပျက်ခြင်းများ ထင်ဟပ်နေသော်ငြား ကလေးသည် အချိန်ကြာကြာ မှုန်မှိုင်းမနေချေ။
‘ဖင်းက မနက်ဖြန် ၈ နာရီ ပြန်လာမယ်လို့ ပြောသွားတယ်.. သူ့ကို ယုံရမယ်.. အခုကတော့ တခြား အရေးကြီးကိစ္စကို ဖြေရှင်းရမှာ..’
အင်စလေသည် စာရွက်ပုံများအကြား နစ်မြုပ်နေသော အယ်လီယာနာအား ငုံ့ကြည့်လိုက်သည်။
မိသားစု ပြဿနာတွေကို ဖြေရှင်းဖို့ အယ် ကို ကူညီရမယ်.. ဒါပေမဲ့ ငါ့မှာ နိမိတ်ပြအိပ်မက်တွေ မက်နေတယ်ဆိုပြီး အကြီးအကဲကို အရင်ဆုံး ပြောသင့်တယ်လို့ ထင်တယ်..
အင်စလေ ဒုတိယထပ် တစ်ထပ်လုံး သွားပြီးနောက်မှသာ လှေကားအား ရှာတွေ့သည်။ ထို့နောက် တဖြည်းဖြည်းချင်း ပြန်ဆင်းလာသည်။
ကလေးသည် ဆုံးဖြတ်ချက် ပြတ်သားနေသော မျက်လုံးများဖြင့် အယ်လီယာနာထံ ချဉ်းကပ်လာသည်။
'ငါ့မှာ လုပ်ရမဲ့ ကိစ္စရှိတယ်..'
အင်စလေ၏ ထိပ်ဆုံးသို့တက်မည့် ခရီးရှည်ကြီး စတင်လေပြီ။