အင်စလေသည် အယ်လီယာနာနှင့် ပြန်လည်တွေ့ဆုံပြီးနောက် ကလေးသည် ချက်ချင်းပင် ကြုံရာ စာရွက်စာတမ်းများအား ရွေးယူပြီး ကစားဟန်ဆောင်လိုက်သော်ငြား တကယ်တမ်း၌ တင်ပြချက်များအား ဖတ်ရှုနေခြင်းသာ။
စာရွက်စာတမ်း တစ်ခုချင်းဆီ၌ စလိုအန်မိသားစု၏ အရေးပေါ်ပြဿနာများအား ဖော်ပြထားပြီး အပေါ်ယံမျှ ဖတ်လိုက်ရုံနှင့်ပင် အင်စလေသည် သူမဖြေရှင်းရမည့် အရေးအကြီးဆုံး ပြဿနာအား ရွေးချယ်လိုက်သည်။
ယင်းမှာ အလွဲသုံးစား လုပ်မှုပင်။
‘မိသားစုစီးပွားရေးကို ပြန်လည်အသက်သွင်းပြီး နယ်မြေတွေကို ပြန်လည်ရယူနိုင်မယ် ဆိုရင်တောင် အကျင့်ပျက်ခြစားသူတွေက ယိုပေါက်ဖန်တီးပြီး ငါ့ရဲ့ အားထုတ်မှုတွေကို စုပ်ယူပစ်ကြမှာပဲ..’
အကျင့်ပျက်ခြစားသူတွေက တခြားမိသားစုဝင်တွေနဲ့ ပူးပေါင်းပြီး ငါ့ကို မိသားစုခေါင်းဆောင်နေရာက ဖယ်ထုတ်ချင်နေတဲ့အကြောင်း မပါသေးဘူး.. ဦးလေးရော်ဂျာနဲ့ တခြားအကြီးပိုင်းတွေလေ..
သူတို့က အကျင့်ပျက်ခြစားသူတွေ မဟုတ်တာလည်း ဖြစ်နိုင်တယ်.. ဒါပေမဲ့ သူတို့ရဲ့ မိသားစုခေါင်းဆောင် ဖြစ်ချင်တဲ့ ဆန္ဒက အဆိပ်အတောက်ပဲ.. မသမာသူအချို့ကို သိသိရက်နဲ့ ရှိနေခွင့်ပြုထားနိုင်တယ်.. ဆိုလိုတာက သူတို့သာ မိသားစုခေါင်းဆောင်ရာထူးကို လိုချင်ရင် အသာလေးပဲ..
အဲဒီ စဉ်းလဲတဲ့ မြေခွေးအိုကြီးတွေက စလိုအန်မိသားစုကို သူတို့ ဦးဆောင်လိုက်တာနဲ့ ကျော်ကြားမှုတွေ အာဏာပါဝါတွေ ပြန်ရလာလိမ့်မယ်လို့ ထင်နေကြတာ.. ဟာသပဲ..
စလိုအန်မိသားစု၏ ပြဿနာများအား ဖြေရှင်းပြီး ထိပ်ဆုံး မိသားစု ၇ စု ထဲ ပါဝင်လာစေရန် နှစ်ပေါင်းမည်မျှ လိုအပ်မည်ကို အင်စလေ မသိချေ။
၅ နှစ်လား.. ၁၀ နှစ်လား.. ၁၅ နှစ်လား.. ဘယ်သူသိမှာလဲ..
မည်သို့ပင်ဖြစ်စေ ဤအရာများအား တမဟုတ်ချင်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ပထမဆုံး ပြုလုပ်ရမည်မှာ..
ဆန့်ကျင်တဲ့သူတွေကို ဖြုတ်ပစ်ရမလား.. ဒါပေမဲ့ ပြဿနာက ဆန့်ကျင်တဲ့သူတွေက ဘယ်သူလဲဆိုတာ အတိအကျ မသိတာပဲ.. သိရင်တောင် မိသားစုခေါင်းဆောင်မှာ အာဏာမရှိတော့ ဘယ်သူကမှ သတင်းပေးမှာ မဟုတ်ဘူး..
အသုံးမကျတဲ့ မိသားစုခေါင်းဆောင်က အန္တရာယ်အရှိဆုံးပဲ.. ဆန့်ကျင်တဲ့သူတွေက သူတို့ကို သတင်းပေးတဲ့သူတွေကို တိတ်တဆိတ် သတ်ဖြတ်နိုင်ရုံတင် မကဘဲ အကြီးပိုင်းတွေကလည်း အဲဒီ အကျင့်ပျက်ခြစားသူတွေနဲ့ ပူးပေါင်းပြီး ငွေအရွေ့အပြောင်း လုပ်နိုင်တယ်..
ဒီတော့ အကျင့်ပျက်ခြစားသူတွေကို ဖယ်ရှားတဲ့အခါ ဂရုစိုက်ရမယ်.. သူတို့က အကျင့်ပျက်ခြစားသူတွေလို့ သံသယရှိလို့ မဟုတ်ဘဲ ငါ့စိတ်ထဲ ပေါ်လာတဲ့အတိုင်း လုပ်တယ်လို့ ထင်သွားအောင် လုပ်ရမယ်..
အင်စလေ ထိုသို့တွေးမိပြီးနောက် ပြုံးလိုက်သည်။ အာဏာမဲ့သူတစ်ဦး ဖြစ်နေသော်ငြား ကလေးပေါက်စလေး ဖြစ်ရခြင်း၌ ကိုယ်ပိုင်အကျိုးကျေးဇူး ရှိလေသည်။
‘တစ်ဇွတ်ထိုးနိုင်ပြီး ဖိနှိပ်ညှင်းပန်းတတ်တဲ့ ကြီးစိုးခြယ်လှယ်သော’ ကလေးဟူသည့် ဂုဏ်ပုဒ်အား အသုံးပြုကာ မိသားစုအား အုပ်ချုပ်မည်ဆိုလျှင် အဆိုပါ အကျင့်ပျက်ခြစားသူများမှာ အကျိုးအကြောင်း မသင့်သော မိသားစုခေါင်းဆောင်ကြောင့် မကျေလည်ဖြစ်လာကြမည်။
မောင်းထုတ်ခံရတဲ့ သူတွေကလည်း အဲဒီလို ထင်သွားကြမယ်ဆိုရင် မိသားစုခေါင်းဆောင်ဖြစ်တဲ့ ငါ့ကို မုန်းတီးကြလိမ့်မယ်.. ဒါပေမဲ့ ငါက ဆန္ဒရှိသလို ထင်တိုင်းကြဲနေတာလို့ တွေးမိကြရင်တော့ သူတို့ ဘာမှ မတတ်နိုင်တော့ဘူး..
သူတို့ကျူးလွန်ထားတဲ့ မသမာတဲ့ ကိစ္စတွေ ပေါ်သွားမှာစိုးလို့ အကြီးပိုင်းတွေဆီကိုလည်း မသွားနိုင်တော့ဘူး.. လူတွေက သူတို့ရဲ့ လူသိမခံနိုင်တဲ့ ကိစ္စတွေကို ဆန္ဒအလျောက် ဖော်ထုတ်ချင်ကြမှာ မဟုတ်ဘူး..
ဆိုးလိုက်တာ.. သစ္စာဖောက်မှုနဲ့ အလွဲသုံးစားလုပ်မှုကြောင့် မောင်းထုတ်ခံရသူတွေက တခြားမိသားစုတွေကိုလည်း ဝင်နိုင်မှာ မဟုတ်ဘူး.. သစ္စာဖောက် ဒါမှမဟုတ် မသမာသူလို့ တံဆိပ်ကပ်ခံရတာနဲ့ သူတို့ရဲ့ အလုပ်အကိုင်ကလည်း အဆုံးသတ်သွားမှာပဲ..
‘ဒီတော့ စိတ်တိုင်းကျ မောင်းမထုတ်ခင် အကျင့်ပျက်ခြစားသူတွေကို ရှာဖွေဖော်ထုတ်ပြီး အတည်ပြုရမယ်.. ပြီးမှ ဆန္ဒရှိသလို လုပ်ရမယ်..’
အင်စလေသည် ယိုပေါက်တစ်ခုခု ရှာတွေ့ရန် စာရွက်စာတမ်းများအား အပေါ်ယံမျှ ဖတ်လိုက်သည်။ တင်ပြချက် အများအပြား ဖတ်ရှုပြီးနောက် မျက်စိထဲ ထင်းနေသည်မှာ ဝင်ငွေလက်ကျန် ဖြစ်သည်။
လက်ကျန်ငွေစာရင်း ရှုပ်ထွေးနေခြင်းကြောင့် မဟုတ်ဘဲ အလွန် ပြီးပြည့်စုံနေသောကြောင့် အင်စလေ မယုံကြည်နိုင် ဖြစ်ရသည်။
‘မိသားစုရဲ့ အခြေအနေက အောက်ဆုံးအထိ ထိုးဆင်းနေတာတောင် အစီရင်ခံစာက ဘယ်လိုဖြစ်ပြီး ဒီလောက် ကောင်းနေရတာလဲ.. ကြီးကြပ်ရေးမှူးက အမြင်ကောင်းရချင်လို့ လုပ်တာမျိုး ဖြစ်နိုင်ပေမဲ့လည်း..’
အင်စလေ၏ မျက်လုံးထဲ၌မူ ဤသို့သော အစီရင်ခံစာမှာ အလိမ်အညာနှင့် တူသည်။ သိသိသာသာ လှည့်စားထားခြင်း ဖြစ်သည်။ ဤလှည့်စားမှုမှာ အမြင်ကောင်းစေရန်အတွက် ဖြစ်လျှင်ပင် ဤနေရာသို့ တင်ပြလာသော စာရွက်စာတမ်းများမှာ မိသားစုခေါင်းဆောင် ဖတ်ရှုစစ်ဆေးရန် ဖြစ်သည်။
သူတို့က ဒီလိုမျိုး လုပ်ကြံဖန်တီးထားတဲ့ အစီရင်ခံစာမျိုး မိသားစုခေါင်းဆောင်ဆီ တင်ပြရဲတယ်ဆိုတော့ ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ.. မိသားစုခေါင်းဆောင်ကို မဟုတ်ဘူးလား..
‘ဟ.. ပထမဆုံး အကျင့်ပျက်ခြစားသူက.. ဝင်ငွေအစီရင်ခံစာနဲ့ ငွေကြေးပိုင်းကို ကိုင်တွယ်တဲ့သူပဲ.. ဆိုတော့ ဖြစ်နိုင်တာက..’
အင်စလေ၏ မျက်လုံးပြာများ စူးရှလာသည်။
ဖြစ်နိုင်တာက– စာရင်းကိုင်ပေါ့..
‘ကြည့်ရအောင်.. စလိုအန်မိသားစုမှာက စာရင်းကိုင် တစ်ယောက်ပဲရှိတာ.. အဲဒါကြောင့် စာရင်းကိုင်ရာထူးက မြင့်တယ်လို့ ပြောရမယ်.. ဟမ့်.. ဟမ့်.. ဒီလူမှာ သူ့ကို ကူညီဖို့ ငယ်သား အနည်းငယ် ရှိရမယ်..’
ဒီတော့ စာရင်းကိုင်အဖွဲ့တစ်ဖွဲ့လုံးကို အကျင့်ပျက်ခြစားသူတွေလို့ သတ်မှတ်ရမှာပေါ့..
အင်စလေ စာရွက်အလွတ်တစ်ရွက်အားယူကာ ဖောင်တိန်ဘောပင်ဖြင့် ခပ်သော့သော့ ရေးသည်။ စံအိမ်အား အလယ်ခေတ်ပုံစံ အလှဆင်ထားသော်ငြား ဤကမ္ဘာသည် ခေတ်မီကမ္ဘာတစ်ခု ဖြစ်သည်။
အိမ်အကူတွေက ဖုန်စုတ်စက်ကို သုံးနေကြတာလေ.. ဟုတ်ပြီလား..
အင်စလေသည် ဤကမ္ဘာ၏ တည်ဆောက်ပုံအား စိတ်ထဲမထည့်ဘဲ ချူနီတစ်ဦးအဖြစ် လျှို့ဝှက်ဖန်တီးထားသော ဘာသာစကားအား အသုံးပြုကာ စာလုံးအနည်းငယ် ရေးဆွဲလိုက်သည်။
ဤကမ္ဘာမှာ ကမ္ဘာမြေပေါ်ရှိ နိုင်ငံများကဲ့သို့ တူညီသော ဘာသာစကားများ ရှိသဖြင့် မတူညီသော ဘာသာစကားအား အသုံးပြုရန် လိုအပ်သည်။
အန်နီမဲအချို့မှ ခိုးယူကာ သူမကိုယ်ပိုင် လျှို့ဝှက်သင်္ကေတအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
အင်စလေသည် ‘အင် ဘာသာစကား’ အား အသုံးပြုကာ အကျင့်ပျက်ခြစားသူများအား စာရင်းပြုစုလိုက်သည်။ အခြားသူများ၏ မျက်လုံးထဲတွင်မူ အင်စလေ၏ အပြုအမူမှာ ကလေးတစ်ဦး အဓိပ္ပါယ်မဲ့ လျှောက်ခြစ်နေခြင်းသာ ဖြစ်သည်။
အင်စလေ တစ်ဦးတည်းသာ စာရွက်ပေါ်ရှိ အကြောင်းအရာများအား သိလေသည်။
"အကျင့်ပျက်ခြစားသူ စာရင်း"
စာရင်းကိုင်အဖွဲ့
ထို့နောက် အစီရင်ခံစာများအား နောက်တစ်ဖန် ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ မသင်္ကာဖွယ်ကောင်းသည့် ဌာနအများအပြားအား တွေ့ရှိလိုက်ရသည်။ အဆုံးတွင် ပြန်လည်ပြင်ဆင်ထားသော ရလဒ်မှာ အောက်ပါအတိုင်းပင်။
"အကျင့်ပျက်ခြစားသူများစာရင်း"
စာရင်းကိုင်အဖွဲ့ (အလွဲသုံးစားလုပ်မှု)
ရှေ့တန်းတပ်ဖွဲ့ (လောင်းကစား၊ သစ္စာဖောက်၊ သိုလှောင်ရုံအချို့အား လုယက်၊ အစီရင်ခံစာကို ပြောင်းလဲပြင်ဆင်)
အိမ်ထိန်းအဖွဲ့ (စံအိမ်မှ ပစ္စည်းများ ခိုးယူ၊ ငွေကြေးစီးဆင်းမှုအား အိမ်ခြံမြေ ဈေးကစားခြင်းမှာ အသုံးပြု)
ကုန်သည်/စီးပွားရေးအဖွဲ့ (ရန်သူတွေကို ဈေးပေါပေါနဲ့ ပစ္စည်းတွေရောင်းချပြီး အိတ်ကပ်ထဲထည့်၊ ဝင်ငွေတွေကို ခိုးယူပြီး အစီရင်ခံစာကို ပြောင်းလဲပြင်ဆင်)
အင်စလေသည် ဌာနအသီးသီးမှ ပေးပို့လာသည့် အစီရင်ခံစာများအား ဖတ်ရှုရုံဖြင့် ထိုသူများ၏ မသမာမှုများအား ရှာတွေ့လိုက်သည်။
ဖြစ်နိုင်ပါ့မလား.. အင်စလေက မြန်မြန်လေး ကြီးပြင်းလာဖို့ကလွဲလို့ မလုပ်နိုင်တာ မရှိဘူး.. အိုခေ နော်..