အခြားကမ္ဘာများသို့ ကူးပြောင်းရန် စိတ်နှစ်ထားသူ တစ်ဦးအနေနှင့် အင်စလေ အတော်များများ ပြင်ဆင်ထားသည်။
အင်အားကြီးမားခြင်းအပြင် နယ်မြေအား စီမံခန့်ခွဲခြင်းမှာလည်း အရေးကြီးကြောင်း သူမသိထားသည်။ မည်သည့်ကမ္ဘာသို့ ရောက်ရှိစေကာမူ ၅ နှစ်ကျော်ကြာအောင် လေ့လာသင်ယူခဲ့သော စီးပွားရေး ကျွမ်းကျင်မှုအပြင် အခြားသော နယ်ပယ်များ၌လည်း ကျွမ်းကျင်မှုများ ရရှိလာစေရန် ကြိုးစားခဲ့သည်။
ထို့ကြောင် အင်စလေမှာ အသက် ၂၀ သာ ရှိသေးသော်ငြား အတွေ့အကြုံပြည့်ဝပြီး ထိပ်ဆုံးသို့ ရောက်ရှိလာမည့် တစ်နေ့အတွက် ပြီးပြည့်စုံအောင် ပြင်ဆင်ထားသည်။
ထိုသို့ဆိုလျှင် မည်သည်ကြောင့် မူလကမ္ဘာ၌ ထိုအရာများအား အသုံးမချခဲ့သနည်း။ သူမသာ ဆန္ဒရှိလျှင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ဖြစ်လာနိုင်သော်ငြား ကမ္ဘာမြေမှာ အင်စလေအတွက် ပျင်းစရာကောင်းလှသည်။
ဤအမည်မသိ ‘မာဖီးယား’ ကမ္ဘာမှာမူ ကွဲပြား၏။ အင်စလေ သူမပြုစုထားသည့် စာရင်းအား ပြန်လည်စိစစ်ရင်း သွေးကြောထဲရှိ အဒရီနယ်ဂလင်းများ၏ တုံ့ပြန်မှုကိုပင် သိသိသာသာ ခံစားမိသည်။
ပထမဆုံး ရှေ့တန်းတပ်ဖွဲ့.. သူတို့က ဘာဖြစ်လို့ ကလိမ်ကျတာလဲ.. လက်နက်အများအပြား တောင်းခံပေမဲ့ မာဖီးယားမိသားစုတွေကြား တိုက်ပွဲတိုင်းကို ရှုံးနေကြတယ်..
ဒါက ကလိမ်ကျတာပဲပေါ့..
နောက်တစ်ခုက သူတို့က တပ်ကူအများအပြား တောင်းတယ်.. တိုက်ပွဲက ဆက်တိုက်ဆိုသလို ရှုံးနေတော့ တပ်ကူအများအပြား လိုအပ်တာ သဘာဝပဲ.. ဒါပေမဲ့ သူတို့ တောင်းဆိုတဲ့ အရေအတွက်က လိုအပ်တာထက် ပိုများနေတယ်.. ယောကျ်ားလေးအကြိုက် မန်ဟွတွေကို ဖတ်ခဲ့တဲ့ အတွေ့အကြုံအရ..
ဒီလူတွေက သေချာပေါက် သစ္စာဖောက်နေတာပဲ..
အင်စလေ ခေါင်းယမ်းလိုက်သည်။ မည်သည့်နေရာမဆို နောက်ကျောဓားထိုးကာ သစ္စာဖောက်သည့် လုပ်ရပ်မှာ အောက်တန်းကျယုတ်ညံ့ပြီး ကြောက်မက်ဖွယ်ကောင်းသည်။
‘သစ္စာဖောက်တွေနဲ့ မကြုံရအောင် သေသေချာချာလေး ဂရုစိုက်မှဖြစ်မယ်..’
အင်စလေ၏ အတွေးများမှာ ရှေ့တန်းတပ်ဖွဲ့ အကျင့်ပျက်ခြစားရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခုထံသို့ ရောက်ရှိသွားသည်။
တတိယအကြောင်းအရင်း – သူတို့စောင့်ကြပ်နေတဲ့ သိုလှောင်ရုံတွေရဲ့ အစီရင်ခံစာ
သိုလှောင်ရုံတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာထဲမှာတော့ အရာအားလုံးက အဆင်ပြေပြီး တပ်ဖွဲ့ရဲ့ ရိက္ခာနဲ့ အထောက်အပံ့တွေကလည်း ကောင်းမွန်တယ်.. ဘာညာပေါ့.. ဒါပေမဲ့ သိုလှောင်ရုံအချို့က အခိုးခံလိုက်ရလို့ ရိက္ခာနဲ့ အထောက်အပံ့တွေ တောင်းခံတာတဲ့လေ..
အစီရင်ခံစာမှာ ယုတ္တိရှိသည်ဟု ထင်ရသော်ငြား အင်စလေ၏ မျက်လုံးထဲ၌မူ သံသယဖြစ်ဖွယ်ကောင်းလှသည်။ ထိုသူများသည် သိုလှောင်ရုံများရှိ ထောက်ပံ့ပစ္စည်းအား ရှေ့တန်းတပ်ဖို့သို့ မပို့ဘဲ အချင်းချင်း ကိုယ်ကျိုးအတွက် မျှဝေသုံးစွဲလိုက်ပုံရသည်။
ခေါင်းဆောင်ပိုင်းရှိ အကျင့်ပျက်ခြစားသူများကြောင့် သစ္စာရှိတပ်သားများ နစ်နာကြရသည်။
‘ဟာ့.. ပြီးတော့ အိမ်ထိန်းအဖွဲ့.. သူတို့ရဲ့ အစီရင်ခံစာက အတော်လေး သံသယဝင်စရာပဲ.. ဒီလို အချိန်မျိုးမှာတောင် စံအိမ်အတွက်ဆိုပြီး ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ဖို့ တောင်းဆိုနေကြတယ်.. ဘယ်သူ သုံးမှာတဲ့လဲ.. ငါလား..’
အဆိုပါ ဇိမ်ခံပစ္စည်းများမှ မည်သည့်အကျိုးကျေးဇူးမျှ မရနိုင်ဟု အင်စလေ ယုံကြည်သည်။ အကြီးပိုင်းများအတွက်ဟု ဆိုရန်မှာလည်း ထိုသူများသည် ပင်မစံအိမ်၌ မနေထိုင်ကြချေ။
မိသားစု၏ အကြီးပိုင်းများသည် ပင်မစံအိမ်အနီးရှိ အခြားစံအိမ်များ၌ နေထိုင်ကြခြင်း ဖြစ်သည်။
အိမ်ထိန်း၏ အစီရင်ခံစာမှာ သံသယဖြစ်ဖွယ်ကောင်းရုံသာ မကဘဲ အိမ်ထိန်းအဖွဲ့သည်လည်း ထိုသို့ အစီရင်ခံစာများ ပေးပို့တင်ပြနေစဉ်မှာပင် စံအိမ်ရှိ ပစ္စည်းများနှင့် ငွေကြေးများအား တိတ်တဆိတ် ခိုးယူလျက်ရှိကြသည်။
ထိုသူများသည် မိသားစု၏ ဝင်ငွေစီးဆင်းမှုအား ထိန်းချုပ်ရသော စာရင်းကိုင်နှင့် တစ်လှေတည်းစီးသူများ ဖြစ်နိုင်သည်။
နောက်ဆုံးကတော့ စီးပွားရေးအဖွဲ့ဖြစ်တဲ့ ကုန်သည်တွေပဲ.. ဒီအဖွဲ့က ပြင်ပစီးပွားရေးနဲ့ ပတ်သက်ပြီး လုပ်ကိုင်ကြတာ ဖြစ်မယ်..
ဒီတော့ သူတို့က မူးယစ်ဆေး.. လက်နက်နဲ့ တခြားပစ္စည်းတွေကို မာဖီးယားမိသားစုတွေကို ရောင်းချပြီး ဝင်ငွေရှာဖို့ တာဝန်ရှိတဲ့သူတွေပေါ့..
‘အကြီးပိုင်းတွေရဲ့ အစည်းအဝေးမှာကတည်းက ဒီပြဿနာကို သိထားတယ်.. ဒီဌာနက တကယ့် ဒုက္ခအိုးပဲ..’
အင်စလေသည် ယာယီအကျင့်ပျက်ခြစားသူများစာရင်းအား နောက်တစ်ဖန်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထိုသူမျှ မည်သည့်အတိုင်းအတာ ပမာဏအထိ အကျင့်ပျက်ခြစားနေသည်ကို စဉ်းစားပြီး လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်သည်။
အရင်ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ငါ့အဖေရဲ့ လွှမ်းမိုးမှုတွေပဲ ဖြစ်ရမယ်..
အင်စလေ အနည်းငယ်မျှပင် မမှတ်မိပါသော ‘ဖခင်’ ဖြစ်သူ၏ မျက်နှာအား ပြန်လည်မြင်ယောင်ကြည့်သည်။ မှုန်ဝါးဝါးပင်။ ခရမ်းရောင်တောက်တောက် ဆံပင်ကိုသာလျှင် အမှတ်ရတော့သည်။
ဟာ.. အဲဒီအရူးက တကယ်အမှိုက်ပဲ.. မိသားစုရေးရာတွေကို ကိုင်တွယ်ဖြေရှင်းတာ မှန်ချင်မှန်မယ်.. ဒါပေမဲ့ အကျင့်ပျက်ခြစားတဲ့သူတွေကို မမြင်ချင်ယောင် ဆောင်နေခဲ့တယ်.. ဘာလို့လဲ.. အိမ်ကနေ ထွက်ပြေးဖို့ ပိုးပန်းရင်း အလုပ်များနေလို့လား..
ဖခင်ဖြစ်သူအကြောင်း တွေးမိရုံနှင့်ပင် သူမ၏သွေးများ ပွက်ပွက်ဆူလာသလို ခံစားရသည်။ ဖခင်ဖြစ်သူနှင့် ထွက်ပြေးသွားသူမှာ မည်သူဖြစ်စေကာမူ သူမ မကျေနပ်ပေ။
ငါ့အဖေက အဲဒီမိန်းမရဲ့ ထောင်ချောက်ထဲသာ မကျသွားခဲ့ရင် မိသားစုခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နေမှာ..
အင်စလေ လျှာတောက်လိုက်ပြီး ဖခင်ဖြစ်သူ၏ ပုံရိပ်အား ပယ်ဖျက်လိုက်သည်။
အာ.. ကမ္ဘာမြေမှာ ကျန်ခဲ့တဲ့ သွေးရင်းဖခင်ကို ပြောတာ မဟုတ်ဘူးနော်.. ဒီခန္ဓာကိုယ်လေးရဲ့ အဖေကိုပြောတာ..
‘ဘာပဲဖြစ်ဖြစ် စာရင်းကိုင်အဖွဲ့ကို အရင်ဆုံး ကန်ထုတ်ဖို့လိုတယ်လို့ ထင်တယ်..’
အင်စလေသည် စာရင်းကိုင်အဖွဲ့နှင့် မျက်နှာချင်းဆိုင်တွေ့ကာ စူးစမ်းလေ့လာချင်သည်။ မကောင်းသောရည်ရွယ်ချက်ရှိသည့် လူများအား အလိုအလျောက် သိမြင်နိုင်သည့် မျက်လုံးများ ရှိသောကြောင့် သူမကိုယ်သူမ ယုံကြည်ချက်ရှိသည်။
‘စာရင်းကိုင်ကို ငါနဲ့လာတွေ့ဖို့ ဘယ်လိုခေါ်ရမလဲ.. စဉ်းစားစမ်း.. သူတို့ကို မောင်းထုတ်မယ်ဆိုရင် အကြီးအကဲရဲ့ ခွင့်ပြုချက် လိုမယ်.. အဲဒီလူတွေက အကြီးအကဲရဲ့ စကားကိုပဲ နားထောင်ကြတာ..’
သူမ၏ အမိန့်အား မည်သူမျှ အတည်ယူမည် မဟုတ်မှန်း အင်စလေသိသည်။ ထို့ကြောင့် အယ်လီယာနာအား လိုအပ်ခြင်းဖြစ်သည်။ သို့သော် အခြားသူများမှာ အယ်လီယာနာအား လေးစားမှု မရှိကြချေ။ ထို့ကြောင့် နောက်ဆုံးပစ်မှတ်မှာ မျက်လုံးပြာအကြီးအကဲဖြစ်သည်။
'သူကတော့ ငါ့ဘက်မှာ ရှိပုံပဲ'
နိမိတ်ပြအိပ်မက်များအကြောင်း သဲလွန်စများပြရန် အချိန်ကောင်းပင်။
အင်စလေ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက် ပွတ်လိုက်သည်။ နိမိတ်ပြ အိပ်မက်များမှတဆင့် ဂေါ့ဖားသားဝိညာဉ်၏ တည်ရှိမှုအား ဖော်ထုတ်ရန် စီစဉ်ထားသည်။
ဒဏ္ဍာရီလာ ဂေါ့ဖားသားနဲ့ ပတ်သက်တဲ့ အရာနည်းနည်းလောက်ကို ပြောရုံပဲ.. အကြီးအကဲက သူ့ဘာသာ ကောက်ချက်ချလိမ့်မယ်..
အင်စလေ ကြမ်းပြင်ပေါ်ရှိ စာရွက်အား ကောက်ယူလိုက်ပြီး စာရွက်ပိုင်းလေးဖြစ်လာစေရန် ဂရုတစိုက် ခေါက်လိုက်သည်။ ထို့နောက် အိတ်ကပ်အတွင်းထည့်ကာ အယ်လီယာနာအား နေ့လယ်စာစားရန် တိုက်တွန်းသည်။
အင်စလေသည် တစ်ချိန်တည်းမှာပင် အလိုလိုက်ခံရသောကြောင့် ဆိုးသွမ်းနေသည့် ဉာဏ်ကြီးရှင် ကလေးဆိုးသဖွယ် ပြုမူနေခြင်းဖြစ်သည်။ ဤနည်းဖြင့် မိသားစုအရေးကိစ္စများအား ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့် အကြီးအကဲများပင်လျှင် သူမအား မဖြစ်မနေ ထောက်ပံ့ပေးရလိမ့်မည်။
မွန်းလွဲ ၃ နာရီ။
“ဝှါးးးး”
အင်စလေ ပုခတ်ပေါ်သို့ တက်ကာ လှဲချလိုက်သည်။ ထို့နောက် တစ်ရေးအိပ်ရန်အချိန် ဖြစ်သောကြောင့် မျက်လုံးများ မှိတ်လိုက်တော့သည်။
နိမိတ်ပြအိပ်မက်တစ်ခု ဖန်တီးရန် အသင့်တော်ဆုံးအချိန်လည်း ဖြစ်သည်။ အတုအယောင် ဆိုသည့်တိုင်အောင်..။
‘အွင်း.. အွန်း.. ကြောက်ဖို့ကောင်းတဲ့ပုံစံနဲ့ အဖိုးကြီးတစ်ယောက်က ရုတ်တရက်ကြီး ငါ့ဆီကို ရောက်လာပြီး ဒါ.. ဒါ လုပ် ဆိုပြီး ပြောတယ်လို့ ပြောရမယ်.. ပြီးရင် သူက ငါ့ကို သဘောကျလို့ အရိပ်အမြွက်ပေးပြီး မိသားစုကို ကူညီပေးချင်တာလို့ ပြောတယ်လို့..’
အရိပ်အမြွက်ကတော့ ‘စာရင်းကိုင်အဖွဲ့နဲ့ တွေ့ဆုံရန်..’။