အခန်း ၄၅ ပြန်လည်ဆုံစည်းခြင်း
Viewers 3k

အခန်း ၄၅ ပြန်လည်ဆုံစည်းခြင်း

 

စာရင်းကိုင်ချုပ် ထမင်းစားခန်းမှ ထွက်ခွာသွားပြီးနောက် ကျန်စာရင်းကိုင်များသည်လည်း ခေါင်းဆောင်နောက်မှ ကောက်ကောက်ပါအောင် လိုက်သွားကြသည်။ ထိုသူများသည် တောက်ခတ်ရင်း အင်စလေအား တိတ်တဆိတ် ကျိန်ဆဲနေကြခြင်းဖြစ်သည်။

 

ဘယ်လိုတောင် မောက်မာရိုင်းစိုင်းတဲ့ ကလေးလဲ..

 

အတော်လေး ထင်တိုင်းကြဲနေတာပဲ..

 

အလိုလိုက်ခံရလွန်းလို့ ပျက်စီးနေတာလား..

 

စလိုအန်မိသားစုကတော့ သူမလက်ထဲမှာ ပျက်စီးသွားမှာပဲ..

 

သူမကြိုက်ဘူး ဆိုတာနဲ့ပဲ လူတွေကို ဖြုတ်ချင်တိုင်း ဖြုတ်လို့ရမယ်လို့ ထင်နေတာလား..

 

ထမင်းစားခန်းအတွင်းရှိ အိမ်အကူများနှင့် အစေခံများပင်လျှင် ကလေး၏ အကျင့်စရိုက်အား မနှစ်မြို့ကြချေ။

 

သခင်မလေးက ကြင်နာတတ်တယ်လို့ ထင်ခဲ့တာ.. အပေါ်ယံပဲ ဖြစ်နေပါလား..

 

အင်စလေသည် အိမ်အကူများနှင့် အစေခံများ၏ လေးစားမှုအား ဆုံးရှုံးသွားလေသည်။ ကလေးမှာ ထိုအရာအား သိသော်ငြား ပခုံးသာ တွန့်လိုက်သည်။

 

အစကတည်းက ငါ့ဘက်မှာ မရှိခဲ့တဲ့ လူတွေရဲ့ အတွေးတွေကို ဘာလို့ လိုက်ခံစားနေရမှာလဲ.. ဒီအစေခံတွေက ငါ အမွေဆက်ခံသူ ဖြစ်နေချိန်ကတည်းက ငါ့ကို ဂရုစိုက်ပေးဖို့ကို မလိုလားကြတာလေ..

 

မိသားစုခေါင်းဆောင်ဖြစ်တဲ့ ငါ့အဖေကတောင် ငါ့ကို စောင့်ရှောက်ပေးဖို့ သူတို့ကို စေခိုင်းထားတာမဟုတ်ဘူး.. သူတို့သာ လူစိတ်ရှိရင် အဲဒီလို လုပ်ကြမှာ မဟုတ်ဘူး..

 

ဟွန့်..

 

အင်စလေ နှာမှုတ်ပြီး စံအိမ်အတွင်းရှိ သစ္စာမဲ့ အိမ်အကူနှင့် အစေခံများအား တစ်နေ့တွင် အစားထိုးပစ်မည်ဟု ကျိန်ဆိုလိုက်သည်။ သူမအား သံသယမရှိ အကြွင်းမဲ့ယုံကြည်မည့်သူနှင့် အသက်အရွယ်ကို ပဓာနမထားဘဲ လေးစားမှုရှိမည့်သူကိုသာ လိုအပ်သည်။

 

အိမ်အကူနှင့် အစေခံများအား လုံလောက်အောင် လေ့ကျင့်ပေးမည်ဆိုလျှင် သူမ၏ ဆုံးဖြတ်ချက်များအား မေးခွန်းထုတ်မည် မဟုတ်သလို နောက်ကွယ်၌ အတင်းပြောမည်လည်း မဟုတ်‌ချေ။

 

အင်စလေ အထင်သေးစက်ဆုပ်စွာ လျှာတောက်လိုက်ပြန်သည်။

 

လူတိုင်းရဲ့ သဘောကျခံရဖို့ဆိုတာ လွယ်လွယ်လေးနော်.. ဒါပေမဲ့ အဲဒီလို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး.. အရေးအကြီးဆုံးက ယိုဖန်.. အယ်လီယာနာနဲ့ ခေါင်းဆောင်ပိုင်းက အရေးပါတဲ့လူ အနည်းငယ်နဲ့ အဆင်ပြေဖို့ပဲ..

 

ဟုတ်သားပဲ.. အိမ်ထိန်းကို ပြောင်းလိုက်မယ်ဆိုရင် အိမ်အကူခေါင်းဆောင်လည်း ပြောင်းသွားလိမ့်မယ်.. အဲဒီကျ ငါ့စိတ်တိုင်းကျ လူတွေကို ရွေးလိုက်ရုံပဲ..

 

အင်စလေ နားရွက်ချိတ်လုမတတ် ပြုံးလိုက်ပြီး ‘ညစ်ညမ်းနေသည့်’ စံအိမ်အား ရှင်းလင်းရေးလုပ်ရန် အစီအစဉ် ချမှတ်လိုက်သည်။

 

သူမ၏ ပတ်ပတ်လည်၌ ယုံကြည်ရမည့်သူများ မရှိမချင်း ဤအကျင့်ပျက်ခြစားနေသည့် အိမ်အကူနှင့် အစေခံများအား အချိန်ကုန်ခံကာ သူမဘေးသို့ ရောက်လာရန် သိမ်းသွင်းနေမည် မဟုတ်ပေ။

 

ငါ့အပေါ် အကြွင်းမဲ့ သစ္စာရှိမဲ့ အိမ်အကူအသစ်တွေကို လေ့ကျင့်ပေးတာ ပိုကောင်းမယ်.. အသစ်လေးတွေကို လေ့ကျင့်ပေးရတာက အဟောင်းတွေကို ငါ့ဘက်ရောက်လာအောင် သိမ်းသွင်းတာထက် ပိုလွယ်တယ်..

 

အင်စလေသည် ထမင်းစားပွဲနှင့် မနီးမဝေး၌ ရပ်နေသည့် အိမ်အကူအနည်းငယ်အား ကြည့်လိုက်သည်။ ထိုအိမ်အကူများသည် သူမ မိသားစုခေါင်းဆောင် ဖြစ်လာပြီးနောက်မှသာ ဂရုစိုက်ပေးကြခြင်း ဖြစ်သည်။

 

အရင်ကကျ သူတို့ဘယ်ရောက်နေကြလဲ..

 

‘ဟက်.. ငါ့မွေးနေ့အတွက် အိမ်အကူနဲ့ အစေခံအသစ်တွေ ခန့်ရမယ်..’

 

စလိုအန်မိသားစု၌ ငွေကြေးလုံလုံလောက်လောက် ရှိမည်ဆိုလျှင် အင်စလေ ထိုသို့ပြုလုပ်နိုင်မည် ဖြစ်သည်။ အပြင်ပိုင်း၌ ကြွယ်ဝချမ်းသာပုံ ရသော်ငြား အတွင်းပိုင်၌မူ ယိုင်နဲ့နဲ့နှင့်ပင်။

 

ဤသို့ဖြင့် အင်စလေ တင့်တယ်ကျော့ရှင်းစွာ ညစာအား အပြီးသတ်လိုက်သည်။ ဤကလေးမှာ လူအချို့အား ဖြုတ်ပစ်ရန် ကြမ်းပြင်ပေါ်၌ လူးလှိမ့်ငိုကြွေးခဲ့သည်ဟု မည်သူမျှ ယုံကြမည် မဟုတ်‌ချေ။

 

ထိတ်လန့်တုန်လှုပ်ဖွယ် အပြောင်းအလဲကြီးဖြစ်သော်ငြား မည်သူမျှ မေးခွန်းမထုတ်ချေ။ ယခု ကလေး တည်ငြိမ်သွားပြီဟုသာ ထင်မှတ်ကြသည်။

 

နောက်တစ်နေ့ နံနက် ၈ နာရီ။

 

“ဟမ်.. ဖွင်း ဘမာရဲ (ဖင်း ဘယ်မှာလဲ..)”

 

အင်စလေ စာကြည့်တိုက် ဒုတိယထပ် တစ်ခုလုံးအား ရှေ့နောက်လျှောက်နေသည်။ ယနေ့ ကလေးသည်‌ နွေရာသီနှင့် သင့်တော်မည့် ရိုးရှင်းသော အဖြူရောင်တစ်ဆက်တည်းဂါဝန်အား ဝတ်ဆင်ထားခြင်းဖြစ်သည်။

 

ဆံပင်လေးအား အထုံးသေးသေးလေး နှစ်ခုဖြစ်အောင် ထုံးဖွဲ့ထားပြီး ခရမ်းရောင်ဆံပင်အား ငွေရောင်တလက်လက်ထနေသည့် ဖဲကြိုးလေးဖြင့် အလှဆင်ထားသည်။ သူမ၏ ဆံပင်ပုံစံကြောင့် မီနီကြွက်နှင့်ပင် တူနေသည်။

 

ကလေးသည် ဒုတိယထပ်ရှိ ကြီးမားသော ပြတင်းပေါက်ဘေး၌ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ယမန်နေ့ကကဲ့သို့ပင် အယ်လီယာနာအား အောက်ထပ်တွင် စာရွက်စာတမ်းများ ကိုင်တွယ်ဖြေရှင်းရန် ချန်ထားရစ်ပြီး သူမကမူ တစ်စုံတစ်ယောက်အား စောင့်မျှော်နေခြင်းဖြစ်သည်။

 

ထိုတစ်စုံတစ်ယောက် ဆိုသည်မှာ စာကြည့်တိုက်နတ်သမီး ဖင်းနီမှလွဲ အခြားမဟုတ်ချေ။

 

တစ်ချိန်တည်းမှာပင် ဖင်းနီမဟုတ်သော ဝေါ်လ်တာမိသားစု၏ အမွေဆက်ခံသူ ဖင်းလီဝေါ်လ်တာသည် အလယ်ခေတ်ပုံစံ အညိုရောင်ဝတ်စုံအား ဝတ်ဆင်ရင်း အလုပ်ရှုပ်လျက်ရှိသည်။

 

အဖြူရောင် ရှပ်လက်တိုပေါ်၌ အညိုရင့်ရောင် အပေါ်ထပ်ဝတ်ပြီး အညိုရင့်ရောင် ဘောင်းဘီအကွက်နှင့် တွဲဖက်ဝတ်ဆင်လိုက်သည်။ ထို့နောက် ကော်ဖီစေ့ရောင် ဘယ်ရီကတ်ဦးထုပ်လေး ဆောင်းလိုက်သည်။

 

ဟယ်ရီပေါ်တာ မျက်မှန်နှင့် ဆင်တူသည့် ရှေးခေတ်မျက်မှန်ဝိုင်းလေးအား တပ်ရန်လည်း မမေ့ချေ။ နောက်ဆုံးပိတ်ပြင်ဆင်မှုအနေနှင့် လည်ပင်းတွင် ဖဲပြားတစ်ခု ချည်ပြီးနောက် သားရေဖိနပ် စီးလိုက်သည်။

 

ပြီးနောက် ကောင်လေးသည် အိပ်ခန်းတစ်ဝိုက် လှည့်ပတ်ကြည့်ပြီးနောက် ပြတင်းပေါက်မှတဆင့် ထွက်သွားလေသည်။

 

ကောင်လေးသည် သူ၏အိမ်မှ ၁၅ မိနစ်အဝေး၌ရှိသည့် စလိုအန်မိသားစု၏ ပင်မစံအိမ်ရှိရာသို့ အလျင်စလို ပျံသန်းသွားသည်။

 

ယနေ့၌ ဖင်းလီသည် တရားဝင်ဧည့်သည်တစ်ဦးအနေဖြင့် လာရောက်ခြင်းမဟုတ်သောကြောင့် လုံခြုံရေးအား အမြင့်ဆုံးအထိ တိုးမြှင့်ကာ အစောင့်အကြပ်များ၏ နှာခေါင်းအောက်မှနေ လျှောဝင်သွားသည်။

 

ဖင်းလီမှာ အလွန်လျင်မြန်သွက်လက်သောကြောင့် အစောင့်အကြပ်များ၏ မျက်လုံးများအား ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ထူးချွန်ပြောင်မြောက်သည့် ကိုယ်လုံပညာမှာလည်း စံအိမ်အတွင်းသို့ မည်သူမျှမမြင်ခင် ဝင်ရောက်လာနိုင်စွမ်းရှိသည်။

 

အဖြူရောင်စံအိမ်အား တွေ့သည်နှင့် ကောင်လေးသည် အလျင်အမြန်ပင် စာကြည့်တိုက်၏ ပြတင်းပေါက်အား ရှာဖွေရာ ချက်ချင်းဆိုသလို ရှာတွေ့လေသည်။ အချိန်ကုန်မခံတော့ဘဲ မြေပြင်အား ခြေဆောင့်ခုန်လိုက်သည်။

 

ဝှစ်....

 

လေပွေတစ်ခုသည် ဖင်းလီအား ဒုတိယထပ် ပြတင်းပေါက်ရှိရာသို့ ခေါ်ဆောင်သွားသည်။ ကျေးဇူးတင်ဖို့ကောင်းစွာပင် ပြတင်းပေါက်မှာ ဖင်းလီအား ကြိုဆိုနေသည့်အလား ခပ်ကျယ်ကျယ် ဖွင့်ထားသည်။

 

'နောက်ဆုံးတော့..'

 

ဖင်းလီ ပြတင်းဘောင်ပေါ်၌ ခြေချပြီးမှသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ ကြမ်းပြင်ပေါ်သို့ ခပ်ဖြည်းဖြည်း ဆင်းလိုက်သည်။ သို့သော် သစ်သားကြမ်းပြင်နှင့် ခြေထောက် ထိမိချိန်မှာပင် အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်လေးတစ်ခု ရုတ်တရက် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

 

“ဖွင်းးးးးးးးး”

 

အင်စလေ နားရွက်ချိတ်လုမတတ် ပြုံးကာ ကောင်လေးထံသို့ ပြေးသွားလေသည်။ ကလေးမှာ အလွန်စိတ်လှုပ်ရှားကာဖြင့် လက်နှစ်ဖက်အားဆန့်ကာ...

 

ကောင်လေးအား ဖက်လိုက်တော့သည်။

 

ဝုန်း

 

အင်စလေ၏ ခန္ဓာကိုယ်လေးမှာ ဖင်းလီ၏ ရင်ဘတ်နှင့် ဝင်ဆောင့်သည်။

 

ဖင်းလီ တင်ပါးနှင့် ထိုင်လျက်သား ပြုတ်ကျပြီး နောက်ကျောဘက်ရှိ နံရံနှင့်ကပ်အောင် တွန်းခံလိုက်ရသည်။

 

ဗုန်း

 

“အာ့..”

 

တင်ပါးနှင့် ကြမ်းပြင် ရိုက်ခတ်မိသောကြောင့် ကျယ်လောင်စွာ အော်မိလိုက်သည်။ တစ်ဆက်တည်းမှာပင် ကျောကုန်းနှင့် နံရံ ဆောင့်မိသွားသည်။ သို့သော် ထိုအရာများမှာ ဖင်းလီအား ပျာယာခတ်အောင် ပြုလုပ်နိုင်ခြင်း မရှိချေ။

 

ဖင်းလီအား စိတ်လွင့်သွားစေသည်မှာ သူ၏ လက်မောင်းထဲရှိ ကောင်မလေးဖြစ်သည်။

 

“အ.. အင် လား..”

 

ဖင်းလီ ရင်တထိတ်ထိတ်နှင့် ခေါ်လိုက်သည်။ ကောင်လေး ဂရုတစိုက်နှင့် ငုံ့ကြည့်လိုက်ချိန်တွင် ကလေးသည် သူ့အား သွားအဖြီးသားဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။

 

...ဝ...သ