အခန်း ၄၄ ကြီးစိုးခြယ်လှယ်ပါသော
Viewers 3k

အခန်း ၄၄ ကြီးစိုးခြယ်လှယ်ပါသော

 

‘အခုပဲ အင် က ဂေါ့ဖားသားကို ပြောသွားတယ်လေ.. ဆိုတော့ ဒီလူတွေကို ဖြုတ်ပစ်ဖို့ အင် ကို ပြောတာ ဂေါ့ဖားသားပေ့ါ.. ဂေါ့ဖားသားရဲ့ အကြံဉာဏ်မပါဘဲ အင်က ဒီစကားတွေကို ပြောစရာအကြောင်း မရှိဘူးလေ..’

 

ယိုဖန်၏ အသိစိတ်မှ အင်စလေ၏ စကားများကို လိုက်နာရန် ပြောနေသော်ငြား အလွန်ရုတ်တရက်ဆန်သဖြင့် ချက်ချင်း မဆုံးဖြတ်နိုင်ချေ။

 

“ဒါက..”

 

ယိုဖန်သည် အင်စလေအား မည်သို့မျှ အရေးမယူဘဲ စာရင်းကိုင်ချုပ်အား ခါးသက်စွာ ပြုံးပြလိုက်သည်။ အင်စလေ၏ အပြုအမူကြောင့် ရှက်ရွံ့မိသော်ငြား အပြစ်တင်ဆုံးမရန် ရည်ရွယ်ချက်မရှိပုံရသည်။

 

အင်စလေသည်လည်း ထိုအရာအား သတိပြုမိသောကြောင့် အောင်ပွဲခံဟန်ဖြင့် ပြုံးလိုက်သည်။

 

“ဖိုးဖိုး‌ဒေ့က ပြုတ်တဲ့.. ပြုတ်.. ပြုတ်.... ဟမ့် (ဖိုးဖိုးဒေ့ဗ်က ဖြုတ်တဲ့.. ဖြုတ်.. ဖြုတ်....)”

 

အင်စလေ ဖွီခနဲလုပ်ပြီး လျှာထုတ်ကာ စာရင်းကိုင်ချုပ်အား ပြောင်ပြလိုက်သည်။ ကလေးသည် ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ ကြမ်းပြင်ပေါ်၌ လူးလှိမ့်တော့သည်။

 

“ပြုတ်.. ပြုတ်.. ပြုတ်.. အူးဝါးးး ဖိုးဖိုး ပြုတ်.. (ဖြုတ်.. ဖြုတ်.. ဖြုတ်.. အူးဝါးးး ဖိုးဖိုး ဖြုတ်)”

 

အင်စလေ ခြေလက်များအား ကန်ကြောက်ရင်း ကြမ်းပြင်ပေါ်၌ လှိမ့်ကာ အော်ဟစ်ငိုကြွေးလေသည်။

 

ကလေးသည် အိမ်အကူများ၏ ဆိုးဆိုးဝါးဝါး အကြည့်များအား ဂရုမစိုက်ဘဲ အဖိုးယိုဖန်ကိုသာ အဆက်မပြတ် အော်ပြောသည်။

 

“ဖိုးဖိုး.. ဖိုးဖိုး.. တူတို့ချိုး.. ပြုတ်.. ဝါးးးးး ချိုး.. မတောင်းချိုးဝါး (သူတို့ဆိုး.. ဖြုတ်.. ဝါး.. ဆိုး.. မကောင်းဆိုးဝါး)”

 

အင်စလေ အော်ဟစ်ငိုကြွေးနေပြီး ကြမ်းပြင်တစ်ခုလုံး မျက်ရည်များ ပေပွကုန်တော့သည်။ ထမင်းစားခန်းအတွင်း၌ ကလေး၏ နားကွဲလုတမျှ အော်ဟစ်သံ ပဲ့တင်ထပ်နေပြီး လူတိုင်း နားပိတ်ထားရတော့သည်။

 

သောက်ကျိုးနည်း.. ဒါက ဘာဖြစ်တာတုန်း..

 

စာရင်းကိုင်ချုပ်နှင့် ကျန်စာရင်းကိုင်များသည် အင်စလေအား မကောင်းဆိုးဝါးအလား ကြည့်လိုက်ကြသည်။

 

ဒီကလေးက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ခုလိုတွေ လုပ်နေတာတုန်း.. မကောင်းဆိုးဝါး ဟုတ်လား.. ငါတို့လား.. နင်ကမှ မကောင်းဆိုးဝါး မျိုးမစစ်လေးရဲ့..

 

အင်စလေ တံတွေးထွေးဟန် လုပ်ပြခဲ့သည်ကို စာရင်းကိုင်ချုပ် မှတ်မိနေဆဲဖြစ်သည်။ ကလေး၏ တံတွေးနှင့် ထွေးထုတ်မခံရသည့်တိုင်အောင် သူမ၏ အပြုအမူမှာ စည်းကျော်သွားပြီဖြစ်သည်။

 

“မဟာအကြီးအကဲ.. မိသားစုခေါင်းဆောင်က ဘာသဘောလဲ.. ဒါ အဓိပ္ပါယ်မရှိတာပဲ.. သူမက ကျွန်တော်တို့ကို ဖြုတ်ချင်နေနတာလား..”

 

စာရင်းကိုင်ချုပ် ဒေါသမထိန်းနိုင်တော့ချေ။ ကြမ်းပြင်ပေါ်၌ လူးလှိမ့်ငိုကြွေးနေသည့် အင်စလေအား လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။

 

“ဒါက ကြီးဆိုးခြယ်လှယ်တာပဲ.. အာဏာရှင်ဆန်တာ”

 

စာရင်းကိုင်ချုပ် ဆန္ဒပြဆန့်ကျင်သည်။

 

ကျန်စာရင်းကိုင်များမှာ ထိုသို့ ပွင့်ပွင့်လင်းလင်း မပြောရဲကြသဖြင့် စိတ်အားထက်သန်စွာ ခေါင်းညိတ်ကြသည်။ မိသားစုခေါင်းဆောင် ရူးသွပ်နေသည်ဟူသော စာရင်းကိုင်ခေါင်းဆောင်၏ အဆိုပြုချက်အား ထောက်ခံကြသည်။

 

စာရင်းကိုင်ချုပ် ထိုသို့ပြောပြီးနောက် အကြီးအကဲသည်လည်း သူ၏စကားအား သဘောတူလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် အဖိုးယိုဖန်သည် ထိတ်လန့်ဖွယ်ရာ ဆုံးဖြတ်ချက်အား ချမှတ်လိုက်သည်။

 

“ငါက မိသားစုခေါင်းဆောင်ကို မဆန့်ကျင်နိုင်ဘူး.. သူမက ဒီလိုကိစ္စတွေကို ဆုံးဖြတ်ခွင့်ရှိတယ်.. အုပ်ထိန်းသူကတော့ အဲဒီ အခွင့်အာဏာကို အပြီးသတ်ပေးလိမ့်မယ်..”

 

အကြီးအကဲယိုဖန်သည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် အင်စလေအား ငြင်းဆန်ရန် မတတ်နိုင်ဟု ဆိုလာသည်။

 

“ဒါက..”

 

စာရင်းကိုင်ချုပ်၏ မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ အကြီးအကဲသည် တာဝန်မဲ့သည့် မိသားစုခေါင်း‌ဆောင်ဖြစ်သည့် ထိုကလေးအား မည်သည့်ကိစ္စမဆို ဆုံးဖြတ်ခွင့်ပေးရန် ရည်ရွယ်ထားပုံရသည်ကို ခံစားမိသည်။

 

ဘယ်.. ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ.. ဒီကလေးရဲ့ ပေါက်ပန်းလေးဆယ် ပြောစကားတွေကြောင့်နဲ့တော့ အဖြုတ်မခံနိုင်ဘူး..

 

စာရင်းကိုင်ချုပ် ခွန်းတုံ့ပြန်လုဆဲဆဲမှာပင် အကြီးအကဲသည် အယ်လီယာနာအား ပြုံးကာကြည့်လိုက်သည်။

 

“အုပ်ထိန်းသူ.. မိသားစုခေါင်းဆောင်ရဲ့ တံဆိပ်တုံးက မင်းဆီမှာ မဟုတ်လား..”

 

“ဟုတ်ပါတယ်..”

 

အယ်လီယာနာ ခပ်တိုတို ပြန်ဖြေသော်ငြား ထိုအဖြေကပင် လူတိုင်းအား ကြောက်ရွံ့သွားစေရန် လုံလောက်သည်။

 

မိသားစုခေါင်းဆောင် တံဆိပ်တုံး အသုံးပြုလုပ်သည်နှင့် ထိုလူများအား အချိန်မရွေး ဖြုတ်ပစ်နိုင်သည်။

 

“မင်းရဲ့ ဆုံးဖြတ်ချက်ကို မနက်ဖြန် နေ့လယ်ကျ ပြောပေါ့.. ဟုတ်ပြီလား.. မတိုင်ခင်တော့ မိသားစုခေါင်းဆောင်နဲ့ ဆွေးနွေးလိုက်ပါဦး..”

 

ယိုဖန်သည် အင်စလေအားကြည့်ကာ မျက်စိမှိတ်ပြလိုက်သည်။

 

“အင်.. မနက်ဖြန်နေ့လယ် နေ့လယ်စာမတိုင်မီ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကြေညာရမယ်.. ဟုတ်ပြီလား..”

 

ယိုဖန်သည် အင်စလေ၏ ရုတ်တရက် တောင်းဆိုမှုအား အခြားသူများ တားဆီးခွင့်ပေးလိုက်သည်။

 

ထိုသို့ဖြစ်ပုံရသော်ငြား အမှန်တရားမှာမူ သူ၏ အကြံပေးချက်အား အပြီးသတ်ဆောင်ရွက်ရန် ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် ဒေ့ဗ်မေးလူးရ် မည်သို့ပြောလာမည်ကို မြင်တွေ့လိုခြင်းဖြစ်သည်။

 

“အွမ်.. နက်ဖြန်ရား.. ခေ..”

 

အင်စလေ အငိုရပ်သွားသည်။ တည်တည်ငြိမ်ငြိမ်နှင့် မတ်တတ်ရပ်ကာ ယုန်ရုပ်ညဝတ်အင်္ကျီ‌ပေါ်၌ ပေနေသည့် ဖုန်များအား ခါလိုက်ပြီးနောက် ထိုင်ခုံပေါ်တက်ကာ အေးအေးလူလူ ထိုင်လိုက်သည်။

 

ထို့နောက် အဆိုပါ စာရင်းကိုင်များအား တစ်ချက်ပင်မကြည့်ဘဲ စားလက်စစွပ်ပြုတ်အား ဆက်စားသည်။

 

သူတို့ကို ကြည့်လို့ ဘာအကျိုးရှိမှာလဲ.. အဲဒီတစ်ဖွဲ့လုံး အကျင့်ပျက်ခြစားထားတဲ့ သက်သေတွေအားလုံး စုဆောင်းထားပြီးသား..

 

အယ်လီယာနာသည် သူမကိုယ်စား အချက်အလက်များ စုစည်းပေးထားပြီး သူမ၏ ဆုံးဖြတ်ချက်မှာလည်း ခိုင်မာသည်။

 

စာရင်းကိုင်အဖွဲ့အား ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။

 

အင်စလေ၊ အယ်လီယာနာနှင့် ယိုဖန် တို့ သုံးဦးမှာ တစ်လမ်းတည်းလျှောက်နေကြသူများ ဖြစ်သောကြောင့် စာရင်းကိုင်အဖွဲ့မှာ အရိုးထဲထိအောင် ထိတ်လန့်တုန်လှုပ်လျက်ရှိကြသည်။

 

ဘာ.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. အကြီးအကဲက အယ်လီယာနာနဲ့ ကလေးကို တာဝန်လွှဲပေးလိုက်တယ်.. ဒီရူးနှမ်းနှမ်းကောင်မလေးရဲ့ စကားတစ်ခွန်းတည်းကြောင့်လေ..

 

ငါတို့က ဖြုတ်ခံရမယ်ပေါ့..

 

စာရင်းကိုင် ၁၆ ယောက်လုံး မျက်နှာများ ပြာနှမ်းလာကြသည်။ သူတို့သာ တိုက်ခိုက်နိုင်မည်ဆိုလျှင် ထမင်းစားခန်းမှာပင် အင်စလေအား ပြာချပစ်လိုက်မည် ဖြစ်သည်။

 

ဝမ်းနည်းဖို့ကောင်းလောက်အောင် တစ်ဦးတစ်ယောက်တွင်မှ တိုက်ခိုက်စွမ်းရည် မရှိကြချေ။ မဟာအကြီးအကဲ ရှိနေချိန်၌ ကလေးအား ဆန့်ကျင်မည်ဆိုပါက မိမိကိုယ်ကိုယ် သေလမ်းရှာခြင်းနှင့် မခြားပေ။

 

မဟာအကြီးအကဲ ယိုဖန်၏ စွမ်းအားမှာ ဟာသမဟုတ်ချေ။ သူ၏ အဆုံးမဲ့စွမ်းရည်ဖြစ်သည့် ဘလက်ခ်ဟိုး (တွင်းနက်) မှာ လက်ဖျောက်တစ်ချက်တီးရုံမျှနှင့် မည်သူ့ကိုမဆို ချေမှုန်းဖျက်ဆီးပစ်နိုင်သည်။

 

ထို့ကြောင့်ပင် စာရင်းကိုင်ချုပ် ပါးစပ်ပိတ်နေခြင်း ဖြစ်သည်။ အော်ဟစ်ကာ ဆန့်ကျင်ဆန္ဒပြလိုသည့်တိုင်အောင် မဖြစ်နိုင်မှန်း သိသည်။

 

ထို့ကြောင့် စာရင်းကိုင်ချုပ်သည် အံတင်းတင်းကြိတ်ပြီး လက်သီးဆုပ်ကာ အင်စလေအား စိုက်ကြည့်လိုက်သည်။

 

“မိသားစုခေါင်းဆောင်.. ကျုပ်က မင်းလိုမျိုး ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ အမျှော်အမြင်ရှိရှိ ဆုံးဖြတ်ချက်ကို မျှော်လင့်ပါတယ်..”

 

စာရင်းကိုင်ချုပ်သည် အင်စလေအား သတိပေးသည့်အနေနှင့် စိတ်မပါစွာ ချီးကျူးမြှောက်ပင့်လိုက်သည်။

 

အမြော်အမြင်ရှိရှိလုပ်.. အရူးလို မလုပ်နဲ့..

 

ဤကိစ္စသာ လူသိရှင်ကြား ဖြစ်သွားလျှင် မိသားစုခေါင်းဆောင်ကြောင့် စလိုအန်မိသားစုမှာ အခြားသူများ၏ ရယ်စရာဖြစ်လာလိမ့်မည်။ ခေါင်းဆောင်ပိုင်းမှာလည်း ငြိမ်ငြိမ်နေကြလိမ့်မည် မဟုတ်‌ချေ။

 

အင်စလေသည် ယနေ့တစ်နေ့တည်းသာ ရူးနှမ်းသွားခြင်း ဖြစ်မည်ဟု စာရင်းကိုင် ယုံကြည်နေဆဲဖြစ်သည်။ နောက်ကွယ်၌ အရာအားလုံး ဆုံးဖြတ်သူမှာ အကြီးအကဲယိုဖန်သာ ဖြစ်လိမ့်မည်။

 

စာရင်းကိုင်အဖွဲ့အား တစ်ဖက်သတ် အလုပ်ဖြုတ်လျှင်ပင် ခေါင်းဆောင်ပိုင်းမှ ခွင့်ပြုလိမ့်မည် မဟုတ်‌ချေ။

 

ထိုသို့ ယုံကြည်ထားသည်။

 

“ဒါဆိုရင်လည်း ခွင့်ပြုပါဦး.. မိသားစုခေါင်းဆောင်ရဲ့ အမျှော်အမြင်ရှိရှိ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေပါ့မယ်.. ကောင်းသောညပါ..”

 

စာရင်းကိုင်ချုပ်သည် သူ၏ဒေါသအား ဖုံးကွယ်မနေတော့ဘဲ ခေါင်းမော့ရင်ကော့ ထွက်ခွာသွားသည်။

 

သူ့နေရာ၌ မည်သူမဆို ထိုသို့ပြုလုပ်မည်သာ။ ကလေးတစ်ဦးအား အလေးအနက်ထားသူ မည်သူရှိမည်နည်း။ ဤမိသားစုခေါင်းဆောင်မှု ရုပ်သေးမျှသာဖြစ်သည်။

 

အခြားသူများ၏ အတွေးထဲ၌ ထိုသို့သာဖြစ်လေသည်။