Chapter 165
: ကျန့်ခန်း၏ရှုခင်းနှင့် သူမ၏မိသားစုကိုတွေ့ဆုံခြင်း
တစ်ချိန်တည်းတွင် ဝမ်ဟုန်၏ကန့်လန့်ကာစက လိပ်တင်လာကာ သူ၏ခန့်ညားသောမျက်နှာကိုလူထုအား ဖော်ပြလာလေသည်။
ထိုအခိုက်အတန့်အတွင်းမှာပင် အမျိုးသမီးအုပ်စုကြီးက သူတို့နှင့်အတူပါလာသော အရာဝတ္ထုများဖြစ်သည့် အမွှေးအိတ်၊ သစ်ခက်၊ လက်ကိုင်ပုဝါများ ထုတ်ယူလိုက်ကြသည်။ ထို့နောက် ရုတ်တရက်ဆိုသလိုပင် ရာနှင့်ချီသောအရာများက ဝမ်ဟုန်ဆီသို့ပျံသန်းလာကြသည်။
အစောင့်များက ရှေ့တိုးလာကာ သူတို့ခေါင်းများကို မိုးပေါ်သို့မော်လိုက်ကြသည်။
တစ်ချိန်တည်းတွင် ထိုသစ်ခက်၊ လက်ကိုင်ပုဝါနှင့် အမွှေးအိတ်များက သူတို့အပေါ်သို့ မိုးရွာချလိုက်သလိုပင် ကျလာလေသည်။ သူတို့က အရှေ့မှထိသွားသည်ဖြစ်စေ၊ အနောက်မှဖြစ်စေ နေရာတွင်သာ ရပ်နေကြ၏။ သူတို့၏မျက်နှာများက အလွန်တည်ငြိမ်နေသည်မှာ ဤအရာကို အရင်တုန်းကလည်း တွေ့ကြုံခဲ့ဖူးပုံပေါ်ပေသည်။
ချန်ရုံက ဤမြင်ကွင်းကို ထပ်ရယ်လိုက်မိသည်။
သူမက အဖိုးစွင်းဘက်သို့လှည့်ကာ အသံမြှင့်ပြောလိုက်သည်။
“သွားရအောင်”
“ဟုတ်ပြီ” အဖိုးစွင်းက ပြန်ဖြေကာ သူတို့၏မြင်းများကို ရှေ့သို့ဆက်သွားရန် လောဆော်လိုက်သည်။
ဤအချိန်တွင် ဝမ်ဟုန်၏ရထားလုံးနားမှ အစောင့်တစ်ယောက်က သူတို့ဆီအပြေးနှင်လာ၏။သူက သူမအား အမွှေးအိတ်တစ်ခုကမ်းပေးကာ ပြောလာလေသည်။
“ချန်အိမ်တော်က အားရုံ ၊ ဒါက ကျွန်တော့်အရှင်ဆီက လက်ဆောင်ပါ”
ဒီအမွှေးအိတ်က အလွန်ရင်းနှီးနေ၏။ အာ..ဟုတ်သား အရင်တကြိမ်တုန်းကလည်း သူက သူမကို တစ်ပုံစံတည်းတစ်ခုကို ပို့ပေးဖူးတာဘဲ။
ချန်ရုံက ၎င်းကိုကြည့်ကာ ဖြေးဖြေးချင်းပြုံးလာသည်။
“ မလိုအပ်ပါဘူး”
သူမက လည်ချောင်းသံဖြင့်ပြောလိုက်သည်။
အစောင့်ကလည်း နူးညံ့စွာချောင်းဟန့်လိုက်မိသည်။
“သခင်မလေး ကျွန်တော်တို့အရှင်ပေးတာကို လက်ခံလိုက်တာက အကောင်းဆုံးပါ....
ကျေးဇူးပြုပြီး မဆုံးဖြတ်ခင် ပြန်စဉ်းစားပါဦး”
ချန်ရုံမျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ခနလောက်ကြာသွားပြီးနောက် သူမက လက်ဆန့်ကာ အမွှေးအိတ်ကိုယူပြီး သူမ၏ဝတ်ရုံလက်ထဲထည့်လိုက်သည်။
စိတ်ကျေနပ်စွာဖြင့် အစောင့်က ပြန်ထွက်သွားလေသည်။ မကြာခင်မှာဘဲ သူက ဝမ်ဟုန်၏ရထားလုံးနားသို့ ပြန်ရောက်လာကာ တိုးတိုးပြောပြလာ၏။
“ သူမ အဲ့ဒါကို လက်ခံလိုက်ပါတယ်”
“လက်ခံလိုက်တာလား”
ဝမ်ဟုန်၏အသံက စိတ်ကျေနပ်သွားပုံပေါ်သွားလေသည်။
“ မင်းသွားလို့ရပြီ”
“ ဟုတ်ကဲ့ပါ”
ချန်ရုံ၏လူများက စုံစမ်းမေးမြန်းလိုက်ပြီးနောက်တွင် ချန်ကုန်းရန်နှင့် အခြားသူများက နောက်တစ်လအကြာထိ ရောက်မလာနိုင်သေးသည်ကို သိလိုက်ရသည်။
ချန်ကုန်းရန်မရှိပါက ချန်ရုံက နေထိုင်ရန်နေရာတစ်ခုရှာရမည်ဖြစ်သည်။ စဉ်းစားချင့်ချိန်မှုတစ်ချို့လုပ်လိုက်ပြီးနောက် သူမ၏ရထားလုံးသည် မူလအားဖြင့် ရင်ချွမ်၏ချန်အိမ်တော်ဖြစ်ခဲ့သော ကျန့်ခန်း၏ ချန်အိမ်တော်သို့ မောင်းနှင်သွားလေသည်။
ချန်မျိုးရိုးသည် နှစ်ရာချီသက်တမ်းရှိသည့် မင်းမျိုးမင်းနွယ်ဝင်မိသားစုကြီးဖြစ်ကာ ယခုအချိန်ကာလအတွင်းမှတောင် အချမ်းသားဆုံးမိသားစုတစ်ခုအဖြစ် တည်ရှိနေသေးပေသည်။ ထို့ပြင် ဤချမ်းသာကြွယ်ဝမှုများသည် ရင်ချွမ်၏ချန်အိမ်တော်မှ စတင်ခဲ့ခြင်းဖြစ်သည်။
သူတို့ရထားလုံးများက အိမ်တော်၏ ဂိတ်တံခါးသို့ရောက်လာသောအခါ အထိန်းတော်ဖျင်က အနည်းငယ်ရှိန်သွားပုံပေါ်လာ၏။သူမက ခြံဝင်း၏အရှေ့ဘက်မျက်နှာစာကိုကြည့်လိုက်ပြီးနောက် သူမ၏မမလေးကို ရှေ့နောက်မစဉ်းစားဘဲ ပြောချလာလေသည်။
“မမလေး ချန်ကုန်းရန်မရှိဘဲနဲ့ ဒီကိုအလည်လာတာက ချင့်ချိန်ရာရောက်ပါ့မလား”
ချန်ရုံက ငုံ့ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူမက နူးညံ့စွာပြောလိုက်သည်။
“လော့လမ်းကိုသွားရအောင်”
“လော့လမ်းကိုလား”
အထိန်းတော်ဖျင်က ချန်ရုံကိုအံ့ဩတကြီးကြည့်လာလေသည်။
“အဲ့ဒီကို ဘာဖြစ်လို့လဲ”
“ချီလန်ပြောတာတော့ ကျွန်မအဖေနဲ့အစ်ကိုက အဲ့ဒီမှာနေတယ်တဲ့”
ချီလန်က ဤကိစ္စကို သူမအားမပြောခဲ့ပေ။ ဤအရာက နှစ်ကြိမ်တိုင်တိုင်အသက်ရှင်နေထိုင်ခဲ့ရသည့် တစ်စုံတစ်ယောက်အနေဖြင့် သူမအမြဲတမ်းသိနေခဲ့သောအရာဖြစ်သည်။...
သူမအနေဖြင့် ရင်ချွမ်မှချန်အိမ်တော်သို့ မဝင်ချင်ပေ။ သို့သော် လော့လမ်းကိုလည်း မသွားချင်ပေ။ သူမက ဒီအတိုင်းတည်းခိုခန်းတစ်ခုတွင် နေချင်ရုံသာဖြစ်သည်။ သူမတွင်ရှင်းရှင်းလင်းလင်းကြီးနေစရာအိမ်ရှိနေပါလျက်နှင့် လာရောက်နေထိုင်ခြင်းမရှိသောအခါ လူများက သူမကိုအသိဉာဏ်မရှိဟု သေချာပေါက်ပြောကြပေလိမ့်မည်။....သူတို့အနေဖြင့် သူမကိုလက်ခံပေးစရာမလိုပေ။
သို့သော်အကယ်၍ သူမဘက်က စတင်ကာ မသွားလိုက်ပါက ၎င်းက ယခုကဲ့သို့မျိုးနွယ်နှင့် မိသားစုကိုဦးစားပေး အလေးထားသော ကာလတွင် ပြစ်တင်ဝေဖန်မှုများကို ရှောင်ရှားရန်ခက်ခဲပေလိမ့်မည်။
“မမလေး၊ မမလေးက သခင်ကြီးဘယ်မှာရှိတယ်ဆိုတာကို သိတယ်လို့ပြောချင်တာလား”
အထိန်းတော်ဖျင်က ပျော်ရွှင်စွာငိုယိုလာ၏။
“ အိုင်းယားး ဒီလိုမျိုးသတင်းကောင်းဘဲကို၊ ဘာလို့စောစောမပြောပြတာလဲ”
သူမက ခေါင်းပြူထွက်လိုက်ကာ အပြင်ဘက်ရှိလူများအား အော်ပြောလိုက်သည်။
“လော့လမ်းကို မြန်မြန်သွားကြမယ်၊ ငါတို့သခင်မလေးကပြောတယ်၊ အဲ့ဒီမှာ သခင်ကြီးနဲ့ သခင်လေးတို့နေကြတယ်တဲ့”
ဝမ်းမြှောက်ဝမ်းသာမှုများက ပေါက်ကွဲထွက်လာကြလေသည်။ အစေခံများနှင့် အဖိုးစွင်း၊ အားလုံးက ရယ်မောပျော်ရွှင်လာကြသည်။
သူတို့ရယ်သံများက အထူးတလည်ကို ကျယ်လောင်နေ၏။ ဤအခိုက်အတန့်တွင် သူတို့၏စိတ်ဆင်းရဲမှုနှင့် စိတ်ဖိစီးမှုများ အလားတူစွာ သူတို့၏အကြောက်တရားနှင့် သတိကြီးကြီးထားရမှုတို့သည် တောင်ဘက်သို့ပြောင်း လာကတည်းက လွင့်စင်သွားပုံပေါ်ပေသည်။
ရထားလုံးက ဦးတည်ချက်ပြောင်းကာ လော့လမ်းကိုသွားလိုက်သည်။
ချန်ရုံက ကန့်လန့်ကာစကိုမကာ ရှုခင်းကိုစူးစမ်းနေလိုက်သည်။ ကျန့်ခန်းတွင် မြစ်နှင့် ရေကန်များပေါများ၏။ ‘ရေနားရှိလူများက ရိုးသားကြသည်’ ဟူသော ဆိုရိုးစကားတောင်ရှိနေသေးပေသည်။ ကျန့်ခန်းမြို့သူမြို့သားများက ဘယ်လောက်ရိုးသားသည်ဟု ချန်ရုံမသိသော်လည်း မြို့ထဲမှမိန်းကလေးများတွင် ထိုအရာကိုမြင်နိုင်ပေသည်။ ဖျင်မြို့နှင့် နန်ယန်မြို့မှ သူများလောက် အရပ်မရှည်ကြသော်လည်း အထူးတလယ်ကို လှပကာ အသားအရေလတ်ကြသည်။ အမျိုးသားနှင့် အမျိုးသမီးများက အလွန်ရှုပ်ထွေးသည့် ဝတ်စုံများကို ဝတ်ဆင်ကြကာ သူတို့၏အမွှေးအိတ်များက အထင်ရှားဆုံးသော အသုံးအဆောင်ဖြစ်သည်။
သူမလှည့်ပတ်ကြည့်လိုက်သလောက် သူမမြင်ကွင်းတွင် ထက်မြက်စွာဝတ်စားဆင်ယင်ထားသည့်သူများနှင့် ပြည့်လာသလို သူမနှာခေါင်းထဲတွင်လည်း ထိုသူတို့၏အမွှေးရနံ့များမွှန်ထူလာလေသည်။
ထို့အပြင် ကျန့်ခန်းမှလူများသည် တေးဂီတကိုလည်း အထူးတလည် သဘောကျကြသည်။ သူတို့ဘယ်နေရာကိုသွားသွား၊ တူရိယာများတီးခတ်သံကိုကြားနိုင်ပေသည်။လူချမ်းသာများ၏အိမ်ရှေ့တွင် တီးခတ်နေသည့်တေးသံကိုငြီးနေသည့် သာမာန်အရပ်သားများကိုလည်း တွေ့နိုင်သည်။ အစောင့်များကလည်း ဤအရပ်သားများကို လျစ်လျူရှုထားရုံသာလုပ်ကာ သူတို့သဘောအတိုင်းရှိနေစေ၏။
မြောက်ပိုင်းမှ အစေခံများအနေဖြင့် ဤကဲ့သို့ သက်တောင့်သက်သာရှိမှုနှင့် စိတ်ကျေနပ်မှုမျိုးကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။သူတို့ကနှစ်ခြိုက်အားရစွာကြည့်နေကြပြီး အချိန်နှင့်အမျှ ထက်မြက်စွာဝတ်ဆင်ထားကြသည့်မင်းမျိုးမင်းနွယ်များကို မြင်နေရသောအခါ အံ့အားသင့်သံများတောင် ထွက်လာကြပြီး မထီမဲ့မြင်မှုဖြင့် မျက်လုံးလှန်လာကြသည်။
အထိန်းတော်ဖျင်က ခရမ်းရောင်ပိုးထည်ပေါ်တွင် ဥဒေါင်းနှင့် ပန်းပွင့်များပုံစံထိုးထားသည့် ဝတ်စုံကိုဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ကို အဝေးသို့လျှောက်သွားသည်အထိ လိုက်ကြည့်နေကာ ချန်ရုံကိုတီးတိုးပြောလာလေသည်။
“ မမလေး ကြည့်ပါဦး လှလိုက်တဲ့ဝတ်စုံလေး၊ တကယ်လို့မမလေးသာဝတ်လိုက်မယ်ဆိုရင် ကျန့်ခန်းမှာရှိတဲ့ ဘယ်မိန်းကလေးကမှ မမလေးကိုယှဉ်နိုင်မှာ မဟုတ်တော့ဘူး”
သူမက ချန်ရုံကိုလှည့်ကြည့်ကာ ဝမ်းသာအားရ မျက်လုံးများကိုကျဉ်းပြီး ပြုံးကာပြောလိုက်သည်။
“မမလေး ကျွန်မတို့အခြေချပြီးရင် မမလေးအတွက် တစ်စုံချုပ်ပေးမယ်”
ချန်ရုံကပြုံးကာ မျက်လွှာချလိုက်သည်။
“ ဒီကမိန်းမပျိုလေးတွေက အခြားနေရာတွေကနဲ့ မတူဘူး။ သူတို့က သာမာန်ထက်ထူးကဲတဲ့ မိသားစုကနေ လာကြတာဆိုတော့ သူတို့ကအရမ်းဂုဏ်မောက်ပြီး ပြိုင်ဘက်ကင်းဖြစ်ချင်ကြတယ် အထိန်းတော်၊ မြို့ထဲမှာ ကျွန်မတို့က တူညီတဲ့ဝတ်စုံကိုဝတ်ထားရင်တောင်မှ သူတို့ကိုအတုခိုးနိုင်မှာမဟုတ်ဘူး”
အထိန်းတော်က အံ့အားသင့်စွာတံတွေးမြိုချလိုက်မိသည်။ အဆုံးတွင် သူမက တတွတ်တွတ်ပြောလာလေသည်။
“အဲ့ဒီလိုလား၊ မမလေးသိနေတာ ကောင်းတာဘဲ”
ဤအချိန်တွင် အပြင်ဘက်မှ အဖိုးစွင်း၏ရယ်သံစွက်နေသောအသံကိုကြားလိုက်ရသည်။
“ ဦးကြီး လော့လမ်းကဘယ်မှာလဲဗျ”
အဖိုးစွင်းက အသက်လေး၊ငါးဆယ်လောက်ရှိနေပြီဖြစ်သည့် ဝဖိုင့်ဖိုင့်အိမ်တော်ထိန်းတစ်ယောက်အား မေးလိုက်သည်။ ဤလူများက တစ်ခါတစ်လေတွင် လူစုလူဝေးနှင့်အတူ လမ်းပေါ်ထွက်လေ့ရှိသောကြောင့် အခြားသူများနှင့် ယှဉ်လျှင် သူတို့ကပိုပြီးကျယ်ကျယ်ပြန့်ပြန့်သိကြပေသည်။
အဖိုးစွင်း၏မေးခွန်းကိုကြားသောအခါ ထိုလူကလှည့်လာပြီး ရထားလုံးများကို တစ်ချက်ကြည့်လိုက်သည်။ အထင်သေးသည့်အကြည့်တစ်ချက်ပစ်လွှတ်လိုက်ပြီးနောက် သူကအရှေ့ဘက်သို့ ညွှန်ပြလိုက်သည်။
“ဒီလမ်းအတိုင်းသွား၊ လော့လမ်းကအဆုံးမှာဘဲ”
သူ၏လေသံနှင့် အမူအရာက အထင်မြင်သေးကာနှိမ့်ချပုံပေါ်နေပေသည်။
အဖိုးစွင်းက ထိုလူထွက်သွားသည်ကို ကြည့်နေမိသည်မှာ မပျော်ရွှင်သောအစေခံတစ်ယောက်က ဝေဖန်ပြောလာသည်အထိဖြစ်သည်။
“အံ့ဩစရာကြီး၊ ကျွန်တော်တို့က ဒီအတိုင်းလမ်းမေးရုံဘဲလေ၊ သူကဒီလိုမျိုးပြုမူဖို့လိုလို့လား”
“သူ့ကိုဂရုစိုက်မနေနဲ့တော့ သွားကြမယ်”
ချန်ရုံက ပြောလာသည်။
သူမ၏အစေခံများမသိလျှင်တောင်မှ ကျန့်ခန်းမှလမ်းများက ထုံးစံအတိုင်းအမည်ပေးထားခြင်းဖြစ်သည်ကို သတိပြုမိပေသည်။ မင်းမျိုးမင်းနွယ်နှင့် သာမာန်အရပ်သားများသည် သူတို့လူစုနှင့်သူတို့ နေထိုင်ကြ၏။ အခြားနည်းလမ်းဖြင့်ပြောရပါက ကျန့်ခန်း၌နေသည်မှာ ကြာသွားပြီဆိုလျှင် သူတို့နေထိုင်သောလမ်းကိုကြည့်ရုံဖြင့် ထိုသူတို့၏ အထောက်အထားအား အကဲဖြတ်နိုင်ပေသည်။ ထို့ပြင် ယေဘုယျအားဖြင့် လော့လမ်း၌နေထိုင်သောသူများသည် ခုနကလူဝကြီးရင်းနှီးချင်ရလောက်သည့်အထိ ရာထူးမြင့်သောသူများမဟုတ်ကြပေ။
သူတို့အဖွဲ့က ဆက်သွားလိုက်ကြသည်။ အထိန်းတော်ဖျင်က ရုတ်တရက်အော်ဟစ်ပြောလာ၏။
“ဟဲ့ အဲ့ဒီလူတွေက ဘာတွေကိုစွန့်ပစ်နေကြတာလဲ”
အစေခံများက သူမအတိုင်းလိုက်ကြည့်လိုက်ကြသည်။
ကြီးမားသောအိမ်ရာတစ်ခု၏ ဘေးတံခါးရှေ့တွင် အစေခံတစ်ယောက်က ဆင်ခြေလျှောငယ်လေး၌ ရထားလုံးမရပ်ခင် ရထားလုံးပေါ်မှ ဆင်းလာသည်။ ထို့နောက် သူက ဝါးခြင်းငါးခုကို ရထားလုံးပေါ်မှယူကာ ပစ်ချလိုက်သည်။
အထိန်းတော်ဖျင်အား အံ့ဩသွားစေသည့်အရာမှာ ထိုသူကရနံ့မွှေးကာ အဖြူရောင်အဆင်းရှိသည့် အရာတစ်ခုအားလောင်းချလိုက်ခြင်းဖြစ်သည်။ အထဲတွင် အသားနှင့် ဟင်းသီးဟင်းရွက်များပါရှိကာ ၎င်းကထမင်းများဖြစ်နေ၏။
အစေခံများအားလုံးက ပင့်သက်ရှိုက်လိုက်ကြသည်။
သူတို့၏အသံများကြောင့် အခြားအစေခံများက လှည့်ကြည့်လာလေသည်။ သူကခေါင်းဆောင်းကိုမကာ ချန်ရုံ၏ရထားလုံးအား တစ်ချက်ကြည့်လာပြီး သူ့မျက်လုံးများက အန္တာရယ်ပြုတော့မည့်ပုံစံဖြင့် ကြီးမားနေပေသည်။ သူက ခြင်းတောင်းများကို ရထားလုံးနောက်ဘက်သို့ပစ်တင်ရင်း ကျိန်ဆဲလာသည်။
“ကျေးလက်က တောသားတွေ”
ထိုသူကတမင်တကာအသံကျယ်ထားသဖြင့် သူတို့အားလုံးက ကြည်လင်စွာကြားလိုက်ရသည်။ သို့သော် အခုအချိန်တွင် သူတို့ကမိန်းမောတွေဝေနေဆဲဖြစ်သည်။ သူတို့က နန်ယန်တွင်လူများ၏အသက်ကို ကယ်တင်နိုင်သည့် အစားအစာက ဤနေရာတွင် အမှိုက်လိုစွန့်ပစ်ခံနေရသည်ကို မယုံနိုင်ကြပေ။
ချန်ရုံက တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“မကြည့်နဲ့တော့ ဒီနေရာက ကျန့်ခန်းဆိုတာကို နင်တို့သတိရနေမှရမယ်”
အထိန်းဝောာ်ဖျင်က ချက်ချင်းပင် အကြည့်လွှဲလိုက်ကာ မမလေးအား ကျယ်လောင်စွာချီးကျူးလိုက်သည်။
“ မမလေးက အရမ်းတော်တာဘဲ၊ ကျန့်ခန်းမှာ စားစရာတွေက တန်ဖိုးမရှိဘူး”
“ ဟုတ်တယ်၊ ဟုတ်တယ် ကံကောင်းပြီး ငါတို့က မမလေးပြောဝာာကို နားထောင်လိုက်လို့ဘဲ”
အဖိုးစွင်းက ထပ်ပေါင်းပြောလာ၏။
သူတို့ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ချန်ရုံဆီ၌ ဆန်စပါးလှည်းသုံးစီးစာလောက်နီးပါး ရှိနေဆဲဖြစ်သည်။ အစေခံများက ခရီးတွင် သူတို့နှင့်အတူ ယူသွားချင်ကြသည်။ သို့သော်ငြား ချန်ရုံက ဤဆန်စပါးများကိုဖယ်ထားခဲ့ရန် အဖိုးစွင်းအား တိုက်တွန်းနေခဲ့သည်။ ထို့ကြောင့် ဆန်စပါးလှည်းသုံးစီးကို နန်ယန်တွင်တန်ဖိုးမရှိသည့် ရွှေ၊ကျောက်မျက်များဖြင့် အစားထိုးလိုက်ကြသည်။
ရုတ်တရက်စားစရာမရှိတော့သောအခါ သူမ၏အစေခံများက စိတ်လှုပ်ရှားလာကြသည်။ သူတို့၏ရထားလုံးများကို ကြည့်လိုက်သောအခါတိုင်းတွင် ချန်ရုံအကြောင်းတီးတိုးပြောကြသည်။ သူတို့က ကျန့်ခန်းသို့ သူတို့နှင့်အတူ စုစုပေါင်းလှည်းခြောက်စီးကို ယူဆောင်ခဲ့ကြသည်။ ချန်ရုံက တစ်စီးပေါ်တွင်ထိုင်ကာ သူမပစ္စည်းများကို နောက်တစ်စီးပေါ်တွင် သယ်လာပြီး၊ တစ်စီးက အစေခံများ အနားယူရန်အတွက်ဖြစ်သည်။ ကျန်သုံးစီးအား မူလတွင်ဆန်စပါးများဖြင့် ဖြည့်ထားသော်လည်း ယခုတွင်ဗလာဖြစ်နေ၏။
ဒီအချိန်တွင် အစေခံတစ်ယောက်က အော်ပြောလာသည်။
“ အဲ့ဒီမှာလော့လမ်းဘဲ”
လူတိုင်းကကြည့်လိုက်ကြကာ သေချာစွာပင် ခြေလှမ်းသုံးရာလောက်အကွာတွင် ကျောက်တုံးပေါ်၌ လော့လမ်းဟု လက်ရေးလှဖြင့်ရေးထားကာ ၎င်း၏ဘေးတွင်ဝင်ပေါက်ရှိသည်။
အပျော်လွန်သွားပြီးနောက် သူတို့က လမ်းကြားထဲမောင်းဝင်သွားကြသည်။
မကြာခင်မှာဘဲ သူတိူ့၏စိတ်အားတက်ကြွကာ ပျော်ရွှင်မှုများက ပျောက်ကွယ်သွားကြသည်။ သူတို့က လမ်းတစ်ဖက်တစ်ချက်တွင်ရှိသည့် ရိုးရှင်းသောသစ်သားအိမ်များကို ကြည့်နေလိုက်သည်။အညစ်အကြေးများကို နေရာတိုင်းတွင် မြင်နေရကာ သူတောင်းစားများက လမ်းထောင့်တွင် ဆောင့်ကြောင့်ထိုင်နေကြသည်။ အခုတွင် သူတို့လော့လမ်းကိုမေးသည့်အချိန်၌ လူဝကြီးက ဘာလို့ အထင်သေးလာသည်ကို သိလိုက်ရပြီဖြစ်သည်။
ဤနေရာသည် မင်းမျိုးမင်းနွယ်များ နေသည့်နေရာနှင့် ဘယ်နေရာတွင်မှ တူမနေပေ။
“ မမလေး ဒီနေရာကနေ ဘယ်လိုသွားကြမှာလဲ”
အဖိုးစွင်းကမေးလိုက်သည်။
ချန်ရုံ၏အသံက ကြည်လင်ကာတည်ငြိမ်နေဆဲဖြစ်သည်။
“အဲ့ဒါက တတိယလမ်းကြားလို့ပြောတာဘဲ၊ ငါတို့အဲ့ဒီကိုရောက်ရင် တစ်ယောက်ယောက်ကိုမေးလိုက်ကြဝာာပေါ့”
“ဟုတ်ကဲ့ပါ”
လူစုက ဆက်သွားလိုက်ကြသည်။