အပိုင်း 164
Viewers 18k


Chapter 164
ကျန့်ခန်းသို့ပြန်လည်ရောက်ရှိခြင်း



တစ်လတာက လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားလေပြီ။

လမ်းတစ်လျှောက်တွင် တပ်သားအပေါင်း၏ခြေသံများဖြင့်ပြည့်နှက်နေသည်။အစောင့်တပ်သားအင်အားငါးရာမှာ ခိုးဆိုးလုယက်သူအုပ်စုငယ်များအား ကောင်းစွာချုပ်ကိုင်နိုင်သည်ဖြစ်၍ ခရီးတစ်လျှောက်လုံး ဘေးအန္တရာယ်မရှိခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန့်ခန်းမြို့အား လှမ်းမြင်နေရပြီဖြစ်သည်။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေထုတစ်ခုလုံးမှာ ယခင်ကနှင့် လုံးဝကွာခြားလာခဲ့သည်။တောင်တန်းနှင့် ကွင်းပြင်တို့၌ သီချင်းသံများကို အမြဲကြားနိုင်လေ၏။

တစ်နာရီ၏လေးပုံတစ်ပုံအကြာတွင် ရယ်မောသံအချို့နှင့် ရှန့်တေးသွားသံအချို့အား ချန်ရုံကြားလိုက်ရသည်။

ဘေးဘီကိုလှည့်ကြည့်လိုက်သောအခါ လူဆယ်ဦးခန့်ပါဝင် သောလူငယ်အုပ်စုတစ်စုက ကြာပွတ်များအား လေထဲတွင်ဝှေ့ယမ်းလျက် အော်ဟစ်ကာ မြင်းစီးနင်း၍ပြေးလာနေကြသည်ကိုတွေ့လိုက်‌ရလေ၏။ရုတ်တရက်ဆိုသလိုပင် ယင်းအုပ်စုက လှည်းယာဉ်တန်းများ၏ဘေးဘက်သို့ ဦးတည်လာခဲ့ကြသည်။

ယင်းနောက်တွင် ထိုထဲမှတစ်ယောက်က " ရပ် ... ရပ်ကြ " ဟု အော်ပြောသည်။

၎င်းလေသံမှာ ....

ချန်ရုံတစ်ယောက် အလိုလိုပင် စေ့စပ်စွာစူးစမ်းကြည့်မိသွားတော့သည်။ထိုတစ်ယောက်၌ မျက်ခုံးတန်းသွယ်သွယ်နှင့် ဝင်းလဲ့သောမျက်ဝန်းအစုံရှိပြီး အသားအရည်ကလည်းနူးညံ့ကာ လည်ပင်းတွင်အဖုအထစ်မရှိပေ။

ဤလိုလှပနိုင်သောလူငယ် မည်သို့ရှိနိုင်မည်နည်း။ကျိန်းသေပေါက် မိန်းကလေးပင်ဖြစ်ရမည်။
တစ်ဖန်ပြန်လည် စူးစမ်းကြည့်ပြန်ရာ အနားမှ လူငယ်ငါးဦးခြောက်ဦးခန့်မှာလည်း ယောက်ျားလေးဟန်ဆောင်ထားသော ဆယ်ကျော်သက်အရွယ်မိန်းကလေးများဖြစ်ကြောင်း ချန်ရုံ ရှာဖွေတွေ့ရှိသွားခဲ့သည်။

မြင်းစီးနင်းလာသူများအား ရပ်တန့်စေပြီးနောက်တွင် ထိုမိန်းကလေးက ဦးခေါင်းကိုစောင်းငဲ့ကာ လှည်းယာဉ်တန်းကြီးအား တစ်ချက်စူးစမ်းကြည့်နေလေ၏။အပြန်ပြန်အလှန်လှန်ကြည့်နေရင်းဖြင့် သူမက တပ်သားတစ်ဦးအား " ဒီဘက်လှည့် .... " ဟု လှမ်းပြောလိုက်သည်။

ထိုအခါ အစောင့်တပ်သားဖြစ်သူက မျက်မှောင်ကြုတ်လျက် သူမအား စိုက်ကြည့်လာလေ၏။

၎င်းမိန်းကလေးက တပ်သားအား စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် စိုက်ကြည့်နေပြီး ကြာပွတ်အား လေထဲသို့ဝှေ့ယမ်းပစ်လိုက်သည်။

_ ဖတ် ... ဖတ် ... ဖတ် _

ကြာပွတ်သံက လေထဲတွင်ပျံ့လွင့်သွားလေ၏။

" ယောက်ျားသားတွေ ရာနဲ့ချီရှိတာကို ... ချောတဲ့လူကိုမတွေ့သေးဘူး စိတ်တိုလာပြီ ... မချောဘူးဆိုတော့ တခြားအရည်အချင်းမျိုးဘာရှိသေးလဲ ... "
ထိုလေသံဆုံးသွားသည်နှင့်တစ်ပြိုင်နက်
အုပ်စုဝင်များက သူတို့ပါးစပ်ကိုယ်သူတို့ အင်္ကျီလက်ဖြင့်ဖုံးကွယ်ပြီး တခွီးခွီးရယ်မောလျက်သားထောက်ခံလာကြသည်။

" ဟုတ်သားပဲ ... ငါတို့က တမင်တကာ လာခဲ့ရတာကို ... "

" ဒီမှာရှင့် ... ရှင့်ရုပ်ရည်က မျက်နှာချေမှုန့်သုံးရင်တောင် အရောင်ထွက်လာဦးမှာမဟုတ်ဘူး ... "

အုပ်စုခေါင်းဆောင်မိန်းကလေးက အသားညိုညိုတုတ်တုတ်ခိုင်ခိုင် တပ်သားဖြစ်သူအား ကြာပွတ်ဖြင့်ညွှန်ရင်း ဝေဖန်လေကန်လိုက်လေ၏။

" ဒါပေမဲ့လည်း လှည်းတွေပေါ်မှာတော့ ကောင်ချောလေးတွေပါမလား မပြောတတ်သေးပါဘူးလေ ... "

ချန်ရုံက ကန့်လန့်ကာကိုမြှောက်တင်ထားပြီး ထိုမြင်ကွင်းအား ကြည့်ရှုနေခဲ့သည်။သူမသည် ယခင်က ရန်မင်း၏ဇနီးမယားအနေဖြင့် ကျန့်ခန်းမြို့အား ရောက်ရှိခဲ့ဖူးပေ၏။ထိုအချိန်က အလျင်စလိုလာခဲ့ရပြီး အားလပ်ချိန်မရှိခဲ့သောကြောင့် ဤသို့သောရဲတင်းလွန်းသည့်မိန်းကလေးမျိုးကို အဘယ်သို့မြင်နိုင်ခဲ့မည်နည်း။ကျန့်ခန်းသူကျန့်ခန်းသားများမှာ ဇိမ်ကျကျနေလိုပြီး တည့်တိုးဆန်တတ်ကြသည်ဟု ချန်ရုံကြားဖူးခဲ့သည်။
ထို့ပြင် နန်းတော်၌ ဦးစီးဦးဆောင်ပြုသူ အနည်းငယ်လည်းရှိသေး‌၏။မိသားစုနှင့် အဆင်မပြေသောမိန်းကလေးများအား အင်ပါယာနန်းတော်မှ ဧည့်သည့်တော်များက ထောက်ပံ့ပေးကြသည်။

ဤသည်မှာ တစ်လျောက်လုံးရှိလာခဲ့သောစနစ်တစ်ခုပင်။ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပြင်းထန်သောစွပ်စွဲချက်များအား ၎င်းတို့၏ ကိုယ်ရည်ကိုယ်သွေးကို မပြသသော သာမန်လူများအတွက်သာ ရည်ရွယ်ထားသည်။

ထို့နောက်တွင် ယင်းဦးဆောင်သူမိန်းကလေးက အခြား‌ယောက်ျားလေး ၊ မိန်းကလေးအဖော်များဖြင့် ဝမ်ဟုန်၏လှည်းရထားဆီသို့ ဦးတည်သွားတော့သည်။

ချန်ရုံက ဝမ်ဟုန့်အား လှည့်ကြည့်လိုက်သော်လည်း ဝမ်ဟုန်မှာ ပေစာကြမ်းကိုသာတစိုက်မတ်မတ်ကြည့်နေခဲ့ပြီး ထို့နောက်တွင်မှ ပြတ်သားသောလေသံဖြင့် တစ်စုံတစ်ရာကို‌ ဆိုလာခဲ့သည်။

" အလံတွေပြန်ထူလိုက်လို့ရပြီ ... "

ချန်ရုံမင်သက်နေစဉ်မှာပင် တပ်သားတစ်ဦးက " ဟုတ်ကဲ့ပါ ... " ဟုပြန်ဖြေ‌လေ၏။

ယင်းနောက်တွင် ထိုအစောင့်တပ်သားထံမှကြွေးကြော်သံက ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။

" အလံတွေ‌ပြန်ထောင်ထားကြဟေ့ ... "

၎င်းစကားဆုံးသည်နှင့်အစောင့်တပ်သားများက မြင်းပေါ်မှဆင်းသက်ကြကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လန်ယာဝမ်မိသားစု၏ထူးခြားသောအမှတ်သ‌င်္ကေတများက ရှုထောင့်ပေါင်းစုံတွင် ပေါ်ထွက်လာတော့လေသည်။

တပ်သားဖြစ်သူအော်ပြောလိုက်ကတည်းက ယင်းလူငယ်အုပ်စုမှာ အံ့အားသင့်သွားခဲ့ကြပြီး အခြေအနေအား မလှုပ်မယှက်စိုက်ကြည့်နေခဲ့သည်။

အရူးမီးဝိုင်းသလို ပျာယာသွားရှာသည့် ထိုအုပ်စုခေါင်းဆောင်မိန်း‌ကလေးမှာတော့ ရုတ်ချည်းပင် မြင်းပေါ်မှဆင်းသွားပြီး ဝမ်ဟုန်၏လှည်းယာဥ်အား တလေးတစားကြည့်ကာ တုန်တုန်ယင်ယင်ပြောလိုက်လေ၏။

" စည်းမရှိသလိုဖြစ်သွားပါတယ် ... အမျက်တော်ရှတော်မမူပါနဲ့ ... "

ထိုမိန်းကလေး၏အသံက လူအုပ်ကြီးကို နိုးကြားစေခဲ့ပြီးတစ်ချိန်တည်းမှာပင် ယောက်ျားလေး ၊ မိန်းကလေးများရောယှက်နေသည့်အုပ်စုဝင်လူငယ်တစ်ဒါဇင်ခန့်က မြင်းပေါ်မှ အသီးသီးဆင်းသက်လာကြတော့သည်။ယင်းလူငယ်များက မြေပြင်ပေါ်တွင်ဒူးထောက်ကာ အံ့ဩထိတ်လန့်စွာဖြင့် ဗွေမယူပါရန် အသနားခံပန်ကြားနေခဲ့ကြလေ၏။

သို့သော်လည်း သူတို့အား ပြန်လည်ဖြေကြားသည်မှာတော့ လှည်းဘီးသံတလှိမ့်လှိမ့်သာဖြစ်သည်။တစ်ခဏအတွင်းမှာပင် လှည်းယာဉ်တန်းကြီးက ဆက်လက်ထွက်ခွာသွားခဲ့ပြီး ဖုန်ခိုးဖုန်ငွေ့များကိုသာ ချန်ရစ်ထားခဲ့လေ၏။

ချန်ရုံက မလှုပ်မယှက်ဖြစ်နေသောမိန်းကလေးအားတစ်ချက်ကြည့်ကာ ဝမ်ဟုန်ရှိရာဘက်သို့ ပြန်လှည့်သည်။

ထိုအချိန်တွင် ဝမ်ဟုန်၏နှုတ်ခမ်းစွန်းများက အနည်းငယ်ပင့်တက်သွားကာ သူ၏မျက်ဝန်းများမှာ ကြည်လင်နေ၏။လက်ရှိအချိန်တွင် သူသည် ပေစာကြမ်းထံ၌သာအာရုံစိုက်ထားပြီး ယခုလေးတင်ကြုံခဲ့ရသောအဖြစ်အပျက်မျိုးအား ကြိမ်ဖန်များစွာတွေ့ကြုံ‌ဖူးပုံရနေသည်။
ချန်ရုံသည်လည်း မသိမသာပြုံးရယ်လိုက်ပြီး တဖြည်းဖြည်းနီးကပ်လာသောဂိတ်တံခါးကြီးအား စိုက်ကြည့်နေခဲ့သည်။

" ချီလန် ... ကျွန်မရဲ့လှည်းဆီ ပြန်ခွင့်ပေးပါ ... "

ထိုအခါဝမ်ဟုန်က သူ၏လက်ထဲမှပေစာကြမ်းကို‌ဖြည်းညင်းစွာချလိုက်ပြီး ချန်ရုံ့အားလှည့်ကြည့်ကာ " သွားလေ ... " ဟု ပြန်ဖြေလာသည်။

လှည်းရထားက ရပ်တန့်သွားခဲ့ပြီး ချန်ရုံမှာ ချက်ချင်းပင် သူမ၏လှည်းယာဉ်ရှိရာဆီသို့ ပြန်ပြေးသွားခဲ့၏။

လှည်းယာဉ်ပေါ်သို့ရောက်သည်နှင့် အထိန်းတော်ဖျင်က သူမ၏ကိုယ်တွင်မရှိသောဖုန်မှုန့်များအား အားကြိုးမာန်တက်သုတ်ပေးရန် အရှေ့တိုးလာသည်။
အထိန်းတော်ဖျင်မှာ ထိုသို့သုတ်ပေးနေရင်းဖြင့် မြို့တံခါးကိုတစ်ချက်တစ်ချက်လှမ်းကြည့်ကာ ဝမ်းသာအားရဆိုလေသည်။

" မမလေး ... ဒါက ကျန့်ခန်းနော် ... ကျွန်မတို့ကျန့်ခန်းကိုပြန်ရောက်ပြီ ... "

အထိန်းတော်ဖျင်၏မျက်နှာဝိုင်းဝိုင်း၌ အပြုံးပန်းများဝေဆာနေပြီး သူမ၏မျက်လုံးလေးများက မျဉ်းတစ်ကြောင်းသဖွယ် ကျဉ်းမြောင်းလျက်ရှိသည်။

" မမလေးရဲ့ အဖေနဲ့အစ်ကိုတော်က ဒီမှာရှိနေတာ ... မတွေ့ရ‌တာတောင်နှစ်တွေကြာလှပြီ ... အခုအဆင်ရောပြေကြရဲ့လားမသိဘူး"
ချန်ရုံက အထိန်းတော်ဖျင်အား တစ်ချက်သာပြုံးပြလိုက်သည်။သူမ၏နှုတ်ခမ်းများက အနည်းငယ်ရွေ့လျားသွားသော်လည်း နောက်ဆုံးတွင် မည်သည်ကိုမှ ပြောမထွက်ခဲ့ချေ။
ထိုအချိန်တွင် လှည်းယာဉ်တန်းကြီးက မြို့ထဲသို့ စတင်ဝင်ရောက်ခဲ့သည်။
အထိန်းတော်ဖျင်နှင့်ချန်ရုံတို့နှစ်ဦးမှာလည်း စကားစဖြတ်လိုက်ကြပြီး မြို့ကိုသာအာရုံစိုက်ထားကြလေ၏။

အမှတ်သင်္ကေတများအား ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြသပြီးချိန်မှစ၍ အစောင့်တပ်သားများသည်လည်း ရုတ်တရက်ပြောင်းလဲသွားကြသည်။ယခုအချိန်တွင် သူတို့တစ်ဦးချင်း၏မျက်နှာများပေါ်၌ နူးညံ့သိမ်မွေ့သော်လည်းအေးစက်သောအပြုံးများရှိနေပြီး ကျောကုန်းများက ဖြောင့်တန်းနေကြကာ ကြာပွတ်ကိုကိုင်ထားသောလက်ဟန်များ၊ မြင်းစီးနင်းသောကိုယ်နေဟန်ထားများက စံပုံစံသို့ တစ်စုတစ်စည်းတည်းပြောင်းလဲသွားကြသည်။သူတို့အားလုံးမှာ အချိန်တိုအတွင်း၌ လေးနက်ပြေပြစ်လာကြပေ၏။
ဤအခိုက်အတန့်တွင် တပ်သားများအားလုံးသည် အရိုးစွဲနေသောမာန်မာနတရားနှင့် နှစ်ပေါင်းများစွာ လေ့ကျင့်ထား‌ရာမှဖြစ်ပေါ်လာသည့်ကျက်သရေအပေါင်းခညောင်းမှုတို့အား ‌ထုတ်ဖော်ပြသနေသည်။လက်ရှိ၌ တပ်သားအယောက်ငါးရာစလုံးမှာ ကွန်ဖြူးရှပ်ဝါဒကိုလိုက်နာကျင့်သုံးကြသည့် တပ်မှူးများသဖွယ်ဖြစ်နေလေ၏။

ထိုသူတို့ကို ကြည့်ရှုနေရင်းအထိန်းတော်ဖျင်က ငြူစူစွာဖြင့် တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။

" တော်ဝင်အမှုထမ်းဖြစ်ရတာထက် အစေခံဖြစ်ရတာက ပိုကောင်းသေးတယ် "

ဤလူအားလုံးမှာ တော်ဝင်အမှုထမ်းတပ်သားများပင် ဖြစ်ကြသည်။အထိန်းတော်ဖျင်မှာ တပ်သားတစ်ဦးချင်းစီအား အံ့အားသင့်စွာဖြင့် လိုက်လံကြည့်ရှုနေမိ၏။တစ်လကျော်ကြာ ပေါ့ပေါ့ပါးပါးအေးဆေးစွာဖြင့် ဖော်ဖော်ရွေရွေဖြစ်ခဲ့ကြသောယောကျာ်းသားများက ယခုအချိန်၌ တစ်မူထူးနေကြသည်။

ကျန့်ခန်းမြို့ထဲသို့ လှည်းယာဉ်တန်းဝင်ရောက်သွားခဲ့သည်နှင့်တစ်ပြိုင်နက် ရုတ်ချည်းဆိုသလိုပင် ဝမ်းသာအားရ ခိုးခိုးခစ်ခစ်ရယ်သံများထွက်ပေါ်လာခဲ့သည်။

၎င်းတို့မှာ မိန်းကလေးရယ်သံများပင်ဖြစ်လေ၏။ယင်းမိန်းကလေးအပေါင်းက လူအုပ်ကြီးအား ရေစီးကြောင်းသဖွယ်ဖောက်ထွက်ကာ ဝမ်ဟုန်၏လှည်းယာဉ်အနားသို့ တိုးကပ်သွားကြသည်။

" ချီလန် ...ချီလန် ...ချီလန် ... ပြန်လာပြီဟေ့ ... "

" ချီလန်မရှိတော့ ဘဝကြီးက တိတ်ဆိတ်ခြောက်ကပ်နေတာပဲ ... သူထွက်သွားတာ တော်တော်ကြာပြီ "

" ချီလန်ထွက်သွားကတည်းက ဆောင်းရာသီမှာ အသည်းခိုက်လောက်အောင်အေးခဲပြီး နွေဦးမှာတောင် အရိပ်အာဝါသမဲ့နေခဲ့တာ ... "

" ချီလန် ချီလန် ... ဘာလို့မျက်နှာမပြတာလဲဟင် ... "

ပျော်ရွှင်မြူးတူးနေသံများကြားထဲတွင် အစောင့်တပ်သားဆယ်ဦးက မြင်းများပေါ်မှဆင်းသက်ကာ ဝမ်ဟုန်၏လှည်းယာဉ်ပတ်ပတ်လည်အား ဝိုင်းရံပိတ်ဆို့ထားလိုက်ကြတော့သည်။