အပိုင်း 163
Viewers 18k

Chapter 163
မြင်းကိုဓားနဲ့ခုတ်လိုက်



အထိန်းတော်ဖျင်က လှည်းယာဉ်ဘေးတွင်ရပ်နေခဲ့ပြီး ချန်ရုံ့အား မြင်သောအခါတွင် အပြေးလေးချဉ်းကပ်လာသည်။သူမက ချန်ရုံ၏ဝတ်ရုံဖြူအား တစ်ချက်ကြည့်ရင်း မေးမြန်းလာခဲ့၏။

" မမလေး ... တပ်မှူးရန်ရောက်လာတာလား ... "

သို့သော်လည်းချန်ရုံက မည်သည်ကိုမှပြန်မဖြေဘဲ လှည်းယာဉ်ပေါ်သို့သာ ဦးစွာတက်နှင့်သွားပြီး ခဏအကြာတွင်မူ လှည်းယာဥ်အနောက်ပိုင်းမှ အသံတစ်သံထွက်လာခဲ့သည်။

" ရေချိုးတာကူပေးနိုင်မလား ... "

"ဟုတ်ကဲ့ပါ .... "

ညဉ့်နက်သို့ရောက်ခဲ့လေပြီ။
တောက်ပသောလမင်းကြီးက တဖြည်းဖြည်းပျောက်လွင့်သွားပြီး ဂွမ်းသားတိမ်စိုင်များက မျက်စိပဒါဿဖြစ်ဖွယ်ထွက်ပေါ်လာခဲ့သည်။

နောက်တစ်နေ့ မနက်ပိုင်း၌ အစေခံမိန်းကလေးတစ်ဦးက ချန်ရုံတို့၏လှည်းယာဉ်နားသို့တိုးကပ်လာပြီး အပြင်မှ လှမ်းခေါ်လာ၏။

" သခင်မလေး ... တစ်ချက်လောက် လိုက်ခဲ့ပေးနိုင်မလားရှင့် ... "

" ဟုတ် ... ဟုတ် ရပါတယ် "
အထိန်းတော်ဖျင်က အလျင်အမြန်ပင် ကိုယ်စားပြန်လည်‌ဖြေကြားလိုက်ပြီး ချန်ရုံ့ဘက်သို့လှည့်၍ " မမလေး .. " ဟု အချက်ပေးရှာသည်။

ထိုအခါ ချန်ရုံက ကန့်လန့်ကာကို ဆွဲတင်ကာ ယင်းအစေခံမိန်းကလေးအား စေ့စေ့ကြည့်၍ ပြောလိုက်သည်။

" ဝမ်ဟုန့်ကိုပြောလိုက်ပါ ... အားရုံနေမကောင်းလို့ ဒီနေ့တော့ အဆင်မပြေပါဘူးလို့ ... "

သို့သော်လည်းအစေခံမိန်းကလေးက ပါးစပ်ပိတ်ကာ မခို့တရို့လေးရယ်မောလောလေ၏။
" ကျွန်မတို့သခင်လေးက သခင်မလေး နေမကောင်းဖြစ်မယ်ဆိုတာကိုကြိုသိနေပုံရတယ် ... သမားတော်ခေါ်ပြီးပြီလို့ စကားပါးလိုက်ပါတယ် ... သခင်မလေး မလှုပ်နိုင်ဘူးဆိုရင်လည်း အစောင့်တွေကိုလာခေါ်ခိုင်းလိုက်ပါ့မယ်တဲ့ ... "

အစောင့်များပင် လွှတ်လိုက်မည်ဟုဆိုနေသေးသည်။ဤသည်မှာ သူမအား အကြပ်ရိုက်အောင် တမင်တကာလုပ်နေခြင်းမဟုတ်ပါလော။ချန်ရုံက ခပ်ပြေပြေကလေးပြုံးလိုက်သည်။

" ဘာလို့အစောင့်တွေကို ဒုက္ခပေးရမှာပါလဲ ...အားရုံကိုလာစေချင်နေတာပဲ ... ဘယ်ငြင်းဆန်ဝံ့ပါတော့မလဲ ... "

ထို့နောက်သူမက လှည်းယာဉ်ပေါ်မှဆင်းလိုက်ပြီး လက်နှစ်ဖက်ကိုဆန့်တန်းကာ အစေခံမိန်းကလေးအား အလှဆုံးပြုံးပြလိုက်တော့လေ၏။

" ကြည့်ပါလား ... အရှင့်ဆီက ဆင့်ခေါ်ကြောင်းသိလိုက်ရတာနဲ့ နေမကောင်းဖြစ်တာတွေ အကုန်ပျောက်ကုန်ပြီ ... "

အစေခံမိန်းကလေးမှာမူ ချန်ရုံ့အား မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့သည်။

ထိုအချိန်တွင် ချန်ရုံက သစ်သားဖိနပ်များဖြင့် တစ်လှမ်းချင်းလျှောက်လှမ်းကာ ဝမ်ဟုန်၏လှည်းရထားရှိရာဆီသို့ ဦးတည်သွားသည်။နံနက်ခင်းလေညင်းက ညင်သာစွာတိုက်ခတ်နေပြီး ချန်ရုံမှာ အစေခံမိန်းကလေး၏ရှေ့မှဦးဆောင်လျှောက်လှမ်းနေခဲ့ခြင်းဖြစ်လေ၏။သေးသွယ်သောခါးနှင့်ပြည့်မောက်သောတင်ပါးတို့မှာ သူမအား ချစ်စရာကောင်းပြီး ဆွဲဆောင်မှုတစ်မျိုးဖြစ်စေသည်။

အစေခံမိန်းကလေးက ထိုအရာများကိုစူးစမ်းကြည့်ရှုရင်း ရယ်မောမှတ်ချက်ပြုလာခဲ့၏။

" သခင်မလေးက တခြားမိန်းကလေးတွေနဲ့ မတူဘူးပဲ "

သူမသည် ဤနေရာ၌ အဆင့်အတန်းပိုမိုနိမ့်ပါးသော်လည်း အမူအရာ အပြောအဆိုများမှာ အနည်းငယ်စည်းလွတ်ဝါးလွတ်ဖြစ်နေသည်။

ချန်ရုံက ထိုစကားကို လျစ်လျူထားလိုက်၏။
ခဏအကြာတွင် သူမသည် ဝမ်ဟုန်၏လှည်းယာဥ်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့သည်။

လှမ်းမျှော်ကြည့်လိုက်သောအခါ ငွေလရောင်သဖွယ်ဖြစ်သောကိုယ်လူချောက ပေစာကြမ်းများကိုထိုင်ဖတ်လျက်ရှိနေသည်။
ချန်ရုံက ဝမ်ဟုန့်အားတစ်ချက်ကြည့်လိုက်ပြီး လှည်းယာဉ်ပေါ်သို့တက်သွားခဲ့သည်။

" မောင်းသွားတော့ ... "

ချန်ရုံနေရာယူပြီးသွားသည်နှင့် ဝမ်ဟုန်က တိုးညင်းသောလေသံဖြင့် လှည်းယာဉ်မောင်းသူအား လှမ်းပြောလိုက်လေ၏။

" ဟုတ်ကဲ့ပါ ... "

ချန်ရုံက ဝမ်ဟုန့်အား နောက်တစ်ကြိမ်ထပ်မံ၍ကြည့်သည်။ဝမ်ဟုန်မှာယနေ့၌ လည်ပင်းမြင့်အဖြူ‌ရောင်ဝတ်စုံအား ဝတ်ဆင်ထားပြီး ကော်လံများပေါ်တွင် ဖီးနစ်၏အတောင်ပံများကိုရွှေချည်ထိုးထားသောကြောင့် အလွန်တင့်တယ်နေသည်။သူ၏မျက်ဝန်းနှင့်မျက်ခုံးတန်းများမှာ အထူးနှစ်လိုဖွယ်ရာကောင်းပြီး ဒဏ်ရာရထားသဖြင့် အပြုံးက အနည်းငယ်ဖျော့တော့နေလေ၏။

ချန်ရုံ အကြည့်လွှဲပစ်လိုက်သောအခါ ဝမ်ဟုန်က ပြုံးဖြီးဖြီးလေသံဖြင့်ပြောလာခဲ့သည်။

" အားရုံက အဆင်ပြေနေတာပဲ ... သမားတော်လိုမယ်မထင်ဘူး "

ဝမ်ဟုန်၏ရယ်သံမှာ အလွန့်အလွန့်ပင်တိုးညင်းသော််လည်း ချန်ရုံကြားနိုင်သေးသည်။သူမက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြောလိုက်လေသည်။

" အရှင်က တပ်သားတွေလွှတ်လိုက်မယ်ဆိုတုန်းက ဘာလို့ဒီလောက်ထိ ပိုပိုသာသာတွေလုပ်နေရတာလဲလို့တွေးနေတာ ... "

ချန်ရုံ ထေ့ငေါ့ပြောလိုက်သောအခါတွင် ဝမ်ဟုန်က ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ထို့နောက်တွင် သူသည်ခေါင်းမော့ကာ မျက်လုံးရှေ့မှဆံသားများအား အနည်းငယ်သပ်တင်လိုက်ပြီး ချန်ရုံ့အား ပြုံးပြုံးလေးကြည့်လာခဲ့၏။

" အားရုံ ... "

ချန်ရုံလည်း တစ်ဖက်သို့လှည့်ကြည့်လိုက်၏။ထိုအခါ ဝမ်ဟုန်က သူမအား နူးညံ့စွာစိုက်ကြည့်ရင်း ဆက်လက်ပြောကြားလာခဲ့သည်။

" အခုလက်ရှိချန်ရုံက ကိုယ့်ကိုထူးထူးခြားခြားခံစားရစေတာပဲ ... "

ဝမ်ဟုန်၏လေသံ ၊ မျက်နှာထားတို့အရ ယမန်နေ့ကဖြစ်ခဲ့သောပဋိပက္ခနှင့် ချန်ရုံလုပ်ခဲ့သောအရာများမှာ မည်သည့်အချိန်ကမှ မရှိခဲ့သလိုပင်။
ထိုအခါချန်ရုံက နှုတ်ခမ်းများကိုသာတင်းတင်းစေ့ပြီး တစ်ဖက်သို့လှည့်ကာ ပြတင်းတံခါးအပြင်သို့စိုက်ကြည့်နေလိုက်သည်။ဝမ်ဟုန်မှာလည်း မည်သည်ကိုမှ ဆက်မပြောတော့ပေ။

ထိုအချိန်တွင် လှည်းရထားတစ်စင်းက သူတို့လှည်းယာဥ်ရှိရာဆီသို့ချဉ်းကပ်လာပြီး ရုတ်ချည်းရပ်တန့်သွားခဲ့သည်။ယင်းနောက်တွင် ယွီကျစ်နှင့်ဟွမ်းကျိုးလန်တို့က အစေခံတစ်ဦး၏အကူအညီဖြင့် ထိုလှည်းယာဥ်ပေါ်မှဆင်းသက်လာခဲ့ကြ၏။နှစ်ဦးသားက အလိုလိုရပ်တန့်သွားသောဝမ်ဟုန်၏လှည်းယာဉ်ပေါ်သို့တက်လာကာ ဝမ်ဟုန်တို့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်‌ကြသည်။
ထိုသို့ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့နှစ်ဦး၏လည်ချောင်းထဲမှ ရယ်ချင်စိတ်ကိုမျိုသိပ်ထားရရှာသည့်ထူးဆန်းသောအသံများထွက်ပေါ်လာလေ၏။

" မနေ့က ဒီမှာရှိမနေနိုင်ခဲ့တာ နာတာပဲကွာ ... ဘယ်လောက်နှမျောဖို့ကောင်းလိုက်သလဲ ... "

ယွီကျစ်က ပြောပြောဆိုဆိုဖြင့် အရှေ့သို့တိုးကပ်လာကာ ဝမ်ဟုန်၏အင်္ကျီကော်လံအား ပြူးပြဲကြည့်နေသည်။

" ဒီလောက်နေပူနေတာကို ဘာလို့လည်ထောင်အင်္ကျီကြီးဝတ်ထားတာလဲ ... မင်းလည်ပင်းမှာ ဘာမှမရှိတာရောဟုတ်နိုင်ရဲ့လား ... "

ထိုအချိန်တွင် ဟွမ်းကျိုးလန်၏အက်ရှရှလေသံပါ တစ်ပါတည်းထွက်ပေါ်လာလေ၏။

" အဟမ်း ... အရမ်းအေးလို့နေမှာပါ ... အားလုံးကို လေးစားသမှုရှိသင့်တယ် ... "

၄င်းစကားကိုပြောပြီးသောအခါ ဟွမ်းကျိုးလန်က မတ်တပ်ထရပ်လိုက်ပြီး ဝမ်ဟုန့်အား တလေးတစားဦးညွှတ်ကာ ချန်ရုံ့ကိုပါ အလားတူပြုမူသည်။သူ၏အမူအရာက အလွန်လေးနက်နေလေပေ၏။ထိုအချိန်တွင် သူ၏နံဘေးမှ ယွီကျစ်မှာ ရယ်မောခြင်းကို ထပ်မံမထိန်းချုပ်နိုင်တော့ရှာပေ။

" အစောင့်တွေ ... "

" ဟုတ်ကဲ့ပါ အရှင် ... "

" ဒီနှစ်ယောက်ကို လှည်းပေါ်က ဆွဲထုတ်သွား ... "

ဝမ်ဟုန်၏မျက်ဝန်းများမှာ ပေစာကြမ်းပေါ်တွင်သာရှိနေပြီး သူက ခေါင်းတစ်ချက်မမော့ဘဲ အမိန့်ပေးလိုက်လေ၏။

ပြင်ပမှအစောင့်များဝေခွဲမရဖြစ်နေချိန်မှာပင် ယွီကျစ်ကခေါင်းကို အထပ်ထပ်အခါအခါ ခါယမ်းလျက် "အလျင်လိုစရာမလိုပါဘူး ... သွားမယ် ... သွားမယ် " ဟုပြောသည်။

ထို့နောက် သူတို့နှစ်ဦးက ဆက်ထိုင်မနေတော့ဘဲ အူပြတ်ထွက်မတတ်ရယ်မောရင်း လှည်းပေါ်မှ ‌ခုန်ဆင်းကာ ဝေးရာသို့ပြေးသွားကြတော့သည်။နှစ်ယောက်သားမှာ ဝေးကွာသွားကြသော်လည်း ရယ်မောသံများကတော့ ဆက်လက်ထွက်ပေါ်နေဆဲပင်။

ဝမ်ဟုန်က ဖြည်းညင်းစွာ မျက်မှောင်ကြုတ်လိုက်ပြီး ပေစာကြမ်းကိုလက်ထဲမှချလျက် " မြင်းကိုဓားနဲ့ခုတ်လိုက်တော့ " ဟု အစောင့်တစ်ဦးအား လှမ်းအော်ပြောလိုက်သည်။" ဟုတ်ကဲ့ပါ ... "

ထို့နောက်တွင် အစောင့်တပ်သားဖြစ်သူက သူ၏ခါးတွင်ချိတ်ထားသောဓားကိုဆွဲထုတ်ကာ ယွီကျစ်နှင့် ဟွမ်းကျိုးလန်တို့၏လှည်းယာဥ်ရှိရာထံသို့ ကဆုန်ပေါက်ပြေးသွားခဲ့သည်။

ယခုအချိန်တွင် ထိုလှည်းယာဥ်ပေါ်မှရယ်သံများက လူအများ၏အာရုံကို ဆွဲဆောင်လျက်ရှိပြီး လေပွေသဖွယ်မြင်းစီးနင်းပြေးဝင်လာသောအစောင့်တပ်သား‌အားမြင်ချိန်တွင် အားလုံးက ထအော်ကြတော့သည်။လူအပေါင်း၏အော်ဟစ်သံများက လှည်းရထား၏လားရာကို မငြိမ်မသက်ဖြစ်စေ၏။အထဲမှယွီကျစ်က ခေါင်းပြူထွက်လျက် ပတ်ဝန်းကျင်ကိုစူးစမ်းလိုက်သောအခါ အစောင့်တပ်သား၏ဓားရှည်ကြီးကိုလှမ်းမြင်လိုက်ရတော့၏။

" မကောင်းတော့ဘူးဟ ... "

ဟွမ်းကျိုးလန်သည်လည်း အလားတူပင်အပြင်သို့ ခေါင်းပြူထွက်ပြီးကြည့်နေခဲ့သည်။အစောင့်တပ်သားဖြစ်သူမှာ ယွီကျစ်၏အော်သံနှင့် ဟွမ်းကျိုးလန်၏ပုံမှန်မဟုတ်သောအသံများကြားထဲမှ အပြေးအလွှားကျော်ဖြတ်သွားခဲ့ပြီး
လှည်းရထားရှေ့သို့ရောက်ချိန်တွင် သူ၏အေးစက်သောဓားက မိုးကြိုးသွားသဖွယ် ဇတ်ခနဲနိမ့်ကျသွားခဲ့သည်။

_ ရွှတ် ... _

ကောင်းကင်တစ်ခွင်တွင် သွေးစီးကြောင်းများပန်းထွက်သွားပြီး ကနဦးက ပြေးနေခဲ့သောမြင်း၏ဦးခေါင်းက မြေပြင်ပေါ်သို့ဘုတ်ခနဲ ပြတ်ကျသွားလေ၏။

ထိုအချိန်တွင် လှည်းရထားမှာ အရှိန်အဟုန်ဖြင့် ရွေ့လျားနေဆဲဖြစ်ပြီး ဟွမ်းမိသားစုဝင်များနှင့် အစောင့်တပ်သားများက အမောတကောပြေးလာကာ လှည်းရထားအား တစ်ပြိုင်နက်တည်း ထိန်းကိုင်လိုက်ကြမှသာ လှည်းယာဉ်က ငြိမ်သက်သွားခဲ့သည်။

လှည်းယာဉ်ပေါ်ရှိယွီကျစ်မှာ ကြောက်စိတ်အတောမသတ်နိုင်သေးသဖြင့် အော်ဟစ်နေဆဲပင်။ဟွမ်းကျိုးလန်မှာမူ ရင်ဘတ်ပေါ်လက်တင်၍ အလားတူပင်ပြုမူနေခဲ့သည်။

ထိုအချိန်တွင် ဝမ်အစောင့်တပ်သားက လှည်းယာဉ်ထံသို့ဦးတည်သွားကာ စူးစမ်းလိုစိတ်ဖြစ်နေကြသောလူအုပ်ကြီးအား အကြောင်းစုံရှင်းပြလိုက်လေ၏။

" ဒီမြင်းက နေမကောင်းဖြစ်နေတော့ တခြားမြင်းတွေကိုပါ ရောဂါမကူးစက်အောင်လို့ အခုလိုလုပ်လိုက်ရတာပါ ... "

ထို့နောက် ယင်းတပ်သားက လှည်းယာဉ်ဘေးသို့သွားပြီး ခေါင်းငုံ့ကြည့်ကာ အော်ဟစ်နေဆဲဖြစ်သောအထဲမှ လူနှစ်ဦးအား ပြတင်းတံခါးမှတစ်ဆင့် စကားပါးသည်။

" သခင်လေး ပျော်မနေဘူးဆိုတာ ခင်ဗျားတို့သိတယ် ... ဒါတောင်သူ့အနာကို ဓားနဲ့ဆွချင်နေကြတာလား ...အခုကျေနပ်ပြီလား ... အရှင်က ပြောတယ် ခင်ဗျားတို့နှစ်ယောက်လုံး အပြစ်ရှိပြီးတော့ တူညီတဲ့နာကျင်မှုကို ခံစားရသင့်တယ်တဲ့ ... အရမ်းမြူးနေရင် အော်ကျယ်အော်ကျယ် လုပ်ဦးလေ ... "

ထိုစကားကြောင့် နှစ်ဦးစလုံး ချက်ချင်းငြိမ်သက်သွားကြလေ၏။

တစ်ရက်တာခရီးဆက်ပြီးသောအခါတွင် အရှေ့၌ လမ်းခွဲတစ်ခုပေါ်ပေါက်လာသည်။အစောင့်တပ်သားများက ညွှန်ကြားချက်တစ်စုံတစ်ရာ လာရောက်တောင်းခံသောအခါတွင် ဝမ်ဟုန်က အဖွဲ့အား ထွက်ခွာသွားကြရန် အကြံပေးခဲ့သည်။ရလဒ်အနေဖြင့် အစောင့်တပ်သားငါးရာ၏အကာအကွယ်အောက်တွင် လှည်းယာဥ်တွဲတစ်ဒါဇင်ကျော်က လမ်းခွဲအတိုင်းဆက်လက်ထွက်ခွာလာခဲ့ကြသည်။အထိန်းတော်ဖျင်နှင့် အခြားသူများလည်း ထိုထဲတွင် ပါဝင်ကြလေ၏။
တဖြည်းဖြည်းနှင့် နန်ယန်မြို့မှ ဝေးသထက်ဝေးလာခဲ့လေပြီ။

ချန်ရုံက ကန့်လန့်ကာကိုဖွင့်ပြီး နန်ယန်မြို့ဘက်သို့လှမ်းကြည့်ကာ တစ်ကိုယ်တည်းတွေးတောနေလေသည်။

အတိတ်ဘဝ၌ နန်ယန်မြို့မှာ ဟူလူမျိုးများ၏လက်တွင်းသို့မကျရောက်ခဲ့ပေ။ယခုလက်ရှိ၌လည်း ထိုသို့ပင်ဖြစ်ရန်မျှော်လင့်ပါသည်။ဤသို့တွေးရသည်မှာ နန်ယန်မြို့၌ သူမ၏အမှုထမ်းများနှင့် ကုန်စုံဆိုင်များရှိနေခြင်းကြောင့်မဟုတ်ဘဲ ကျန့်ခန်းမှာ နန်ယန်နှင့်နှိုင်းယှဉ်ပါက ပို၍စိမ်းသက်သောနေရာ ဖြစ်နေသောကြောင့်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် ငါးရက်တာက ကုန်ဆုံးသွားလေ၏။

ဤနေ့တွင် ရာသီဥတုသာယာပြီး ဆောင်းနေခြည်က နွေးထွေးစွာ တောက်ပနေ၏။

" နွေဦးရောက်တော့မှာပဲ ... "

လှည်းယာဥ်ဖြတ်သန်းသွားသော မြေဝါလမ်းပေါ်ရှိ စိမ်းဖျော့ဖျော့အရိပ်လေးများအားကြည့်ရှုရင်း ချန်ရုံက ခပ်တိုးတိုးရေရွတ်သည်။
ယင်းနောက်တွင် သူမက နန်ယန်မြို့ရှိရာအရပ်သို့ လှမ်းကြည့်ပြန်ကာ နံဘေးမှ ဝမ်ဟုန်အား ရုတ်တရက်လှမ်းမေးလိုက်၏။

" ချီလန် ... နန်ယန်မြို့ဘက်မှာ ဘာမီးခိုးမှမတွေ့ရဘူး ... မူရုံခယ်က လက်လျှော့လိုက်တာလား ... "

ထိုအခါ ပေစာကြမ်းထိုင်ဖတ်နေသောဝမ်ဟုန်က " သူ အ စောကတည်းက ထွက်သွားပြီ " ဟု အေးအေးလူလူပြန်ဖြေသည်။

ချန်ရုံမှာ သိချင်စိတ်များကိုမျိုသိပ်လိုက်ပြီး ဝမ်ဟုန့်အားလှည့်ကြည့်လိုက်၏။ဝမ်ဟုန်မှာ မည်သည်ကိုမှမဆိုဘဲ အဘယ်သို့ ဤလိုထွက်လာနိုင်မည်နည်း။မည်သို့ပင်ဆိုပါစေ သူထွက်ခွာမလာခင်တွင် မူရုံခယ်အား ဆုတ်ခွာစေရန် တစ်ခုခုပြင်ဆင်ခဲ့လိမ့်မည်။