အပိုင်း 162
Viewers 18k

Chapter 162
ချန်ရုံက စည်းခြားလိုက်တယ်



ထိုတစ်ယောက်ချဉ်းကပ်လာချိန်တွင် ဝမ်ဟုန်မှာ ချန်ရုံ့အား ကြည့်ရှုနေခဲ့သည်။ချန်ရုံမှာ သွေးထွက်နေသောလည်ပင်းဒဏ်ရာအား ကနဦးကတည်းက ကွက်ကြည့်ကွက်ကြည့်လုပ်နေကြောင်း ဝမ်ဟုန်သိလေသည်။

သူက ချန်ရုံ့ထံမှ အကြည့်လွှဲကာ အစေခံဖြစ်သူအား တစ်ချက်ကြည့်လိုက်၏။ထိုအခါ ယင်းအစေခံက ဦးညွှတ်လျက် အနောက်သို့ဆုတ်သွားတော့သည်။

" သူကမင်းကိုထိခဲ့လို့ မင်းကသေချင်တာပေါ့ ... "

ရန်မင်းက ထပ်မံပြောပြန်သည်။သူ၏လေသံမှာ အက်ရှနေလေ၏။သို့သော်လည်း ချန်ရုံကတော့ မည်သည်ကိုမှမတုံ့ပြန်ပေ။

“ သူက မင်းကိုထိလို့ မင်းက သေချင်တယ်… မင်းငါ့အပေါ် သစ္စာရှိတယ်ဆိုရင် ဘာလို့ သူ့ကိုအဆုံးအစွန်ထိကာကွယ်ပေးဖို့ ကြိုးစားနေတာလဲ”

ဤတစ်ကြိမ်၌ ချန်ရုံက ကျယ်လောင်စွာရယ်မောလာတော့သည်။

သူမသည် နှစ်ပေါင်းများစွာ ချစ်ခဲ့ဖူးသော ယောက်ျားကို စိုက်ကြည့်ရင်း ပြောလိုက်လေ၏။

"တပ်မှူး ... ဒီဘဝမှာတော့ ရှင့်အပေါ် ဘယ်တော့မှ သစ္စာရှိနိုင်မှာ မဟုတ်ဘူး .... "

ရန်မင်းအား ဤစကားများဖြင့် ဒေါသထွက်စေပြီးနောက် ချန်ရုံမှာ သူမ၏မျက်လုံးများရှေ့၌ တွဲလျားကျနေသောဆံနွယ်အချို့အား လက်ဖြင့် သပ်တင်လိုက်ပြီး ပျင်းပျင်းရိရိဆက်ပြောပြန်သည်။

“ သူက ကိုယ်လုပ်တော်အဆင့်ပဲ ပေးမှာမို့လို့ သေခြင်းတရားကို ရှာခဲ့တယ် ...ရှင် ကျွန်မကို လက်မထပ်ဘူးဆိုရင်တောင် ရှင့်ကိုကြည့်နေဖို့ စိတ်မ၀င်စားတော့ဘူး "

ဤအခိုက်အတန့်တွင် ချန်ရုံသည် ပျင်းရိပြီးမာနကြီးသောလေသံကို အသုံးပြုကာ ဒေါသတကြီးဖြစ်နေသည့်ရန်မင်းအားကြည့်ရင်း အေးအေးလူလူထပ်မေးလိုက်လေ၏။

“တပ်မှူး ... ကျွန်မကိုသတ်ချင်တာလား မသတ်ချင်တာလား ... မဟုတ်ရင်လည်း ကျွန်မ သွားနားတော့မယ် "

ဤကဲ့သို့သောချန်ရုံအား ရန်မင်းတစ်ခါမှ မတွေ့ခဲ့ဖူးပေ။
သူ၏ချောမောသော မျက်နှာမှာ တည်ငြိမ်နေပြီး ညာဖက်လက်က ဓားအိမ်ပေါ်တွင် ကျန်ရစ်နေခဲ့သည်။

ထိုအချိန်တွင် ချန်ရုံက အရှေ့သို့တစ်လှမ်းတိုးလာခဲ့ကာ ၄င်းဓားအိမ်အား လှမ်း၍ကိုင်တွယ်လာသည်။စပ်စုချင်သော်လည်း ငြီးငွေ့သော အမူအရာဖြင့် သူမသည် ၎င်းပေါ်တွင် အလှဆင်ထားသောပုံစံတန်းများကို ပွတ်သပ်ကာ ဓားရိုးကိုဆွဲကိုင်ပြီး ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။

အေးစက်သောသတ္တု အထဲမှထွက်ပေါ်လာခိုက်တွင် ချန်ရုံက ညင်သာစွာရယ်မောလေ၏။သူမသည် ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့်ရန်မင်းအား မော့ကြည့်လျက်ရှိသည်။ထို့နောက် ချန်ရုံမှာ ရန်မင်းထံသို့ ဖြည်းညင်းစွာ မှီတွယ်လိုက်ပြီး သူမ၏နီဆွေးဆွေးနှုတ်ခမ်းများအား သူ၏မျက်နှာအနားသို့ တိုးကပ်လိုက်သည်။
သူမ၏မွှေးပျံ့သောဝင်လေထွက်လေက ရန်မင်း၏မျက်နှာအား ရိုက်ခတ်နေလေ၏။

" ရှင်က ကျွန်မကိုမေတ္တာရှိနေတာလား တပ်မှူးရန် ... "

ယင်းနောက်တွင် ချန်ရုံက အနောက်ပြန်ဆုတ်သွားကာ အင်္ကျီလက်များကို တစ်ချက်ခါလိုက်ပြီး လခြမ်းကွေးမျက်ဝန်းများဖြစ်သွားသည်အထိ ပြုံးသည်။

" ဒါပေမဲ့ ရှင်မသိဘူးလား ... ရှင့်ကိုပထမဆုံးစတွေ့တဲ့အချိန်ကတည်းက အားဝေ့အစားရှင့်ရဲ့ဇနီးနေရာမှာ အစားထိုးနိုင်ဖို့ ကျွန်မက ရည်ရွယ်ချက်ရှိရှိလုပ်ယူခဲ့တယ်ဆိုတာကို ... "

ချန်ရုံသည်ရန်မင်းအား အရေးမစိုက်သလိုကြည့်နေခဲ့ပြီး သူမထံမှအေးစက်သောအပြုံးက ရန်မင်းအား အရှက်ရသွားစေသည်။

ရန်မင်းမှာ သူမ ပြောသမျှအား ခြွင်းချက်မရှိယုံပေးခဲ့သည်ချည်းသာ။သူတို့သည် အချင်းအချင်းအတွက် ပြီးပြည့်စုံသောသူစိမ်းများဖြစ်ခဲ့ကြဖူးသည်။နှစ်ဦးသားစတင်တွေ့ဆုံခဲ့စဉ်က ဤမိန်းကလေးသည် သူ့အား ပြင်းပြင်းထန်ထန် နာကျဥ်းမုန်းတီးပြကာ ထူးဆန်းသောစကားများပင်ပြောပြီး ငိုခဲ့သေးသည်။၎င်းအရာများကြောင့်ပင် သူသည် ဤမိန်းကလေးအား ပို၍စွဲလမ်းခဲ့ရသည်။
မှန်ပေသည်။ထိုအရာများက သူ့အား တမင်တကာသွေးဆောင်ရန်ပြုမူခဲ့သည့်လိမ်ဆင်လှည့်ကွက်များပင်ဖြစ်လိမ့်မည်။ထိုမှလွဲ၍ မွေးစားခံ ကိုယ်လုပ်တော်ဖွားသမီးတစ်ဦး ရွေးချယ်မည့်အရာ ရှိပါသလော။

ရန်မင်း၏ချောမောသောမျက်နှာမှာ အလွန်တရာပင် ကြမ်းကြုတ်သွားခဲ့ပြီး သူက ချန်ရုံ့အားစိုက်ကြည့်ကာ လည်မျိုကို ညာဘက်လက်ဖြင့် လှမ်း၍ ဆုပ်ကိုင်လိုက်တော့သည်။

ချန်ရုံ၏မျက်နှာမှာ အစိမ်းရောင်ပြောင်းသွားခဲ့သော်လည်း သူမက ရန်မင်းအား လှောင်ပြုံးပြုံးပြနေဆဲပင်။

" အပျက်မ ... " ရန်မင်းက အံကြိတ်ထားလျက်။

ချန်ရုံမောဟိုက်လာပြီး ဝမ်ဟုန်ဝင်ပါတော့မည့်ဆဲဆဲမှသာရန်မင်းက လည်မျိုကိုလွှတ်လိုက်ပြီး ချန်ရုံ့အား အနောက်သို့ဟန်ချက်ပျက်သွားအောင် ဆောင့်တွန်းလိုက်တော့သည်။

ချောင်းဆိုးလျက် သူမလည်ပင်းကိုယ်သူမ ပြန်လည်ကိုင်ဆောင်ထားသောချန်ရုံ့အားကြည့်ရင်း ရန်မင်းက ခံပြင်းစွာရယ်မောလေ၏။

" မင်းလိုအပျက်မက ငါနဲ့မထိုက်တန်ဘူး ... "

ယင်းနောက်တွင်ရန်မင်းက အခင်းနေရာမှ ဒေါကြီးမောကြီးဖြင့်ထွက်ခွာသွားတော့သည်။အစောင့်တပ်သားများမှာလည်း အလိုက်တသိဖြင့် လမ်းဖယ်ပေးကြရှာသည်။

များမကြာမီ၌ပင် မြင်းခွာသံများက ခပ်ဝေးဝေးသို့လွင့်ပျံသွားခဲ့တော့၏။

၎င်းအချိန်တွင် နူးညံ့သိမ်မွေ့သော ခြေသံအစုံနှင့်အတူ နှင်းဖြူသဏ္ဌာတစ်ခုက ချန်ရုံ့ထံသို့ချဉ်းကပ်လာနေခဲ့သည်။ထို့နောက်နွေးထွေးသောလက်တစ်စုံက သူမ၏ပွန်းပဲ့နေသော လည်ပင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း “နာလား” ဟု တိုးတိုးလေးမေးလာခဲ့၏။

ချန်ရုံက ထိုလက်ကို တွန်းဖယ်ကာ လှည့်ထွက်သွားလိုက်သည်။ထိုအခါ အနောက်၌ကျန်ခဲ့သောတစ်ဖက်လူက သူမ၏အင်္ကျီစကိုလှမ်းဖမ်းဆွဲကာ သူ၏ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်တော့၏။ဝမ်ဟုန်မှာ သူမကိုပွေ့ဖက်ထားလျက်အနေအထားဖြင့် ပုခုံးပေါ်မေးတင်ပြီး ဆံနွယ်များကြားထဲသို့တိုးဝင်နေသည်။

" အားရုံ ... မင်းကိုယ်မင်း အဲလိုမပြောပါနဲ့ ... ကြားရတာ တကယ်ကို နာကျင်ရတယ် "

ထိုသူ၏လေသံမှာ ချန်ရုံ၏နှလုံးသားအား အပြည့်ဖြည့်စွက်ပေးနိုင်သည့်ရေစီးကြောင်းသဖွယ်ပင်။

ချန်ရုံက ဝမ်ဟုန်၏လက်မောင်းများကြားမှ ရုန်းထွက်လိုက်သည်။သူမ၏ပိုးသားဆံနွယ်များမှာ မျက်နှာကိုဖုံးအုပ်လုနီနီးဖြစ်နေလေ၏။
ယင်းနောက်တွင် ချန်ရုံက လည်ချောင်းဒဏ်ရှိနေသည့်ကြားထဲမှ အားယူကာ " ချီလန် ... " ဟု အက်ရှရှခေါ်လိုက်ရှာသည်။

" ဟင် ... "

တစ်ဖက်လူ၏လေသံကိုကြားသောအခါ ဝမ်ဟုန်က နူးညံ့သောလေသံဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။

ချန်ရုံမှာ သူ့အားပြုံးပြလျက်ရှိပြီး အေးစက်သောမျက်ဝန်းများဖြင့်ကြည့်ရှုနေသည်။

" ချီလန် ... ကျွန်မ ရှင့်ကို မသေစေချင်ဘူး... ခုနက ရန်မင်း က ကျွန်မကို ဒူးထောက်ခိုင်းချင်နေတာ ... အဲဒါကြောင့် ထောက်ပေးလိုက်တယ် ... ကျွန်မကိုထိခိုက်အောင်လုပ်ချင်ပြန်တော့လည်း သူဖြစ်စေချင်တဲ့အတိုင်း ခံပေးလိုက်တယ် ... ရှင့်ရဲ့အသက်ကိုသာ ကယ်တင်လို့ရမယ်ဆိုရင် ဘယ်လိုနာကျင်မှုမျိုးပဲဖြစ်ဖြစ် နာကျင်ရကျိုးနပ်ပါတယ် ... "

သူမတို့နှစ်ဦးစလုံး ရန်မင်း၏စရိုက်အကြောင်း သိကြသည်။အလွန်ကြမ်းကြုတ်လာသောအခြေအနေတွင် ရန်မင်းသည် မည်သည့်အရာကိုမဆို မဆင်မခြင်လုပ်နိုင်စွမ်းရှိ၏။ယခုလေးတင် သူက ဝမ်ဟုန့်အား အမှန်တကယ် သတ်ဖြတ်လိုနေခဲ့ခြင်းပင်။

ဝမ်ဟုန်က ချန်ရုံ့အား မလှုပ်မယှက်ဘဲစိုးရိမ်တကြီးစောင့်ကြည့်နေသည်။ချန်ရုံမှာမူ ၎င်းအေးစက်စက်အပြုံးအား ဆက်လက်ထိန်းထားလေ၏။

" မင်းသားရဲ့အိမ်တော်မှာ ရှင်က ကျွန်မအသက်ကိုကယ်ခဲ့တယ် ... အဲဒါကြောင့် မောယန်မှာ အကြွေးဆပ်ပေးခဲ့ပြီ ... အဲဒီနောက်မှာလည်း ရှင်က ကျွန်မကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့ပြီး ကျွန်မကလည်း အပျိုရည်နဲ့ပြန်ပေးဆပ်ပြီးသွားပြီ ... ချီလန် ... ဒီတစ်ခါတော့ ရှင့်ကိုကယ်လိုက်ရတဲ့အတွက် ကတိတစ်ခုတောင်းချင်တယ် ... "

ချန်ရုံက ခေတ္တရပ်လိုက်ပြီးနောက် တစ်လုံးချင်းဆက်ပြောလာခဲ့သည်။

" အခုကစပြီး အချင်းချင်း ဘာမှမပတ်သက်ကြတော့ဘူးလို့ ကတိပေးနိုင်မလား "

သူမ၏မျက်ဝန်းများက အေးစက်လှပြီး လေသံမှာ တည်ငြိမ်လွန်းနေသည်။

လှပပြီးလက်ရာမြောက်သောမျက်နှာကျရှိသည့်ဤမိန်း ကလေးမှာ မကြာသေးမီကပင် သူနှင့်အိပ်ရာပေါ်၌ ချစ်ရည်လူးနေခဲ့ပြီး သူ့အား " ချီလန် " ဟု မျက်ရည်ရွှဲလဲဖြင့်ခေါ်ဆိုနေခဲ့သည်။

ထိုခေါ်ဆိုမှုမှာ အူလှိုက်သည်းလှိုက်တောင့်တခြင်းမှဖြစ်ပေါ်လာပြီး သူမ၏အိပ်မက်နယ်ပယ်ကိုကျော်လွန်၍ ပြင်ပကမ္ဘာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်လေ၏။ဤသို့အေးစက်စိမ်းကားလှသောအသွင်အပြင်ဖြင့် သူ၏အရှေ့၌ရပ်နေစဉ်မှာပင် ထိုအပျိုစင်သွေးမှာ ခြောက်သွေ့ဦးမည်မဟုတ်ချေ။

ယခုအချိန်၌ မျက်စိရှေ့မှမိန်းကလေးက သေခန်းရှင်ခန်းဖြတ်တောက်ကြရန် ဆိုလာပေပြီ။

ဝမ်ဟုန်မှာ မွေးဖွားစဉ်ကတည်းက ရွှေလိုအဖိုးတန်သောကလေးတစ်ဦးဖြစ်ခဲ့သည်။လူပျိုအရွယ် ရောက်လာသောအခါတွင်လည်း တော်ဝင်မင်းသမီးများက သူ့အား နှစ်ခြိုက်ကြပေ၏။သို့သော်လည်း သူနှင့်အမှုထမ်းအစေပါးများမှာ ယင်းမိန်းမငယ်များအား အာရုံမထားခဲ့ကြပေ။လန်ယာ ဝမ်အိမ်တော်၏အမွေဆက်ခံသူအနေဖြင့် သူ၏ဖြစ်တည်မှုကို ကွန့်မြူးအလှဆင်နိုင်ရန် ထိုမင်းသမီးများကို မလိုအပ်ပါ။

သို့သော် ယခုလိုမိန်းကလေးမျိုးနှင့်တွေ့ပြီး အေးစက်အကြင်နာမဲ့သောစကားများအား နားထောင်နေရသည်မှာ သူ့ဘဝ၌ ပထမဦးဆုံးအကြိမ်ဖြစ်လေသည်။

ဝမ်ဟုန်မှာ မလှုပ်မယှက်ရှိနေခဲ့လေ၏။

ဝမ်ဟုန်၏မျက်ဝန်းများမှာ ချန်ရုံ၏လျစ်လျူရှုသောအမူအရာမျက်နှာထားအား ဖြည်းညင်းစွာ စိုက်ကြည့်လျက်ရှိပြီး သူက နူးညံ့စွာပြုံးကာ ချန်ရုံ၏နှုတ်ခမ်းပါးများအား ညင်သာစွာပွတ်သပ်လာခဲ့သည်။ထို့နောက် ဝမ်ဟုန်က ချန်ရုံ၏အနားနားသို့တိုးကပ်ပြီး ပြောလိုက်၏။

" အားရုံက ကိုယ့်အကြောင်းမသိဘူးပဲ ... ကိုယ်က လူတွေဆီက ဖိအားပေးခံရတာကို သိပ်ပြီးတော့ မနှစ်မြို့ချင်ဘူးလေ ... "

ဝမ်ဟုန်က ချန်ရုံ့အား သိမ်မွေ့စွာစိုက်ကြည့်နေပြီး သူ၏လေသံမှာလည်း နွေဦးလေညင်းသကဲ့သို့ဖြစ်သည်။

" အားရုံကိုကြည့်နေရတာပိုပျော်တာကို ဘယ်လိုလုပ်ပြီးတော့ အဲလိုလုပ်နိုင်မှာလဲ ... "

သူက ချန်ရုံ၏နှုတ်ခမ်းသားများအား လက်ညိုးဖြင့် ညင်သာစွာ ဖိပြီးနောက် ကနဦးကထိုင်နေခဲ့သောနေရာသို့ပြန်လှည့်သွားကာ ထပ်မံနေရာယူလေသည်။

ခဏအကြာတွင် ဗျပ်စောင်းသံ ထွက်ပေါ်လာ၏။

နေဝင်ချိန်၏ရွှေရောင်အလင်းတန်းက ဝမ်ဟုန်၏မျက်ခုံးတန်းများနှင့် မျက်ဝန်းအစုံထဲသို့ ကူးစက်ပျံ့နှံ့နေသည်။နေရီချိန်လေညင်းမှာ သူ၏အဖြူရောင်ဝတ်ရုံအား တလွင့်လွင့်ဖြစ်နေစေပြီး အင်္ကျီရင်ဘတ်ပေါ်ရှိသွေးစွန်းကွက်ကြီးမှာ ထိတ်လန့်ဖွယ်ရာကောင်းသည်။သို့သော်လည်း ဝမ်ဟုန် မည်ကဲ့သို့ပင် ပြုမူပါစေ ၊ မည်သို့သောပုံစံမျိုးရှိပြီး သူ၏ကျက်သရေရှိမှုက မည်မျှပင်နှစ်လိုဖွယ်ကောင်းပါစေ နောက်ဆုံး၌ ရှင်းလင်းကြည်လင်စွာကျန်ရစ်ခဲ့သည်မှာ ဗျပ်စောင်းတေးသွားသံသာဖြစ်သည်။

ထိုအချိန်တွင် ချန်ရုံက မျက်လွှာတစ်ချက်ချက်ချလိုက်ပြီး နှုတ်ခမ်းများကိုတင်းတင်းစေ့ကာ လှည်းရထားရှိရာဆီသို့ ဦးတည်သွားလေသည်။
သို့သော်လည်း တော်ဝင်နန်းတော်မှအစေခံတစ်ဦးက သူမထံသို့ရောက်ရှိလာပြီ " မမလေး ... ဒီအစေခံကို အဆင်အယင်တွေလဲလှယ်ပြီး သန့်စင်ပေးခွင့်ပြုပါ ... " ဟု တိုးညင်းစွာ ပြောလာသည်။

ထိုအခါချန်ရုံက ခြေလှမ်းများကိုရပ်တန့်ပြီး ခေါင်းညိတ်ပြလိုက်၏။ယင်းအစေခံမိန်းကလေးက ‌အရှေ့သို့ဖြည်းညင်းစွာတိုးကပ်လာပြီး ချန်ရုံ့အား အဖြူရောင်ဝတ်စုံဖြင့်လွှားခြုံပေးသည်။ထို့နောက် သူမက ချန်ရုံ၏ဆံပင်များကိုစုလိုက်ပြီး အနည်းငယ်ဖြီးသင်ကာ ပြန်လည်စည်းနှောင်ပေးလေ၏။နောက်ဆုံးတွင်မူ မျက်နှာပေါ်မှ မြေမှုန့်အချို့အား အဝတ်သန့်ဖြင့်ခပ်သာသာသုတ်ပေးရင်း အမှုကိစ္စကိုအဆုံးသတ်လိုက်သည်။
တစ်နာရီ၏လေးပုံတစ်ပုံခန့်ကြာသောအချိန်မှာပင် မြေပြင်ပေါ်သို့နှစ်ပတ်ခန့်လိမ့်ကျခဲ့သောချန်ရုံမှာ ပြန်လည်သန့်စင်ပြီးသားဖြစ်သွားခဲ့လေ၏။

ထို့နောက်တွင် အစေခံနှစ်ဦးက ဝမ်ဟုန်၏နံဘေးမှနေ၍ဒဏ်ရာအား ပတ်တီးကူပေးလျက်ရှိနေသည်ကို ချန်ရုံမြင်လိုက်ရသည်။သူမ ခြေတစ်လှမ်းဆက်လှမ်းလိုက်သောအခါ အနီးအနားရှိ ဝမ်အစောင့်တပ်သားများက လူစုခွဲပြီး လမ်းဖယ်ပေးကြလေ၏။ပြန့်ကြဲနေသောလူအုပ်ထဲမှ မျက်ဝန်းအစုံများစွာက သူမအား စူးစိုက်ကြည့်နေခဲ့သည်။ချန်ရုံမှာ ထိုအကြည့်များအားဖြတ်ကျော်၍ သူမ၏လှည်းရထားဆီသို့ပြန်လည်လျှောက်လှမ်းလာခဲ့လေ၏။