အပိုင်း 161
Viewers 19k


Chapter 161
ထိပ်တိုက်ရင်ဆိုင်မှု



ချန်ရုံမှာ သူမ၏မျက်နှာကိုရေအောက်တွင် နှစ်မြှုပ်ထားခဲ့ပြီး အသက်ရှူမဝသောအချိန်မှသာ ရေပေါ်သို့ပြန်‌တက်လာလေ၏။အထိန်းတော်ဖျင်က သူမ၏ဆံနွယ်ရှည်များအား သန့်စင်ပေးနေသည်။ရေထဲမှ ချန်ရုံ၏နို့နှစ်ရောင်အသားအရည်နှင့် မမြင်နိုင်သည့်အေးစက်မှုတစ်ခုကိန်းဝပ်လျက်ရှိသောသူမ၏အပြုံးတို့က အထိန်းတော်ဖျင်အား ကျေနပ်အားရစေသည်။

“ဒီရက်ပိုင်း တို့သခင်မလေးက ကြည့်လေ ပိုလှလေပဲ ”

ချန်ရုံက အထိန်းတော်ဖျင်၏ဝမ်းသာအားရ မှတ်ချက်ပြုမှုအား ပြုံးရယ်လျက်သာတုံ့ပြန်လိုက်၏။

ထို့နောက် သူမက စားပွဲပေါ်မှ အဝတ်အစားများအား တစ်ချက်ကြည့်လိုက်ပြီး “ ကျွန်မအတွက် အဖြူရောင်အဝတ်အစားတွေ မပြင်ဆင်ပါနဲ့တော့” ဟု ရုတ်တရက်ပြောလာသည်။

"ဘာလို့လဲ မမလေး"

ချန်ရုံက ယွီကျစ်၏စကားများကိုတွေးတောနေရင်းဖြင့်ပြန်ဖြေလိုက်၏။

" တောင်းဆိုမှုတွေအကုန်လုံးက စွဲလမ်းမှုတွေဖြစ်နေတာမလို့ပဲလေ ... "

အထိန်းတော်ဖျင်မှာ ထိုစကားများအား နားမလည်သော်လည်း ပြုံးရယ်လာခဲ့လေ၏။

“အဖြူရောင်အဝတ်အစားတွေကို မကြိုက်တော့တာ ကောင်းပါတယ် ... အလျင်လိုပြီးထွက်လာရလို့ သခင်မလေးအတွက် အဖြူရောင်ဝတ်စုံတွေချုပ်ပေးဖို့ အချိန်မရလိုက်ဘူး”

" အထိန်းတော်ဖျင် ဘယ်ချိန်တုန်းက လှည်းနဲ့ထွက်လာတာလဲ"

“မနေ့ညက စကားစမြည်ပြောရင်း အိပ်ပျော်သွားကြတာ... နိုးလာတော့ ချီလန်ရဲ့လူတွေက သခင်မလေးကြိုထွက်သွားနှင့်ပြီတဲ့ ... ကျွန်မတို့ကိုပါ အမြန်လိုက်လာစေချင်တယ်လို့ ပြောကြတယ် ...ကြိုပြင်ဆင်ထားမိလို့ ကံကောင်းတာပေါ့ ... ချက်ချင်းထွက်လာလို့ ရသွားတယ် ... မဟုတ်ရင် ဝမ်အိမ်တော်ကို စိတ်အခန့်မသင့်ဖြစ်အောင်လုပ်မိတော့မလို့ ... "

ဆက်တိုက်ပြောကြားပြီးနောက်တွင် အထိန်းတော်ဖျင်က " ပြီးပါပြီ သခင်မလေး ... " ဟုပြောလာခဲ့သည်။

ထိုအခါချန်ရုံက အထိန်းတော်ဖျင်၏အကူအညီဖြင့် အဝတ်အစားများကိုဝတ်ဆင်လိုက်ပြီး သစ်သားဖိနပ်ကိုစီးကာ လှည်းရထားပေါ်မှဆင်းသက်သွားခဲ့၏။

ထိုသို့ဆင်းလိုက်သည်နှင့် တစ်ဒါဇင်ခန့်သောမျက်ဝန်းအစုံတို့က သူမအား စိုက်ကြည့်လာသည်။တဖြည်းဖြည်းနှင့် လူပေါင်းများစွာ၏အကြည့်များက သူမထံသို့ရောက်ရှိလာခဲ့လေ၏။‌ဝမ်ဟုန်သည်ပင်လျှင် ဗျပ်စောင်းပေါ်မှ သူ၏လက်များကိုရပ်တန့်လိုက်ပြီး ချန်ရုံ့အား မော့ကြည့်လာခဲ့သည်။

ယခုအချိန်တွင် ချန်ရုံသည် ခရမ်းရောင်ငှက်သဏ္ဌာန်များပါဝင်သော အဝါဖျော့ဖျော့ဝတ်စုံအား လဲလှယ်ဝတ်ဆင်ထားလေ၏။သူမ၏အသားအရေမှာ ဤဝတ်စုံဖြင့် ပိုမိုတောက်ပနေပြီး ဆံနွယ်များသည်လည်းဖြောင့်စင်းတောက်ပနေလျက် ဖြူဖွေးသောခြေထောက်အစုံက သစ်သားဖိနပ်များဖြင့် တစ်လှမ်းချင်းလှမ်းလာနေခဲ့သည်။

အဝါဖျော့ဖျော့ဝတ်ရုံမှာ လေထဲတွင် လွင့်ပျံလျက်ရှိပြီး ၎င်း၏ကျယ်ဝန်းသောအင်္ကျီလက်ရှည်နှင့် ခါးစည်းကြိုးများက ချန်ရုံ၏သေးသွယ်သောခါးအချိုးအစားအား မီးမောင်းထိုးပြထားသည်။
ယွီကျစ်က ချန်ရုံ့အား စူးစိုက်ကြည့်ရင်း အားပါးတရ ရေရွတ်လိုက်လေ၏။

"သူက တကယ်ကို အံ့အားသင့်စရာပဲ ... ကံကောင်းလိုက်တာ ဝမ်ချီလန်ရာ ... "

ထိုစကားအားပြောပြီးပြီးချင်းတွင် ယွီကျစ်က သူ့ပါးစပ်သူ အလျင်အမြန် ပြန်ပိတ်လိုက်ပြီး "ငါ မေ့နေတာပဲ ...မဟုတ်သေးဘူးလေနော် ...ဟားဟား ... သူက မင်းအပိုင်မဟုတ်သေးဘူး ... " ဟု ဆက်ပြောပြီး ကျယ်လောင်စွာရယ်မောနေပြန်သည်။

ထိုအခါဝမ်ဟုန်က ဝိုင်ကိုသာမော့သောက်လိုက်ပြီး ချန်ရုံ့အား ဆက်လက်စိုက်ကြည့်နေခဲ့သည်။

ယင်းအချိန်မှာပင် မြင်းခွာသံများ ဆက်တိုက်ပျံ့လွင့်လာ၏။၎င်းအသံများက ဖုန်လုံးများကိုပါတစ်ပါတည်းသယ်ဆောင်လာပြီး အချိန်အတော်ကြာသည်အထိ ယင်းဖုန်ခိုးဖုန်ငွေ့များက ပျောက်ကွယ်မသွားခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်း၌ပင် ချန်ရုံ၏အနောက်မှ လမ်းပေါ်သို့ လူတစ်စုဆိုက်ရောက်လာလေသည်။

ခွာသံများရပ်တန့်သွားသောအခါတွင် လေးလံပြီး အေးစက်သောခြေလှမ်းသံများက အစားထိုးဝင်ရောက်လာကြ၏။

ချန်ရုံမှာလမ်းလျှောက်နေရင်းဖြင့် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း မသိုးမသန့်ခံစားလာရသဖြင့် အနောက်သို့လှည့်ကြည့်လိုက်သည်။ထိုအခါ သူမဆီသို့ လှမ်းလျှောက်လာနေသူထံမှ သတ်ဖြတ်လိုစိတ်အပြည့်နှင့်အေးစက်သော မျက်ဝန်းတစ်စုံအား ရင်ဆိုင်လိုက်လေ၏။
ထိုသူကတော့ ရန်မင်းပင်ဖြစ်သည်။

ပတ်ဝန်းကျင်မှလူများ ထိတ်လန့်ခြင်းမရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ရန်မင်းသည် သူနှင့်အတူ တပ်သားဆယ်ဦးကိုသာခေါ်ဆောင်လာပြီး သူ့ခါးတွင် ဓါးတစ်ချောင်းချိတ်ထားသည်။သူ၏လက်စွဲတော်လက်နက်ကိုလည်း ယူဆောင်လာခြင်းမရှိပေ။

ရန်မင်းက ချန်ရုံ့ထံသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာပြီးနောက် ရပ်တန့်ကာ စူးစူးရဲရဲစိုက်ကြည့်သည်။

" လိုက်လာခဲ့ ... "

ယင်းနောက်တွင် ရန်မင်းက မျက်မှောင်ကြုတ်လျက် ချန်ရုံ့အား ဝမ်ဟုန့်ထံသို့ဆွဲခေါ်သွားလေ၏။

ချန်ရုံ့ခမျာ အတူလိုက်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။သိပ်မကြာခင်၌ပင် နှစ်ဦးစလုံး ဝမ်ဟုန်၏အရှေ့သို့ ရောက်ရှိသွားခဲ့ကြသည်။

ရန်မင်း နီးကပ်လာသောအခါတွင် ပတ်ဝန်းကျင်၌ ခြေသံများထွက်ပေါ်လာသည်။ဝမ်တပ်သားများက အနီးတစ်ဝိုက်အား ဝန်းရံလာခဲ့ခြင်းဖြစ်ပေ၏။

ဝမ်ဟုန်က သူ့ကိုယ်သူအားပြုလျက် မတ်တပ်ထရပ်ပြီး ရန်မင်းကိုတစ်ချက်ကြည့်ကာ လေးလေးနက်နက်ဦးညွှတ်လိုက်သည်။

" စိုးရွံ့မိပါတယ် ... "

ဝမ်ဟုန်၏ကြည်လင်မြင့်မြတ်သော မျက်ဝန်းများက ရန်မင်းအား တိတ်တဆိတ်စိုက်ကြည့်လာပြန်သည်။

"ဒါပေမဲ့ ခင်ဗျားနဲ့အားရုံက မထိမ်းမြားကြရသေးဘူး ... "

သူနှင့် ချန်ရုံတို့၏ကတိစကားမှာ နှစ်ကိုယ်ကြားထဲ၌သာရှိသည်ဟု ဝမ်ဟုန်က ဆိုလိုနေခြင်းပင်။အောင်သွယ်တော်မရှိ ၊ စည်းမျဉ်းများနှင့်လည်းမလျော်ကန်ရုံသာမက အကြီးအကဲများထံမှ ကောင်းချီးမင်္ဂလာကိုလည်း မရှိသေးကြောင်း သေချာသည်။ထို့ကြောင့်ပင် ချန်ရုံ့အား လုယူလိုက်သော်ငြားလည်း ရန်မင်း၏သတိုးသမီးအားဖြတ်ခုတ်ခြင်းအရာမမြောက်ပေ။

ထိုအခါ ရန်မင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝမ်ဟုန်၏အရှေ့၌ သွားရပ်တော့သည်။ယင်းကဲ့သို့လှမ်းလာစဉ်တွင် သူက ဓားရှည်အား တစ်ခါတည်းဆွဲထုတ်ခဲ့ပြီး ဝမ်ဟုန်၏လည်ပင်းပေါ်၌ ဓားဖျားကို ရုတ်တရက်ကောက်တင်လိုက်လေ၏။

ဝမ်တပ်သားများမှာ ဝမ်ဟုန်နှင့် ငါးလှမ်းသာကွာဝေးသော်လည်း ရန်မင်း၏လှုပ်ရှားချက်များက မြန်ဆန်လွန်းသဖြင့် အချိန်မီမတုံ့ပြန်နိုင်လိုက်ကြပေ။

ဝမ်ဟုန်၏လည်ပင်းပေါ်ရှိအေးစက်သောဓားသွားထက်တွင် ဆည်းဆာနေခြည်က ရောင်ပြန်ဟပ်သွားပြီး ကြောက်မက်ဖွယ်ရာသေမင်းတမန်အလင်းရောင်ပေါ်ထွက်လာသည်။
တပ်သားများ အသံတိတ်သွားကြလေ၏။သူတို့က ရန်မင်းနှင့် သူ၏ဓားသွားတို့ကို ကြည့်ပြီး ချွေးဒီးဒီးကျနေကြသည်။

ရန်မင်းမှာမူ ဝမ်ဟုန့်ကိုသာစူးစူးရဲရဲစိုက်ကြည့်နေခဲ့ပြီး သူ၏ဓားသွားသည်လည်း ဖြည်းညင်းစွာ ရွေ့လျားလာသည်။၎င်းလှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင်၌ အော်ဟစ်သံများ ထွက်ပေါ်လာ၏။

ဝမ်ဟုန်က ရန်မင်းအား ပြုံးပြလိုက်သည်။
" တပ်မှူး ... သိပ်ကြည့်ကောင်းနေတဲ့လုပ်ရကပ်တော့ မဟုတ်ဘူးနော် ... "

ဝမ်ဟုန်၏စကားကိုကြားသောအခါ ရန်မင်းက ဒေါသတကြီးဖြင့် ခံပြင်းစွာရယ်မောလာခဲ့လေ၏။
ယင်းနောက်တွင် သူက ဝမ်ဟုန့်အား အေးခဲစွာ စိုက်ကြည့်သည်။

" မင်းလိုသုံးစားမရတဲ့အထက်တန်းလွှာတစ်ယောက်ဆီက စော်ကားခံရတဲ့နေ့ရှိလာသေးတယ်ဆိုတာကို မယုံကြည်နိုင်ဘူး "

ထိုအခါ ဝမ်ဟုန်က ရယ်မောလိုက်ပြီး ဓားဖျားအားလျစ်လျူကာ ခေါင်းငုံ့လျက် ဝိုင်ကို ဖြည်းဖြည်းချင်းမော့သောက်လိုက်သည်။

ရန်မင်း၏ဓားသွားမှာလည်း အနောက်ဆုတ်မသွားခဲ့သဖြင့် ၎င်းချွန်ထက်သောဓားဖျားက ဝမ်ဟုန်၏ဖြူဝင်းသော အရေပြားထဲသို့ စိုက်ဝင်သွားပြီး သွေးများပန်းထွက်လာတော့၏။ဒဏ်ရာတိမ်သော်လည်း သွေးထွက်များသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ဟုန်၏ဝတ်ရုံတစ်ခုလုံး အနီရောင်ပြောင်းသွားလေသည်။

သွေးများစီးကျနေသည်ကိုမြင်ရသောအခါ ချန်ရုံက ရန်မင်းအားလှမ်းကြည့်ပြီး " တပ်မှူးရန် ... " ဟုခေါ်ဆိုလိုက်သည်။

သူမသည် ရန်မင်း၏အနောက်တွင် ရပ်နေလျက်ရှိပြီး တစ်ချိန်က အလွန်ရင်းနှီးခဲ့သောရုပ်သွင်မှာ ယခုတွင်တော့ စိမ်းသက်စွာမြင့်မားပြီး ခက်ထန်နေပေသည်။

"တပ်မှူးရန် ... ရှင် ကျွန်မကိုပြန်ခေါ်ဖို့ ဒီကိုလာတာလား... ကျွန်မရဲ့ ညစ်ညူးမှုကိုတောင် မရွံရှာဘဲနဲ့ ထိမ်းမြားယူမယ်လို့ပြောနေတာလား ...အဲလိုဆိုရင်တောင် ကျွန်မကတော့ မလုပ်နိုင်ဘူး ... တစ်ခုတော့ရှိတယ် ... ချန်ဝေ့ကိုသတ်မယ်ဆိုရင်တော့ ပြန်စဉ်းစားပေးမယ် ... "

ချန်ရုံ၏လေသံမှာ ခက်ထန်ရုံသာမကပဲ သူမ၏ခနဲ့ပြောမှုတွင်လည်း အေးစက်သောအငွေ့အသက်ရှိနေသည်။

ချန်ရုံက သူ့အား လုံးဝဂရုမထားဘဲမလောက်လေးမလောက်စားပေါ့ပေါ့တန်တန်ဆက်ဆံလိုက်ခြင်းပင်ဖြစ်လေ၏။
ရန်မင်းက ချက်ချင်းပင် လှည့်ကြည့်လာခဲ့သည်။

ရန်မင်းက ချန်ရုံ့အား အေးခဲစွာ စိုက်ကြည့်လာခဲ့သည်။
" မင်းဘာပြောလိုက်တာလဲ "

တဖြည်းဖြည်း ကျဉ်းမြောင်းလာသောမျက်ဝန်းများထဲ၌ ပြင်းရှသောမီးတောက်တစ်ခု ဖြစ်ပေါ်လာလေ၏။ရန်မင်းက ခက်ထန်မာကျောသောလေသံဖြင့် “မင်းဘာစကားပြောလိုက်တာလဲ” ဟု ထပ်မေးပြန်သည်။

ထိုအသံမှာကြောက်မက်ဖွယ်ရာကောင်းပြီး တပ်သားများအား ဓားအိမ်ပေါ်၌ လက်တင်လျက် အဆင်သင့်အနေအထားဖြစ်သွားကြစေလေ၏။

ချန်ရုံက တစ်ချက်ပြုံးသည်။
သူမသည် ရန်မင်းအား တိတ်တဆိတ်ကြည့်နေရင်းဖြင့် ပါးစပ်ထောင့်ကို အနည်းငယ်ကွေးညွှတ်ကာ ပုံမှန်မဟုတ်သော လျစ်လျူရှုသည့်လေသံဖြင့်ပြောလိုက်တော့၏။

“တပ်မှူးရန် ... ကျွန်မ ရှင့်ကို ကြိုက်လည်းမကြိုက်သလို ထိမ်းလည်းမမြားချင်တော့ဘူး”

ထိုသို့ပြောလိုက်ချိန်၌ ချန်ရုံ၏နှုတ်ခမ်းတို့က အနည်းငယ်ကော့ချိုးသွားခဲ့ပြီး မေးဖျားမှာလည်း အထက်သို့မြင့်တက်သွားသည်။ယင်းနောက်တွင် သူမက ၎င်းနေရာမှထွက်ခွာသွားရန် တစ်ဖက်သို့လှည့်လိုက်လေ၏။ထိုအချိန်တွင် သံလက်မောင်းတစ်စုံက သူမ၏ခါးအားဆွဲယူလာခဲ့သည်။
ရန်မင်းက ချန်ရုံ့အား အနောက်မှဆောင့်ဆွဲလိုက်ခြင်းဖြစ်လေ၏။

ချန်ရုံ့ခမျာ ဟန်ချက်ပျက်သွားပြီး ရန်မင်း၏အောက်ဘက်ရှိမြေပြင်ပေါ်သို့ ဒူးထောက်လျက်သား ပုံကျသွားခဲ့သည်။
ယခုအချိန်၌ ရန်မင်းက ချန်ရုံ့အား အပေါ်မှ ငုံ့ကြည့်နေသည်။ထို့နောက်တွင် သူသည် ဝမ်ဟုန်၏လည်ပင်းမှဓားကိုဆွဲထုတ်ကာ ချန်ရုံ့အား ရွယ်လိုက်လေ၏။

ယင်းဓါးထံမှ အေးစက်မှုက ချန်ရုံ၏‌ရိုးတွင်းခြင်ဆီထဲအထိ စိမ့်ဝင်သွားခဲ့သည်။သို့သော်လည်း သူမက ‌ဖြည်းညင်းစွာခေါင်းမော့ကာ လည်ကိုစင်းပေးထားလိုက်၏။ချန်ရုံမှာ တလက်လက်တောက်နေသည့် ဓားသွားအား တစ်ချက်စူးစမ်းရန် စိတ်မ၀င်စားဘဲ ရန်မင်းအား သရော်နေသောမျက်ဝန်းများဖြင့် တည့်တည့်ကြည့်လိုက်လေ၏။

" ဒေါသထွက်နေတာလား တပ်မှူးရန် ... မဖြစ်ဘူးလေ ... ကျွန်မလိုအောက်တန်းကျတဲ့ မိန်းမကြောင့်နဲ့ ဒေါကန်သွားတဲ့သူရဲကောင်းကြီးဖြစ်သွားရင် လူရယ်စရာဖြစ်ကုန်မှာပေါ့ "

သူမ၏ရယ်မောခြင်းက နှစ်သက်ဖွယ်ရာကောင်းပြီး နူးညံ့နေသေးသည်။ချန်ရုံ ရန်မင်းအားကြည့်နေခဲ့သည့်အကြည့်မှာ စိတ်ဝိညာဉ်ကိုပင် ဆွဲဆောင်နိုင်လောက်ပေ၏။

ရန်မင်း၏ဓားက အရှေ့သို့ ဖြည်းညင်းစွာ တိုးလာခဲ့သည်။
ချန်ရုံမှာ ရွေးချယ်စရာမရှိလေဘဲ သူမ၏ဦးခေါင်းကိုသာမော့ပေးလိုက်လေ၏။သို့သော်ငြားလည်း သူမ၏အပြုံးမှာမူ ခါတိုင်းကဲ့သို့ ညှို့ဓာတ်ရှိနေဆဲပင်။

ဝမ်ဟုန်က အကြောင်းပြချက်တစ်ခုခုကြောင့် သက်ပြင်းချလိုက်ပြီး ခြေတစ်လှမ်းတိုးလာခဲ့လေ၏။
ထိုအခါရန်မင်းတစ်ယောက် သူ၏လည်ပင်းမှ အေးစက်စက်အငွေ့အသက်အား ရုတ်တရက်ခံစားလိုက်ရသည်။ချန်ရုံ့အား စူးစိုက်ကြည့်နေဆဲမှာပင်
ဓားတစ်ချောင်းက သူ၏လည်မျိုအားထောက်လာခဲ့သည်။ယင်းနောက်တွင်မူ ကြည်လင်နူးညံ့သိမ်မွေ့သောအသံတစ်သံကို ကြားလိုက်ရတော့သည်။

" တပ်မှူးရန် ... လွှတ်လိုက်ပါ ... "

ရန်မင်းအား ဓားဖြင့်ထောက်ထားသောတစ်စုံတစ်ယောက်မှာ ဝမ်ဟုန်ပင်ဖြစ်လေ၏။တစ်ဖက်လူ၏လုပ်ရပ်မှာ ရန်မင်းမျှော်လင့်ထားသည်ထက် ကျော်လွန်နေပုံရသည်။

ရန်မင်းက တစ်ဖက်သို့ ဖြည်းညင်းစွာလှည့်ကြည့်ခဲ့သည်။

သူသည် ကျဉ်းမြောင်းသောမျက်ဝန်းများဖြင့် စူးစမ်းကြည့်လိုက်ရာဝယ် လည်ပင်းမှ သွေးများစီးကျနေသော်လည်း သတိမမူဘဲ ပြုံးနေဆဲဖြစ်သော ဝမ်ဟုန်အားတွေ့လိုက်ရလေ၏။

" မင်းပဲတော်ပါပေတယ် ... ကလေကချေကောင်ရဲ့ ... "

ရန်မင်းက သူ၏ဓားအား ဓားအိမ်ထဲသို့ ရုတ်တရက်ပြန်ထိုးထည့်လိုက်သည်။တစ်ချိန်တည်းမှာပင် ဝမ်ဟုန်သည်လည်း သူ၏ဓားအားဘေးဘက်သို့လှမ်းပစ်ကာ အစောင့်တပ်သားတစ်ဦးအား အမြန်ဖမ်းလိုက်စေ၏။

ရန်မင်း၏အကြည့်များက ဝမ်ဟုန်ထံမှ ချန်ရုံ့ထံသို့တစ်ဖန်ပြန်လည်ရောက်ရှိသွားသည်။
သူသည် ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လျက်ဆံနွယ်များ တွဲလောင်းကျနေသောချန်ရုံ့အား စူးစိုက်ကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်လေ၏။
“သေမင်းတမန်နဲ့တွေ့ချင်လို့ စစ်တပ်တွေကြားထဲဝင်ပြေးတာလား”

ချန်ရုံမှာ ရန်မင်းထံမှ ဤလိုစကားမျိုးထွက်လာမည်ဟု ထင်မထားခဲ့ပေ။သူမက ဖြည်းညင်းစွာခေါင်းမော့လိုက်ပြီး ရန်မင်းကိုကြည့်လျက် နှုတ်ဆိတ်နေခဲ့သည်။ချန်ရုံ၏မျက်တောင်ရှည်များမှာမူ ပိတ်ချည်ဖွင့်ချည်ဖြစ်နေလေ၏။
ရန်မင်းက လက်ကိုဝှေ့ယမ်းပြီး အနီးနားမှ ဝမ်တပ်သားများအား " နောက်ဆုတ်ကြ ... " ဟုအော်ပြောသည်။

ထိုအခါ တပ်သားအပေါင်းက ‌ဝမ်ဟုန့်အား ကြည့်ရှုလာခဲ့ကြပြီး ဝမ်ဟုန်လက်ပြလိုက်သောအချိန်မှသာ ဆယ်လှမ်းအကွာသို့ ဆုတ်ခွာသွားကြလေသည်။

သို့သော်လည်း အစောင့်တပ်သားများက ယင်းအကွာအဝေးမှနေ၌ သူတို့သုံးဦးအား ဝန်းရံထားဆဲဖြစ်ပြီး ထိုအခြင်းအရာမှာ အပြင်လူများ၏မြင်ကွင်းအား လုံးလုံးလျားလျားပိတ်ဆို့စေလျက်ရှိသည်။

အစောင့်များ ဆုတ်ခွာပြီးနောက်တွင် ဝမ်အစေခံတစ်ဦးကပတ်တီးနှင့် ဆေးပစ္စည်းများပါဝင်သည့် သစ်သားသေတ္တာတစ်ခုနှင့်အတူ ဝမ်ဟုန့်ထံသို့ ရောက်ရှိလာခဲ့၏။သူမက ဝမ်ဟုန်၏ဒဏ်ရာအား ပတ်တီးကူပေးချင်နေပုံရသည်။


Xxxxxx