အပိုင်း ၁၆၀
Viewers 16k

Chapter 160
လှည်းရထားအတူစီးနင်းခြင်း



အချိန်အတော်ကြာပြီးနောက်တွင် ဝမ်ဟုန်က သူမ၏နာမည်ကို ခေါ်ဆိုလာသည်။သူ၏အသံက ယခင်ကဲ့သို့ပင် ကြည်လင်ဆဲဖြစ်ပြီး နားဝင်ချိုလွန်းပေ၏။


ဝမ်ဟုန်က ခေါင်းမော့လာပြီး အဖြူရောင်များဖုံးလွှမ်းနေသော အေးစက်သည့်ပုံပန်းသွင်ပြင်ကိုတစ်ချက်ကြည့်နေခဲ့သည်။ထို့နောက်မှသာ သူက တိုးညင်းသောလေသံဖြင့် " အားရုံ ..." ဟုခေါ်လာခဲ့ခြင်းဖြစ်ပေ၏။

ယင်းနောက်တွင် ဝမ်ဟုန်က ခေတ္တစကားရပ်ပြီး သက်ပြင်းချလျက်ဆက်ပြောပြန်သည်။

“မင်းရဲ့ အထုပ်အပိုးတွေကို လှည်းပေါ်တင်ပြီးပြီ ... လိုတာအကုန် စီစဉ်ပြီးပြီ ... ငါတို့ အခုထွက်သွားလို့ရတယ် "

" ကျွန်မက ချန်ကုန်းရန်းနဲ့လိုက်သွားမှာ ... " ချန်ရုံက ပြုံးလျက် အေး‌အေးလူလူပြန်လည်ဖြေကြားလိုက်လေ၏။

ထိုအခါ ဝမ်ဟုန်က ဝိုင်ကိုတစ်ကျိုက်တည်းမော့ချလိုက်ပြီး မတ်တပ်ထရပ်သည်။

ချန်ရုံမှာ ဝမ်ဟုန်ထထွက်သွားတော့မည်ဟုထင်လိုက်သော်လည်း ထိုအချိန်တွင် သူမ ကြားလိုက်သမျှမှာ" မေ့မျောအောင်လုပ်လိုက် ... " ဟူသော စကားပင်။

မည်သို့သောအဓိပွါယ်နည်း။


ချန်ရုံတစ်ယောက် အံ့အားသင့်သွားပြီး ခေါင်းမော့ကာ ဘေးဘီကိုကြည့်လိုက်သည်။သို့သော်လည်း ထိုသို့ပြုလိုက်သည်နှင့်တစ်ပြိုင်နက် လည်ဂုတ်မှနာကျင်မှုတစ်ခုကို ခံစားရကာ လောကကြီးတစ်ခုလုံးအမှောင်ကျသွားပြီး ရင်ခွင်တစ်စုံထဲသို့ ပြိုလဲသွားခဲ့လေ၏။


......

ပြင်းထန်သော လှုပ်ယမ်းချက်များကြားမှ ချန်ရုံ နိုးထလာသည်။နိုးနိုးချင်းပင် နွေးထွေးသောအရာတစ်ခုနှင့်ထိတွေ့မိလျက်သားရှိနေကြောင်း သူမ သတိပြုမိသွားလေ၏။

ချန်ရုံက လက်ထောက်ပြီး ခါးမတ်လိုက်သည်။ထိုအခါ အခြားလက်တစ်စုံက သူမ၏လက်အား အုပ်မိုးဆုပ်ကိုင်လာခဲ့၏။ချန်ရုံတစ်ယောက် မျက်လုံးများကိုဖွင့်လိုက်သောအခါ ပေစာကြမ်းအားထိုင်ဖတ်နေသောဝမ်ဟုန့်အားတွေ့လိုက်ရသည်။သူက သက်တောင့်သက်သာမှီထိုင်နေလျက်ရှိပြီး ချန်ရုံ၏လက်များအား တင်းတင်းဆုပ်ကိုင်ထားသည်။ချန်ရုံထထိုင်လာသည်ကို သတိပြုမိသွားသောအခါ ဝမ်ဟုန်က ထိုလက်များကိုလွှတ်ပေးလိုက်၏။သို့သော်လည်း သူ၏အကြည့်များကတော့ ပေစာကြမ်းဆီ၌သာ ဆက်တိုက်ရှိနေခဲ့သည်။

ချန်ရုံမှာ ဝမ်ဟုန့်အားတစ်ချက်ကြည့်ပြီး အခြားတစ်ဖက်သို့ တိုးကပ်သွား၏။ထို့နောက်တွင် သူမက ကန့်လန့်ကာကို မြှောက်တင်ပြီး အပြင်သို့ စူးစူးစိုက်စိုက် ကြည့်သည်။
ထိုအခါ ဖုန်ငွေ့များထနေပြီးရှည်လျားသောလှည်းယာဉ်တန်းတစ်ခုက သူမ၏အမြင်အာရုံ၌ ပေါ်ပေါက်လာတော့သည်။လှည်းယာဉ်များမှာ အရှေ့ရောအနောက်၌ပါ အပြည့်အတင်းရှိနေ‌လေ၏။

နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ချိန်တွင်မူ ၎င်းမှာ အဓိကမျိုးနွယ်စုအားလုံးပါဝင်သည့် ပေါင်းစပ်ယာဥ်တန်းဖြစ်ကြောင်း ချန်ရုံသိရှိသွားသည်။
သူမ၏အနောက်ဘက်ရှိလှည်းယာဉ်တန်းများမှာမူ သူမ ပိုင်ဆိုင်သည်များဖြစ်ပြီး လှည်းမောင်းနှင်နေသောအဖိုးစွင်းကိုပါ တစ်ပါတည်းတွေ့လိုက်ရလေ၏။

ချန်ရုံက လှည်းတွင်းသို့ခေါင်းပြန်ဝင်လိုက်သည်။

အတွင်းဘက်မှ ‌ဗျပ်စောင်းကိုမြင်သောအခါတွင် သူမက ချက်ချင်းလှမ်းယူလိုက်ပြီး သာယာနာပျော်ဖွယ်သံစဉ်တစ်ခုအားစတင်တီးခတ်တော့သည်။
ကျက်သရေရှိလှပြီး လွတ်မြောက်ခြင်းအငွေ့အသက်များပါဝင်သည့်တေးသွားကြောင့် ဝမ်ဟုန်က ခေါင်းမော့လာခဲ့၏။ယခုအချိန်တွင်မူ သူက ချန်ရုံ့အား တိတ်တဆိတ် ကြည့်နေသည်။

ကန့်လန့်ကာကိုကျော်ဖြတ်၍နေရောင်ခြည်တန်းတစ်ခုဝင်‌ရောက်လာခဲ့သဖြင့် ချန်ရုံ၏မျက်နှာနှင့် မျက်ဝန်းများမှာ အလင်းရောင်များဖြင့် တောက်ပနေလေ၏။

သူမ၏လှပသောမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ခိုကိန်းနေပြီး မျက်ဝန်းများမှာမူ ကြယ်တာယာများသဖွယ် ရွှန်းစိုဝင်းလဲ့နေခဲ့သည်။

မေ့မြောသွားပြီးနောက် လှုပ်ခါနေသောလှည်းရထားပေါ်၌ နိုးထလာရသော်ငြားလည်း ဤမိန်းကလေးမှာ ကြောက်ရွံ့ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိပေ။

ဝမ်ဟုန်က စာလွှာအား ဖြည်းညင်းစွာချလိုက်ပြီး အနောက်သို့ မှီထိုင်လိုက်သည်။သူသည် သွယ်လျသောလက်ချောင်းများဖြင့် မေးစေ့အားထိကိုင်လျက်နေလျက်ရှိပြီး နံဘေးမှချန်ရုံ့အား စူးစိုက်ကြည့်နေခဲ့၏။ချန်ရုံ၏မေးဖျားမှ ဒဏ်ရာများကိုမြင်သောအခါတွင်မူ ယမန်နေ့က ရန်မင်းနှင့် တွေ့ဆုံခဲ့သည့် မြင်ကွင်းက အမြင်အာရုံထဲသို့ ကွက်ကွက်ကွင်းကွင်း ဝင်ရောက်လာသည်။

သာယာသောတေးသွားမှာ စမ်းချောင်းတစ်ခုကဲ့သို့ပင် မြင့်မားသောတောင်တန်းများ ၊ စိုပြေသောသစ်ရွက်စိမ်းများ၊ လယ်ကွင်းများပေါ်တွင် ဖြတ်သန်းစီးဝင်ကာ နောက်ဆုံး၌ မြစ်ထဲသို့ တိုးဝင်သွားခဲ့သည်။

၎င်းတို့က ရာသီအလီလီကိုဖြတ်သန်းကူးဝင်ကာ မြစ်ကြီးထဲသို့စီးဆင်းသွားပြီးနောက် တစ်ခုချင်းကွယ်ပျောက်သွား၏။

ထိုအချိန်တွင် အခြားလှည်းတစ်စင်းက ဘေးတိုက်ကပ်လာခဲ့ပြီး ယွီကျစ်၏လေသံက ထိုလှည်းတွင်းမှ ထွက်ပေါ်လာသည်။

"ချီလန် ... မင်းရဲ့တေးသွားက ဘယ်ချိန်ကစပြီးတော့ ဒီလောက်ဆွေးမြေ့ပြီး ‌ငြီးငွေ့တဲ့ပုံစံပေါက်သွားတာလဲ "

ဗျပ်စောင်းကိုင်ထားသည့်ချန်ရုံ့အားမြင်လိုက်ရသောအခါ ယွီကျစ်ခမျာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။

ချန်ရုံမှာ ဗျပ်စောင်းတီးခြင်းအတတ်အား ဆယ်နှစ်ကျော် ကြာလေ့ကျင့်ခဲ့သောကြောင့် စွမ်းရည်ထက်မြက်သူဟု ယူဆနိုင်သော်လည်း သူမထံတွင် နည်းစနစ်များသာ ရှိပြီးခံစားချက်မရှိခဲ့ပေ။ သူမ၏ လက်ကွက်များက ရှုပ်ထွေးပြီး ရိုးစင်းလွန်းသည်။ကူးပြောင်းတီးခတ်မှုမှာစေ့စေ့စပ်စပ်ရှိသော်လည်း စိတ်ခံစားချက်ပါမနေ‌ချေ။သူမ

မည်မျှကျွမ်းကျင်နေသည်ဖြစ်ပါစေ အထွတ်အထိပ်သို့ မရောက်ရှိနိုင်ခဲ့ပေ။
သို့သော်လည်း ယခုအချိန်တွင်မူ သူမ၏တေးသွား၌ နည်းစနစ်များအပြင် ခံစားချက်အပေါင်းပါသက်ဝင်နေခဲ့သည်။

ယွီကျစ်က ချန်ရုံ့အား အံ့အားသင့်စွာဖြင့် စူးစိုက်ကြည့်လိုက်ပြီး ဝမ်ဟုန်ရှိရာဘက်သို့လှည့်ကာ ရယ်မောလျက် ပြောကြားလေ၏။

"ချီလန် ... မင်းရဲ့အမျိုးသမီးက တော်တော်လေးကို အရည်အချင်းရှိတာပဲ "

သီချင်းသံမှာ ရုတ်ချည်း ရပ်တန့်သွားပြီး ချန်ရုံက သူမ၏
တောက်ပသောမျက်ဝန်းများဖြင့် ယွီကျစ်ကို မော့ကြည့်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် " မှားပြောနေပါပြီ ... သခင်လေး ... ကျွန်မမျိုးရိုးနာမည်က ' ချန် '... ကျွန်မနာမည်က ' ရုံ 'ပါ ... ကျွန်မကိုခေါ်ရင် ' ချန်အိမ်တော်ကအားရုံ ' လို့ ခေါ်သင့်တယ် " ဟု ပြောလိုက်သည်။သူမက ယွီကျစ်၏လွဲမှားသောအသုံးအနှုန်းအားဝေဖန်နေခဲ့ခြင်းဖြစ်လေ၏။

ချန်ရုံ့ထံမှ စောဒဂတက်မှုများအား လက်ခံရရှိပြီးနောက်တွင် ယွီကျစ်က ဝမ်ဟုန်အား အားမလိုအားမရ စိုက်ကြည့်ကာ မဲ့ရွဲ့ပြသည်။

" ဝမ်ချီလန် ...မင်းကအရမ်းကိုနုံတာပဲ ... အိမ်ကတစ်ယောက်ဆို တစ်လပဲအချိန်ယူလိုက်ရတယ် "

ထိုအခါ ဝမ်ဟုန်က ဖျတ်ခနဲ ပြုံးလိုက်ပြီး ချန်ရုံ့အားတိတ်တဆိတ်လှည့်ကြည့်သည်။ ခေါင်းငုံ့ထားကာ ဆံနွယ်များလေထဲတွင်လွင့်ပျံနေသည့်ချန်ရုံ၏ပုံစံကို တွေ့လိုက်ရသောအခါ ဝမ်ဟုန်၏မျက်ဝန်းများမှာ ကူကယ်ရာမဲ့ စွာဖြင့် မှိုင်းခနဲ ဖြစ်သွားလေ၏။

ယင်းနောက်တွင် ဝမ်ဟုန်က " လူတိုင်းက တူ‌မနေဘူးလေ ... " ဟု တိုးညင်းစွာပြောကြားလိုက်သည်။

ထိုအခါ ယွီကျစ်က ဟက်ဟက်ပက်ပက်ရယ်မောလေ၏။သူသည်လက်နှစ်ဖက်အား ခါးပေါ်တွင်ထောက်ထားပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ ဝမ်ဟုန့်အား သရော်သည့်အမူအရာကို အပြည့်အဝ သရုပ်ဖော်ပြနေ‌သည်။ဝမ်ဟုန်က တစ်ချက်ပြုံးလိုက်ပြီး ချန်ရုံ့ထံသို့သာ ပြန်လည်အကြည့်လွှဲခဲ့သည်။

ချန်ရုံမှာ ဗျပ်စောင်းတီးခတ်နေဆဲပင်။ကျန်နှစ်ယောက် စကားစမြည်ပြောဆိုနေကြစဉ်တွင် ကြည်နူးဖွယ်ကောင်းသည့်လွမ်းဆွေးတေးသံက လေထဲတွင် တစ်ဖန် လွင့်ပျံလာခဲ့သည်။
တေးသွားသံများ လွင့်စဉ်လာသည်နှင့်အမျှ ဆူညံသံများနှင့် စကားပြောသံများ တဖြည်းဖြည်းလျော့ပါးသွားသည်။ အားလုံးမှာ ကျွမ်းကျင်သူများဖြစ်ကြပြီး ယွီကျစ်ကဲ့သို့ပင် ချန်ရုံ၏တီးခတ်မှုမှာ ချီးမွမ်းထောပနပြုလောက်စရာဖြစ်ကြောင်း သိရှိကြလေ၏။လူအုပ်ကြီး နားဆင်နေစဉ်တွင် တေးသွားက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ချန်ရုံမှာ တီးခတ်နေရင်း ရုတ်တရက် ငြီးငွေ့လာသဖြင့် တေးသွားအားတစ်ဝက်တစ်ပျက်နှင့်ရပ်တန့်လိုက်သည်။ထို့နောက်သူမက ဗျပ်စောင်းအား ပြန်ထားလိုက်ပြီး ဟန်မပျက်ပြန်ထိုင်ကာ အပြင်သို့ကြည့်နေခဲ့လေ၏။

ထိုအချိန်တွင် ဝမ်ဟုန် နှင့်ယွီကျစ်တို့က စကားစမြည်ပြောနေကြသည်။အချို့စကားများအား ချန်ရုံကြားနိုင်ပြီး အချို့ကိုမူ မကြားနိုင်ချေ။

ယွီကျစ်က ချန်ရုံ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီး ဝမ်ဟုန်၏အနားသို့တိုးကပ်လျက် မေးမြန်းသည်။
" မင်း ဘာသွားလုပ်လိုက်တာလဲ ... ဘာသွားလုပ်လိုက်လို့ သူက အသက်မရှင်ချင်တော့တဲ့အထိဖြစ်သွားရတာလဲ ... "

ဝမ်ဟုန်က နှုတ်ခမ်းစွန်းများကိုကော့ချိုးကာ ခန့်မှန်းရခက်သောအပြုံးတစ်ခုအား ဖြစ်ပေါ်စေ၏။ယင်းနောက်တွင် သူက ယွီကျစ်အား ပြန်ကြည့်လိုက်သည်။

ထိုအခါယွီကျစ်က ရယ်မောလိုက်ပြီး အသံကိုလျှော့ကာ " မမေးခဲ့သလိုပဲသဘောထားလိုက်တော့ " ဟုပြောရှာသည်။

သို့သော်လည်း နောက်ဆုံး၌ သူက ချန်ရုံ၏အဖြူရောင်ဝတ်စုံနှင့် ဝမ်ချီလန့်အား စူးစူးစိုက်စိုက်ကြည့်ပြီး အလိုက်ကမ်းဆိုးမသိ ‌ပေါက်ပေါက်ဖောက်လာတော့သည်။
" ဝတ်ထားကြတာတောင် အတူတူပဲ …ဟားဟား ... ငါပြောလိုက်မယ် ... ကျန့်ခန်းကိုပြန်ရောက်တာနဲ့ ကောင်မလေးတွေ အကုန်လုံးက တစ်ရောင်တည်းလိုက်ဝတ်ကြလိမ့်မယ် "

ထိုအချိန်၌ ချန်ရုံက ရုတ်ချည်းဆိုသလိုပင် ပြတင်းတံခါးမှ ခေါင်းပျူထွက်လိုက်ပြီး " အထိန်းတော်ဖျင် ... " ဟုအော်ခေါ်သည်။
အထိန်းတော်ဖျင်မှာ ဆူညံနေသောပတ်ဝန်းကျင်၌ပင် သခင်မဖြစ်သူ၏ခေါ်သံအား လှမ်းကြားနိုင်လေ၏။သူမကလည်း ချက်ချင်းပင် အသံလာရာဘက်သို့ ခေါင်းပျူထွက်ပြီး " သခင်မလေး ... " ဟု လှမ်းအော်လိုက်သည်။

ချန်ရုံ၏အသိပေး‌ချက်ကြောင့် အထိန်းတော်ဖျင်မှာ ယမန်နေ့ညက ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ရှာပေ။သို့သော်လည်း ယခုတွင်မူ စိတ်အေးသွားပြီဖြစ်သည်။

အထိန်းတော်ဖျင် ပြန်ထူးသံကိုကြားသောအခါ ချန်ရုံက လက်ကိုဆန့်တန်းပြီး လှည်းယာဥ်တံခါးအား ထိလိုက်သည်။သို့သော်လည်း တစ်စုံတစ်ဦးက သူမ၏လက်မောင်းအား ဖမ်းဆွဲလာခဲ့၏။ ထို့နောက်တွင် ဝမ်ဟုန်၏ နူးညံ့သိမ်မွေ့သောလေသံ ထွက်ပေါ်လာပြီး နွေးထွေးသောဝင်လေထွက်လေက သူမ၏နားဖျားတစ်လျှောက် လာရောက်ရိုက်ခတ်နေသည်။

“အချစ်လေး ... မြင်းတွေ ပြေးနေတယ် ... ဒီကနေ ခုန်ဆင်းရင် ထိခိုက်လိမ့်မယ် "

"စိတ်မပူပါနဲ့ အရှင် ... "

ချန်ရုံက တစ်ဖက်သို့လှည့်ပြီး ဝမ်ဟုန့်အား ပြုံးပြလိုက်၏။
သူမထံတွင် သေလိုစိတ်မရှိတော့ချေ။

ထိုအချိန်တွင် နံဘေးမှ ယွီကျစ်က ကျယ်လောင်စွာရယ်မောလာခဲ့သည်။

"ချီလန်ရာ ... ဘာတွေ အဲ့လောက် စိတ်ပူနေတာလဲကွ "

ဝမ်ဟုန် တစ်ချက်လှည့်ကြည့်ပေးလိုက်သောအခါမှသာ ယွီကျစ်တစ်ယောက်ပါးစပ်ပိတ်သွားတော့၏။ရယ်သံက ချက်ချင်းရပ်တန့်သွားခဲ့သော်လည်း ထိန်းချုပ်၍မရသော ထူးဆန်းသည့်အသံတစ်ခုက သူ၏လည်ချောင်းထဲမှ ရံဖန်ရံခါ ထွက်ပေါ်နေသည်။

" မမလေး ... "

အပြင်ဘက်မှအထိန်းတော်ဖျင်က နောက်တစ်ကြိမ်အော်ခေါ်လာပြန်သည်။ထိုအခါ ချန်ရုံက ဝမ်ဟုန့်အားလှည့်ကြည့်လိုက်ပြီး ဦးညွှတ်လျက်ပြောကြားသည်။

" အထိန်းတော်ဖျင်ခေါ်နေပါပြီ ... ဆင်းပါတော့မယ် "

သူမသည် ဦးညွှတ်လျက်အနေအထားဖြင့် ပြုံးနေခဲ့သော်လည်း ဝမ်ဟုန်၏အဖြေတစ်စုံတစ်ရာကို မကြားရသေးပေ။မော့ကြည့်လိုက်သောအခါ ဝမ်ဟုန်က ဝိုင်ခွက်ကိုင်လျက် သူမအား ပြုံးပြနေသည်။ယခုလေးတင်ပြောလိုက်သည့်စကားအား သူ မကြား၍လော။

ချန်ရုံ့ခမျာနေရခက်သွားပြီး မနည်းအရယ်ထိန်းထားရသည့်ယွီကျစ်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။ထို့နောက်တွင်မူ သူမသည် နေမြဲအတိုင်းဆက်လက်ထိုင်ကာ ဆင်းသက်မည့်အရေးအား ထပ်မံစကားမဟတော့ချေ။

ယင်းနည်းတူပင် ဝမ်ဟုန်မှာလည်း သူ၏ဝိုင်ကိုသာ တိတ်တဆိတ်မော့သောက်နေ၏။

ချန်ရုံက ကန့်လန့်ကာကိုကျော်ဖြတ်၍ အပြင်ဘက်မြင်ကွင်းအား ထိုင်ကြည့်နေခဲ့သည်။

ယွီကျစ်မှာမူ အနောက်ပြန်လည်ဆုတ်သွားလေ၏။သူ၏လည်ချောင်းတွင်းမှ ထူးဆန်းသောအသံများ အဆက်မပြတ်ထွက်နေဆဲပင်။

အပြင်ဘက်မှ အထိန်းတော်ဖျင်သည်လည်း နှစ်ကြိမ်နှစ်ခါခေါ်ဆိုပြီးနောက် ချန်ရုံ့ထံမှ တုံ့ပြန်မှုကို ပြန်လည်မရရှိသဖြင့် လှည်းယာဥ်အတွင်းသို့သာ ခေါင်းပြန်ဝင်သွားသည်။

လူစုတန်းကြီးက ဆက်လက်ခရီးဆက်ခဲ့ကြလေ၏။

ယွီကျစ်ထွက်ခွာသွားပြီး အချိန်အတော်ကြာပြီးနောက်ဖုန်ငွေ့များထလာပြန်သည်။ဝမ်သတင်းပေးတစ်ဦးက လှည်းရထားရှိရာဆီသို့ ချဉ်းကပ်လာပြီး ဝမ်ဟုန်၏အနားသို့ကပ်၍ ခပ်တိုးတိုးပြောလေသည်။
" အရှင် ... တပ်မှူးရန် လိုက်လာနေပါပြီ "

ချန်ရုံတစ်ယောက် အလိုလိုမော့ကြည့်မိသွား၏။ဝမ်ဟုန်ကတော့ ဝိုင်ခွက်ကိုသာ ဖြည်းညင်းစွာချလိုက်ပြီး တစ်ကိုယ်တည်းကြားလောက်သောလေသံဖြင့် တီးတိုးရေရွတ်သည်။

“မထိမ်းမြားရသေးဘူးဆိုရင်တောင်မှ ယောက်ျားတစ်ယောက်ရဲ့ သတို့သမီးကို ခိုးယူတာကတော့ လုပ်သင့်လုပ်ထိုက်တဲ့အရာ ဟုတ်မနေဘူး ... "

ယင်းနောက်တွင် ဝမ်ဟုန်က သတင်းပေးဖြစ်သူအား လှမ်းပြောလိုက်၏။
“ တံဆိပ်ကို လှည်းပေါ်ကနေ ဖယ်ထုတ်လိုက်ပါ ... ငါသွားရမဲ့ တခြားလမ်းကြောင်းရွေးထားလိုက် ... "

" ဟုတ်ကဲ့ပါ ... "

မြင်းစီးသူရဲများက ဝမ်ဟုန်၏အမိန့်အရထွက်ခွာသွားကြတော့သည်။

ထိုအချိန်တွင် ဝမ်ဟုန်က ချန်ရုံ့အား လှည့်ကြည့်လိုက်လေ၏။အမှားလုပ်မိကြောင်း သိသာသော်လည်း သူ၏မျက်ဝန်းအစုံက တောက်ပနေပြီး မည်သည်ကိုမှဂရုစိုက်ပုံမပေါ်ချေ။ဝမ်ဟုန့်ထံမှ မလုံမလဲဖြစ်မှုတစ်စိုးတစ်စိကိုမျှ ချန်ရုံ မခံစားမိပါ။

ချန်ရုံက ဝမ်ဟုန့်အား တစ်ချက်သာကြည့်ပြီး အကြည့်လွှဲလိုက်သည်။

ဝမ်ဟုန်အမိန့်ပေးထားသော်လည်း ထိုသူတို့မှာ တစ်နေ့တာ လမ်းတစ်လျှောက်လုံး လမ်းဆုံလမ်းခွတစ်ခုကိုမှ မတွေ့ခဲ့ကြပေ။နေလုံးကြီး အနောက်ဘက်အရပ်သို့ နစ်မြုပ်သွားချိန်အထိ ထွက်ခွာရန် အခွင့်အလမ်းပေါ်မလာခဲ့ပါ။

ညနေစာစားချိန်၌ဖြစ်သည်။
တပ်သားများက လှည်းရထားများပေါ်မှ ခုန်ဆင်းကာ ညနေစာသုံးဆောင်ရန် စခန်းချကြသည်။ ဝမ်ဟုန်သည်လည်း ထွက်ခွာလာခဲ့၏။

ချန်ရုံမှာ လှည်းရထားပေါ်မှဆင်းဆင်းချင်း အထိန်းတော်ဖျင်နှင့် အခြားသူများကို ဦးစွာလှည့်ပတ်ရှာလေသည်။
အထိန်းတော်ဖျင်သည်လည်း သူမအား ရှာဖွေနေခဲ့၏။ချန်ရုံ့အားမြင်သောအခါ အဖိုးစွင်းက လှည်းရထားကို တစိုက်မတ်မတ်မောင်းနှင်လာပြီး " သခင်မလေး သခင်မလေး " ဟု လှမ်းအော်ခေါ်ရှာသည်။
ထိုအခါချန်ရုံက အသံလာရာဘက်သို့ဝမ်းသာအားရဖြင့် လှည့်ကြည့်လိုက်ပြီး ယင်းနောက်တွင်မူ လှည်းရထားဆီသို့ချဉ်းကပ်ကာ ကန့်လန့်ကာစကို ရုတ်သိမ်းလျက် လှည်းယာဉ်တွင်းသို့ ဝင်သွားတော့သည်။

သူမ၏ပင်ပန်းနွမ်းနယ်နေသောအသွင်အပြင်ကိုမြင်သောအခါ အထိန်းတော်ဖျင်က အမောတကောမေးမြန်းလာ၏။

"ရေအဆင်သင့်ဖြစ်နေပြီ သခင်မလေး ... ရေချိုးချင်ပါရဲ့လား"

ထိုအခါချန်ရုံက အဖြူရောင်ဝတ်ရုံကိုချွတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။


Xxxxxc