Chapter 159
ထိုစကားများအား အကြိမ်အနည်းငယ်ခန့် ထပ်မံရေရွတ်လိုက်ပြီးနောက်တွင် ချန်ရုံမှာ ဟွမ်းကျိုးလန်အား အရိုအသေပေးကာ ချန်ကုန်းရန်းဆီသို့ ဦးတည်သွားခဲ့သည်။
သူ့ထံသို့ ချန်ရုံလှမ်းလာနေသည်ကိုတွေ့သွားသောအခါ ချန်ကုန်းရန်းက အရှေ့သို့ တိုးလာခဲ့ပြီး တိုးညင်းစွာပြောကြားလိုက်လေ၏။
" ကလေးမလေး ... အတော်ခံစားခဲ့ရမှာပဲ ..."
ချန်ရုံ၏ခေါင်းငုံ့ကာအရိုအသေပြုလိုက်ပြီး " စိတ်ပူစေမိလို့ တောင်းပန်ပါတယ် ဦးရီးတော် " ဟု ပြန်လည်ဖြေကြားသည်။
ထိုအခါ ချန်ကုန်းရန်းက ခေါင်းခါလေ၏။
" မဟုတ်တာပဲ ... ငါ့အမှားတွေပါ ... မကြောက်ပါနဲ့ ... ဒီနေ့ကစပြီး ဦးရီးတော်က စောင့်ရှောက်ပေးပါ့မယ် ... ချန်ယွမ်တို့မိသားစုနဲ့ ရေစက်ဖြတ်လိုက်လို့ရပါပြီ ... ကျန့်ခန်းပြန်ရောက်လို့ အစ်ကိုတော် ၊ ခမည်းတော်တွေနဲ့အတူတူမနေချင်ရင်လည်း ဦးရီးတော်နဲ့အတူလာနေပါ ... "
"ကျေးဇူးတင်ပါတယ် ... "
“ကောင်းပြီ ... လှည်းပေါ်တက်”
“ဟုတ်ကဲ့ပါ ... ”
ချန်ရုံက လှည်းရထားဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။သို့သော်လည်း ခြေလှမ်းတစ်လှမ်းသာလှမ်းလိုက်ရသေး ၊ သူမ၏ခြေထောက်များက အားယုတ်လျော့လာလေ၏။ခန္ဓာကိုယ်သည်လည်း ယိုင်လဲလုမတတ်ဖြစ်သွားသဖြင့် ချန်ရုံမှာ ကြာပွတ်နှင်တံအားမြေပြင်ပေါ်သို့ ထောက်လျက် အားပြုထားရရှာသည်။
ချန်ရုံမှာ သူမဘာသာသူမ ရပ်နေနိုင်ပုံပေါ်သော်လည်း လှုပ်ရှားခြင်းကိုတော့မပြုနိုင်ရှာပေ။အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း တန်းမတ်မတ်သွားနိုင်ခြင်းမရှိပါ။
" နင်တို့သခင်မလေးကို သွားကူတွဲပေးလိုက်ကြ ... "
ချန်ကုန်းရန်းက အော်ပြောသည်။
" ဟုတ်ကဲ့ပါ ... "
ထိုအခါ အစေခံမိန်းကလေးနှစ်ယောက်က လှည်းရထားပေါ်မှ ဆင်းသက်လာခဲ့ပြီး ချန်ရုံ့ထံသို့ အပြေးလေးသွားခဲ့ကြသည်။သူတို့က ချန်ရုံ့အား တစ်ဖက်တစ်ချက်စီမှ တွဲကာ လှည်းယာဉ်ပေါ်သို့ တင်ပေးခဲ့ကြ၏။
ချန်ရုံ လှည်းရထားပေါ်ရောက်သွားသည်နှင့် အထက်တန်းလွှာများကလည်း သက်ဆိုင်ရာယာဉ်များပေါ်တွင် ပြန်လည်နေရာယူခဲ့သည်။ယင်းနောက်တွင် အော်ဟစ်သံ များနှင့်အတူ လှည်းယာဉ်တန်းကြီးက နန်ယန်ဆီသို့ ဆက်လက်ဦးတည်သွားလေ၏။
ရန်မင်းက ထိုမြင်ကွင်းအား တစ်ချက်ကြည့်လိုက်ပြီး မြို့တွင်းသို့ အရှိန်အဟုန်ဖြင့် စီးနင်းပြေးဝင်သွားခဲ့သည်။
အချိန်အနည်းငယ်အတွင်းမှာပင် သူက မြောက်တံခါးဘက်သို့ ရောက်ရှိခဲ့၏။ရောက်ရောက်ချင်းပင် ရန်မင်းက တစ်ဖက်သားအား သူ၏ဓားလှံဖြင့်ချိန်ရွယ်ကာ "ဝမ်ဟုန် ဘယ်မှာလဲ " ဟု ကြမ်းကြုတ်စွာမေးသည်။
မြောက်တံခါးစောင့်တပ်သားများမှာ ရန်မင်းအား ဤလိုပုံစံဖြင့် တစ်ခါမှ မတွေ့ဖူးကြချေ။သူတို့က စိုးရိမ်ကြီးစွာဖြင့် အချင်းချင်းအကြည့်ချင်းဆုံလိုက်ကြပြီး ထိုမှတစ်ဦးက အရှေ့သို့တိုးလာကာ အရိုအသေပြုလျက် လျှောက်တင်သည်။
“ အရှင်က ကျန့်ခန်းကိုပြန်ဖို့ အနောက်တံခါးကနေထွက်သွားပါပြီ ... "
" အနောက်တံခါးလား .... "
ရန်မင်းက ခနဲ့ပြုံးပြုံးကာ မြင်းအားတစ်ဖန်ပြန်လှည့်ပြီး ဒုန်းစိုင်းစီးနင်းသွားပြန်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်မှုန့်ဖှုန်မွှားများသာ ကျန်ရစ်ခဲ့လေ၏။
အနောက်ဘက်စူးစူးသို့ ကဆုန်ပေါက်စီးနင်းသွားသူကိုကြည့်ရင်း ဝမ်အမှုထမ်းတစ်ဦးက တုန်လှုပ်ချောက်ခြားစွာဖြင့် ပြောလာသည်။
"တပ်မှူးရန်က ငါတို့သခင်လေးကို ဒုက္ခပေးချင်နေတာများလား "
ထိုအခါ ယခုလေးတင် ရန်မင်းအားလျှောက်တင်လိုက်သောအစောင့်တပ်သားဖြစ်သူက ပြန်လည်ဖြေကြားလေ၏။
“သူဘယ်လောက်လူသတ်ချင်နေပုံပေါက်နေလဲဆိုတာကိုလည်း ကြည့်လိုက်ပါဦး ...သခင်လေးကို အန္တရာယ်ပြုချင်နေမှန်းသိသာတယ် ... ချက်ချင်းသွားပြီးတော့ သခင်လေးကို တတ်နိုင်သမျှအမြန်ထွက်ခွာဖို့လျှောက်တင်တော့ ... အနောက်ဘက်တံခါးက ထွက်လို့မရဘူးဆိုတာကို မမေ့နဲ့ဦး ... "
" ဟုတ်ပြီ ... "
ကျန်တစ်ဦးက သုတ်သုတ်ပြာပြာဖြင့် ထွက်ခွာသွားတော့သည်။
လှည်းရထားမှာ ချန်ရုံ့အား အိမ်တော်ဆီသို့ တန်းတန်းမတ်မတ်ပြန်လည်ခေါ်ဆောင်သွားခဲ့၏။၎င်းသည် သူမ၏ခြံဝင်းဟောင်းထဲသို့ မဝင်ခဲ့ဘဲ အိမ်တော်အရှေ့ဘက်ခြမ်းရှိ ခမ်းနားထည်ဝါသော အခြားအဆောင်တော်ထံသို့သာ ဦးတည်ခဲ့သည်။
ချန်ရုံ လှည်းရထားပေါ်မှဆင်းလာသည်နှင့်တစ်ပြိုင်နက်အစေခံအပေါင်းက ဝန်းရံခစားလာကြ၏။အဖိုးစွင်းဆိုလျှင် သူမထံသို့ မျက်ရည်စက်လက်ဖြင့် ပြေးလာသည်အထိဖြစ်သည်။
" အထိန်းတော်ဖျင်ဘယ်မှာလဲ ... "
ချန်ရုံက ငိုကြွေးနေသောအဖိုးစွင်းအားကြည့်လိုက်ပြီးဖျော့တော့စွာမေးမြန်းလိုက်၏။အဖိုးစွင်းဆက်လက်ငိုကြွေးနေခိုက်တွင် အစေခံတစ်ဦးက ကိုယ်စားဖြေကြားလာခဲ့သည်။
“ သခင်မလေး မေ့သွားတာလား ... အထိန်းတော်ဖျင်က သခင်မလေးနဲ့အတူတူပဲထွက်သွားခဲ့တာလေ ... "
အထိန်းတော်ဖျင်ပြန်ရောက်မလာသေးသော်လည်း ရန်မင်းနှင့်သာအတူရှိနေလျှင် စိတ်ပူစရာမလိုချေ။ဘေးအန္တရာယ်ကြုံလာလျှင်မူ သေခြင်းမှာ အဆိုးဝါးဆုံးသောဖြစ်နိုင်ချေသာဖြစ်သည်။
ရိုးရိုးသားသားပြောရပါလျှင် ရှင်သန်နေရခြင်းထက် သေခြင်းတရားကပင် ပို၍စိတ်အေးသက်သာရှိသေးသည်။
သူမ အဘယ်ကြောင့် စိတ်ပူနေရမည်နည်း။
ချန်ရုံက အထဲသို့ဝင်သွားခဲ့သည်။သူမသည် ဤအချိန်တွင် ခမ်းနားလှပသောခြံဝင်းအား လှည့်ပတ်ကြည့်နေရန် စိတ်မပါချေ။အစေခံများ ချန်ရုံ့အား သူမ၏အခန်းဆီသို့ခေါ်ဆောင်သွားကာ ရေမိုးချိုးရန်အတွက် ရေနွေးပြင်ဆင်ပေးကြသည်။
ချန်ရုံမှာ အစေခံတို့၏အကူအညီဖြင့် သွေးစွန်းနေသောအဝတ်များကို ချွတ်ရန် ရုန်းကန်ခဲ့ရသည်။သွေးများကခြောက်သွေ့သွားပြီး အရေပြားနှင့်ကပ်နေသောကြောင့် ဆွဲခွာရန် မလွယ်ကူခဲ့ပေ။
ထို့နောက် သူမက ရေနွေးနွေးလေးထဲသို့ မျက်နှာကိုနှစ်မြှုပ်လိုက်သည်။အချိန်အတော်ကြာပြီးနောက် ချန်ရုံက ဘေးသို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး “ငါ့အဝတ်အစားတွေကို အဖြူရောင်ပြောင်းလိုက်ပါ ” ဟု ခပ်တိုးတိုးပြောလိုက်၏။
အစေခံများက ခေတ္တမင်သေသွားကြသည်။
ချန်ရုံမှာ ခေါင်းမမော့ဘဲထပ်မံပြောကြားခဲ့၏။
"အားလုံးကို အဖြူရောင်နဲ့ပြောင်းလိုက်ပါ... အခုချိန်ကစပြီး အဖြူရောင်ပဲဝတ်တော့မယ်"
" ဟုတ်ကဲ့ပါ ... "
ရေချိုးပြီးနောက်တွင် ချန်ရုံသည် အိပ်ယာပေါ်၌လဲလျောင်းနေခဲ့၏။အချိန်မည်မျှကြာသွားကြောင်းသေချာမသိလိုက်သေးခင်မှာပင် ငိုရှိုက်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ချန်ရုံက မျက်လုံးဖွင့်ကြည့်လိုက်၏။
အထိန်းတော်ဖျင်ပြန်လည်ရောက်ရှိလာလေပြီ။သူမသည် ချန်ရုံ၏ကုတင်ဘေးတွင် ငိုရှိုက်နေရှာသည်။
ချန်ရုံက မျက်လုံးများကိုဖွင့်ကာ အထိန်းတော်ဖျင်အားလှည့်ကြည့်ပြီး " မငိုပါနဲ့ ... " ဟုခပ်တိုးတိုးပြောလိုက်၏။
ထိုအခါ အထိန်းတော်ဖျင်က အမြန်မော့ကြည့်ရှာသည်။တောက်ပသောမျက်နှာနှင့် လှပသောအပြုံးတို့တွင် သူမ တွေးထင်ထားခဲ့သကဲ့သို့ ဝမ်းနည်းမှု အရိပ်အယောင်များ ရှိမနေချေ။
အထိန်းတော်ဖျင်က မျက်ရည်များကိုသုတ်လိုက်ပြီး " သခင်မလေး နေကောင်းပါရဲ့လား ... " ဟု မေးမြန်းသည်။
" ကျွန်မလား .... ကောင်းတာပေါ့ ... ဒီ့ထက်တောင်ပိုမကောင်းနိုင်တော့ဘူးရယ် ... "
ချန်ရုံက ခပ်ယဲ့ယဲ့ပြုံးပြီး သစ်သားဖိနပ်ထဲသို့ သူမ၏ခြေထောက်အစုံအားထည့်သွင်းကာ ကြေးဝါမှန်ထဲမှ ပုံရိပ်ယောင်အား တစ်ချက်လှမ်းကြည့်သည်။
ယင်းနောက်တွင် သူမက လက်နှစ်ဖက်အားဆန့်တန်းလိုက်လေ၏။
ထိုအခါ အထိန်းတော်ဖျင်က ချန်ရုံ၏ဝတ်စုံကို အမြန်ယူကာ ကူညီဝတ်ဆင်ပေးခဲ့သည်။ထို့နောက် သူမသည် ဘီးကိုကိုင်ဆောင်လျက် ဆံပင်ဖြီးသင်ပေးခြင်းအမှုကို စတင်တော့လေ၏။ကြေးမုံမှန်ထဲ၌ ရောင်ပြန်ဟပ်နေသည့်ချန်ရုံ၏အဖြူရောင်ရုပ်သွင်ကိုကြည့်ရင်း အထိန်းတော်ဖျင်က ပြောလာခဲ့သည်။
" သခင်မလေး ပြောင်းလဲသွားတာပဲ ... "
ချန်ရုံ၏အေးစက်နေသော မျက်နှာနှင့် ဆွဲဆောင်မှုရှိသော အပြုံးများအားကြည့်ရှုရင်း အထိန်းတော်ဖျင်မှာ“ သခင်မလေးက အရမ်းလှလာတယ် ” ဟု မှတ်ချက်မပြုဘဲမနေနိုင်တော့ချေ။
ကွဲကွာနေသော ရက်အနည်းငယ်အတွင်း၌ သခင်မဖြစ်သူမှာ လုံးဝခြားနားသောလူတစ်ယောက် ဖြစ်လာခဲ့သည်။ ဤအခိုက်အတန့်တွင် သူမသည် မြေမှုန့်အပေါင်းကင်းစင်သော လွတ်လပ်သည့်နှင်းဆီပန်းကလေးတစ်ပွင့်ကဲ့သို့ပင်။သူမထံတွင် သိမ်နုပ်ညံ့ဖျင်းသောကိုယ်လုပ်တော်ဖွားသမီးတစ်ဦးနှင့်တူသည့် မည်သည့်အရာကိုမျှ မတွေ့ရပေ။ ဘဝ၏အကျိုးအပဲ့ ၊ ရိုက်ခတ်မှုဒဏ်များကို ကောင်းကောင်းကြီးတွေ့ကြုံခံစားခဲ့ရသည်ဖြစ်ရာ ယခု၌ တည်ငြိမ်မှုတစ်ခုတည်ရှိနေလေသည်။
ဤအချိန်တွင် ချန်ရုံမှာ မျက်စိကွယ်သွားလောက်အောင်ပင် တောက်ပနေခဲ့၏။
ထိုအချိန်တွင် အထိန်းတော်ဖျင်က ကြေးမုံမှန်ထဲရှိချန်ရုံ၏ရုပ်သွင်ကို နောက်တစ်ကြိမ်ထပ်ကြည့်လျက် ပြောပြန်သည်။
" သခင်မလေးနဲ့ ကျော်ကြားတဲ့အထက်တန်းလွှာတွေမှာ ဆင်တူတဲ့ အရာတစ်ခုရှိတယ်"
ဟုတ်ပေသည်။ထိုသူတို့အားလုံးမှာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ရတတ်မအေးဖြစ်နေရသည့်စိတ်မချမ်းသာသူများဖြစ်လေသည်။
ဖြီးလိမ်းခြင်းအမှုပြီးသွားသောအခါတွင် ချန်ရုံက မတ်တပ်ထရပ်ပြီး ကြေးမုံမှန်မှတစ်ဆင့် အထိန်းတော်ဖျင်ဆီသို့ အကြည့်လွှဲလိုက်၏။
" အထိန်းတော်ဖျင် ... ဘယ်တုန်းက ပြန်ရောက်တာလဲ ... "
“ဒီမနက်အစောကပါ ... တပ်မှူးရန်ရဲ့ အကြံပေးတစ်ယောက်က ရုတ်တရက်လာတွေ့ပြီး မြို့ကို ပြန်လို့ရပြီလို့ ပြောတယ် ...ပြီးတော့ မြို့တံခါးအထိ လိုက်ပို့ပေးပြီးထွက်သွားပါတယ် ”
အထိန်းတော်ဖျင်က ချန်ရုံ့အားသတိကြီးစွာဖြင့်ကြည့်ပြီး အထစ်ထစ်အငေါ့ငေါ့ဆက်မေးလာသည်။
" တစ်ခုခုဖြစ်သွားလို့လား ...သခင်မလေး "
စိုးရိမ်ပူပန်မှုလွန်ကဲနေသဖြင့် အထိန်းတော်ဖျင်၏အသံမှာချီတုံချတုံ ဖြစ်နေလေ၏။
ထိုအခါ ချန်ရုံက ပြုံးလျက်ပြန်ဖြေသည်။
"ကျွန်မတို့မကြာခင် ကျန့်ခန်းကို ပြန်ရတော့မယ် ... ဘုရင်မင်းမြတ်နဲ့ သီးသန့်တွေ့ဖို့ တောင်းဆိုလို့ရတဲ့အခါကျရင် ကျွန်မကိုတစ်သက်လုံး အိမ်ထောင်မပြုဘဲ နေခွင့်ပြုဖို့ လျှောက်တင်မှာပါ "
အထိန်းတော်ဖျင်မှာ အလွန်စိုးရိမ်ပူပန်နေပြီး သူမ၏နဖူးတွင် ချွေးများစို့လာတော့သည်။
" သခင်မလေး ... ဒါ ... ဒါက ... "
ချန်ရုံက တစ်ဖက်သို့လှည့်ပြီး အပြင်သို့အေးအေးလူလူထွက်ရင်း ပြောကြားသွားလေ၏။
"အထိန်းတော်ဖျင် ...ကျွန်မ မြေနဲ့အိမ်တွေ များများဝယ်မှာပါ ...အထိန်းတော်ဖျင်နဲ့အဖိုးစွင်း အသက်ကြီးလာတဲ့အခါကျရင် ကျွန်မက စောင့်ရှောက်ပေးပါ့မယ် "
ထိုစကားကိုကြားသောအခါအထိန်းတော်ဖျင်က ခေါင်းယမ်းပြီး " ဟင့်အင်း ... မဟုတ်သေးဘူး ... မဟုတ်သေးဘူး " ဟုပြောလိုက်သည်။
ယင်းနောက်တွင် သူမက ချန်ရုံ၏အနောက်သို့ဆက်လိုက်သွားကာ ဆက်တိုက်ပြောပြန်၏။
" သခင်မလေး .... မိန်းမပျိုလေးတစ်ယောာက်က သူ့တစ်သက်လုံး အိမ်ထောင်မပြုဘဲနေနိုင်ပါ့မလား ...ဒါ .. ဒါက အဓိပ္ပါယ်မရှိတာပဲ ... "
အစေခံများက သူမနှင့် ချန်ရုံအား ကွက်ကြည့်ကွက်ကြည့်ပြုလာကြသည့်အချိန်မှ အထိန်းတော်ဖျင်က ပါးစပ်ပိတ်သွားတော့သည်။
အချိန်မှာနောက်ကျနေပြီဖြစ်သည်။နန်ယန်တစ်ခွင်တွင် မီးပုံးများထွန်းညှိထားပြီး ဆူညံသံများနှင့် မြင်းသံများကို အဆက်မပြတ်ကြားနေရ၏။အိမ်သူအိမ်သားများအားလုံး နန်ယန်မှထွက်ခွာရန် အလုပ်များနေပုံရသည်။
ချန်ရုံက ထိုအသံများကိုနားစွင့်နေရင်း အဖိုးစွင်းအား ပြောလိုက်သည်။
" အထုပ်အပိုးတွေပြင်ထားပါ ... ဘယ်ချိန်မဆို ထွက်သွားလို့ရအောင် ... "
" ဟုတ်ကဲ့ ... "
အဖိုးစွင်းက ချန်ရုံ၏အနောက်မှအတူတူလိုက်သွားခဲ့ပြီး လယ်ကွင်းများရှိ၍ဤနေရာကိုမစွန့်ခွာချင်ကြောင်းပြောဖို့ရန် တုံ့ဆိုင်းနေခဲ့သည်။
ချန်ရုံက ခေါင်းငုံ့လိုက်ပြီး ခဏအကြာတွင် သူမက ပြောကြားလာသည်။
"ဝမ်ချီလန် နန်ယန်ကထွက်သွားရင် နန်ယန် ဘေးကင်းသွားလိမ့်မယ်ထင်တယ်"
ခေတ္တစကားရပ်လိုက်ပြီးနောက် သူမသည် အဖိုးစွင်းကို လှည့်ကြည့်ကာ "ပိုင်ဆိုင်မှုတွေအတွက် စီစဉ်စရာရှိတာတွေစီစဉ်လိုက်ပါ .... ဒါပေမယ့် အဖိုးစွင်းကို ကျွန်မနဲ့အတူတူ ကျန့်ခန်းမှာရှိနေစေချင်သေးတယ် ... "
" ကောင်းပါပြီ .... "
အဖိုးစွင်းက သူမ၏အမိန့်အရ ထွက်ခွာသွားခဲ့သည်။
အိပ်မပျော်သည့်ညဖြစ်ရန်သေချာသလောက်ပင်။
ချန်ရုံတစ်ယောက် သစ်ပင်အောက်တွင် ရပ်နေပြီး မြို့တော်ရှိ မီးရောင်များကို ကြည့်ရှုရင်း အချိန်အတော်ကြာအောင် မလှုပ်မယှက်ဖြစ်နေခဲ့သည်။ခြံဝင်းတစ်ခုလုံးဆိတ်ငြိမ်သွားကာ အပြင်ဘက်မှမီးရောင်များမှိန်ပျပြီး တေးသံများတိတ်ဆိတ်သွားသည့်အချိန်ရောက်မှသာ သူမက လှည့်ထွက်ရန်ပြင်ဆင်ခဲ့သည်။
သို့သော်လည်း တစ်ဖက်သို့လှည့်လာပြီး သိပ်မကြာမီမှာပင် သူမ၏ခြေလှမ်းများက တွန့်ဆုတ်သွားတော့သည်။
ခြံဝင်းထဲသို့ မည်သည့်အချိန်ကတည်းက စားပွဲနှစ်လုံးရောက်ရှိနေမှန်း သူမ သေချာမသိပေ။ဝတ်ရုံဖြူလွှားထားကာ ဝိုင်ငှဲ့နေသည့် ချောမောသောပုံဏ္ဌာန်မှာ ဝမ်ဟုန်မဟုတ်ပါလော။
သူ၏နောက်ကွယ်၌ မှောင်မိုက်သည့်အရိပ်အယောင်များ ရှိသည်။ခြံဝင်းကလည်း အလွန်တိတ်ဆိတ်နေ၏။အစေခံများ အိပ်ပျော်သွားကြသလော။ထိုမှမဟုတ် အိမ်ပြန်သွားကြသလော။
ဤလိုနောက်ကျသောအချိန်ကြီးတွင် ထိုသူက ခြံဝင်းထဲ၌ အဘယ်ကြောင့်ပေါ်လာရပါသနည်း။
ချန်ရုံက တစ်ဖက်လူကိုကြည့်လိုက်ပြီး တည်ငြိမ်ပြုံးတစ်ခုအား ဖြည်းညင်းစွာ ဖန်တီးလိုက်သည်။
ထို့နောက် သူမသည် ခြေလှမ်းအနည်းငယ်လှမ်းကာ ဝမ်ဟုန်၏မျက်နှာချင်းဆိုင်စားပွဲ၌ ဝင်ထိုင်လိုက်လေ၏။
ကြယ်တာယာများအောက်ဝယ် သူမက ထိုလူအားပြုံးပြလျက် နွေးထွေးစွာစိုက်ကြည့်နေခဲ့သည်။သူမ၏မျက်လုံးများ၊ အမူအရာများ၌ အံ့အားသင့်မှု သို့မဟုတ် ထိတ်လန့်မှုတစ်စုံတစ်ရာ မပါဝင်ပါ။အမြဲတမ်းမိတ်ဆွေဖြစ်ခဲ့သူနှင့် တွေ့ဆုံရန် ကြိုတင်တိုင်ပင်ထားသလိုပင်။
ချန်ရုံက ပြုံးနေရင်းဖြင့် ဝမ်ဟုန်၏ခွက်နှင့် သူမ၏ခွက်များထဲသို့ ဝိုင်ငှဲ့ထည့်လိုက်သည်။ထို့နောက် သူမသည် သူမ၏ခွက်ကို ကိုင်ဆောင်ကာ နှုတ်ခမ်းဖြင့်တေ့လိုက်ပြီးတစ်ငုံသောက်သည်။နှစ်ဦးစလုံးက မည်သည့်စကားမျိုးကိုမှ ဖွင့်ဟမလာကြသေးပေ။
Xxxxx