အပိုင်း ၁၅၈
Viewers 18k

Chapter 158
အသွင်ပြောင်းခြင်း



ရန်မင်းတစ်ယောက် စိတ်ခုသွားသည်။သူက မေးဖျားကိုလွှတ်လိုက်ပြီး ချန်ရုံ၏ကျန်လက်မောင်းတစ်ဖက်အားဆွဲကိုင်ကာ အော်ဟစ်မေးမြန်းပြန်သည်။သူ၏ဝံပုလွေမျက်လုံးများမှာ ဓားသွားသဖွယ်ထက်မြက်နေ၏။

" ချန်အိမ်တော်ကအားရုံ .... မင်းအကြောင်း ငါသိတယ် ...ဘာဖြစ်ခဲ့တာလဲ ပြောစမ်း .... "

ထိုအခါ ချန်ရုံက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ရန်မင်းအား မေးခွန်းထုတ်လိုဟန်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်ကာပြုံးပြလိုက်တော့သည်။

" ရှင်သိစရာလိုလို့လား ... "

" ပြောလို့ ပြောနေတယ် "

ချန်ရုံ ရယ်ချလိုက်သည်။ထို့နောက်သူမသည် ခြေဖျားထောက်လိုက်ပြီး ရန်မင်း၏လည်ဂုတ်အားဆွဲကိုင်ကာ နှုတ်ခမ်းသားများဖြင့်တေ့လိုက်လေ၏။ရုတ်ချည်းဆိုသလိုပင် လျှာဖျားတစ်စုံက ရန်မင်း၏လည်တိုင်၌ကူးလူသွားခဲ့သည်။
ရန်မင်းမှာ အနည်းငယ်တုန်လှုပ်သွားသော်လည်း ငြိမ်သက်စွာရှိနေခဲ့ဆဲပင်။ချန်ရုံ၏မွှေးကြိုင်ပေါ့ပါးသော ဝင်လေထွက်လေများက သူ့အား လာရောက်ရိုက်ခတ်နေသည်။

" ဘာလို့လဲဆိုတော့ ... ကျွန်မမှာ ဂုဏ်မရှိတော့ဘူးလေ ... "

ချန်ရုံက ရယ်မောရင်း ဖြည်းဖြည်းချင်းပြောနေခဲ့လေ၏။
ယင်းလေသံမှာ တိုးညင်းပြီး လေလုံးသိပ်မကွဲချင်ပေ။

ခြေလှမ်းနှစ်ရာအကွာတွင်မူ ဝမ်ဟုန်မှာ သူ၏လှည်းရထားပေါ်မှနေ၍ ၎င်းမြင်ကွင်းအား ကြည့်ရှုနေခဲ့သည်။သူက ခေါင်းကိုနောက်ပြန်လှန်လျက် ဝိုင်များအား မော့ချလိုက်သည်။

ရန်မင်း၏လည်တိုင်အား မျက်နှာအပ်ပြီးနောက်တွင် ချန်ရုံမှာ တခစ်ခစ်ရယ်မောနေပြီး ရီဝေဝေတစ်ချက်ကြည့်ကာ
သူမအား ချုပ်ကိုင်ထားသော ထိုလက်များအား တွန်းဖယ်လိုက်ပြီး ထွက်သွားတော့၏။

သို့သော်လည်း ရန်မင်းက သူမအား ဖမ်းဆွဲထားပြီး " ဘယ်ကောင်လဲ ... ဘယ်ကကောင်လဲ ... " ဟု အော်ဟစ်မေးမြန်းလာပြန်သည်။

ရန်မင်းဒေါသူပုန်ထနေကြောင်းကိုသိရှိရန် တကူးတကလှည့်ကြည့်နေစရာမလိုချေ။အဘယ်ကြောင့်ဆိုသော် တပ်သားများအားလုံး ခေါင်းငုံ့လျက် နောက်ပြန်ဆုတ်သွားကြကို ချန်ရုံမြင်နေရသောကြောင့်ဖြစ်သည်။

ရန်မင်းက ချန်ရုံ့အား သူ၏လက်မောင်းများထဲသို့ အကြမ်းပတမ်းဆွဲသွင်းလိုက်ပြီး " ဘယ်က ကောင်လဲ " ဟု ထပ်မံအော်ဟစ်ပြန်သည်။

ချန်ရုံပြောပြောချင်းပင် ရန်မင်းမှာ ထိုအကြောင်းပြချက်အား ယုံကြည်သွားခဲ့သည်။အကြောင်းမှာ အင်ပါယာအတွင်းရှိ မည်သို့်သောမိန်းကလေးကမှ ထိုသို့သောအခြင်းအရာအား နောက်ပြောင်ကျီစယ်မည်မဟု‌တ်သောကြောင့်ဖြစ်သည်။

၄င်းသည် သူမ၏ပြောင်းလဲမှုများအားရှင်းပြနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်လည်း ဖြစ်သည်။

ရန်မင်းမှာ အမျက်ဒေါသ ၊ မုန်းတီးမှုတို့ဖြင့် ဝါးမျိုခံခဲ့ရ၏။သူက ချန်ရုံ့အား အလွန်တင်းကြပ်စွာဆွဲသွင်းထားသည်မှာ အရိုးအက်ကွဲသံများထွက်လာပြီး အေးစက်စွာပြုံးနေသောမျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ စို့လာသည်အထိဖြစ်သည်။

သို့သော်လည်း ချန်ရုံက ငိုယိုခြင်းမပြုသည့်အပြင် တောက်ပစွာပင် ပြုံးနေခဲ့သေးသည်။သူမက ခေါင်းလှည့်ကာ ရန်မင်းအား စိုက်ကြည့်ရင်း တိုးညင်းစွာပြောလိုက်၏။

“ဘယ်သူမှန်းမသိဘူး ... "

ရန်မင်း၏ စူးစူးရှရှအကြည့်များအောက်တွင် သူမက အထွေအထူးမဟုတ်သလို ထပ်မံဖြည့်စွက်ပြောကြားသည်။

" ဘာမှမလုပ်စရာမရှိလို့ ပျင်းနေတော့ ညနေဘက် လမ်းလျှောက်ထွက်ခဲ့တာ ... မထင်မှတ်ဘဲ သတိလစ်သွားတယ် ... နိုးလာတော့ အပျိုရည်ပျက်နေတာပဲ "

ချန်ရုံ၏လေသံမှာ အေးဆေးလွန်းပြီး သူမ၏အပြုံးက အလွန်တောက်ပနေသည်။
ရန်မင်းမှာ ရုတ်တရက် ပျို့အန်ချင်လာတော့၏။
သူက ချန်ရုံ့အား တွန်းထုတ်ပစ်လိုက်သည်။ယင်းနောက်တွင် ရန်မင်းက မြင်းပေါ်မှခုန်ဆင်းပြီး မြေပြင်ပေါ်သို့လဲကျသွားသော ချန်ရုံ့အနားသို့တိုးကပ်လာ၏။

သူ၏အကြည့်များ၌ ဒေါသနှင့် ရွံရှာခြင်းတို့ ကိန်းဝပ်နေသည့်အပြင် ချောမောသောမျက်နှာပေါ်တွင်လည်း ယူကြုံးမရဖြစ်မှုတို့ရှိနေသည်။

" ချန်အိမ်တော်ကအားရုံ ... ငါ မင်းကို လက်ထပ်မယ်လို့ ကတိပေးထားတယ်လေ "

ရန်မင်းက ရှိုက်ကြီးတငင်ဖြစ်စွာ တဟားဟား ရယ်ပြီး “ငါ မင်းကို ကတိပေးမထားလို့လား ... ” ဟု ထပ်မံအော်ဟစ်ပြန်သည်။

ဤသို့ဖြင့် သူသည် ရုတ်တရက်လှည့်ပြန်ပြီး မြင်းပေါ်သို့ပြန်တက်သွားကာ ဇက်ကြိုးကို အဆုံးအစွန်ထိဆွဲ၍ အရှိန်အဟုန်ဖြင့် မိုက်ရူးရဲဆန်စွာ မောင်းထွက်သွားတော့သည်။

တပ်သားများနှင့်ချန်ဝေ့မှာ ကနဦးတွင် မင်သေနေကြသော်လည်း မကြာမီမှာပင် ရန်မင်း၏အနောက်သို့ ပြေးလိုက်သွားခဲ့ကြသည်။အဝေးရောက်သွားခိုက်တွင်ပင်လျှင် ချန်ဝေ့မှာ ချန်ရုံ့အား လှည့်ကြည့်နေသေးသည်။သို့သော် လည်း ဤတစ်ကြိမ်အကြည့်၌ နာကြည်းမုန်းတီးမှုများပျောက်ကွယ်သွားပြီး အလွန်ဝမ်းမြောက်နေသောအငွေ့အသက်များသာပါဝင်နေသည်။

တစ်နာရီခန့်အကြာတွင် တပ်စုမှူးတစ်ဦးက ရန်မင်းအား ဦးဆုံးရှာတွေ့သွားခဲ့သည်။ရန်မင်းမှာ ယခုအချိန်၌ မြင်းစီးခြင်းမပြုတော့ချေ။သူကဆိတ်ကွယ်ရာတောတွင်း၌ နေဝင်ချိန်အား မျက်နှာမူလျက် မြင်းပေါ်တွင် ထိုင်နေခဲ့၏။
ရန်မင်းမှာ မလှုက်မယှက်ရှိနေခဲ့ပြီး သူ၏လွင့်ပျံနေသော၀တ်စုံနှင့် ဆံပင်ကြောင့်သာ မဟုတ်လျှင် ကျောက်ရုပ်ဟူ၍ပင် ထင်ရက်စရာရှိသည်။

၄င်းတပ်စုမှူးက ရန်မင်းထံသို့ချဉ်းကပ်လာခဲ့ပြီး တိုးညင်းစွာ ပြောလိုက်၏။

" မိန်းမသားတစ်‌ယောက်ပါပဲ အရှင် ... သူ့အတွက်နဲ့ ဘာလို့ စိတ်အညစ်ညူးခံရတာပါလဲ "

ရန်မင်းက လှည့်မကြည့်ပေ။သူသည် နေဝင်ချိန်ကိုသာ အချိန်အတော်ကြာစိုက်ကြည့်နေခဲ့ပြီး တပ်စုမှူးဘက်မှ တစ်စုံတစ်ရာတုံ့ပြန်လာမည်မဟုတ်ကြောင်း တွေးမိလိုက်သောအချိန်မှသာ ရုတ်တရက်ထပြောလာခဲ့သည်။

"မဟုတ်ဘူး ... သူ လိမ်နေတာ "

ကျယ်လောင်စွာရယ်မောနေသောရန်မင်း၏အသံက တပ်စုမှူးအား အံ့အားသင့်သွားစေ၏။
ရန်မင်းက ရယ်မောရင်းဖြင့် ခေါင်းငိုက်စိုက်ချကာ လှံသွားစွယ်အား မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်သည်။

သူသည် ခံပြင်းနေသောရယ်သံဖြင့် ခေါင်းငုံ့ကာ
"သူက ဂုဏ်မဲ့ပြီး သေခြင်းတရားကို လိုက်ရှာနေပြီ ... ဒါပေမဲ့ သူ့လူကို ကာကွယ်ပေးချင်နေတုန်းပဲ ... ချန်အိမ်တော်ကအားရုံ ... ငါ့အတွက် မင်းရဲ့ခံစားချက်တွေက ဟန်ဆောင်နေရုံသပ်သပ်ပဲ ... "

အရှင်သခင်မအလောင်းအလျာ၏ ကိုယ်ရေး ကိုယ်တာကိစ္စများကို ပြောနေမှန်းသိသဖြင့် တပ်စုမှူးက စကားမပြောရဲဘဲ ခေါင်းကိုသာငုံ့ထားသည်။

ရန်မင်းမှာ ဓားလှံအား ပြင်းထန်စွာထိုးစိုက်နေသည်။ဤတစ်ကြိမ်၌ သူသည် ခွန်အားအလုံးစုံကို အသုံးပြုပြီး မြေကြီးထဲသို့ နစ်ဝင်‌ကွေးညွတ်သွားသည်အထိ လှံရိုးအား ကန်ကျောက်နေခဲ့၏။
ရန်မင်းက ခေါင်းငိုက်စိုက်ဖြင့်ကျယ်လောင်စွာ အော်ရယ်သည်။သူ၏အသံမှာ ကျယ်လောင်သထက် ကျယ်လောင်လာပြီး ဩရှနေခဲ့လေ၏။

" မင်းကိုယ်မင်း ဘယ်သူထင်လို့လဲ ... မင်းကိုယ်မင်း ဘာထင်နေတာလဲ ... ဘာထင်နေတာလဲ ... "

ယင်းအသံများကြားတွင် ရန်မင်းက ရုတ်တရက်မြေပြင်ပေါ်မှ လှံသွားအားဆွဲနှုတ်၍ တရွတ်တိုက်သယ်ဆောင်သွားကာ ဒေါကြီးမောကြီးဖြင့် မြင်းအားကဆုန်ပေါက်ထွက်ခွာသွားတော့လေ၏။

ရန်မင်းက ခပ်သုတ်သုတ် ပြန်လာခဲ့သည်။လမ်းမကြီးသို့ရောက်သောအခါတွင် သူသည် ခေါင်းကိုလှည့်ကာ သွေးစွန်းနေသောရုပ်သွင်ဆီသို့ အလိုလိုတစ်ချက်လှည့်ကြည့်မိသွား၏။သို့သော်လည်း သူမြင်နိုင်သမျှမှာ ဖြည်းဖြည်းချင်း ရွေ့လျားနေသောလှည်းယာဉ်တန်းတစ်ခုသာဖြစ်သည်။အရှေ့ပိုင်းရှိ လှည်းရထားများအား ချန်အိမ်တော်သင်္ကေတဖြင့် အမှတ်အသားပြုထားကြပြီး ထိုလှည်းများက ချန်ရုံ၏ဦးတည်ရာထံသို့ ချဉ်းကပ်သွားသည်။တကယ်တမ်းတွင် လမ်းမကြီးပေါ်ရှိလူအပေါင်း၏အာရုံအား ထိုလှည်းယာဉ်တန်းက ဖမ်းစားထားပြီး အားလုံးက လည်ပြန်လှည့်ကြည့်နေခဲ့ကြ၏။

ထိုအချိန်တွင် ချန်ရုံမှာ မြေပြင်ကိုသာ စိုက်ကြည့်လျက်ရှိသည်။နေ့တစ်ရက်၌ ညတာအပါအဝင် နှစ်ဆယ့်လေးနာရီသာရှိသော်လည်း သူမကတော့ ငရဲပြည်သို့ အကြိမ်အကြိမ်အခါခါ အသွားအပြန်လုပ်နေခဲ့ရသည်။

ယင်းအချိန်၌ ချန်ရုံက တစ်ဖက်သို့လှည့်ကာ သူမ၏မြင်းကို ရှာဖွေနေ၏။၎င်းအား ဝမ်ဟုန်၏အိမ်တော်မှ ယူဆောင်လာခြင်းဖြစ်ပြီး ရန်သူများကိုသတ်ဖြတ်ရန် သူမအသုံးပြုခဲ့သော ကြာပွတ်သည်လည်း ကိုင်တွယ်လေ့မရှိသောသာမန်ကြာပွတ်တစ်ခုမျှသာဖြစ်သည်။

ချန်ရုံက ခေါင်းငုံ့လျက် မြင်းဆီသို့ တိတ်တဆိတ်လျှောက်လှမ်းလာနေခဲ့၏။သို့သော်လည်း သိပ်မကြာခင်၌ပင် တစ်စုံတစ်ခု မူမမှန်သလိုခံစားလိုက်ရသည်။ချန်ရုံ၏ထိုင်းမှိုင်းနေသောအသိစိတ်က ပြန်လည်အလင်းပွင့်သွားခဲ့ပြီး သူမက တစ်ဖက်သို့လှည့်ကြည့်ခဲ့၏။

ထိုအခါ ရထားလှည်းပေါင်းတစ်ဒါဇင်ဖြင့် ဖွဲ့စည်းထားသောယာဉ်တန်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။

အရှေ့ဆုံးလှည်းရထားအား ချန်အိမ်တော်သင်္ကေတဖြင့် အမှတ်အသားပြုထားသည်။ချန်ရုံမှာ အလိုလိုပင် ခေါင်းအနည်းငယ်ငုံ့မိသွားတော့၏။

တစ်စုံတစ်ဦးက သူမအား သတိပြုမိသွားပြီး လှည်းရထားတန်းကို ရပ်တန့်ရန် လေချွန်အသိပေးလိုက်သည်။ယင်းနောက် ပထမဦးဆုံး ခုန်ဆင်းလာသူမှာ ချန်ယွမ်ပင်။

ထိုသူကိုမြင်လိုက်ရသောအခါ ချန်ရုံ၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွားသော်ငြားလည်း ကြာပွတ်ကိုဆုပ်ကိုင်ထားသောသူမ၏လက်များမှာတော့ ပိုမိုတင်းကြပ်လာသည်။

ထိုအချိန်တွင် အခြားအမျိုးသားတစ်ဦးသည်လည်း ချန်ယွမ်၏အရှေ့လှည်းရထားပေါ်မှ ခုန်ဆင်းလာခဲ့၏။ထိုတစ်ယောက်ကတော့ ချန်ကုန်းရန်းပင်ဖြစ်သည်။

ယင်းနောက်တွင် ယွီကျစ်နှင့် ဟွမ်းကျိုးလန်တို့ပါ အသီးသီးရောက်ရှိလာသည်။

လူများစွာ ကွက်ကြည့်ကွက်ကြည့်လုပ်နေရသည့်အကြောင်းအရင်းအား ယခုမှ ချန်ရုံနားလည်သိရှိသွားတော့သည်။လှည်းရထားများ၌ အထက်တန်းလွှာအပေါင်းဖြင့် ပြည့်နှက်နေပုံပင်။

ချန်ရုံ့အား မြင်လိုက်ရသောအခါ ချန်ယွမ်က ဝမ်းသာအားရဖြစ်သွား၏။သို့သော်လည်း အနောက်မှချန်ကုန်းရန်းက ချောင်းဟန့်ကာ သူ့အားရပ်တန့်စေပြီး ဘေးတစ်ဖက်၌ သွားရပ်စေသည်။ထို့နောက် ချန်ကုန်းရန်းက ချန်ယွမ်၏‌နံဘေးမှဖြတ်ကာ ချန်ရုံ့ဆီသို့ လျှောက်လှမ်းသွားတော့၏။သူသည် ချန်ရုံ့ထံ ချဉ်းကပ်လာပြီး သွေးစွန်းနေသောခန္ဓာကိုယ်အား စူးစိုက်ကြည့်‌နေခဲ့သည်။

" ဘယ်လောက်တောင် ကြောက်နေလိမ့်မလဲ ကလေးမရယ် ... "

ချန်ကုန်းရန်း၏လေသံ၌ ကြင်နာယုယမှုအပေါင်း ပျော်ဝင်လျက်ရှိသည်။ချန်ရုံမှာ သူ့အား ဗလာဖြစ်သောမျက်ဝန်းများဖြင့် ကြည့်ရှုလာခဲ့၏။ထိုသို့သောပုံစံက ချန်ကုန်းရန်း၏မျက်ဝန်းများအား နီရဲသွားစေပြီး သူက " အားရုံ ... ပြန်လိုက်ခဲ့လေ " ဟုပြောသည်။

ချန်ရုံတစ်ယောက် စိတ်ရှုပ်ထွေးနေခဲ့ပြီး သူမက ခေါင်းမော့လျက် ချန်ကုန်းရန်းအား စူးစူးရဲရဲဆက်ကြည့်နေလိုက်၏။
ထိုအချိန်တွင် တစ်ဖက်လူက သူမ၏ပုခုံးထက်မှ သွေးစက်များကို ညင်သာစွာပွတ်သပ်လာသည်။

"မေ့သွားပြီလား ကလေးမ ... မင်းက ချန်မျိုးနွယ်ဝင်တစ်ယောက်လေ ... လာပါ ... ဒီဦးလေးနဲ့ အိမ်ပြန်ရအောင် "

"အိမ်ပြန်ရမှာလား ... ကျွန်မမှာအိမ်ရှိလို့လား "

ချန်ကုန်းရန်းက သက်ပြင်းချလိုက်ပြီး တစ်ဖက်သို့လှည့်သွားလျက် တိုးညင်းစွာပြောသည်။

" ဆိုးမနေနဲ့တော့ ... ပြန်လိုက်ခဲ့ ... "

ချန်ရုံမှာ တုပ်တုပ်ပင်လှုပ်မလာသောကြောင့် ချန်ကုန်းရန်းခမျာ နောက်တစ်ကြိမ် လှည့်ကြည့်ဖို့ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။

ထိုအချိန်တွင် ယွီကျစ်က လှည်းရထားပေါ်မှဆင်းသက်လာပြီး ချန်ရုံ့ထံသို့လှမ်းလာလျက် ကျယ်လောင်စွာပြောနေခဲ့သည်။

“တစ်မြို့လုံးမှာ ယောက်ျားစစ်စစ်တွေ မရှိဘူး ...မိန်းကလေးအားရုံကြောင့် ငါ့ကိုယ်ငါတောင်
ယုတ်ညံ့တယ်လို့ ခံစားသွားရတယ် ”

ယွီကျစ်၏အနောက်တွင်မူ ပိန်ပိန်ပါးပါးဟွမ်းကျိုးလန်က အတူလှမ်းလာနေပြီး သူကလည်း ချန်ရုံ့ကိုကြည့်လျက် ပါးနပ်စွာပြောလာသည်။

"မိန်းကလေး ... ဦးရီးတော်နဲ့ အိမ်ပြန်လိုက်ပါ ... နောက်ဆုံးတစ်ခေါက်တုန်းကလည်း မောယန်ကိုလူရိုင်းတွေဝိုင်းထားတာကိုသိသိရက်နဲ့ မကြောက်မရွံ့ သွားခဲ့သေးတာပဲမလား ... ဒီတစ်ခါလည်း မြို့ထဲက ယောက်ျားသားတွေအားလုံးထက် ပိုသာသွားပါပြီ ... ဦးရီးတော်နဲ့အိမ်ပြန်လိုက်ပါ ... ကျန့်ခန်းကိုရောက်တဲ့အခါ မိန်းကလေးကို ဘွဲ့တော်တစ်ခုအပ်နှင်းဖို့ နန်းတွင်းကို လျှောက်တင်လိုက်ပါ့မယ် "

ဟွမ်းကျိုးလန်က လူအုပ်ကြီးကိုဖြတ်ကျော်၍ ချန်ရုံ့ထံသို့ ဖြည်းညင်းစွာလျှောက်လှမ်းလာခဲ့သည်။သူချဉ်းကပ်လာသည်ကိုမြင်သောအခါ ယွီကျစ်နှင့် ချန်ကုန်းရန်းက ဘေးသို့ကပ်သွားပြီး အချင်းချင်းစကားစမြည်ပြောနေကြသည်။

ဟွမ်းကျိုးလန်က ချန်ရုံ့အနားသို့ တိုးကပ်လာ၏။
"အားရုံ ... မင်းဘာလို့ စစ်မြေပြင်မှာ ရုတ်တရက် ပေါ်လာရသလဲ ငါမသိဘူး ... ငါတို့အနိုင်ရပြီးတော့ မင်းဘာလို့ ထွက်သွားလဲဆိုတာကိုလည်း ငါမသိဘူး ... ငါတို့က ဒီတိုင်းမင်းကို အိမ်ပြန်ပို့ပေးဖို့ လာခဲ့ကြတာ ... "

ချန်ရုံ့အားကြည့်နေသော သူ၏မျက်ဝန်းများထဲတွင် ကရုဏာသက်ခြင်းနှင့် လေးစားကြည်ညိုခြင်း နှစ်မျိုးစလုံး ပါ၀င်သည်။

"နှစ်ရက်နေရင် ငါတို့ ကျန့်ခန်းကိုပြန်ကြတော့မယ် ... မင်းက နန်ယန်မှာ စိတ်ဓာတ်မြှင့်တင်ဖို့ ကူညီပေးခဲ့တယ် ... မိန်းမသားဆိုပေမဲ့ ယောက်ျားတွေထက် သတ္တိပိုရှိတယ် ... မင်းရဲ့လုပ်ရပ်က ချန်အိမ်တော်ရော တော်ဝင်နန်းတွင်းကပါ အသိအမှတ်ပြုကြမဲ့အရာပါ ...သွားကြစို့ ဒါက မင်းရဲ့အခွင့်အရေးပဲ .... "

သူ၏ငယ်ရွယ်နုပျိုကြည်လင်သည့်မျက်ဝန်းများက အမြော်အမြင်ရှိလှသည်။ဤဟွမ်းကျိုးလန်မှာ အမြဲတစေပင် ပါးနပ်လွန်းပေ၏။

ချန်ရုံက တစ်ဖက်လူကိုကြည့်လိုက်ပြီး ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းသားများအား လှုပ်ယမ်းကာ “ဒါက ကျွန်မ အခွင့်အရေးလား” ဟုမေးမြန်းသည်။

" ဟုတ်တယ် ... "

ဟွမ်းကျိုးလန်က သူမအား သတိပေးနေသည့်သဖွယ် ကြည့်လျက်သားရှိနေခဲ့ပြီး ဆက်လက်ပြောကြားလာပြန်သည်။

" ငါတို့ကျန့်ခန်းကိုရောက်တာနဲ့ မင်းက မင်းဘုရင်မင်းမြတ်နဲ့ သီးသန့်တွေ့ဖို့တောင်းဆိုလိုက်ပါ ... ဒါပေမဲ့ ဘယ်သူမေးမေး မင်းက ငါတို့တပ်မတော်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးချင်တာပါလို့ဖြေရမယ် ”

အလင်းတန်းတစ်ခုက ချန်ရုံ၏မျက်ဝန်းများထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။

“ဒါက ကျွန်မအခွင့်အရေးပဲ” သူမက တစ်ကိုယ်တည်း ညည်းတွားလိုက်၏။


Xxxxx