အပိုင်း ၁၅၇
Viewers 18k

Chapter 157
ရန်မင်း၏ယူကြုံးမရဖြစ်မှု



စစ်သားအပေါင်းမှာ ဒီရေလှိုင်းသဖွယ် နန်ယန်ဘက်သို့ ပြန်လည်ဆုတ်ခွာလာသည်။
မြို့တံခါးဝ တစ်ဖက်တစ်ချက်၌ သက်ကြီးပိုင်းများအလျှံအပယ်ရပ်နေကြလျက်ရှိပြီး အားပါးတရ နှုတ်ဆက်ကြိုဆိုနေကြလေ၏။

၎င်းဂုဏ်ပြုခန်းအလယ်တွင် လှည်းရထားတစ်စင်းက အရှိန်အဟုန်ဖြင့် ဖောက်ထွက်လာခဲ့သည်။ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားနေကြသော်ငြားလည်း လှည်းရထား၏လားရာအတိုင်း လမ်းဖယ်ပေးကြရှာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလှည်းက လှည့်ပြန်လာနေသော ဂျင်စစ်တပ်ဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိသွားခဲ့၏။ယင်းနောက်တွင် လှည်းရထားမှာ ရပ်တန့်သွားခဲ့ပြီး ၎င်း၏ကန့်လန့်ကာသည်လည်း ဆွဲတင်ခြင်းခံလိုက်ရသည်။ထို့နောက် အတွင်းမှ နူးညံ့သိမ်မွေ့သောလေသံတစ်သံထွက်ပေါ်လာသည်။

" သူဘယ်မှာလဲ ... "

သွေးချင်းချင်းနီနေကြသောတပ်သားလေးဦးက တစ်ဦးကို တစ်ဦးကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ယင်းနောက်တွင် ထိုထဲမှတစ်ယောက်က အရိုအသေပြုလျက် အစီရင်ခံလာလေ၏။

" စောစောကအထိ ဒီမှာပဲရှိနေပါသေးတယ် ...ဒါပေမဲ့ ကျွန်တော်တို့ မသိလိုက်ခင်မှာပဲ ထွက်သွားပါတယ် ”

အခြားတပ်သားတစ်ဦးကလည်း လှည်းရထားဆီသို့ လှမ်းကြည့်ကာ ထပ်လောင်းပြောကြားသည်။

" အရှင် ... စိတ်မပူပါနဲ့ ... သူအဆင်ပြေနေမှာ သေချာပါတယ် ... အဖြူရောင်ဝတ်ထားတာဆိုတော့ တစ်ခုခုဖြစ်ခဲ့ရင် လူတိုင်းသတိထားမိမှာပါ ”

" ပြန်ခွင့်ပြုပါဦး "

“ ဟုတ်ပြီ ”

အစောင့်လေးယောက် ဆုတ်ခွာသွားပြီးနောက် လှည်းရထားအတွင်းမှ "သူ့ကို ရှာကြ ... " ဟူသော အမိန့်ပေးသံ ထွက်ပေါ်လာခဲ့သည်။

" ဟုတ်ကဲ့ပါ ... "

ယင်းအချိန်တွင် အခြားလှည်းရထားတစ်စီးက ၎င်းတို့ထံချဉ်းကပ်လာကာ အထဲမှ အကြံပေးတစ်ဦးက ခေါင်းပြူထွက်လျက် ပြောကြားလာ၏။

“ဒီနေ့ အရှင့်ရဲ့အောင်ပွဲက တစ်ဘဝစာအတွက် လုံလောက်ပါလိမ့်မယ် ... ဒါက နန်ယန်သားတွေကို ကျွန်တော်တို့ပေးနိုင်တဲ့အဖြေအကုန်ပါပဲ ...အလားတူပဲ အင်ပါယာကို အကြွေးတင်သွားခဲ့ပြီ… အရှင် ... အရာအားလုံးမှာ အကန့်အသတ်ရှိပါတယ် ...မူရုံခယ်ရဲ့ တန်ပြန်တိုက်စစ်အတွက် ကျွန်တော်တို့ ဒီမှာစောင့်နေစရာမလိုပါဘူး ...အရှင် ကျွန်တော်တို့ အခု ကျန့်ခန်းကို ပြန်လို့ရပါပြီ ”

အခြားအကြံပေးတစ်ဦးကလည်း ဝင်ရောက်ပြောကြားလေသည်။

" အရှင် ဒါက အရေးကြီးတဲ့ကိစ္စပါ ... ကျေးဇူးပြုပြီးတော့ သေချာစဉ်းစားပေးပါ ”

ခဏအကြာတွင် ဝမ်ဟုန်က " နားလည်ပြီ ... " ဟု တိုးညင်းစွာပြန်လည်ဖြေကြားလာခဲ့၏။ထို့နောက်တွင် လှည်းရထားမှာ နန်ယန်သို့ ပြန်လည်ဦးတည်သွားခဲ့သည်။

မြို့သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဝမ်ဟုန်က မျိုးနွယ်စုအကြီးအကဲများအားလုံးနှင့် ခေါင်းဆောင်များအား မင်းသား၏အိမ်တော်မှ ပြန်လည်ခေါ်ယူခဲ့သည်။အားလုံးစီစဉ်ပြီးသောအခါတွင် ကောင်းကင်ယံ၌ နေရောင်နှင့်အတူ ဆည်းဆာရောင်ခြည်တောက်ပလာသည်။
ဝမ်ဟုန် လမ်းလျှောက်ထွက်လာစဉ်တွင် အစောင့်တစ်ဦးက အမှီလှမ်းလာခဲ့ပြီး “အရှင် ... သူ့ကို တွေ့ပါပြီ” ဟု ခပ်တိုးတိုးပြောလာခဲ့၏။

ထိုအခါ ဝမ်ဟုန်က လည်ပြန်လှည့်ကြည့်သည်။
" တွေ့ပြီလား ... ကျုပ်ကိုအဲ့နေရာခေါ်သွားပေးပါ ..."

"ကောင်းပါပြီ အရှင် ... "

လှည်းရထားမှာ လမ်းမကြီးပေါ်မှ အမြန်ဖြတ်ပြေးသွားလေ၏။လက်ရှိ၌ လမ်းများပေါ်တွင် နန်ယန်မှ ကျန့်ခန်းသို့ ထွက်ပြေးကြသူများဖြင့် စုပြုံနေသည်။တိုက်ပွဲအနိုင်ရပြီဖြစ်၍ နောက်ဆုံးတွင် နန်ယန်မင်းသားသည် လူအပေါင်းအား ထွက်ခွာခြင်းမှ မတားဆီးနိုင်တော့ပေ။
ဝမ်ဟုန်၏လှည်းယာဉ်ကိုမြင်သောအခါ လူများက ဘေးဖယ်ပေးပြီး အရိုအသေပြုကြသည်။

မကြာမီတွင် စားတော်ဆက်တစ်ခုက မြင်လွှာတစ်ခွင် ပေါ်ပေါက်လာခဲ့၏။လွင့်ပျံနေသော ဆိုင်းဘုတ်အောက်တွင် သွေးစွန်းနေသည့်အဖြူရောင်သဏ္ဍာန်တစ်ခုက ထိုင်လျက်သားရှိနေသည်။
သူမ၏လက်ယာဘက်တွင် နေ၀င်ဆည်းဆာရှိပြီး ဘယ်ဘက်တွင်မူ အဆုံးမဲ့‌သည့်တောတွင်းဇနပုဒ်ကြီး တည်ရှိသည်။သူမသည် စားတော်ဆက်ဆိုင်းဘုတ်အောက်တွင် တိတ်တဆိတ်ထိုင်နေပြီး ဖဲသားသဖွယ်နူးညံ့သောဆံနွယ်များက သူမ၏မျက်နှာအား ဖုံးကွယ်ထားသည်။

လှည်းရထားက ရပ်တန့်သွားခဲ့၏။ဝမ်ဟုန်က ရုတ်ချည်းပင် ခုန်ဆင်းလာကာ တစ်ဖက်လူထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။သူသည် မိန်းမငယ်၏အနားသို့ ချဉ်းကပ်သွားကာ သွေးစွန်းနေသောအဝတ်နှင့် ကြာပွတ်တို့မှတစ်ဆင့် ဆံပင်နောက်တွင် ဝှက်ထားသောသူမ၏မျက်နှာအား စေ့စေ့ကြည့်လိုက်သည်။ယင်းနောက်တွင် ဝမ်ဟုန်က လေသံအား သတိကြီးကြီးထိန်း၍ တိုးညင်းစွာဆိုလိုက်လေ၏။

" အားရုံ ... ပြန်လာပါ ... ကိုယ်နဲ့အတူတူ ပြန်လိုက်ခဲ့ပါ ... "

ထိုအခါ တစ်ဖက်အမျိုးသမီးက ဖြည်းညင်းစွာမော့ကြည့်လာခဲ့သည်။သူမ၏ဆံပင်များသည် ဘေးနှစ်ဖက်သို့ ကျဆင်းသွားကာ ထိုအခြင်းအရာက ရင်သပ်ရှုမောဖွယ်ရာ ပြုံးနေသောမျက်နှာအား လှစ်ဟာသွားစေသည်။

သူမသည် သူမ၏မျက်နှာ၌သွေးများစွန်းထင်းနေသည်ကိုပင် သတိပြုမိပုံမရဘဲ ဝမ်ဟုန့်အား ကော့ချိုးနေသောနှုတ်ခမ်းစွန်းများဖြင့် ကြည့်ရှုလာခဲ့၏။ယင်းနောက်တွင် သူမက ထရပ်ကာ အခြားတစ်ဖက်သို့လှည့်လိုက်သည်။

နောက်တစ်ကြိမ်ထွက်ခွာသွားလေပြန်တော့မည့်တစ်ဖက်လူအားမြင်လိုက်ရချိန်တွင် ဝမ်ဟုန်၏လေသံက အလိုလိုပြင်းထန်သွားတော့သည်။

" အားရုံ ... ငါနဲ့ပြန်လိုက်ခဲ့ ... "

ချန်ရုံ၏ခြေလှမ်းများ ရပ်တန့်သွားသည်။သူမက ခေါင်းကို အနည်းငယ် စောင်းငဲ့လာခဲ့ပြီး ဆည်းဆာရောင်ခြည်တည်ရှိရာ ဝမ်ဟုန်ရှိရာဘက်သို့လှည့်ကြည့်နေသည်။ယင်းနောက်တွင် သူမသည် ချိုမြိန်သောအပြုံးတစ်ခုအား ဖော်ထုတ်ပြသလိုက်လေ၏။

" ပြန်လိုက်ခဲ့ရမှာလား ... ဟင့်အင်း ... ထပ်ပြီးတော့ ပြန်မလာနိုင်တော့ဘူး ... "

သူမ ပြန်မသွားနိုင်ပါချေ။

ဆန္ဒရှိသည့်အတိုင်းသာ အမှန်တကယ်ဖြစ်မလာနိုင်လျှင် ...မေတ္တာသက်ဝင်သူအား အပြည့်အဝ မပိုင်ဆိုင်နိုင်လျှင် နောက်ဆုံး၌ ရူးသွပ်သွားရပါလိမ့်မည်။သူမကဲ့သို့ သောမိန်းမစားမျိုးမှာ ခံနိုင်ရည်နည်းလွန်းပြီး အလွန်အမင်းသဝန်ကြောင်ရုံသာမက ပိုင်ဆိုင်လိုစိတ်ကလည်း ကြီးလွန်းသေးသည်။ထိုသို့သောသူမျိုးမှာ ဤလောကကြီးထဲ၌ တည်ရှိမနေသင့်ပေ။အင်ပါယာကြီးမှာ အလွန်ကျယ်ပြောသော်ငြားလည်း သူမအတွက် နေရာတစ်နေရာမှ မရှိဖူးခဲ့ပါ။

ဝမ်ဟုန်က ချန်ရုံ၏ဆေးကြောသန့်စင်ခြင်းမပြုရသေးသော လှပအေးစက်သည့်မျက်နှာကို ကြည့်နေသည်။ယခုအချိန်တွင် သူမ၏အသွင်အပြင်မှာ ကြောက်မက်ဖွယ်ကောင်းလုနီးနီးဖြစ်လေ၏။သွေးစွန်းနေသောဝတ်ရုံအား စိုက်ကြည့်ရင်း ဝမ်ဟုန်၏ရင်ဘတ်အစုံတို့ တင်းကြပ်လာသည်။
ဝမ်ဟုန်က အကြည့်လွှဲလိုက်ရင်း " ပြန်လိုက်ခဲ့ " ဟု ထပ်ပြောပြန်သည်။

သို့သော်လည်း ချန်ရုံမှာ ခနဲ့ပြုံးတစ်ခုကိုသာ ပေးစွမ်းခဲ့ပြီး ဝမ်ဟုန်၏စကားအား မကြားသလိုပင် အရှေ့သို့ဆက်လှမ်းသွားခဲ့သည်။

"အားရုံ .... "

ဝမ်ဟုန့်အား ပြန်လည်တုံ့ပြန်သည်မှာ အထီးကျန်ဆန်လွန်းသောကျောပြင်တစ်ခုပင်။သူက ချန်ရုံ့ထံသို့ တိုးကပ်သွားလိုက်ပြီး အနောက်မှ သိုင်းဖက်လိုက်တော့သည်။

" အားရုံ ... မင်းထိခိုက်သွားသေးလား ... ကိုယ်နဲ့အတူပြန်လိုက်ခဲ့ပါနော် ... "

ဖြည်းဖြည်းချင်းစီးဆင်းနေသော ရေကဲ့သို့ပင် သူ၏လေသံ၌ ဆွဲဆွဲငင်ငင်ဖြစ်သောအငွေ့အသက်တစ်ခု ရှိနေသည်။

ချန်ရုံက သူမ၏ခါးမှလက်တစ်စုံအား ဖြည်းညင်းစွာဖယ်ချလိုက်၏။ထို့နောက်တွင် အနောက်သို့လှည့်မကြည့်ဘဲ ဆက်လက်လျှောက်လှမ်းသွားကာ ဝမ်ဟုန့်အား တစ်ယောက်တည်း ချန်ထားရစ်ခဲ့သည်။

ထိုမြင်ကွင်းအားမြင်လိုက်သော လှည်းမောင်းသူက ဝမ်ဟုန်၏အနားသို့ကပ်လာပြီး" အရှင် ... "ဟု ခပ်တိုးတိုးခေါ်ရှာသည်။

ဝမ်ဟုန်တစ်ယောက် မျက်လွှာချလိုက်၏။တစ်ခဏအကြာတွင်မူ သူက ညွှန်ကြားအမိန့်ပေးလာခဲ့သည်။

“ သူ့အနောက်ကိုလိုက်ဖို့ လူလေးယောက် လွှတ်လိုက်ပါ .... အန္တရာယ်တစ်စုံတစ်ရာကြုံလာရင် နောက်ဆုံးမိနစ်မတိုင်ခင်အထိ လူလုံးထွက်မပြဖို့ပါမှာလိုက်ပါ ... "

" ဟုတ်ကဲ့ပါ .... "

“ဟမ် ... ဘယ်သူ့တပ်စုပါလိမ့် "

လှည်းသမားက ရုတ်တရက်ရေရွတ်လာသောအခါ ဝမ်ဟုန်လည်း တစ်ချက်လှမ်းကြည့်လိုက်သည်။လမ်းမကြီးပေါ်၌ ဖုန်မှုန့်များ လျှံတက်လျက်ရှိပြီး ၎င်းတို့၏အနောက်တွင်မူ မြင်းစီးသူရဲတစ်စု ချီတက်လာကြသည်။

ဝမ်ဟုန်၏မျက်လုံးများသည် လမ်းမဘက်သို့ လျှောက်လှမ်းသွားနေသည့် အထီးကျန်ဆန်သောကျောပြင်ထံသို့ ပြန်လည်ရောက်ရှိသွားသည်။
သိပ်မကြာခင်မှာပင် တပ်စုတစ်စုက သူ၏အမြင်အာရုံထဲ၌ ပေါ်ပေါက်လာ၏။တဖျပ်ဖျပ်ခတ်နေသောအလံများပေါ်တွင် “မင်း” ဟူသောစကားလုံးအား ရှင်းရှင်းလင်းလင်းမြင်ရသည်။

ထိုအရာမှာ ရန်မင်း၏တပ်စုပင်ဖြစ်လေ၏။
တစ်ဟုန်ထိုးမြည်နေသော မြင်းခွာသံများကြားတွင် ဖုန်မှုန့်အခိုးအငွေ့တို့က ခပ်လှမ်းလှမ်း၌ရှိနေသည့်ချန်ရုံ့ထံသို့ မကြာမီမှာပင် ရောက်ရှိလာကြသည်။အသိပေးသံကြောင့် မြင်းများက ရုတ်ချည်းရပ်တန့်သွားလေ၏။

ချက်ချင်းဆိုသလိုပင် ရန်မင်းက မြင်းအားကဆုန်ပေါက်စေကာ ချန်ရုံ့ဆီသို့ အမောတကောဦးတည်သွားသည်။
စီးတော်မြင်းအားရပ်တန့်လိုက်ပြီးနောက်တွင်မူ သူက သွေးချင်းချင်းနီနေသောချန်ရုံ့ကို ငုံ့ကြည့်ကာ “ဘာဖြစ်တာလဲ” ဟု မျက်မှောင်ကြုတ်လျက် မေးလိုက်လေ၏။

ချန်ရုံက စကားတစ်ခွန်းမှမပြောဘဲ ခေါင်းငုံ့ထားသည်။ထိုအခါ ရန်မင်းက သူမ၏မေးဖျားကို ဖမ်းဆွဲပြီး‌ အကြည့်ချင်းဆုံလိုက်စေသည်။အချင်းချင်းစိုက်ကြည့်နေရင်းဖြင့် ရန်မင်းတစ်ယောက် မျက်မှောင်ကြုတ်လာတော့၏။

" အားရုံ ဘာဖြစ်တာလဲ"

အားရုံ၏မျက်နှာက လှပပြီး သူမ၏မျက်ဝန်းများမှာ ယခင်အတိုင်းပင် တောက်ပလျက်ရှိနေသည်ကို သူမြင်နိုင်သည်။သို့သော်လည်း တစ်စုံတစ်ရာက အနည်းငယ် ကွဲပြားနေသလိုပင်။နှစ်ရက်သာရှိသေးသော်လည်း ယခုချန်ရုံမှာ ယခင်က ချန်ရုံမဟုတ်တော့သည့်အငွေ့အသက်များရနေသည်။

ရန်မင်းက ချန်ရုံ၏နှုတ်ခမ်းသားအား ညင်သာစွာ ပွတ်သပ်ကာ လေသံကိုလျှော့လိုက်သည်။
"ပြောပါ"

သို့သော်လည်း ချန်ရုံမှာ အကြည့်လွှဲလိုက်လေ၏။ခေတ္တကြာပြီးနောက်တွင်မူ သူမက ခပ်တိုးတိုးပြောလာခဲ့သည်။

" တပ်မှူးရန် ... ကျွန်မ ရှင်နဲ့ မထိမ်းမြားနိုင်တော့ဘူး ... "

ချန်ရုံ၏မေးဖျားအားဆုပ်ကိုင်ထားသောရန်မင်း၏လက်များက တင်းကြပ်လာတော့လေ၏။
" မင်း ဘာပြောလိုက်တာလဲ " သူက မယုံကြည်နိုင်စွာဖြင့် မေးသည်။

ချန်ရုံက သူမ၏ရှည်လျားသောမျက်တောင်များအား ပိတ်ချည်ဖွင့်ချည်ပြုလျက် မျက်တောင်တစ်ချက်ခတ်လိုက်ရင်း နှုတ်ခမ်းစွန်းများအား ကော့ချိုးလိုက်သည်။

ယခုအချိန်တွင် သူမ၏အပြုံး၌ အလွန်အန္တရာယ်များသောအငွေ့အသက်မျိုးရနေလေ၏။

ချန်ရုံက ရန်မင်းအား မော့ကြည့်လိုက်သည်။ထို့နောက်တွင်မူ ရန်မင်း၏မျက်နှာသွင်ပြင်၊ ရန်မင်း၏နှုတ်ခမ်းပါးလွှာနှင့် အနောက်မှတပ်သားများထံသို့ အဆင့်ဆင့်အကြည့်လွှဲလိုက်တော့၏။

ထိုအချိန်၌ လှည်းရထားတစ်စင်းက သူတို့ရှိရာထံသို့ ဦးတည်မောင်းနှင်လာခဲ့ပြီး ၎င်း၏ကန့်လန့်ကာမှာ လှပသော်လည်းဖြူဖျော့နေသည့်ရင်းနှီးသောမျက်နှာတစ်ခုကို ဖော်ထုတ်ပြသရန် အပေါ်သို့မြောက်တက်သွားသည်။

ချန်ရုံ့အား မြင်လိုက်သောအခါ ယင်းမိန်းကလေးက အံ့ဩသွားတော့လေ၏။ထို့နောက်တွင်မူ သူမ၏မျက်ဝန်းများထဲ၌ အမုန်းတရားအပေါင်းကအစားထိုးနေရာယူသွားသည်။၎င်းတစ်ယောက်မှာ ချန်ဝေ့ဖြစ်ပြီး သူမက ဆံနွယ်များအား အိမ်ထောင်သည်ကဲ့သို့ဖြီးသင်ထားခဲ့သည်။

" တပ်မှူး ... ချန်ယွမ်ရဲ့မိသားစုနဲ့ ကျွန်မက အဆင်မပြေကြဘူးလေ ... အားဝေ့ကို လက်ခံပြီးကတည်းက ကျွန်မ ရှင့်ကို လက်မထပ်ချင်တော့ဘူး "

ယင်းနောက်တွင် ချန်ရုံက ရန်မင်း၏လက်အား ဆွဲဖယ်ကာလှည့်ထွက်သွားတော့သည်။သူမ၏မဖြူစင်မှုနှင့် ဝမ်ဟုန့်အကြောင်းတစ်ခွန်းမှ မဟခဲ့ပေ။

ထိုအခါ ရန်မင်း၏ရှည်လျားသောရယ်မောသံက အနောက်မှပေါ်ထွက်လာသည်။သူက ခနဲ့သောလေသံဖြင့် လှမ်းမေးလိုက်၏။

" ချန်အိမ်တော်ကအားရုံ ... မင်းက အများကြီး ချုပ်ကိုင်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား "

ရန်မင်းအားပြန်လည်ဖြေကြားသည်မှာ ခပ်လှမ်းလှမ်းမှ နောက်ကျောပုံရိပ်တစ်ခုပင်။သူ၏ထူထဲသော မျက်ခုံးတန်းများက အချင်းချင်းထိကပ်သွားခဲ့ပြီး ရန်မင်းသည် မြင်းအား တစ်ချက်ကန်လျက် လေပြင်းအဟုန်ဖြင့်စီးနင်းသွားကာ ချန်ရုံ၏အရှေ့၌ ပိတ်ရပ်လိုက်တော့သည်။

“ချန်အိမ်တော်က အားရုံ ... မင်းဆီက သွေးတွေက ဘယ်ကလဲ”

ရန်မင်းက ချန်ရုံ၏မေးဖျားကိုဆွဲကိုင်ပြီး ထပ်မံမေးပြန်သည်။ချန်ရုံ့အား အပေါ်အောက်ကြည့်နေရင်း သူ၏နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး မေးခွန်းများအား ဆက်တိုက်မေးမြန်းနေခဲ့၏။

" စစ်တပ်နှစ်ခု ကြားထဲဝင်ပြေးသွားတဲ့ မိန်းကလေးက မင်းလား ... မင်းလုပ်ခဲ့တာလား ... "

ထိုအခါ ချန်ရုံက ခေါင်းညိတ်လိုက်ပြသည်။

" ဘာလို့လဲ ... "

" ဘာလို့လဲဆိုတော့ အသက်ရှင်နေရတာက အဓိပ္ပါယ်မရှိတော့လို့လေ ... "

သူမက ရန်မင်း၏လက်ကို ဆွဲဖယ်ရန်ကြိုးစားလိုက်ရင်း အေးစက်စွာပြောလေ၏။သို့သော်လည်း မေးဖျားမှလက်က တင်းကြပ်နေသည်ဖြစ်ရာ နာကျင်နေသော်လည်းချန်ရုံတစ်ယောက် ဆွဲမဖယ်နိုင်ရှာပေ။

ယင်းနောက်တွင် ရန်မင်းက ချန်ရုံအား ဝေ့ဝိုက်ကြည့်ကာလက်မောင်းအား ရုတ်တရတ်ဆွဲကိုင်လိုက်ပြီး “မင်းက ဘာလို့ ဒဏ်ရာမရတာလဲ” ဟု သံသယဖြစ်စွာ မေးမြန်းလိုက်သည်။

၎င်းမေးခွန်းကိုကြားသောအခါ ချန်ရုံက မထီမဲ့မြင်ဆန်စွာ ရယ်မောတော့၏။

“ဟူစစ်သားတွေက စစ်မြေပြင်မှာ အမျိုးသမီးတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးပုံရတယ် ... သူတို့အားလုံး ကျွန်မကိုတွေ့တော့ အံ့ဩသွားကြတယ်လေ ... လမ်းမှာရှိတဲ့ ဓားလှံတွေကလည်း ကျွန်မကိုရှောင်ကွင်းသွားကြတယ် ... တချို့ဆို ကျွန်မကို အမိဖမ်းဖို့အတွက်နဲ့ လက်နက်တွေကိုတောင်မှ ပစ်ချလိုက်ကြသေးတယ် ..."

ထိုရှင်းပြချက်တွင် သူမ၏ မေးစေ့မှနာကျင်မှုကို ခံစားလိုက်ရသည်။ချန်ရုံမှာ သူမ၏လက်ကိုဆန့်ထုတ်ကာ ယင်းလက်တစ်ဖက်ကို‌ဖယ်ခွာရန်ကြိုးစားနေခဲ့သော်လည်း နည်းပါးလှသောခွန်အားဖြင့် မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ထို့ကြောင့် သူမသည် ရန်မင်းအား‌ မော့ကြည့်ကာ နှစ်လိုဖွယ်ကောင်းစွာပြောကြားလိုက်ရတော့သည်။

" တပ်မှူး ... လွှတ်ပါတော့ ... "

ယင်းစကားတွင် ချန်ရုံ၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွားခဲ့လေ၏။


Xxxx