အပိုင်း ၁၅၆
Viewers 16k

Chapter 156
_ အောင်ပွဲခံမှု



စစ်မြေပြင်၌ ဝတ်ရုံဖြူကိုဝတ်ဆင်ထားသည့် မိန်းမလှလေးအားမြင်ရသောအခါ နှစ်ဖက်တပ်များက အံ့ဩသွားကြသည်။သို့သော်လည်း လေးမြားအား ဆွဲခဲ့ပြီးဖြစ်သဖြင့် နောက်ပြန်ဆုတ်၍မရချေ။ထို့အပြင် သူမအား အနီးနားရှိလူတစ်ချို့သာ မြင်နိုင်ပြီး အနောက်မှလိုက်ပါလာသူတို့မှာ အရှေ့သို့လှမ်းရန်အတွက်သာ ဇောကြီးနေကြသည်။ဖုန်လုံးများက အားလုံး၏အမြင်အာရုံအား ပိတ်ဆို့ထားလျက်ရှိသည်။

“သူတို့ကို သတ်လိုက် ... သတ်လိုက်ဟေ့ ... ဒါမှ ငါတို့နောက်ထပ်တစ်ကြိမ် ပြန်ငြိမ်းချမ်းမှာ ..."

ဂျင်စစ်သားများက အချင်းချင်းအော်ဟစ်လှုံ့ဆော်ကြသည်။

ထိုသူတို့၏အော်သံများသည် မြင်းခွာသံများ ၊ လက်နက်သံများနှင့်အတူ ရောထွေးနေလေ၏။အဆုံးမဲ့ဖုန်မှုန့်များနှင့် အော်ဟစ်သံများက သိမ်နုပ်လှသောအသက်ပေါင်းများစွာအား မြင်းခွာတို့ဖြင့်နင်းချေကာ ကမ္ဘာမြေကို တစ်ဖန်ပြန်လည်သိမ်းပိုက်ခဲ့သည်။

ခံတပ်ပေါ်၌ဖြစ်သည်။

ဝမ်ဟုန်၏အော်သံသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။သူလုပ်နိုင်သမျှမှာ အဖြူရောင်သဏ္ဌန်နှင့် ၎င်း၏အရိပ်နောက်အား စူးစိုက်ကြည့်နေရုံသာရှိပြီး အော်သံနှင့် အမိန့်များက တစ်စိုးတစ်စိမျှအသုံးမဝင်ပေ။

ထိုအချိန်တွင် ယွီကျစ်က ကျယ်လောင်စွာအော်ပြောလာခဲ့သည်။

"အဲဒီမိန်းကလေးကို အရမ်းရင်းနှီးနေတယ် "
သူက ပြောပြောဆိုဆိုဖြင့် ဝမ်ဟုန့်ဆီသို့‌ လျှောက်လှမ်းလာပြီး ဆက်လက်မေးမြန်းလေတော့၏။

" ချီလန် ... အဲဒါ ချန်အိမ်တော်ကအားရုံမဟုတ်ဘူးလား ... "

ဝမ်ဟုန်၏အဖြေမှာ တင်းတင်းစေ့ထားသောမျက်ဝန်းများပင်ဖြစ်သည်။ချွေးသီးပေါက်များက သူ၏နှဖူးပေါ်၌ နေရာယူနေခဲ့လေ၏။

ထိုအချိန်တွင် သူတို့၏နံဘေး၌ရပ်နေသောချန်ကုန်းရန်းက ဝင်ရောက်ပြောဆိုလာသည်။

" အားရုံ ... အဲ့တစ်ယောက်က အားရုံလား ... သူကရှီမင်းနဲ့ရှိနေတယ်လို့ထင်ထားခဲ့တာကို ... လူကြီးမင်း ... အားရုံက ကျွန်တော်တို့မိသားစုက မိန်းမလှလေးပါ ... အခုလိုမျိုး မြင့်မားတဲ့ဂုဏ်ပုဒ်ကို ရလို့ဝမ်းသာပေမဲ့ ဒီနေ့တော့ အဲ့ကလေးမကို ဆုံးရှုံးရပါတော့မယ် ”

သူတို့သည် သူမအား အမှန်တကယ်ပင် ဆုံးရှုံးကြရပေတော့မည်။ထိုအချိန်တွင် ကြောက်ရွံ့သည်ဖြစ်စေ ၊ ဆုတ်ခွာလိုစိတ်ရှိသည်ဖြစ်စေ တံတိုင်းတစ်ဝိုက်ရှိတပ်သားများမှာ အံကိုသာတင်းတင်းကြိတ်ပြီး အသက်အန္တရာယ်ကို နှဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရန် ပြင်ဆင်နေကြသည်။

ဂျင်စစ်တပ်ကြီးတစ်ခုလုံး ရှေ့သို့ချီတက်လာ၏။အကြောက်တရားရှိသူများပင်လျှင် သေခြင်းတရားအတွက် ရုန်းကန်ဝံ့သည်။တငွေ့ငွေ့တက်လာသော ဖုန်ခိုးငွေ့များအား ရင်ဆိုင်ကြပြီးနောက် ကွင်းပြင်ထဲတွင် အဖြူရောင်ရုပ်သဏ္ဍာန် ရပ်နေသည်ကိုတွေ့လိုက်ရသောအခါ အချို့က ကျယ်လောင်စွာ ဟစ်ကြွေးလာကြသည်။ဟစ်ကြွေးသံအချို့နှင့် စတင်ပြီးနောက် အသံများမှာတဖြည်းဖြည်း ပို၍ကျယ်လောင်လာလေ၏။

နောက်ဆုံးတွင် ဤပဲ့တင်ထပ်သံကသာ ကမ္ဘာတစ်ခွင် စိုးမိုးသွားသည်။တပ်မှူးများက ၎င်းတို့၏တပ်သားများအား စိတ်ဓာတ်မြှင့်တင်ပေးရန် မလိုအပ်တော့ချေ။စိတ်အားထက်သန်မှုနှင့် စိတ်ပိုင်းဖြတ်မှုအားလုံးက လင်းထိန်သွားခဲ့သည်။

"သူတို့ကိုသတ် ... သတ်ကြ ...လူရိုင်းတွေက ငါတို့ကို အရှင်ထားမှာမဟုတ်ဘူး ... "

တပ်သားအပေါင်းမှာ သူတို့ကိုယ်သူတို့ သတိမထားလိုက်မိခင်မှာပင် အဓိပ္ပာယ်တူညီသည့်စကားလုံးများအား ပြိုင်တူဟစ်ကြွေးသွားမိကြတော့သည်။

"သူတို့ကိုသတ်ကြဟေ့ ...ဒါမှ ငါတို့ အသက်ရှင်မယ်”

" သတ်ပစ်လိုက်ကြ ..."

အော်သံများက အဆင့်အဆင့် ဆင့်ပွားလာကြသည်။ကြောက်ရွံ့မှုကင်းမဲ့သည့်မျက်ဝန်းအစုံတို့၌ ကြက်သွေးရောင်များဖြင့်ဖုံးလွှမ်းလာလေ၏။ချက်ခြင်းဆိုသလိုပင် ဂျင်စစ်တပ်၏ယုံကြည်မှုက ဆယ်ဆတိုးပွားလာသည်။သူတို့အားလုံးထံ၌ အတွေးတစ်ခုသာ ရှိခဲ့သည်။

မြို့ကို သိမ်းပိုက်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် မောယန်သားများကြုံဆုံခဲ့ရသောကံကြမ္မာနှင့် ဆုံတွေ့ကြရမည်ဖြစ်သည်။လွတ်မြောက်ခြင်းမရှိနိုင်သည်ဖြစ်ရာ အသက်ကိုလောင်းကြေးထပ်ပြီး တိုက်ပွဲဝင်ကြရပေမည်။

မည်သူမဆို သေဘေးနှင့်ရင်ဆိုင်လာရပါက အသက်ရှင်ရန် ရုန်းကန်မည်ဖြစ်သည်။ ဂျင်စစ်သားများသည် ၎င်းတို့၏ သူရဲဘောကြောင်မှုကြောင့် ယခုအချိန်အထိ နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့ကြသော်လည်း ယခုတစ်ကြိမ်၌ ပြောင်းလဲသွားလေပြီ။

မူရုံခယ်က ထိုင်နေရာမှထသည်။သူသည် ဖုန်တလူလူဖြစ်နေသောစစ်မြေပြင်ကို တည့်တည့်စိုက်ကြည့်ကာ ရုတ်တရက် လက်ကို ဝှေ့ယမ်းလျက် အမိန့်ပေးလိုက်သည်။

" အာရုံစိုက်ထားကြစမ်း ... "

သူ၏တပ်သားများမှာ ဂျင်စစ်သည်များအား အထင်အမြင်သေးလျစ်လျူရှုကြလေ့ရှိကြောင်း မူရုံခယ် သိသည်။ရန်သူဘက်မှ ရှင်းရှင်းလင်းလင်း စတင်တိုက်ခိုက်လာသော်လည်း သူ၏တပ်သားများမှာ ပျင်းရိစွာဖြင့် အလေလိုက်နေကြဆဲဖြစ်သည်။

မူရုံခယ် အမိန့်ပေးလိုက်ချိန်တွင် တစ်ဖက်ခံတပ်ရှိဝမ်ဟုန်ကလည်း ‌အေးစက်သောလေသံဖြင့် ပြောလိုက်၏။

" တံခါးဖွင့်လိုက်တော့ ... ငါတို့တပ်တွေ ဒီကနေ ဖောက်ထွက်နိုင်အောင် ”

ယင်းနောက်တွင် သူက တစ်ဖက်သို့လှည့်လိုက်ပြီး " ဝမ်မျိုးနွယ်ဝင်ဖြစ်တဲ့ငါက လူရိုင်းတွေကို တိုက်ခိုက်ဖို့ ဒီဘက်တံခါးကနေ ထွက်သွားမယ် " ဟုပြောသည်။

ထိုအချိန်တွင် တိုက်ပွဲဝင်ရန် စိတ်အားထက်သန်မှုနှင့် မခံချင်စိတ်တို့က ခံတပ်နံရံအောက်ဘက်ရှိကျန်တပ်စုများ ဆီသို့ ပျံ့နှံ့သွားခဲ့သည်။ချက်ခြင်းဆိုသလိုပင် အလံများက ထိုးထောင်တက်လာခဲ့ပြီး ညွှန်ကြားသံများလည်း အသီးသီးထွက်ပေါ်လာကြသည်။

မြို့တံခါးက ပြန်ပွင့်လာခဲ့လေ၏။မြောက်တံခါးမှ စစ်သည်များအားလုံးမှာ နောက်တစ်ကြိမ် တိုက်ခိုက်ရန်အတွက် မြင်းများပေါ်တွင် အသင့်အနေအထားဖြင့်ရှိနေသည်။

တပ်မှူးများကလည်း အခြားဂိတ်တံခါးသုံးဖက်သုံးတန်နှင့် မင်းသား၏အိမ်တော်သို့ အသီးသီးဦးတည်သွားကြသည်။

အထက်တန်းလွှာများသည်လည်း ၎င်းတို့၏ မျိုးနွယ်ဝင်များအား မြောက်တံခါးမှ ခွဲထွက်ရန် အမိန့်ပေးရန်အတွက်အလျင်အမြန် လှည့်ပြန်ခဲ့ကြသည်။မူရုံခယ်တွင် နန်ယန်ထက် အင်အားသုံးဆပိုကြီးသောတပ်များရှိသည်။ရှေးယခင်က ဂျင်စစ်သားများသည် တိုက်ခိုက်ရန် သတ္တိနှင့် စွမ်းအားများ ကင်းမဲ့ခဲ့သည်။သို့သော်လည်း ယခုအချိန်တွင် သူတို့အားလုံးသည် သေခြင်းတရားနှင့်ချီ၍ ကတိသစ္စာပြုထားကြပြီး ဤသို့သောအရာအား အရေးနိမ့်မခံသင့်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူရောင်ရုပ်သွင်က ဟူတပ်များထံသို့ ပြေးလာခဲ့သည်။သူမက ရှည်လျားသော ကြာပွတ်အား ဘေးဘီသို့ မြှောက်တင်ယမ်းခါလိုက်သောအခါ သွေးများဖြာထွက်ကုန်သည်။ချန်ရုံမှာ သူမသည် ရန်သူများ ဝိုင်းရံထားသည့်နေရာ၌ စစ်မြေပြင်အားဦးဆောင်လျက်ရှိနေကြောင်းကို ဂရုပင်မစိုက်ချေ။
သူမ၏ဘေးဘီ၌ အစောင့်လေးယောက်ရှိပြီး ထိုသူတို့မှာကျွမ်းကျင်သူများဖြစ်ကြသော်လည်း ချန်ရုံ၏အပြင်းအထန် မြင်းကဆုန်ပေါက်မှုက သူတို့အား အံ့အားသင့်စေခဲ့သည်။ထိုသူတို့မှာ ဟူစစ်သားများအား တိုက်ခိုက်နေရသဖြင့် ချန်ရုံ့အား မကာကွယ်နိုင်ခဲ့ချေ။

အပြင်းအထန် အော်ဟစ်ခေါ်ဆိုသော်ငြားလည်း သူတို့၏အသံများက ရုတ်ရုတ်သဲသဲအခြေအနေကြားတွင် နစ်မြုပ်သွားသည်။အဖြူရောင်သဏ္ဌာန်မှာမူ ကြားသည်ဖြစ်စေ ၊ မကြားသည်ဖြစ်စေ တစ်ချက်ပင်လှည့်ကြည့်မလာပေ။

မျက်နှာဖုံးအောက်ကွယ်ရှိ မူရုံခယ်၏မျက်နှာထားက ငြိမ်သက်နေခဲ့သည်။ဂျင်စစ်သားများ၏တိုက်ခိုက်မှုမှာ အံ့အားသင့်ဖွယ်ရာကောင်းပြီး သူ၏အကြံအစည်များကို လုံးဝဖျက်ဆီးပစ်လိုက်သည်။

မူရုံခယ်မှာ စဉ်ဆက်မပြတ် ညွှန်ကြားအမိန့်ပေးနေခဲ့သော်လည်း ဂျင်စစ်သားများက အရှေ့သို့ချီတက်လာကာ တစ်စတစ်စထိုးစစ်ဆင်နေပြီး သူ၏အချို့သောအမိန့်များမှာ တပ်သားများထံသို့ အချိန်မီရောက်ရှိခြင်းမရှိပေ။သူက စစ်မြေပြင်ရှိ သွေးစွန်းနေသော ရုပ်အလောင်းများကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဝမ်ဟုန် ... သောက်ရှက်မရှိတဲ့ ခွေးမသား ... လှုံ့ဆော်ချင်ရုံသပ်သပ်နဲ့ မိန်းမသားတစ်ယောက်ကို အသုံးချတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး ... "

သို့သော်လည်း ၎င်းအော်သံအား မည်သူကမှ မကြားခဲ့ပေ။

ထောင်နှင့်ချီသော ဂျင်စစ်သားများက ဟူစစ်သည်များအားဖြတ်ကျော်ပြီး ချန်ရုံ့ထံသို့အမြန်ရောက်ရှိလာသည်။ သူတို့နောက်တွင်လည်း ဂျင်တပ်စုများက တဖွဲဖွဲချီတက်လာနေလေ၏။

ထိုအချိန်တွင် တပ်စုမှူးတစ်ဦးက မူရုံခယ်၏အနားသို့တိုးကပ်လာပြီး မေးမြန်းသည်။

" စစ်လန် ... ဘာလုပ်သင့်တယ်ထင်လဲ"

သူက မူရုံခယ်အား စိုးရိမ်သောကများဖြင့်ကြည့်နေ၏။ အကြောင်းမှာ မြောက်ဘက်တံခါးမှ တပ်သားနှစ်သောင်းအား ‌စည်းလုံးမှုမရှိသောလူအများစုဖြင့် ဖွဲ့စည်းထားကြောင်း သိနေသောကြောင့်ဖြစ်သည်။မူရုံခယ်က ထိုလူများအား လူအင်အားပမာဏအတွက်သာ ဖြည့်တင်းထားခြင်းဖြစ်၏။
မူရုံခယ်ထင်ထားခဲ့သည်မှာ ဂျင်စစ်သည်များက အလွန်တရာပင်သွေးကြောင်လှပြီး သူတို့သည် တိုက်ပွဲချိန်အတွင်း၌ ဂိတ်တံခါးများကိုဖွင့်လာလျှင် ထိုအရာမှာ မိုက်ရူးရဲဆန်မှု ဟူ၍ပင်။သူတစ်ယောက်တည်းဖြင့် ဂျင်စစ်သည်အင်အားတစ်သောင်းအား အပိုင်ဖြိုနိုင်သည်ဟူ၍ပင် လေလုံးထွားခဲ့သည်ဖြစ်လေ၏။သို့သော်လည်း ကနဦးတိုက်ခိုက်မှုတွင်ပင်လျှင် တစ်ဖက်စစ်သားများက ဤမျှလောက်အထိ စွန့်စွန့်စားစားပြုမူလာမည်မှန်း သူမထင်ထားခဲ့ချေ။ထိုအရာကလည်း ဟူတပ်အင်အားအများဆုံးရှိသည့် မြောက်တံခါးဘက်တွင်ဖြစ်သည်။

" မင်းက ဘယ်လိုထင်လို့လဲ ... သေခြင်းတရားက လမ်းမှာရှိနေတယ်ဆိုရင်တောင်မှ ငါတို့လူတွေကို ဆက်ပြီးတော့ ပိတ်ဆို့ခိုင်းထား ”

ယခုအချိန်မှ မည်ကဲ့သို့နောက်ဆုတ်ရတော့မည်နည်း။ဆုတ်ခွာခြင်းမှာ အရှုံးပေးခြင်းမည်ပေ၏။

တပ်စုမှူးက မူရုံခယ်၏အမိန့်အား နာခံလျက် ချက်ချင်းထွက်သွားတော့လေသည်။
တစ်ချိန်တည်းမှာပင်လျှင် တစ်ဟုန်ထိုးချီတက်လာကြသောဂျင်စစ်သားငါးထောင်မှာ ၎င်းတို့ရှေ့မှ ဟူစစ်တပ်သည် ဒဏ္ဍာရီယုံတမ်းစကားများသကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်မျိုးမဟုတ်ကြောင်း ကိုယ်တွေ့သိရှိသွားခဲ့ကြသည်။ဟူစစ်သည်များအား သုတ်သင်ရန်မှာ ဓားလှံများအား တစ်ချက်ယမ်းလိုက်ရုံပင်။

ယင်းအသိတရားသည် တပ်ဖွဲ့များကြား ချက်ချင်းပျံ့နှံ့သွားသည်။အသွေးအသားများက တစ်ခုနှင့်တစ်ခု ထိတိုက်သွားကာ ခန္ဓာကိုယ်တစ်ခုပြီးတစ်ခု မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားပြီး တမလွန်ဆီသို့ ကူးပြောင်းသွားကြလေ၏။

တဒင်္ဂအတွင်း၌ပင် ဂျင်စစ်သည်များက ခြေဆယ်လှမ်း လှမ်းနိုင်ခဲ့သည်။များပြားလှသည့်အကွာအဝေးမဟုတ်သော်ငြားလည်း ခံတပ်ပေါ်ရှိ အထက်တန်းလွှာများနှင့် တပ်ဖွဲ့များမှာ ဝမ်းသာအားရဖြစ်နေကြလေ၏။

“လူရိုင်းတွေက ကြောက်စရာမ‌ကောင်းဘူးဟေ့ ...”
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။

သူ၏အသံမှာ ခပ်ဝေးဝေးမရောက်နိုင်သော်လည်း
ထောင်ချီသော‌အော်ဟစ်သံများက အနောက်တွင်ရှိ‌သော ဂျင်စစ်သားများအား စိတ်အားတက်လာစေသည်။

အားပြင်းတကြီးအော်ဟစ်သံများက တစ်စတစ်စ ပိုကျယ်လောင်လာပြီး ပဲ့တင်ထပ်လာ၏။

ဆယ်လှမ်းမှ အလှမ်းနှစ်ဆယ်… သုံးဆယ် ....

ဟူတပ်များ နောက်ဆုတ်သွားခဲ့ရသည်။ခြေတစ်လှမ်းချီလိုက်တိုင်းတွင် ဂျင်တပ်သားများ၏အော်သံများက ပိုမိုကျယ်လောင်လာသည်။များမကြာမီမှာပင် ဂျင်တပ်စုများသည် လမ်းတစ်ဝက်အထိ လွယ်လင့်တကူ ချီတက်လာနိုင်ခဲ့ကြသည်။

" တပ်မှူး ... ဆုတ်ခွာကြရအောင်ပါ "

ခေါင်းဆောင်တစ်ဦးက မူရုံခယ်၏အနားသို့ကပ်၍ ရုတ်ချည်းပင် ဆိုလာခဲ့၏။

" တပ်မှူး ... သူရဲဘောကြောင်တဲ့ ဂျင်တပ်သားတွေဆီက အရှုံးခံလိုက်ရင် အကြီးအကျယ်သိက္ခာကျလိမ့်မယ် "

ရှန်းပေစစ်ပွဲနတ်ဘုရားမူရုံခယ်တွင်ပင်လျှင် သူ မချေမှုန်းနိုင်သောရန်မင်းရှိသေးသည်။ဤတိုက်ပွဲ၌ သူ၏တပ်သား နှစ်သောင်းအား ချေမှုန်းသွားနိုင်သောဝမ်ဟုန်ဆိုသူ လုံးဝမရှိစေရပေ။

အခြားတစ်ဦးကလည်း ဝင်ရောက်ပြောကြားရှာသည်။

" တပ်မှူး ... ရှုံးမယ်ထင်ရင် တတ်နိုင်သလောက် အမြန်ဆုံးထွက်သွားသင့်တယ် ... နောက်ကျမှ လက်စားပြန်ချေလို့ရတာပဲ ... "

ထိုစကားကိုကြားသောအခါ မူရုံခယ်က စစ်မြေပြင်လယ်မှ အဖြူရောင်သဏ္ဌာန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီး " ဆုတ်ခွာကြ ... " ဟုအော်ပြောလိုက်သည်။

သူ၏အမိန့်အတိုင်းပင် ဟူတပ်အလံများ လွင့်ထူလာလေ၏။

"လူရိုင်းတွေ ဆုတ်နေကြ‌ပြီဟေ့ ... ငါတို့နိုင်ပြီ ... "

ထိုအော်ဟစ်သံတို့နှင့်အတူ ဝမ်းသာမျက်ရည်များပါ အတူလိုက်ပါလာခဲ့သည်။ရန်သူများ စတင်ဆုတ်ခွာသွားချိန်၌ ၎င်းအသံများက ခပ်ဝေးဝေးသို့မပျံ့နှံ့သွားသေးပေ။

တိုက်ပွဲမှ ဆုတ်ခွာသွားချိန်တွင် တပ်မတော်၏စိတ်ဓာတ်သည်လည်း ယုတ်လျော့သွားမည်မှာ သေချာသည်။ ဂျင်စစ်သည်များ မကြောက်မရွံ့သတ်ဖြတ်နေချိန်တွင် ဟူတပ်သားများက လျင်မြန်စွာ ဆုတ်ခွာနေကြသည်။
ဂျင်တပ်များ၏အော်သံအပေါင်းက ကွင်းပြင်တစ်ခုလုံးသို့ ရုတ်ခြည်းပျံ့နှံ့သွား၏။

"သူတို့ နောက်ဆုတ်သွားပြီဟေ့"

" သတ်ကြ ... အကုန်လုံးကိုသတ်ပစ် "

ကြက်သွေးရောင်ရဲရဲတို့က သူတို့၏မျက်ဝန်းများအား ဆေးဆိုးထားသည်။ဂျင်တပ်သားများမှာ လက်နက်များ ကိုင်ဆောင်ကာ ရန်သူအပေါင်းအား ရုန်းကန်ခြင်းကင်းမဲ့စွာဖြင့် ထွက်ခွာရသည်မျိုးမရှိအောင် လိုက်လံတိုက်ခိုက်နေကြသည်။
နှစ်မိုင်အကွာတွင် နန်ယန်၏မျှော်စင်များမှ ဗုံတီးသံများ တစ်ဟုန်ထိုးမြည်လာသည်။တိုက်ပွဲတွင်းမှပြန်လည်ဆင့်ခေါ်နေသော အချက်ပေးသံပင်။စစ်သည်များလည်း ဖြည်းဖြည်းချင်း ရပ်တန့်သွားကြသည်။

" ဘာကိစ္စပြန်ခေါ်နေတာလဲဟ ... နောက်ဆုံးတော့ လူရိုင်းတွေကို အမျိုးဖြုတ်ဖို့ အခွင့်အရေး ရလာပြီကို ဘာဖြစ်လို့ လာဆုတ်ခိုင်းနေတာလဲ ... "

တပ်သားတစ်ဦးက အနောက်သို့ပြန်လှည့်ကြည့်ပြီး ဒေါသကြီးစွာမြည်တမ်းလိုက်၏။

အခြားကျိန်ဆဲနေသံများရှိသော်လည်း အများစုမှာမူဝမ်းသာအားရ အော်ဟစ်နေကြလေသည်။

အောင်ပြီဟေ့ ... အောင်ပြီ ... အောင်ပွဲက ငါတို့အပိုင်ပဲ ...


Xxxxxx