Chapter 155
_ စစ်တပ်နှစ်ခုရဲ့ရှေ့မှောက်ဝယ်
ချန်ရုံက သူမ၏နှလုံးသားနှင့်အပျိုစင်ဘဝကို ယူဆောင်သွားသောအနှီအမျိုးသားအား တစ်ချက်လှည့်ကြည့်ပြီး ပြုံးပြသည်။ယင်းနောက်တွင် သူမသည် နှုတ်ဆိတ်စွာလှည့်ထွက်သွားခဲ့ပြီး တံခါးကို တွန်းလိုက်၏။
ချန်ရုံက လှေကားထစ်များထံမှ တစ်လှမ်းချင်း ဆင်းလာသည်။
ခေါင်းငိုက်စိုက်ကျနေသောဝမ်ဟုန်မှာမူ ချန်ရုံ၏နောက်ကျောပြင်နှင့် သွေးများစွန်းထင်းနေသောဝတ်ရုံထံမှ အကြည့်မခွာနိုင်ခဲ့ပေ။
အစေခံများ၏အော်ဟစ်သံတို့ကြောင့် ဒါဇင်နှင့်ချီသောသံချပ်ကာဝတ်အစောင့်တပ်သားများ အရှိန်အဟုန်ဖြင့်ရောက်ရှိလာကြသည်။သူတို့က အော်ဟစ်ရန် ပြင်ဆင်လိုက်ကြသော်လည်း ဝါးဆောင်အပေါ်ထပ် အပေါက်ဝတွင်ရှိနေသည့်ဝမ်ဟုန့်အားမြင်သောအခါတွင် နှုတ်ဆိတ်သွားကြလေ၏။
ထိုသူတို့၏အကြည့်များက အချိန်တိုအတွင်းမှာပင် ချန်ရုံ့ထံသို့ ရောက်ရှိသွားသည်။သွေးစွန်းနေသောဓားအား ကြည့်ရှုအပြီးတွင်မူ တပ်သားအပေါင်းက ဝမ်ဟုန့်အား ပြန်လည်စူးစမ်းလာခဲ့ကြသည်။
ထိုအချိန်တွင် ချန်ရုံမှာ လှေကားအောက်သို့ရောက်သွားလေသည်။သူမက အစောင့်များပြည့်ကြပ်နေသော ခြံဝင်းတစ်ဝိုက်ကိုကြည့်ရှုရင်း နှုတ်ခမ်းစွန်းများအား ကော့ချိုးလိုက်၏။ထို့နောက်တွင် သူမက ဝမ်ဟုန့်အား တစ်ဖန်ပြန်လှည့်ကြည့်ပြီး ပြောသည်။
" ချီလန် ... ကျွန်မကို ဒီမှာချုပ်ထားဖို့ စဉ်းစားနေတာလား ... "
ချန်ရုံ၏အဝတ်အစားများက နေရောင်အောက်တွင် တောက်ပနေပြီး သူမ၏သွေးစွန်းနေသောဓားမှာလည်း အလားတူပင်ဖြစ်လေ၏။
ဝမ်ဟုန်က ချန်ရုံ့အားစူးစိုက်ကြည့်နေစဉ်တွင် အစောင့်တပ်သားတစ်ဦးက အရှေ့သို့တိုးလာပြီး ကြားဖြတ်မေးမြန်းလာသည်။
" သခင်လေး ... ဒီအမျိုးသမီးက လူသတ်မှုကျူးလွန်ခဲ့တာပါလား”
ဝမ်ဟုန်မှာ မည်သည်ကိုမှပြန်မပြောဘဲ ချန်ရုံ့ကိုသာစိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေခဲ့သည်။
နောက်ဆုံး၌ ဝမ်ဟုန်က လက်ဝှေ့ယမ်းပြလိုက်လေ၏။ထိုအခြင်းအရာကိုမြင်သောအခါ အစောင့်များက လမ်းဖယ်ပေးကြသည်။
ထိုအခါမှ ချန်ရုံသည် ဝမ်ဟုန့်အား တစ်ဖန်ကျောပေးလိုက်ပြီး အခင်းနေရာမှ ထွက်ခွာသွားလေတော့၏။ယခုအချိန်တွင် ချန်ရုံပြုသည့်လှုပ်ရှားမှုတိုင်းမှာ နောက်မတွန့်သောဆုံးဖြတ်ချက်အပေါ်အရင်းတည်သည်။
ဝမ်ဟုန်က ဝါးလက်ရန်းတန်းကိုဆုပ်ကိုင်ကာ ဖြူလွှလွှလူရိပ်အား ကြည့်လျက် " အားရုံ ... " ဟု လှမ်းခေါ်ရှာသည်။
သို့သော်လည်း ချန်ရုံမှာ တစ်ကြိမ်တစ်ခါမှ မရပ်တန့်ခဲ့ဘဲ ဓားသွားကိုဆုပ်ကိုင်ကာ အပြင်သို့ ဆက်လက်ဦးတည်နေခဲ့သည်။သူမ၏ခြေလှမ်းတိုင်းက မြေပြင်ပေါ်တွင်သွေးစက်များအား ကျန်ရစ်စေပြီး ကြောက်မက်ဖွယ်ရာ သွေးစီးကြောင်းတန်းတစ်ခု ရုပ်လုံးပေါ်လာပေ၏။
" အားရုံ ပြန်လာပါ... မင်းသွားစရာနေရာမရှိဘူး"
ဝမ်ဟုန်က ဆက်လက်အော်ခေါ်ပြန်လေသည်။ကြွေကျနေသောသစ်ရွက်ခြောက်များသကဲ့သို့ပင် သူ၏လေသံကလေထုထဲတွင် ဝေ့ဝဲနေခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း၌ပျောက်ကွယ်သွားကာ ခြေရာလက်ရာပင် မကျန်ရှိခဲ့ပေ။
ချန်ရုံက တစ်ချက်လေးပင် လှည့်မကြည့်သကဲ့သို့ သူမ၏ခြေလှမ်းများမှာလည်း ရပ်တန့်ခြင်းအလျဉ်းမရှိပါ။တဖြည်းဖြည်းနှင့် ၎င်းကျောပြင်မှာ မှေးမိန်သွားပြီး ဝမ်ဟုန်၏အမြင်အာရုံမှ လွင့်ပြယ်သွားသည်အထိဖြစ်လာသည်။
ထိုအချိန်တွင် ရှည်လျားလှသောလမ်းထက်၌ ခွာသံများ ထွက်ပေါ်လာတော့သည်။မြင်းစီးတပ်သားတစ်ဦးက သူ၏မြင်းပေါ်မှ ခုန်ဆင်းလိုက်ကာ အပေါ်ထပ်တွင် မလှုပ်မယက်ဖြစ်နေသောဝမ်ဟုန့်အား အစီရင်ခံလိုက်လေ၏။
“အရှင် ....နန်ယန်မင်းသားက အရေးတကြီး တိုင်ပင်စရာကိစ္စရှိတယ်လို့ပြောပါတယ် ”
ရုတ်ချည်းဆိုသလိုပင် ခွာသံခပ်ပြင်းပြင်းက ထိုတပ်သား၏လေသံအား ဖုံးလွှမ်းသွားသည်။အခြားတပ်သားတစ်ဦးသည်လည်း ယင်းနေရာသို့ရောက်ရှိလာခဲ့ပြီး ဝမ်ဟုန့်အား အော်ပြောလေ၏။
" အရှင် ... လူရိုင်းတွေ မြို့ပြင်ရောက်လာကြပါပြီ ”
"ရထားလုံး အဆင်သင့်ပြင်ထား ... "
“ ဟုတ်ကဲ့ပါ ... ”
လှည်းရထားက အချိန်တိုအတွင်း၌ပင် အဆင်သင့်ဖြစ်သွားသည်။
သို့သော်လည်း ဝမ်ဟုန်က တုပ်တုပ်မလှုပ်ချေ။သူသည် ခေါင်းငုံ့ထားဆဲသာဖြစ်ပြီး အေးစက်သောလေညင်းက သူ၏ဆံပင်နှင့် အဝတ်များကြားထဲမှ ဖြတ်သန်းကူးလူးနေသည်။
" အရှင် ... "
တပ်သားတစ်ဦးက ချီတုံချတုံဖြင့် မေးလာသည့်အခါမှသာ ဝမ်ဟုန့်ခမျာ အသိစိတ်ဝင်သွားပြီး ခေါင်းမော့လာတော့၏။သို့သော်လည်း ပုံမှန်အားဖြင့် ကြည်လင်ပြီး နူးညံ့သိမ်မွေ့သည့် သူ၏မျက်ဝန်းများမှာ ယခုတွင်မူအကြောင်းတစ်ခုခုကြောင့် ဗလာကျင်းနေလေသည်။
" တပ်သားတွေ ... "
“ဟုတ်ကဲ့ပါ အရှင် ”
ဝမ်ဟုန်က လက်ရန်းကိုမှီလိုက်ပြီး " သွား ... ချန်အိမ်တော်က အားရုံကို သွားပြီးတော့ စောင့်ကြည့်ကြ ... သူ့ကို ကာကွယ်ပေးလိုက်ကြ ... " ဟု ခပ်တိုးတိုးပြောသည်။
ပြောပြောဆိုဆိုဖြင့် ခေါင်းငုံ့လိုက်သည်ဖြစ်ရာ သူ၏ချောမောသော မျက်နှာပေါ်၌ ဆံနွယ်စအချို့ ဖြာကျလာခဲ့သည်။
ဝမ်ဟုန်၏အမိန့်အရ တပ်သားအများအပြားက ထွက်ခွာသွားကြလေ၏။ထိုသူများခပ်ဝေးဝေးရောက်သွားသည့်အခါတွင်မှ ဝမ်ဟုန်က လက်ရန်းကို ဖြည်းညင်းစွာ လွှတ်လိုက်ပြီး “အထဲက အလောင်းတွေကို မြှုပ်လိုက် ...” ဟု ခပ်တိုးတိုးပြောသည်။
" ဟုတ်ကဲ့ပါ ... "
အစောင့်နှစ်ဦးက အကြည့်ချင်းဖလှယ်လိုက်ပြီး လှေကားထစ်များပေါ်သို့တက်ရောက်သွားကြ၏။ယင်းနောက်တွင် သူတို့က တံခါးကို တွန်းဖွင့်ပြီး အပေါ်ထပ်သို့ ဝင်ရောက်သွားလေသည်။ခဏအကြာတွင် အစောင့်တစ်ဦးက အပြင်ထွက်လာခဲ့ပြီး ဝမ်ဟုန့်အား ရိုကျိုးစွာဖြင့် မေးမြန်းသည်။
“ အရှင် ... ဒီအစေခံတွေကိုကို ဘယ်လိုအခမ်းအနားမျိုးနဲ့ သင်္ဂြိုဟ်ပေးရမလဲဗျ ... ”
ထိုအချိန်တွင် ဝမ်ဟုန်က အောက်သို့ ဖြည်းညင်စွာဆင်းသွားခဲ့ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ပြောကြားလေသည်။
“ သခင်ဖြစ်သူကို မထီမဲ့မြင်ပြုပြီး ချုပ်နှောင်ထားတဲ့သူတွေက သေထိုက်တယ် ... ဒီတိုင်း ပစ်ထုတ်လိုက် ... "
ဝမ်ဟုန်၏စကားကြောင့် အစောင့်များက အချင်းချင်းအပြန်အလှန်ကြည့်လိုက်ကြ၏။
ဝမ်ဟုန်၏နောက်လိုက်ပါများဖြစ်ခဲ့သည့်အတောအတွင်းတွင် ဤသူများမှာသက်တမ်းရင့်အစေခံများဖြစ်ကြောင်း သူတို့က သဘာဝကျကျ သိရှိခဲ့ကြသည်။ဆုတော်လာဘ်တော်များ မရရှိပင်လျှင် ဤအိမ်စေများသည် သခင်ဖြစ်သူအား ကိုယ်စွမ်းရှိသမျှအလုပ်အကျွေးပြုခဲ့ကြသည်ချည်းသာ။သာမန်အားဖြင့် အစေခံများကွယ်လွန်သွားသောအခါတွင် သခင်ဖြစ်သူက အမှားများကို ခွင့်လွှတ်ပေးသင့်သည်။သို့သော်လည်း ယခုတွင်မူ ဝမ်ဟုန်၏လေသံ၌ ဆွဲဆွဲငင်ငင်ဖြစ်မှုတစ်စိုးတစ်စိပင် ပါဝင်မနေချေ။သူတို့၏မိဘ ၊ မောင်နှမများသည်လည်း ဝမ်မိသားစုတွင် မည်သို့ဆက်ရှိနေနိုင်မည်နည်း။
အစောင့်နှစ်ဦးက စာနာစိတ်များအား ရုတ်သိမ်းလိုက်ပြီးဝမ်ဟုန့်အား မေးခွန်းမထုတ်ကြပေ။နှစ်ဦးစလုံးက ဦးညွှတ်လျက် " ဟုတ်ကဲ့ပါ ... " ဟုသာ ပြန်လည်ပြောကြားသည်။
ထိုအစောင့်များက ဝမ်ဟုန့်အား ပြန်ကြားချက်ပေးနေစဉ်တွင် အခြားအမှုထမ်းတစ်ဦးက ဝမ်ဟုန်၏စကားများအား လန်ယာဆီသို့ပေးပို့ရန် မှတ်တမ်းတင်နေခဲ့သည်။အခြားအစောင့်တစ်ဦးကမူ ဝမ်ဟုန့်အား လိုက်လံပို့ဆောင်ပေးလေ၏။
အမှုထမ်းဖြစ်သူမှာ အိမ်စေများသေဆုံးရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးချင်နေသော်လည်း ဝမ်ဟုန်၏စကားက ၎င်းအကြောင်းအရာကို နိဂုံးချုပ်ပေးလိုက်သည်။အိမ်စေများသေဆုံးရသည့်အကြောင်းအရင်း ၊ သတ်ဖြတ်ခြင်းကို ကျူးလွန်ခဲ့သူ ... အစရှိသည်တို့အား လိုက်လံရှာဖွေရန် မလိုအပ်တော့ပေ။
မကြာမီ၌ပင် လှည်းရထားတစ်စင်းက ဝမ်ဟုန့်အား ပြင်ပသို့ ခေါ်ဆောင်သွားခဲ့သည်။နန်ယန်၏လမ်းမများထက်သို့ ရောက်သွားသောအခါတွင် တဟုန်ထိုး မြည်ဟီးလာသည့် ဗုံသံများကိုကြားလိုက်ရသည်။တုန်လှုပ်ချောက်ခြားဖွယ်ရာ လျင်မြန်သောရိုက်နှက်ချက်များက လမ်းပေါ်ရှိ လူအုပ်ကြီးအား ကစဉ့်ကလျားဖြစ်သွားစေခဲ့သည်။
ဝမ်ဟုန်၏လှည်းရထားကို မောင်းနှင်သူမှာ နှင်တံကို အားပါပါဖြင့်မြှောက်ကိုင်ပြီး အော်ဟစ်သံများကိုဖြတ်ကျော်ကာ အမြန်မောင်းနှင်လာခဲ့လေ၏။သိပ်မကြာခင်၌ပင် ဝမ်ဟုန်မှာ မြောက်တံခါးဘက်သို့ ဆိုက်ရောက်ခဲ့သည်။
ဝမ်မျိုးနွယ်စုမှအစောင့်တပ်သားငါးထောင်တို့က ဝမ်ဟုန့်အား အရိုအသေပြုကြသည်။သို့သော်လည်း ဝမ်ဟုန်မှာ တစ်ချက်လှည့်မကြည့်ဘဲ ခံတပ်တံတိုင်းဆီသို့သာ တည်ငြိမ်စွာဦးတည်သွားလေ၏။
ဒါဇင်ပေါင်းများစွာသောပညာတတ်များက ဝတ်ရုံခပ်ပွပွများကို ခြုံလွှမ်းထားကာ ခံတပ်ကြီးပေါ်တွင် ရပ်နေကြသည်။ဝမ်ဟုန်ချဉ်းကပ်လာသည်ကို လမ်းတစ်ဝက်၌ မြင်သွားသောယွီကျစ်က ရယ်ရယ်မောမောပြောလာခဲ့သည်။
" ချီလန် .... မင်းနောက်ကျနေပြီ "
ယွီကျစ်က ခေတ္တရပ်တန့်ပြီးနောက် ဆက်လက်မေးမြန်းလိုက်ပြန်လေ၏။
" ဘာဖြစ်တာလဲ ... ဘာလို့ဒီလောက်ထိ တည်နေတာလဲ ... "
သို့သော်လည်း ဝမ်ဟုန်မှာ သူရှိရာဘက်သို့ ခေါင်းပင်မလှည့်ဘဲ ခပ်တိုတိုအကြည့်တစ်ချက်ကိုသာပေးခဲ့သည်။
ဝမ်ဟုန်က တံတိုင်းနံရံဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။
ထိုအခါ ဟူးတပ်သားနှစ်သောင်းမှာ အောက်တွင် စည်းစနစ်တကျ တန်းစီစောင့်ဆိုင်းပြီး ၎င်းတို့၏ အလံများအားလေထဲတွင် လွှင့်ထူထားကြသည်ကို တွေ့ရှိလိုက်ရသည်။
"သတင်းရှိလား ... " ဝမ်ဟုန်က တည်ငြိမ်စွာပင် မေးမြန်းသည်။
ထိုအခါ အနောက်တွင်ရပ်နေသောအကြံပေးဖြစ်သူ ခေါင်းညိတ်ပြီး ခပ်တိုးတိုးပြန်ဖြေလာ၏။
" မူရုံခယ်က သူ့စစ်သားတွေကို ဘက်ပေါင်းစုံမှာ နေရာချထားတယ်ဆိုပေမဲ့ အရေအတွက် အများဆုံးကတော့ အရှင့်ရဲ့မြောက်တံခါးဘက်မှာပါ ... တပ်မှူးရန်က အရှင့်ကို လူရိုင်းတွေရဲ့ အဓိကအင်အားစုတွေကို တားဆီးဖို့ မြောက်ဘက်ကနေ တိုက်ခိုက်စေချင်ပါတယ်တဲ့ ... အဲ့အချိန်မှာ အနောက်၊ တောင်နဲ့အရှေ့တံခါးကလူတွေက တစ်ပြိုင်နက်တည်း ဖောက်ထွက်ဖို့ ကြိုးစားကြလိမ့်မယ် ... အရှင်လုပ်ရမှာက မူရုံခယ့်ကို ရန်မင်းဆီ လွှဲထားခဲ့ရုံပါပဲ ... "
ယင်းနောက်တွင် အကြံပေးက ဆက်ပြောပြန်သည်။
“တပ်မှူးရန်က ပြောပါသေးတယ် ... အရှင့်ရဲ့လူတွေကို မသုံးရက်ဘူးဆိုရင် မင်းသားဆီကအင်အားတွေနဲ့ အစားထိုးလို့ရပါတယ်တဲ့ ... မူရုံခယ် နန်ယန်ကိုဝိုင်းထားတာက အပြောင်အပျက်မဟုတ်ဘူးလို့ပြောတယ် ... ဘယ်လိုပဲဖြစ်ဖြစ် အသက်ပေါင်းများစွာ စတေးရမှာပါပဲတဲ့ "
အကြံပေးပုဂ္ဂိုလ်က ထိုအခိုက်အတန့်တွင် ခြောက်ကပ်စွာပြုံးလိုက်သည်။ ရန်မင်း၏စကားများမှာ ဒီ့ထက်ပိုမရှင်းနိုင်တော့ပေ။သူသည် မူရုံခယ်အား အလွယ်တကူ ဖယ်ရှားနိုင်သော်လည်း ထိုကဲ့သို့ မလုပ်ပေ။နန်ယန်အား ကယ်တင်ရန် နောက်ဆုံးမိနစ်၌ ပေါ်လာပေးခြင်းဖြင့်ပင် လုံလောက်နေပြီဖြစ်ကြောင်း ဆိုလိုလိုက်ခြင်းဖြစ်သည်။
" ဒါဆိုလည်း ရှိပါစေ ... "
ဝမ်ဟုန်က ခပ်ပါးပါးလေးပြုံးရင်းပြောလိုက်၏။
" ရန်မင်းကို နန်ယန်မှာပေါ်လာဖို့ ပြောထားတဲ့ ကျုပ်အမိန့်ကို ခင်ဗျားက သတင်းပို့လိုက်ပြီးပြီမလို့ ကျုပ်တို့ဘာမှလုပ်စရာမလိုတော့ဘူး"
“ အရှင် ... မူရုံခယ့်ကို သေချာရှင်းနိုင်ရဲ့သားနဲ့ အရည်အချင်းကို ဘာလို့ ဖုံးကွယ်ထားရတာပါလဲ ... ဒီလိုသာဆက်လုပ်နေရင် သခင်ကြီးက စိတ်ပျက်သွားပါလိမ့်မယ် ”
ဝမ်ဟုန်၏သုန်မှုန်နေသောအကြည့်က အကြံပေးပုဂ္ဂိုလ်အား အောင့်သက်သက်ဖြင့် ခေါင်းငုံ့သွားစေသည်။ထို့နောက်တွင် ဝမ်ဟုန်က အဝေးကိုလှမ်းကြည့်လိုက်ပြီး တိုးညင်းစွာ သတိပေးခဲ့လေ၏။
"ဒီစကားကို မကြားခဲ့သလို သဘောထားလိုက်မယ်"
အေးစက်သော ချွေးပေါက်များက အကြံပေး၏နှဖူးပေါ်သို့ လှိမ့်ဆင်းလာသည်။
" ဟုတ်ကဲ့ပါ ... "
မွန်းတည့်ချိန်အထိ အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။ဆိတ်အချိန် ( မွန်းလွဲ ၁ နာရီမှ ၃ နာရီ ) တွင် ဗုံသံများ တဒိန်းဒိန်းမြည်လာသည်။
မြောက်ဘက်တံခါး၌ သံချပ်ကာတပ်သားတစ်စုက စနစ်တကျ တန်းစီနေလေ၏။၎င်းတို့အားလုံးသည် သံချပ်ကာများ ၀တ်ဆင်ထားသော်လည်း ဝတ်စားဆင်ယင်ပုံများနှင့် အရောင်များအရ မတူညီသောမျိုးနွယ်စုဝင်များ ဖြစ်ကြောင်းကို သိရှိနိုင်သည်။
ဝမ်ဟုန်က တံတိုင်းပေါ်တွင်ရပ်၍ ထိုလူများအား အပေါ်စီးမှ စောင့်ကြည့်နေခဲ့၏။ထို့နောက် သူသည် မလှုပ်မယှက်ဖြစ်နေသော ဟူစစ်သားများကို တစ်ချက်လှည့်ကြည့်ကာ ညာလက်ကို ဝှေ့ယမ်းလျက် “တိုက်ကြတော့ ... ” ဟုကြွေးကြော်လိုက်သည်။ပဲ့တင်ထပ်သော ဗုံတီးသံများက ဝမ်ဟုန်၏အမိန့်အတိုင်း တိုးဝင်လာသည်။
ထိုအချိန်တွင် ဂိတ်တံခါးပွင့်သွားခဲ့ပြီး ကျယ်လောင်သော ခွာသံများ ၊ မြင်းစီးသူရဲများ၏ ထွက်ခွာရန်အလျင်လိုနေသံများဖြင့် ပြည့်နှက်ကုန်လေ၏။
ရုတ်တရက် တံတိုင်းပေါ်၌ ရပ်နေကြသောအထက်တန်းလွှာများအားလုံး ကြောင်စီစီဖြစ်ကုန်ကြသည်။
" ဟေ့ .... အဲဒါဘယ်သူလဲ ... "
အမိန့်ပေးနေခဲ့သည့်ဝမ်ဟုန်မှာလည်း မော့ကြည့်လိုက်မိ၏။ထိုအခါ သူ၏မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။
ဝမ်ဟုန်က အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ တံတိုင်းအား ဆုပ်ကိုင်ပြီး အော်ဟစ်လိုက်တော့၏။
" ပြန်လာခဲ့ ........ "
သူက အားကုန်သုံးကာ အကြိမ်ကြိမ်အခါခါဟစ်ကြွေးပြန်သည်။
" ချန်အိမ်တော်ကအားရုံ ... ငါ့ဆီကိုပြန်လာခဲ့ ....."
သို့သော်လည်း ဝမ်ဟုန်၏အသံမှာ ဗုံသံများ၊ အော်ဟစ်သံများနှင့် စစ်ပွဲချီသံများအကြားတွင် တိမ်မြုပ်သွားခဲ့၏။ အနီးနားတွင် ရပ်နေသူအနည်းငယ်မှလွဲ၍ သူပြောနေသည်ကို မည်သူမျှမကြားရချေ။အထက်တန်းလွှာနှင့် စစ်သည်များအားလုံးက တစ်စုံတစ်ရာအား လှမ်းကြည့်နေကြသည်။
ထိုအရာမှာ ကြာပွတ်ရှည်ကို ကိုင်ဆောင်ထားပြီး တပ်များဆီသို့ မြင်းအားကဆုန်ပေါက်၍ တဟုန်ထိုးဦးတည်နေသည့် နှင်းဖြူရုပ်သွင်ကလေးပင် ဖြစ်သည်။ထိုတစ်ယောက် မြင်းစီးသည့်အရှိန်က အလွန်မြန်ဆန်ပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် သူမသည် တပ်သားများအရှေ့၌ ဦးဆောင်ပြေးသွားနိုင်ခဲ့သည်။သူမ၏ပေါ့ပေါ့ပါးပါးဝတ်ရုံက လေထဲတွင် လွင့်ပျံနေပြီး ချပ်ဝတ်တန်ဆာ မ၀တ်ဆင်ထားကြောင်း သိသာလွန်းသည်။
လက်နက်မဲ့သောမိန်းကလေးတစ်ဦးက ဆန့်ကျင်ဘက်စစ်တပ်နှစ်ခု ထိပ်တိုက်တွေ့ဆုံပေါင်းစပ်သွားစေရန် စစ်ပွဲဧရိယာအလယ်သို့ တဟုန်ထိုးဦးတည်နေခဲ့၏။
တဖြည်းဖြည်းနှင့် အသံဗလံများအားလုံး ရပ်တန့်သွားသည်။
အားလုံးက ၎င်းဖြူစင်သောရုပ်သွင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။နောက်ဆုံးတွင်မူ အထက်တန်းလွှာတစ်ဦးက ခပ်တိုးတိုးပြောလာခဲ့လေ၏။
“ ကိုယ့်ရဲ့တိုင်းပြည်အန္တရာယ်ကျနေတာကိုသိတဲ့အခါမှာ မိန်းမသားတစ်ယောက်တောင်မှ စစ်မြေပြင်ကို ဝင်ရဲသေးတာပဲ ... ငါတို့လူတွေက သတ္တိမရှိဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ”
Xxxx