Chapter 154
ချန်ရုံ့အတွက် တည်ငြိမ်မနေသောညတာတစ်ခုပင်။သူမသည် ဆက်တိုက်ပင် မှောက်ချည်လှန်ချည်ပြုနေမိခဲ့ပြီး ရံဖန်ရံခါတွင် မှိတ်ထားသောမျက်ဝန်းများမှ မျက်ရည်များ စီးကျလာသည်။၎င်းမျက်ရည်ဥများက ဖယောင်းတိုင်မီးရိပ်တို့နှင့် ရောယှက်သွားလေ၏။
........
နောက်ဆုံး၌ အရုဏ်တက်ချိန်ရောက်လာခဲ့သည်။
ချန်ရုံက မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်ပြီးပြတင်းပေါက်ဘက်မှ မှောင်ရိပ်များဆီသို့ မှုန်မှိုင်းစွာ လှမ်းကြည့်သည်။တဖြည်းဖြည်းနှင့် သူမ၏မျက်လုံးများတွင် တည်ငြိမ်မှုအချို့ ကိန်းဝပ်လာသည်။ချန်ရုံမှာ သူမ၏ မျက်လုံးများအား ဝေ့ဝိုက်လှုပ်ရှားရန် ရုန်းကန်နေရသော်လည်း မကြာမီမှာပင် ရပ်တန့်သွားလေသည်။ဖြူဖွေးသောအသွင်သဏ္ဌာန်တစ်ခုက အိပ်ရာရှေ့၌စာထိုင်ရေးနေခဲ့သည်။နေရောင်လွှမ်းသည့် အရပ်ရှည်ပြီး ချောမောသောရုပ်သွင်က ချန်ရုံ့အား အမြင်အာရုံချို့တဲ့သွားစေသည်။အရှေ့တွင် တစ်စုံတစ်ဦးထိုင်နေသည်မှာ သေချာသော်လည်း ထိုသူ၏ဘေးဘီ၌ တိမ်စိုင်များက နေရာယူထားသလိုပင်။သူမထံမှ ညဉ်းညူသံကိုကြားသောအခါ ထိုအမျိုးသားက မော့ကြည့်ပြီး ပြုံးပြလာသည်။
ချန်ရုံလည်း အလိုလို ပြန်လည်ပြုံးပြလိုက်မိသည်။ယင်းနောက်တွင် သူမ မျက်တောင်ခတ်လိုက်သော်လည်း ၎င်းပုံရိပ်က ပျောက်ကွယ်မသွားသေးချေ။
" ရှင်က... "
" ဘာလဲ ... "
တစ်ဖက်လူမှာ သူမအား နူးညံ့စွာစိုက်ကြည့်နေပြီး သူ၏လေသံမှာ ရေထုသဖွယ်နူးညံ့ညင်သာသည်။
အကြိမ်အနည်းငယ်ခန့် မျက်တောင်ဆက်တိုက်ခတ်လိုက်သော်လည်း ထိုလူက တည်ရှိနေဆဲဖြစ်သဖြင့် ချန်ရုံတစ်ယောက် ထိတ်ပျာသွားတော့လေ၏။
" ချီလန် ... ရှင်က ဒီကို ဘယ်လိုရောက်နေတာလဲ"
တစ်ခုခုမူမမှန်သောအငွေ့အသက်ကို ချန်ရုံ ရုတ်တရက် ခံစားလိုက်ရသည်။သူမက အောက်သို့ငုံ့ကြည့်လိုက်၏။
စောင်ကိုလစ်လှပ်ကြည့်လိုက်သောအခါ ကျောက်စိမ်းသဖွယ်ခန္ဓာပေါ်၌ ညိုမဲဒဏ်တစ်ချို့နေရာယူထားလျက်ရှိနေသည်ကို တွေ့လိုက်ရသည်။သူမသည် မည်သည့်အဝတ်အစားကိုမှ ဝတ်ဆင်ထားခြင်းမရှိပေ။
ချန်ရုံ့ခမျာ စောင်လွှာအား အလျင်အမြန်ပင် ဆွဲတင်မိသွားပြီး ဝမ်ဟုန့်အား တစ်ချက်လှမ်းကြည့်လိုက်သည်။သူမ၏မျက်နှာမှာ တစ်စတစ်စနှင့် ဖြူဖပ်ဖြူလျော်ဖြစ်လာနေ၏။ထို့နောက်တွင် သူမက ခေါင်းငုံ့ကာ စောင်အောက်မှအခြင်းအရာအား တစ်ခေါက်ပြန်လည် ဆန်းစစ်ကြည့်ပြန်သည်။ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရသည့်အရာကြောင့် ချန်ရုံတစ်ယောက် မင်သေသွားမိတော့လေ၏။
အချိန်အတော်ကြာပြီးနောက်တွင် သူမက ဝေခွဲရခက်စွာဖြင့် မေးမြန်းလာခဲ့သည်။
“မနေ့ညက အိပ်မက်မဟုတ်ဘူးလား”
ထိုအခါ ဝမ်ဟုန်က သူ၏လက်ထဲမှ စုတ်တံကို ချလိုက်ပြီး ချန်ရုံနှင့် အကြည့်ချင်းဆုံလာသည်။
"အင်း မနေ့ညက အိပ်မက်မဟုတ်ဘူး"
ဝမ်ဟုန်၏လေသံမှာ ခါတိုင်းကဲ့သို့ နူးညံ့ညင်သာနေဆဲပင်။
" ကျွန်မတို့ ... အိပ်ခဲ့ကြတာလား ... "
" အင်း ... "
ဝမ်ဟုန်မှာ ချန်ရုံ့အား ပြုံးပြုံးလေး ကြည့်လျက်ရှိသည်။
ချန်ရုံတစ်ယောက် မျက်ဝန်းများအား တင်းတင်းကြပ်ကြပ် ပိတ်လိုက်တော့၏။ခဏအကြာတွင် သူမက ခပ်တိုးတိုးမေးလာခဲ့သည်။
“ မထိမ်းမြားရသေးတဲ့သူနဲ့ အိမ်ထောင်မရှိတဲ့လူက အတူတူအိပ်လိုက်ကြတာလား ”
" အင်း ... "
ဝမ်ဟုန်က ချန်ရုံ့အား စူးစိုက်ကြည့်နေခဲ့၏။
ဆံနွယ်အချို့က သူ၏မျက်နှာပေါ်၌ ဖြာကျလျက်ရှိသည်။
ထိုအခါ ချန်ရုံက ဖြည်းညင်းစွာ ထထိုင်လာသည်။စောင်သည်လည်း အောက်ဘက်သို့ လျှောကျသွားခဲ့ပြီး သူမ၏လှပသော ခန္ဓာကိုယ်က ဝမ်ဟုန်၏မြင်လွှာထဲသို့ ကွက်ကွက်ကွင်းကွင်းကြီး ဝင်ရောက်လာသည်။
ဤရုတ်ချည်းဆန်သောဖွင့်ဟပြသည့်အပြုအမူမှာ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ချန်ရုံ မခံစားရပါ။သူမက ထထိုင်လိုက်ပြီးနောက် ဖြီးသင်ခြင်းမပြုရသေးသည့်ဆံနွယ်များအား သူမ၏မျက်နှာတစ်ဝိုက်ကို ဖုံးကွယ်ခွင့်ပြုလိုက်သည်။
"ရှင်က ကျွန်မကိုလက်ထပ်ယူမှာလား"
…...
အချိန်တစ်ခုအထိ ဆိတ်ငြိမ်သွားခဲ့လေ၏။
“ဟုတ်လည်းဟုတ်ပါတယ် ... ရှင်က ကျွန်မကို ဘယ်လိုလုပ်ပြီး လက်ထပ်မှာလဲ ... ဒါပေမဲ့ ကျွန်မဘက်ကတော့ မေးကြည့်သင့်တယ်လို့ မထင်ဘူးလား"
ချန်ရုံက ရယ်မောလျက်။
အခန်းတွင်း၌ အလွန်တိတ်ဆိတ်နေပြီး အပ်ကျသံပင်မကြားရချေ။
"ချီလန် ... အခု ရှင် ကျွန်မကို ဘယ်လိုလုပ်မှာလဲ"
အချိန်အတော်ကြာပြီးနောက်မှသာ ဝမ်ဟုန်က ပြောကြားလာခဲ့သည်။
“မင်းက ငါ့ကြောင့်နဲ့ အပျိုစင်ဘဝကို ဆုံးရှုံးသွားတယ်ဆိုတာကို သက်သေပြပြီးပြီ ... အားရုံ မင်းက ငါ့ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော် ဖြစ်လာနိုင်ပါသေးတယ် "
"ဂုဏ်သရေရှိကိုယ်လုပ်တော်လား "
" အင်း ... "
ချန်ရုံက ရယ်မောလျက် ဖြည်းညင်းစွာမော့ကြည့်ခဲ့သည်။
သူမသည် ဆံနွယ်များအား လက်ချောင်းတို့ဖြင့် ထိုးခွဲရင်း ဝမ်ဟုန့်အား ကြည့်လိုက်လေ၏။
"မထိမ်းမြားဘဲနဲ့ ရှင့်ရဲ့ဂုဏ်သရေရှိကိုယ်လုပ်တော်ဖြစ်နိုင်သေးတာလား "
ချန်ရုံ၏အသံမှာ အနည်းငယ် ထူးဆန်းနေပြီး ဝမ်ဟုန်က တစ်စုံတစ်ရာပြန်လည်မဖြေကြားဘဲ စူးစိုက်ကြည့်နေရှာသည်။
" ချီလန်... "
“အင်း....”
"ကျွန်မက လန်ယာဝမ်အိမ်တော်ကို ဂုဏ်သရေရှိကိုယ်လုပ်တော်အဖြစ် ဝင်မယ်ဆိုရင်တောင်မှ သိက္ခာရှိရှိနဲ့ ဘယ်တော့မှ နေနိုင်မှာမဟုတ်ဘူး ... ဟုတ်တယ်မလား "
ဝမ်ရိ၏ အဆိုပြုချက်ကို သူမ ယခင်က ငြင်းဆိုခဲ့ဖူးသည်။ ယခုတွင်မူ သူမသည် ဝမ်ဟုန်နှင့် လက်မထပ်ဘဲ အတူအိပ်နေလေသည်။...မည်မျှပင် ဗလောင်းဗလဲဆန်လိုက်သောမိန်းကလေးဖြစ်သနည်း။သူမကဲ့သို့ ဂုဏ်သရေရှိကိုယ်လုပ်တော်မှာ သာမန်ကိုယ်လုပ်တော်များထက်ပင် ပိုဆိုးရွားနေသေးသည်။
“မကြောက်ပါနဲ့” ဝမ်ဟုန်က တိုးညင်းစွာပြောလိုက်၏။
" ဟင့်အင်း "
ချန်ရုံက တောက်ပသော မျက်လုံးများဖြင့် ရယ်သည်။အရှေ့သို့ကိုင်းညွတ်လိုက်ချိန်တွင် သူမ၏ရင်အစုံက နေရာင်ထဲတွင်တောက်ပ လှုပ်ယမ်းသွားလေ၏။
ချန်ရုံက ဝမ်ဟုန့်အား ပြုံးလျက်ကြည့်ရင်းပြောလာတော့သည်။
" ချီလန် ...ကျွန်မအရင်က လူသတ်ခဲ့ဖူးတာကို ယုံမှာလား"
၎င်းစကားမှာ ဝမ်ဟုန့်ကို အံ့အားသင့်စေခဲ့သည်။ဤကဲ့သို့ ဆိုလာရသည့်အကြောင်းရင်းအား ဝမ်ဟုန် နားမလည်နိုင်ပေ။
ချန်ရုံက ဖျော့တော့စွာပြုံးလေသည်။သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်နှင့် လှပသောမျက်နှာမှာ နံနက်ခင်း နေရောင်အောက်တွင် တောက်ပနေခဲ့သည်။
“ ကျွန်မက လူခုနစ်ယောက်ကို သတ်ပစ်ခဲ့တာ… အားလုံးက မိန်းကလေးတွေပဲ”
ဝမ်ဟုန်က မျက်ခုံးတစ်ချက်ပင့်လိုက်သည်။သူ၏မျက်လုံးများက သူမ၏လှပသောခန္ဓာကိုယ်ထံမှ ရွှေ့ပြောင်းသွားကြလေ၏။
" အားရုံ ... မင်း ပင်ပန်းနေပြီ ... "
သူမ၏နောက်ကြောင်းအား ကောင်းစွာသိရှိထားသည်ဖြစ်ရာ ဤစကားများမှာ ကယောင်တမ်းပြောဆိုနေခြင်းသာဖြစ်မည်ဟု ဝမ်ဟုန်က ထင်မှတ်ထားခဲ့သည်။သို့သော်လည်း ချန်ရုံ၏အကြည့်များသည် စွဲမက်ဖွယ်ကောင်းရုံသာမက လုံးလုံးလျားလျား ငြိမ်သက်နေကာ
သူမသည် အသိစိတ်လွတ်နေပုံမရချေ။ချန်ရုံက တောက်ပနေသောမျက်ဝန်းများဖြင့် ခပ်ယဲ့ယဲ့ပြုံးလျက် ဆိုလာခဲ့သည်။
" ကျွန်မရဲ့ဝမ်းကွဲတောင်မှ ...သူအခုချိန် တစ်နေရာရာမှာ ရှိနေတာမဟုတ်ရင် အဲဒါကျွန်မဆီက အသတ်ခံလိုက်ရတာပဲ "
ပြောရင်းဆိုရင်းဖြင့်ချန်ရုံက စောင်ကိုဖယ်လျက် ကုတင်ပေါ်မှ ဆင်းလာခဲ့၏။သူမသည် အပျိုစင်ဘဝအား လောလောလတ်လတ်ပင် ဆုံးရှုံးထားရသော်လည်း မိမွေးတိုင်းဖမွေးတိုင်းခန္ဓာကိုယ်ကို ယောက်ျားတစ်ဦးအား ပြသရန်ရှက်ရွံ့မနေဘဲ ကုတင်ပေါ်မှ ပွင့်ပွင့်လင်းလင်း ဆင်းလာခဲ့သည်။ဝမ်ဟုန်မှာ ထိုခန္ဓာအစုံက ကောင်းကင်ဘုံ၏အကောင်းဆုံး ဖန်တီးမှုဖြစ်ကြောင်း ခံစားသိရှိသွားရပြီး ၎င်းမှာအလွန်တရာပင် လှသွေးကြွယ်နေသည်။ခန္ဓာကိုယ်သာမကဘဲ သူမ၏နုပျိုသော မျက်နှာတွင်ပင်လျှင် ရှက်ရွံ့မှု၊ အရိပ်အခြည်ကြည့်မှုနှင့် အတိတ်မှကြောက်ရွံ့မှုအပေါင်းတို့ ကင်းစင်သွားခဲ့သည်။
ချန်ရုံ၏အပြုံးမှာ ယခု၌မူ သွေးအေးလွန်းနေလေ၏။
သူမက ခြေထောက်ဗလာဖြင့်လမ်းလျှောက်ပြီး "အပြင်မှာ တစ်ယောက်ယောက်ရှိလား" ဟု မေးမြန်းလိုက်သည်။
" ရှိပါတယ် ... "
ထိုအခါ အားကျစ်က ပြန်ဖြေလေ၏။ယင်းနောက်တွင် ဝါးတံခါး ပွင့်သွားခဲ့ပြီး အားကျစ်နှင့် အခြားအစေခံတစ်ဦးက ရေဇလုံနှင့်အဝတ်အစားအချို့ကို ကိုင်ဆောင်ကာ အထဲသို့ဝင်ရောက်လာသည်။အပေါက်ဝသို့ရောက်စဉ်တွင် အဝတ်မပါသောချန်ရုံက နေရောင်အောက်၌တည်ငြိမ်စွာ ပြုံးနေသည်ကို သူမတို့နှစ်ဦးစလုံး တွေ့လိုက်ကြရသည်။သို့သော်လည်း သူတို့က အမြန်ပင်အကြည့်လွှဲပြီး
ချန်ရုံ့ထံသို့ ချဉ်းကပ်လာကြလေ၏။
ဗန်းပေါ်ရှိအဝတ်အစားများကို ကြည့်ပြီး ချန်ရုံက ချိုသာစွာ ပြုံးပြလိုက်သည်။
" ဘာလို့ အဝါရောင်ဝတ်ရမှာလဲ ... သွား ... အဖြူရောင်ဝတ်စုံသွားယူချေ "
ထိုအခါအစေခံဖြစ်သူက စိတ်ရှုပ်ထွေးသွားတော့၏။သူမ မှတ်မိသလောက်ဆိုလျှင် မကြာသေးမီကမှ ဤမိန်းကလေးသည် အဖြူရောင်ကိုမဝတ်ဆင်ကြောင်း ပြောခဲ့ဖူးသည်။ခဏတာငြိမ်သက်သွားပြီနောက် အားကျစ်က ပြန်လည် ဆုတ်ခွာသွားခဲ့လေ၏။
များမကြာမီ၌ပင် အားကျစ်က အဖြူရောင်ဝတ်စုံကို သယ်ဆောင်လာခဲ့သည်။ဤသည်မှာ ချန်ရုံ၏ခရီးဆောင်အိတ်ထဲမှ ထုတ်ယူလာခြင်းပင်။
ထို့နောက်တွင် သူမက အဝတ်အစားများအား ချန်ရုံ၏အရှေ့တွင်ချပေးလိုက်သည်။
" သခင်မလေးက အဖြူရောင်အဝတ်တွေကို မကြိုက်ဘူးထင်တယ်နော် "
ဤမိန်းကလေးသည် သခင်လေးထံမှ စိတ်တိုင်းကျမှုရရှိအောင် လီဆယ်နေသည်။အားကျစ်မှာ ထိုအတွေးဖြင့် ချန်ရုံ့အား ကဲ့ရဲ့သောအကြည့်မျိုးဖြင့် ကြည့်လိုက်လေ၏။
သို့သော်လည်း ချန်ရုံမှာ ပေါ့ပေါ့ပါးပါးသာပြုံးသည်။သူမက ဝတ်စုံအား ခပ်ရွရွကလေး ကောက်ကိုင်လိုက်ပြီးပြောလာသည်။
“ မကြိုက်ပါဘူး… ငါ့လို အောက်တန်းကျ ၊ ရက်စက်ပြီးတော့ လှောင်ရယ်ချင်စရာကောင်းတဲ့မိန်းမမျိုးက ဒီလိုဖြူစင်သန့်ရှင်းတဲ့၀တ်စုံနဲ့ ဘယ်လိုလုပ်ပြီးတော့ထိုက်တန်နိုင်မှာလဲ”
ထိုစကားအဆုံးတွင် အခန်းတွင်းရှိ ကျန်သုံးယောက်စလုံး ငြိမ်သက်သွားကြသည်။ဝမ်ဟုန်သည်လည်း ချန်ရုံ့အား မော့ကြည့်လာခဲ့ပြီး သူ၏အပြုံးများက ဖြည်းညင်းစွာပျောက်ကွယ်သွားတော့လေသည်။
ချန်ရုံမှာပြုံးနေရင်းဖြင့်ပင် ယင်းဝတ်ရုံဖြူအား ခြုံလွှမ်းထိုးလျှိုလိုက်သည်။
“ဒါပေမဲ့ အခု ဝတ်လို့ရပါပြီ… တကယ်လို့ ပြန်မွေးဖွားလာနိုင်ခဲ့ရင်တော့ ငါနဲ့ ကျိန်းသေပေါက်ထိုက်တန်မှာပါ ”
သူမ၏နောက်ဆုံးစကားမှာ အနည်းငယ် မရေမရာဖြစ်ပြီး အစေခံများသာ နားစွန်နားဖျားကြားလိုက်ကြရလေ၏။
အဝတ်လဲပြီးသည်နှင့် ဆံပင်ဖြီးသင်ရန် ပြင်ဆင်ကြသည်။
“ မလုပ်နဲ့ ”
ချန်ရုံက ရုတ်ချည်းပင် အမိန့်ပေးလာခဲ့သဖြင့် အစေခံများအားလုံး တုံ့ဆိုင်းသွားသည်။
" သခင်မလေး ...သခင်မလေးက အခု အိမ်ထောင်သည်မိန်းမဖြစ်နေပါပြီ..."
"ငါ့ဆံပင်ကို အပျိုလိုပဲ ဖြီးသင်ပေး ... "
အားကျစ်က မျက်မှောင်ကြုတ်လျက် ရှင်းပြသော်လည်း ချန်ရုံက အေးစက်စက်သာ ကြားဖြတ်တုံ့ပြန်လေ၏။တုံ့ဆိုင်းနေသောအစေခံနှစ်ဦးက အချင်းချင်းအကြည့်ချင်းဆုံလိုက်ကြပြီး ထို့နောက်တွင်မူ ဝမ်ဟုန့်အား လှည့်ကြည့်လာသည်။
ဝမ်ဟုန်မှာမူ ချန်ရုံ့ကိုသာနှုတ်ဆိတ်လျက်ကြည့်နေခဲ့၏။သခင်ဖြစ်သူက တစ်စုံတစ်ရာဆိုမလာသဖြင့် အစေခံနှစ်ဦးမှာ ချန်ရုံ၏သဘောဆန္ဒကိုသာ လိုက်လျောပေးလိုက်ရသည်။
ချန်ရုံ၏ဆံပင်ကိုဖြီးသင်ပြီးစီးရန် အချိန်သိပ်မကြာလိုက်ပေ။အရွယ်တစ်ဆင့်တက်သွားခြင်းကြောင့်ရယ်လားမသိ ... ချန်ရုံ၏အလှတရားမှာ ယခုအချိန်၌ အတော်လေး အေးစက်သွားပြီဖြစ်သည်။၄င်းအေးစက်မှုကပင် သူမအား အနည်းငယ် အားပြင်းခက်ထန်လာစေ၏။
ချန်ရုံက ကြေးမုံမှန်ရှေ့မှ ထရပ်လိုက်ပြီး မေးမြန်းလာသည်။
" မနေ့ညက ကောင်းကင်ဘုံယာမကာက ဘယ်သူ့အကြံလဲ "
အစေခံနှစ်ဦးစလုံး တောင့်တင်းသွားကြတော့၏။သူတို့က ဝမ်ဟုန့်အား လှည့်ကြည့်လိုက်ကြသော်လည်း ဝမ်ဟုန်မှာမူ ချန်ရုံ့ကိုသာစိုက်ကြည့်နေသည်။
အချင်းချင်း အကြည့်ချင်းဖလှယ်ကြပြီးနောက်တွင်အစေခံမိန်းမငယ်က " ကျွန်မပါပဲ ... " ဟု ပြောလာခဲ့လေ၏။ထိုအချိန်တွင် အားကျစ်မှာလည်း ပြုံးဖြီးဖြီးနှင့် ကြားဖြတ်ဝင်ပြောလာသည်။
" စိတ်ဆိုးလို့လား သခင်မလေး ...အဲဒီယာမကာကြောင့်သာမဟုတ်ရင် သခင်မလေး လိုချင်တာကို ရလိုက်မှာ မဟုတ်ဘူးနော် ...သခင်မလေးက မိန်းမကောင်းလေးမှန်းသိပါတယ် ... သခင်လေးကို မေတ္တာရှိတယ်ဆိုရင်တောင်မှ ထုတ်ပြောဝံ့မှာမဟုတ်ဘူးလေ ... ကျွန်မတို့က ကူညီချင်ရုံသက်သက်ပါ ... ခွင့်လွှတ်ပေးပါ သခင်မလေး ”
စကားအဆုံး၌မူ အားကျစ်က ချန်ရုံ့အား လေးလေးနက်နက် ဦးညွှတ်တောင်းပန်သည်။သို့သော်လည်း ချန်ရုံက လှည့်မကြည့်ဘဲ ပြတင်းပေါက်ဘက်ဆီသို့ဦးတည်သွားလေ၏။ကြွေသားသဖွယ်လက်အစုံဖြင့် ပြတင်းပေါက်ဘောင်အားပွတ်သပ်အပြီးတွင်မူ ချန်ရုံက ပြတင်းပေါက်ဘေးမှ ဓားအိမ်ဆီသို့ လက်လှမ်းလိုက်သည်။
" ဒါဆို ငါ့ကို ကောင်းကင်ဘုံယာမကာ တိုက်ဖို့လုပ်တာက နှစ်ယောက်စလုံးရဲ့ အကြံပေါ့ ... "
သူမ၏လေသံတွင် ရယ်မောခြင်းအငွေ့အသက်တစ်ချို့ပါဝင်သည်။
ချန်ရုံမှာ ဒေါသထွက်နေပုံမရသောကြောင့် အားကျစ်ကပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။
" ဟုတ်ပါတယ် ... ကျွန်မတို့ကို ခွင့်လွှတ်ပေးမယ်မလားဟင် ... "
သူမနှင့် အစေခံငယ်တို့က ချန်ရုံ့အား တစ်ဖန်ပြန်လည်ဦးညွှတ်လိုက်ကြပြန်သည်။
သူမတို့သည် စာတတ်ပေတတ်များသကဲ့သို့ ပြုမူလျက်ချန်ရုံ့အား ဦးညွှတ်ကာ တောင်းပန်စကားဆိုနေကြသော်ငြားလည်း သူတို့၏ အမူအရာနှင့် စကားအသုံးအနှုန်းများမှာမူ အတွင်းပိုင်းမှ ရှုတ်ချဖွယ် အရိပ်အယောင်များဖြင့် သိမ်ဖျင်းနေလေသည်။
"ခွင့်လွှတ်ရမှာလား ... ဒါဆို ငါ့ကိုရော ဘယ်သူက ခွင့်လွှတ်ပေးမှာလဲ ... "
ချန်ရုံက တိုးညင်းစွာ ထေ့ငေါ့လိုက်ပြီး ဓားသွားအား ဆွဲထုတ်လာတော့၏။
_ရွှတ် _
ဓားသွားသည် ၎င်း၏ဓားအိမ်ကို ချန်ရစ်ခဲ့ကာ သံမဏိပေါ်တွင်မူ အေးစက်သောနေရောင်ခြည်က ရောင်ပြန်ဟပ်သွားသည်။
ချန်ရုံ ဓားကောက်ကိုင်လိုက်သည်ကို မြင်သောအခါ အစေခံများက “သခင်မလေး ... ဒါကို ထိလို့ မရဘူး ” ဟုအော်ဟစ်တားဆီးလာကြ၏။ထိုလေသံများတွင် အရိုးစွဲနေသောမာနထောင်လွှားမှုအပြည့်ရှိနေသည်။
ချန်ရုံမှာမူ ၎င်းစောဒဂတက်သံများအား မကြားသလိုပါပင်။သူမက ဓားကိုမြှောက်လိုက်ပြီး မျက်နှာပြင်အားလက်ချောင်းများဖြင့်ထိတွေ့ကာ ဓားသွားအားကြည့်လျက်ပြုံးလေသည်။
" လန်ယာဝမ်အိမ်တော်က ဓားကောင်းတစ်လက်ကို တကယ်ကို ထုတ်နိုင်တာပဲ "
လျှပ်စီးသဖွယ်ပင် ချန်ရုံ၏လက်က နောက်ပြန်ရွေ့လျားသွားခဲ့သည်။
_ရွှတ် _
၎င်းမှာ အသားစိုင်ထဲသို့ ဓားနစ်ဝင်သွားရာမှ ထွက်ပေါ်လာသောအသံဖြစ်လေ၏။အစေခံနှစ်ဦးက တစ်ပြိုင်နက်တည်း အော်ဟစ်လာကြသည်။ဝမ်ဟုန်သည်ပင်လျှင် ထိုင်နေရာမှထကာ ချန်ရုံ့အား စိတ်ပျက်လက်ပျက် စိုက်ကြည့်မိသွားလေ၏။
ချန်ရုံက လှည့်ကြည့်လာခဲ့သည်။သူမ၏လက်ထဲမှဓားက အားကျစ်၏ရင်ဘတ်ထဲသို့ တည့်တည့်တိုးဝင်သွားခဲ့ပြီး သွေးများ တလဟောစီးကျလာသည်။ထိုအချိန်တွင် ချန်ရုံ၏မျက်နှာပေါ်မှအပြုံးမှာ ရင်သပ်ရှုမောဖွယ်ရာ တောက်ပလာတော့သည်။
သူမက ဓားရှည်ကို ပြန်ရုတ်လိုက်ပြီး လက်ကိုမြှောက်ကာ ဆောက်တည်ရာမရဖြစ်နေသောအိမ်စေထံသို့ သွေးစွန်းနေသောဓားဖျားဖြင့် ထပ်မံထိုးစိုက်လိုက်ပြန်လေသည်။
ထိုအခါ သွေးများ ဖြန်းခနဲပန်းထွက်လာခဲ့ပြီး ချန်ရုံ၏မျက်နှာပေါ်၌ သွေးစက်အချို့စွန်းထင်သွားသည်။
ချန်ရုံ၏ချိုမြိန်သောအပြုံးမှာ ရင်တုန်ဖွယ်ရာကောင်းစွာလှပနေပေ၏။
ဓားသည် ပစ်မှတ်သို့ လုံးလုံးလျားလျား စူးဝင်သွားချိန်တွင် ဘေးဘက်မှ ပြင်းထန်သောအသံကို ကြားလိုက်ရသည်။အားကျစ်၏ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့ခြင်းပင်။
သွေးစွန်းနေသောဓားအား ချန်ရုံက နောက်ထပ်တစ်ကြိမ် ပြန်လည်နှုတ်ယူလိုက်ပြီး ဝမ်ဟုန့်ကို လှမ်းကြည့်သည်။
ထို့နောက်တွင်သူမက သွေးစွန်းနေသော ဓားရှည်ကို တစ်ဖက်လူထံသို့ သယ်ဆောင်သွားလေ၏။
ဝမ်ဟုန်သည်လည်း သူမအား စိုက်ကြည့်နေခဲ့သည်။
ချန်ရုံက ယင်းအကြည့်များကို ဖြတ်ကျော်၍တံခါးဆီသို့ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။
အထီးကျန်ပြီး မျှော်လင့်ချက်ကင်းမဲ့နေသည့် နေရောင်အောက်မှချန်ရုံ၏နောက်ကျောပြင်ကိုစိုက်ကြည့်ရင်း ဝမ်ဟုန်က " အားရုံ... " ဟု ခပ်တိုးတိုးဆိုလိုက်လေ၏။
ဝမ်ဟုန်၏တုန်လှုပ်ချောက်ချားသောလေသံတွင် အသံနေဟန်ထားနှင့် ကျက်သရေရှိမှုတို့က အလိုလိုပျောက်ဆုံးသွားသည်။သူကိုယ်တိုင်ပင်မသိရှိလိုက်သည့်အတွင်းစိတ်ဒဏ်ရာများကြောင့် ဝမ်ဟုန်မှာ ဆိုနင့်နေခဲ့လေ၏။
" မင်းက ငါ့ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော်ဖြစ်ရမှာကို အဲ့လောက်တောင် မနှစ်မြို့တာလား ... "
Xxxxx