Chapter 170
ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုများက လျင်မြန်စွာကုန်ဆုံးသွားသည်။ ထို့နေမှစ၍ သခင်မချန်က သူမအစ်ကိုအား နှစ်ကြိမ်ထက်ပိုစွာ ပိုလာစေခဲ့ပြီး သူမကိုယ်တိုင်လည်း နှစ်ခါရောက်လာခဲ့သည်။ သို့သော် သူမယဉ်ကျေးသည်ဖြစ်စေ၊ အလွန်အကျူးဖော်ရွှေနေသည်ဖြစ် အသုံးမဝင်ပေ။ တံခါးဂျက်ချထားသော အစေခံများ၏တုန့်ပြန်မှုက အမြဲတမ်းအတူတူပင်ဖြစ်သည်။
မတတ်နိုင်သောကြောင့် သခင်မချန်က သူမခင်ပွန်းကို သွားရှာရလေသည်။ သို့သော် သူမ၏ခင်ပွန်းမှာ စာအုပ်ကြီးအတိုင်းရှေးရိုးစွဲသော စာအုပ်ပိုးကောင်ဖြစ်သည်။ ပုံမှန်အားဖြင့် သူက သူမကိုနာခံသော်လည်း ချန်ရုံအကြောင်းပြောလာသောအခါတိုင်း သူနှင့်သူ့ညီမက ဆွေခန်းမျိုးခန်းဖြတ်လိုက်ပြီးဖြစ်သောကြောင့် သူ့အနေဖြင့် သူ့ကိုယ်သူထပ်ပြီး အရှက်ရစေ၍မရဟုသာ ပြန်ပြောလေ့ရှိသည်။ တစ်ခါတွင် သူမယောက်ျားအား သူမ၏အကိုကြီးများနှင့် ဆွဲခေါ်ထုတ်လာသော်လည်း သူမ၏အသုံးမကျသောယောက်ျားက အားနည်းစွာအနည်းငယ်ခေါ်လိုက်ပြီးနောက် လက်လျှော့သွားလေ့ရှိသည်။ အကယ်၍သူမအလိုရှိလျှင်တောင်မှ သူမအနေဖြင့် သူ့ကိုဖိအားမပေးနိုင်ပေ။
သူမ၏ယောကထမကို လျို့ဝှက်စွာမုန်းတီးနေသော်ငြား ဤအရာက သူမအပေါ်တွင် ခြုံထားသည့် အလွှာပါးတစ်ခုသာဖြစ်သည်။ သူမက ဟွမ်းအိမ်တော်၏ရထားလုံးဝင်သွားသည်ကိုသာမက ချန်အိမ်တော်မှ မိသားစုများကိုလည်း မြင်ခဲ့ပေသည်။
မျိုးနွယ်ဝင်များ၏မြင်ကွင်းတွင် သခင်မချန်က နောက်ဆုတ်ပြီး လမ်းကြားထဲရှိ နံရံကိုမှီလိုက်ကာ စိတ်ဝင်တစားဖြင့် ဝင်ပေါက်သို့ကြည့်နေလိုက်သည်။
ညှို့ယူနိုင်လောက်အောင်လှပသော မိန်းကလေးသည် အစိမ်းဖျော့ရောင် ဝတ်စုံကိုဝတ်ဆင်ပြီး တံခါးတွင်ရှိနေ၏။ သူမက သစ်သားခြေစွပ်ဖိနပ်ကို စီးထားပြီးသူမ၏ဆံပင်များကို လှုပ်ရမ်းနေသည့် ကြီးမားသောပုလဲဆံထိုးဖြင့် ဆံထုံးပြေပြေလေးထုံးထားလိုက်သည်။
အခုချိန်တွင် သူမက ရထားလုံးသုံးခုကို လက်ခံတွေ့ဆုံနေပြီး သူတို့ထဲမှလူများကို အရိုအသေပေးနေ၏။ ထို့နောက် ယောက်ျားသုံးယောက်ထွက်လာပြီး အားလုံးကလည်းအရေးပါသောသူများဖြစ်ပုံပေါ်ပေသည်။
အထဲတွင် လှုပ်ရှားသွားလာနေသော လူများကိုကြည့်ကာ သခင်မချန်တစ်ယောက်တံတွေးမြိုချလိုက်မိသည်။
“ ဒီမိန်းမပျက်”
ထို့နောက် သူမက ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်လေသည်။
“ငါဘာပြောခဲ့လဲ၊ သူမက ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပါဆို၊ အကောင်းအတိုင်းရှိနေတဲ့ မောင်နှမနှစ်ယောက်က သူတို့ပြန်ဆုံတာတောင်မကြာသေးဘူး၊ ဘယ်လိုဖြစ်ပြီး သံယောဇဉ်ဖြတ်နိုင်မှာလဲ...သူမက ငါတို့တွေ သူမကံကောင်းမှုထဲက တစ်ချို့တစ်ဝက်ရသွားမှာကိုကြောက်နေတာ...”
သခင်မချန်က မြေကြီးပေါ်တံတွေးထွေးလိုက်ပြီး ကျိန်ဆဲလိုက်သည်။
“အမလေး သူ့အစ်ကိုကတော့ သူနဲ့ပြန်တွေ့ရလို့ အရမ်းကိုငိုခဲ့တာ၊ ငါကတောင် ငါ့ကြက်မကိုယူလာပေးသေးတယ်လေ....ဒီကျေးဇူးမသိတတ်တဲ့အောက်တန်းစားမ”
သူမဘာသာရေရွတ်လိုက်ပြီးနောက် သခင်မချန်က ထောင့်တွင်ပုန်းနေသော အားကုနှင့် အခြားအစေခံတစ်ဦးကို လှည့်ကြည့်လိုက်ပြီး တီးတိုးပြောလာသည်။
“သွားပြီးတော့ အဲ့ဒီလူချမ်းသာတွေကို အားလုံးပြောပြလိုက်...”
သို့သော် သူမကအတွေးတစ်ချို့တွေးလိုက်ပြီးနောက် ခေါင်းပြန်ရမ်းလိုက်သည်။
သူမက ရှေ့တိုးလာပြီး အားကု၏လက်ကိုခြိမ်းခြောက်ဟန်ဖြင့် ဆွဲလိုက်သည်။ အခြားတစ်ယောက်က တုန်ရီနေသော်ငြား သူမကပြုံးရွှင်စွာပြောလာသည်။
“တိတ်တိတ်ကလေးသွားပြီး အဲ့ဒီကောင်မလေးကိုတွေ့ခဲ့၊ အရင်ဆုံးဖော်ရွေနေဖို့ သတိရနော်၊ တကယ်လို့ သူကနင့်ကိုအတွေ့မခံဘူးဆိုရင် မျိုးရိုးမြင့်လူတွေရှေ့မှာ သူ့မျက်နှာကို ဆွဲဖြဲပစ်မယ်လို့ပြောလိုက် သွား”
ထို့နောက် သူမက အားကုကိုတွန်းထုတ်လိုက်သည်။
အားကုက ခြေနှစ်လှမ်းလောက်သာသွားရသေးသော်လည်း ရပ်သွားသောအခါ သခင်မချန်က သူမကိုစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
“တကယ်လို့ နင်မသွားရင် ငါနင့်ကို ပြည့်တန်ဆာအိမ်ကိုရောင်းလိုက်မှာ”
အားကု၏မျက်နှာမှ အရောင်အသွေးအားလုံး ဆုတ်ယုတ်သွားလေသည်။ သူကမတုန်တုန်ရီရီဖြင့် သူမကိုယ်သူမ ချန်ရုံ၏အိမ်တံခါးဆီသို့ ဆွဲသွားလိုက်သည်။
ခြံဝင်းနှင့် ခြေလှမ်းဆယ်လှမ်းစာအဝေးသို့ သူမရောက်လာသောအခါ အော်သံတစ်ခုကြားလိုက်ရသည်။
“အဲ့ဒီမှာ ဘယ်သူလဲ”
အရပ်ရှည့်သည့်အစောင့်အနည်းငယ်က အပြင်ထွက်လာသည်။
သူတို့က လမ်းပေါ်ရှိစစ်သားများထက် ပိုပြီးအရပ်ရှည်ကာ ခံ့ညားထည်ဝါ၏။
အားကုက အေးခဲသွားလေသည်။သူမက စကားပြောတော့မည့် အချိန်တွင် အထိန်းတော်ဖျင်က ခြံဝင်းထဲက အော်ပြောလာ၏။
“ သူတို့က ကျွန်မတို့နဲ့သိတဲ့သူတွေမဟုတ်ဘူး၊ ကျွန်မတို့သခင်မလေးက ဒီကိုသူ့ဘာသာရောက်လာမှန်းသိလို့ အနှောင့်ယှက်ပေးချင်နေကြတာ၊ ကျေးဇူးပြုပြီး သူတို့ကိုမောင်းထုတ်လိုက်ပါ”
အစောင့်များက အထိန်းတော်ဖျင်ကို ယဉ်ကျေးစွာခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့ခါးမှ ဓားများကိုဆွဲထုတ်လာကြသည်။
အားကုက တစ်ချက်အော်လာပြီး နောက်သို့အလျင်အမြန်ဆုတ်သွားသည်။ သူမက သခင်မချန်ဆီပြေးသွားပြီးနောက် ဒူးထောက်ကာ သူမခြေထောက်ကိုဆွဲလိုက်သည်။
“သခင်မ ကျွန်မမလုပ်နိုင်ဘူး၊ ကျွန်မတကယ်ကို မလုပ်နိုင်လို့ပါ...”
အားကုက ငိုယိုကာပြောလာသည်။
သခင်မချန်က အစောင့်များ၏ ရန်လိုနေသောမျက်လုံးများကို မြင်သောအခါ ချွေးများဖြင့် ရွှဲစိုသွားလေသည်။ သူမက အားကု၏တောင်းပန်သံကိုကြားလိုက်ရသောအခါ သူမကိုရိုက်ချလိုက်သည်။
“အပျက်မ”
ထို့နောက် သူမကခေါင်းလှည့်ကာ အလျင်အမြန်ဆုတ်ခွာသွားလေသည်။
......
ချန်ရုံ၏ခြံဝင်းထဲတွင်။
ကျန့်ခန်း၏ချန်အိမ်တော်မှ အိမ်တော်ထိန်းတစ်ယောက်သည် အနောက်ဘက်မှထွက်လာသည်။ သူက လက်များကိုစုလိုက်ကာ ချန်ရုံအားရိုသေစွာပြောလိုက်သည်။
“သခင်မလေး၊ စိတ်မကောင်းစွာနဲ့ဘဲ အရင်တစ်နေ့က သခင်မလေးပို့ခဲ့တဲ့ ဖိတ်ကြားစာက အကောင်းအဆိုး မသိတဲ့ အစေခံတစ်ယောက်လက်ထဲကို ရောက်သွားတာပါ အဲ့ဒီအသိဉာဏ်မရှိတဲ့လူကို ကျွန်တော်တို့နှင်ထုတ်လိုက်ပါပြီ...”
အိမ်တော်ထိန်းက သူမအားဖော်ရွှေစွာ နှုတ်ဆက်နေချိန်တွင် အားရုံရှေ့တွင် ရပ်နေသည့် ယောက်ျားတစ်ယောက်က ရယ်မောလာသည်။
“ကောင်းပြီ၊ ကောင်းပြီ ဒီလိုအရေးမပါတဲ့ ကိစ္စတွေအပေါ်မှ အရမ်းတဝဲလည်လည်ပြောမနေနဲ့တော့၊ အားရုံ သွားပြီး ထုပ်ပိုးလိုက်တော့လေ”
သူက ခြံဝင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
“ဒီခြံဝင်းက ဟောင်းနွမ်းနေပေမယ့် ကောင်းတဲ့အရာလေးတွေရှိတယ်၊ အစေခံတစ်ချို့ကို ဒီမှာချန်ပြီး ဂရုစိုက်ထားခိုင်းလိုက်ပေါ့”
ချန်ရုံက ပြုံးကာ အရိုအသေပေးလာပြီး နူးညံ့စွာဖြေလာသည်။
“ကျွန်မက လူကြီးတွေရဲ့စကားကို မနာခံဘဲ မနေရဲပါဘူး”
သူမ၏သဘောတူမှုကိုတွေ့သောအခါ ထိုယောက်ျားက ရယ်လိုက်သည်။
“အရမ်းကောင်းတယ် အားရုံ၊ နန်ယန်ရဲ့ချန်အိမ်တော်က နှစ်ရက်အတွင်းရောက်လာလိမ့်မယ်၊ ငါကြားတာတော့ မင်းက ချန်ကုန်းရန်းရဲ့ အိမ်တော်ထဲဝင်လိုက်တယ်ဆို ဟုတ်လား။ဒါဆို ဘာလို့ ချန်ကုန်းရန်းပြင်ထားပေးတဲ့ ခြံဝင်းမှာမနေတာလဲ”
“ဟုတ်ပါတယ်” ချန်ရုံက ရိုသေလေးစားစွာ။ပြန်ဖြေလိုက်သည်။ သူမရှေ့ရှိဤယောက်ျားက ဖော်ရွေကြင်နာသည်ဟု ထင်ရသော်လည်း သူသည် ရင်ချွမ်မှ ချန်အိမ်တော်၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်သည်။ သူကဲသို့ လူတစ်ယောက်က အရေးတယူလုပ်ကာ ကိုယ်တိုင်ကိုယ်ကျရောက်လာပြီး သူမကဲ့သို့ မိန်းမငယ်လေးကို အိမ်တော်အတွင်းသို့ကြိုဆိုလာသည်မှာ မျိုးနွယ်စု၏သဘောထားက ပိုပြီးမရှင်းလင်းနိုင်တော့ပေ။
အင်ပါယာအရှင်မင်းမြတ်ကို သူမအခစားဝင်မှုအား မြင်နေလောက်ပြီဖြစ်သည်။
“သွားကြရအောင်....”
“ဟုတ်ကဲ့ပါ...”
အစောကတည်းက ဤလူသုံးယောက်ရောက်ရှိလာသည်ကို အစေခံများက ချန်ရုံအားသတင်းပို့လာခဲ့သည်။ ထို့နောက် သက်လတ်ပိုင်းအရွယ်ယောက်ျားက အမိန့်ပေးလိုက်သောအခါ ရထားလုံးများက ချက်ချင်းလှုပ်ရှားလာကြသည်။
ချန်ရုံက သူမနှင့်အတူ အထိန်းတော်ဖျင်နှင့် အဖိုးစွင်းကိုသာ ခေါ်သွားပြီး ကျန်သည့်သူများကို အိမ်တော်အားစောင့်ကြည့်ရန် ချန်ထားခဲ့လိုက်သည်။
ရထားလုံးများက လမ်းပေါ်သို့ဖြေးဖြေးချင်း မောင်းထွက်သွားသည်နှင့် ရပ်နေသောလူများက သူတို့လည်ပင်းများကို ဆန့်ထုတ်ကာ အချိန်နှင့်အမျှ ကြည့်နေကြသည်။
သခင်မချန်က မထွက်သွားသေးပေ။
သူမက လမ်းထောင့်တစ်ခုသို့ ပြန်ဆုတ်သွားကာ တဖြေးဖြေးနီးကပ်လာသော ရထားလုံးများကို မျက်တောင် မခတ်တမ်းစိုက်ကြည့်နေလိုက်သည်။ သူမနှင့်သိပ်မဝေးသောနေရာတွင် မျိုးရိုးမြင့်လူတစ်ယောက်က သိချင်စွာပြောလာသည်။
“အဲ့ဒါက တကယ်ဘဲရင်ချွမ်က ချန်အိမ်တော်လား၊ ပြီးတော့ ဟွမ်းအိမ်တော်ရော။ ဘယ်လောက်တောင်ထူးဆန်းတာလဲ။ငါတို့နောက်က ခြံဝင်းငယ်လေးမှာ အနားယူနေတဲ့ ဒီဆွေကြီးမျိုးကြီးသခင်မလေးက ဘယ်သူများလဲ...”
နောက်ထပ် မျိုးရိုးမြင့်လူတစ်ယောက်က အသံထွက်လာသည်။
“ဟုတ်တယ် ဒါကအရမ်းအံ့ဩဖို့ကောင်းလိုက်တာ၊ ချန်အိမ်တော်နဲ့ ဟွမ်းအိမ်တော်က ငါတို့ရဲ့ လမ်းကြားလေးထဲမှာ ပေါ်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့မိဘူး...”
သူ့အသံ၏နောက်တွင် သက်ပြင်းချသံတစ်ခုကပ်ပါလာသည်။
“ဒီမိန်းကလေးနဲ့ အထောက်အထားက အရမ်းထူးကဲနေမယ်ဆိုတာကိုသာ သိခဲ့ရင် ငါတစ်ခါလောက် အလည်အပတ်သွားလိုက်ရမှာ...”
ဤယောက်ျား၏နောက်တွင် ရပ်နေသော အစောင့်အနည်းငယ်ရှိ၏။ သခင်မချန်က သူတို့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လည်ပင်းပုသွားသည်။ သူတို့က သူမနှင့် သူမအစ်ကိုက ဆူညံဆူညံလာလုပ်သောအခါတွင် ဝင်ရောက်နှောင့်ယှက်ခဲ့သောသူများဖြစ်သည်။
ရထားလုံးများက နီးကပ်လာပြီဖြစ်သည်။
အလိုအလျောက်ပင် ဤမျိုးရိုးမြင့်လူများက အသံတိတ်သွားကြသည်။ ရထားလုံးများဖြတ်သွားသောအခါ သူတို့အားလုံးက နောက်သို့တစ်လှမ်းဆုတ်ကာ တစ်စုံတစ်ယောက်က သူတို့၏ အကြီးအကဲများကို အရိုအသေပြုသောပုံစံအတိုင်း ဦးညွှတ်လိုက်ကြသည်။
ရထားလုံးများ ခြေလှမ်းနှစ်ဆယ်အဝေးလောက် ရောက်သွားပြီဖြစ်သော်လည်း ဤလူများကခေါင်းမမော့လာသေးပေ။
သခင်မချန်၏ ပျင်းရိလေးလံသောမျက်လုံးများက နောက်ထပ်စကားဝိုင်းတစ်ဝိုင်း၏အလယ်တွင် လှုပ်ရှားမှုအနည်းငယ်ကို ပြုလုပ်လာသည်။
သူမကလမ်းပေါ်မှ ဖြေးဖြေးချင်းပျောက်ကွယ်သွားနေသော ရထားလုံးများကိုကြည့်ကာ နှုတ်ခမ်းစေ့လိုက်သည်။ ချက်ချင်းပင် သူမပါးကို သူမဘာသာရိုက်ချလိုက်လေသည်။
အားကုနှင့် အစေခံမိန်းကလေးတို့က သူမအားကြည့်လာကြသည်။ သခင်မချန်က သူတို့က နောက်သို့ဆုတ်သွားစေသည့် အကြည့်ပြတ်ပြတ်တစ်ချက်ပေးလာ၏။ သူမကိုယ်သူမ ထပ်ရိုက်လိုက်ကာ မှောင်နေသောထောင့်ချိုးတွင်ရပ်နေပြီး ရထားလုံးများမောင်းထွက်သွားသည်ကိုကြည့်ကာ မနာလိုစွာဖြင့်ကျိန်ဆဲလာသည်။
“အရူးမ တကယ်လို့နင်သာ အဲ့ဒီရွှေတွေနဲ့ ကျောက်စိမ်းတွေကို မြင်ခဲ့မယ်ဆိုရင် အခုဆိုရင်နင်တို့အားလုံး အဲ့ဒီရထားလုံးထဲမှာထိုင်ပြီး မျိုးရိုးမြင့်လူတွေရဲ့ ကြိုဆိုတာကိုခံနေရပြီ...”
သူမကိုယ်သူမ နှစ်ခါလောက်ဖြတ်ရိုက်လိုက်ပြီးနောက်တွင် သူမမျက်လုံးများအရောင်တောက်လာသည်။
‘မဟုတ်သေးဘူး၊ ဒီမိန်းကလေးက သူမအကိုကြီးကိုတော့ အရမ်းဂရုစိုက်တာ။ငါသာ အဲ့ဒီအသုံးမကျတဲ့ယောက်ျားကို နည်းနည်းလောက်ပိုပြီးဂရုစိုက်ပေးလိုက်ရင် ဒီကံကောင်းမှုရဲ့ တစ်ချို့တစ်လေလောက် ရလာနိုင်တယ်’
ဤအတွေးက သူမ၏စိတ်အခြေအနေကို ပြန်ကောင်းသွားစေသည်။ သူမကလက်ရမ်းပြကာ အိမ်ပြန်ရန်လုပ်လိုက်သည်။ သူမကသွားနေရင်းဖြင့် အမိန့်ပေးရန်လည်း မမေ့ပေ။
“ အားကု ပြန်ရောက်ရင် နင့်သခင်ကြီးအတွက် အာဟာရရှိအောင်လုပ်ပေးဖို့ ကြက်မအိုကြီးကိုသတ်လိုက်နော်၊ ဒီရက်ပိုင်းအတွင်းမှာ ငါတကယ်ဘဲ သူ့ကိုလျစ်လျူရှုခဲ့မိတယ်...”
သူမ၏ နန့်ပျံ့နေသောမျက်နှာက နူးညံ့မှုတစ်ချို့ဖြာထွက်နေပေသည်။ ဒီတစ်ကြိမ်တွင် သူမ၏ခြေလှမ်းများက ပေါ့ပါးနေ၏။ ပုံမှန်အားဖြင့်သူမကို စိတ်ပျက်စေသော ယောက်ျားအပေါ်တွင် ပြင်းထန်သည့်စိတ်ကျေနပ်မှုနှင့် သဘောကျမှုများရှိလာ၏။ ဤအရာများမှာ သူတို့လက်ထပ်ပြီး ပထမလလောက်တွင်သာ ရှိခဲ့သည့် စိတ်ကျေနပ်မှုနှင့် သဘောကျမှုများလိုဖြစ်သည်။