ဘဝက ကမောက်ကမ ဖြစ်နေရင် Mercury ဂြိုလ် နောက်ပြန်သွားနေတာကိုပဲ အပြစ်တင်လိုက်။
သို့သော် ဤလူသစ် သရုပ်ဆောင်လေးသည် သူ၏ Mercury ဂြိုလ်က ၂၂ နှစ်လုံးလုံး နောက်ပြန်သွားရန် အားခဲနေပြီး ယနေ့မှာတော့ အရာအားလုံး ဘုန်းခနဲ တစ်ပြိုင်နက်တည်း ကျရောက်လာသည်ဟု ထင်နေမိ၏။
အလေးအနက်ပြောရရင် ဒီစကြာဝဠာကြီးက ဒီထက်ပိုပြီး ရက်စက်နိုင်သေးလို့လား။
မိတ်ဆက်ပေးပါရစေ။
ဖန်းယင် အသက် ၂၂ နှစ်။ အသက် ၁၈ နှစ်အရွယ်တွင် အဆိုတော်အဖြစ် စတင်ခဲ့ပြီး တစ်နှစ်အကြာမှာ သရုပ်ဆောင်ဘက်ကို ကူးပြောင်းခဲ့သည်။ လက်ရှိအချိန်မှာတော့ နာမည်ရခါစဖြစ်နေသည့် ကြယ်တစ်ပွင့်။ ယခု ရိုက်ကူးနေသော ဒရာမာအသစ်တွင် ဒုတိယဇာတ်လိုက်နေရာမှ ပါဝင်သရုပ်ဆောင်နေသည်။
ဇာတ်လိုက်ဖြစ်သူမှာတော့…
ရွှီချိုးလော့…ဖန်းယင်၏ Idol ၊ သူ၏ ထာဝရ crush
တတိယဇာတ်လိုက်သည်
ရွှီကျုံး …ဟုတ်ပါသည်။ သူသည်လည်း ဖန်းယင်၏ Idol ပင်။
ထိုနှစ်ယောက်သည် ဆယ်စုနှစ်တစ်ခုကျော်လောက် ရင်းနှီးလာကြသည့် သူငယ်ချင်းများဖြစ်ပြီး ရိုက်ကွင်း၌ မျက်တောင်လေးများ ခတ်၊ တိုးတိုးလေးများ ပြောသည်မှာ အမြဲတမ်းလိုလိုဖြစ်၏။
သူတို့နှစ်ယောက်၏ "ခွေးစာ" တွေကက ဖန်းယင်ကို အဆက်မပြတ်ကျွေးနေတော့ ဒီကောင်လေး၏ နှလုံးသားလေးက အရည်ပျော်ပြီး ဘာဖြစ်သွားလဲ မှန်းကြည့်လိုက်လေ။
သူကိုယ်တိုင်သည်လည်း "လော့ကျုံး" ( ရွှီချိုးလော့ + ရွှီကျုံး) ကို အကြီးအကျယ် ship နေသော CP fan တစ်ယောက် ဖြစ်နေသည်။
အစပိုင်းတွင်တော့ ကိုယ့်အိုင်ဒေါများနှင့်အတူ အလုပ်လုပ်ရပြီး နောက်ကွယ်မှ သီးသန့် "အချို”များပါ ခံစားရသည်က အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာသကဲ့သို့ပင်။
ဖန်းယင်သည် လော့ကျုံး fandom ထဲမှ သတင်းအစုံအလင်ကို လိုက်ရန်အတွက် လျှို့ဝှက် Weibo အကောင့်တစ်ခုကိုပင် လုပ်ထားလိုက်သေးသည်။
ထို fandom ၏ ဘုရင်မမှာတော့..
"သခွားသီးကြီး" ဟု ခေါ်သော fanfic နတ်ဘုရားမတစ်ပါးဖြစ်သည်။သူ၏ စာရေးဟန်က တကယ်ကိုပင် နက်မှောင်သော အခန်းများ ပါရှိသော်လည်း နွေရာသီ၏ ထိတွေ့မှုကဲ့သို့ ပေါ့ပါးလန်းဆန်းသည်။
ပြောရလျှင် ဖန်းယင်သည် သူ့ကို လုံးဝမကျေနပ်ပေ။ သူမက သူ၏အကြီးဆုံး hater ဖြစ်သလို၊ သူ၏နံပါတ်တစ် anti fan လည်းဖြစ်နေသည်။
အဆုံးစွန်ဆုံး ရန်သူတော်ကြီးပေါ့။
မည်သို့ သိသွားသနည်းဆိုလျှင် သခွားသီးကြီးမှ သူ နှင့် ရွှီချိုးလော့တို့၏ Weibo ပေါ်မှ အပြန်အလှန်ပြောဆိုမှုများကို retweet လုပ်ပြီး ခနဲ့တဲ့တဲ့ caption နှင့် တင်လိုက်ခြင်းကြောင့်ပင်။
[ ဒီနေ့တော့ ဖန်းကြာဖြူ (ဖြူစင်ယောင်ဆောင်ထားတဲ့ဖန်းယင်) လေးက အကောင်ကြီးကြီးတွေရဲ့ ခြေသလုံးကိုဖက်ပြီး အပေါ်တက်ဖို့ အလုပ်ကြိုးစားနေပြန်ပြီ ]
ဖန်းယင်၏ တုံ့ပြန်မှု:
"WTF! အမကြီးရယ်၊ ဒါက အလုပ်လုပ်နေတာလို့ခေါ်တယ် ၊ စိတ်လျှော့ပါဦးဟ"
သူ မကျေမနပ်ပြောလို့မဆုံးခင်မှာပဲ သခွားသီးကြီးက ထပ်တင်လိုက်သည်။
[ ဖန်းကြာဖြူကို ဒေါသထွက်လွန်းလို့ စာဆက်မရေးချင်တော့ဘူး ]
ဖန်းယင်: "..."
မိမိအား အပြင်းထန်ဆုံးဝေဖန်သူက နေ့တိုင်း နျူကလီးယားဗုံးကြဲသကဲ့သို့ စကားလုံးများနှင့် ပစ်ပေါက်နေသည့်အခါ အားမရှိသည့် သရုပ်ဆောင်သစ်လေးတစ်ယောက်မှ ဘာလုပ်နိုင်မည်နည်း။
"အစ်မကြီးရယ်၊ စိတ်ထိန်းပါ၊ ကျွန်တော်တို့ လော့ကျုံး fan တွေက အချင်းချင်း အနိုင်မကျင့်ကြပါဘူး" လို့တောင် သွားပြောလို့မရဘူးလေ။
ဒါကြောင့် ဖန်းယင်မှ သခွားသီးကြီး သူ့ကို ပုတ်ခတ်ပြောဆိုခြင်းများကို မမြင်ချင်ယောင်ဆောင်ပြီး အေးအေးဆေးဆေးသာ နေလိုက်သည်။
တစ်ခါတလေတွင်တော့ ငြိမ်းချမ်းရေးအတွက် သူ့အကြောင်းရေးထားသည့် post များကို like သွားပေးလိုက်သေး၏။
တစ်ဖက်တွင်တော့ တိတ်တိတ်လေး မျက်ရည်များဖြင့် ကြာဖြူပန်းလေးကဲ့သို့ ဟန်ဆောင်ကာ ခနဲ့တဲ့တဲ့စာများနှင့် reply ပြန်နေရသည်။
[ ဖန်းယင်က နှင်းလိုဖြူစင်ပြီး ရွှီချိုးလော့ရဲ့ ခြေထောက်ကို အောင်မြင်မှုရဲ့လှေကားထစ်လို ဖက်တွယ်တက်နေတာ! ]
တစ်ချို့စတေးမှုတွေကတော့ လုပ်ကိုလုပ်ရတာပဲလေ။
ဖန်းယင်သည် ဤသို့ စကားလုံးများဖြင့် ထိုးနှက်ခံရခြင်းကိုပင် သိပ်ဂရုမစိုက်တော့ပေ။
ဒီ CP ကို အသေအလဲလိုက်နေတဲ့ အိမ်တွင်းပုန်းတစ်ယောက်အနေနှင့် ရိုက်ကူးရေးအပြီး၊ ဇာတ်ညွှန်းလေ့ကျင့်ပြီးတာနဲ့ fanfic စာဖိုင်လေးတွေဖတ်ပြီး အေးအေးဆေးဆေး အေးချမ်းနေလိုက်တာပဲ။
သို့သော်လည်း ထို"ကိစ္စကြီး" ဖြစ်လာခဲ့သည်။
တစ်နေ့ အားလပ်ချိန်မှာ ဖန်းယင်မှ သခွားသီးကြီး fanfic အသစ်တစ်ပုဒ်ရေးပြီးသွားပြီဖြစ်ရာ forum တွင် စာဖိုင် တင်ပေးမည် ဟူ၍လည်း ပြောသွား၏။
( forum က website တစ်ခုပါနော် )
ပုံမှန်အချိန်တွင် လုံခြုံးရေးအတွက် သူက သတိအပြည့်နှင့် လိုက်ကာများပိတ်၊ မီးတွေမှိတ်၊ ဖုန်းအလင်းရောင်လျှော့ကာ စောင်ပုံထဲတွင် ခိုအောင်းနေတတ်သည်။
သို့သော် ယနေ့တော့ မဟုတ်ပေ။ ရိုက်ကူးရေးပြီးသည်နှင့် မည်သည်ကိုမှ စဉ်းစားဘဲ ဒေါင်းလုဒ်ဆွဲချလိုက်သည်။
အခန်းတစ်ခန်းဖတ်ပြီးသွားရာ... သူ၏မျက်ခုံးများ ကျုံ့သွားရ၏။
တစ်ခုခုတော့ လုံးဝမှားနေပြီ။
ဘာမှားနေတာလဲ။
ဇာတ်ကောင်နာမည်တွေ မှားနေတာ!
ငလူး! fanfic ထဲက ဇာတ်လိုက်စုံတွဲက... ရွှီချိုးလော့နဲ့ သူကိုယ်တိုင်တဲ့လား!
ဖန်းယင်: (#゚皿゚)
တစ်ဝက်လောက် scroll လုပ်ကြည့်လိုက်ရာ ရွှီချိုးလော့နှင့် ဖန်းယင်တို့၏ ရေလည်ပူလောင်နေသော scene သို့ ရောက်လာ၏။ ဇာတ်ကောင်အမည်များသည် သူနှင့် ရွှီချိုးလော့ အမည်များသာ ဖြစ်နေသေး၏!!!
ဖန်းယင်: (ノ`□´)ノ⌒┻━┻
ဘာတွေဖြစ်ကုန်တာလဲ! ဖန်းယင်က ရိုက်ကွင်းတွင် သူ့ဖုန်းကို ဆုပ်ကိုင်လျက် ကြောင်အနေခဲ့သည်။
ပြောရလျှင် ရွှီချိုးလော့သည် အလွန်တော်ကာ အရည်အချင်းရှိသည့် သရုပ်ဆောင်တစ်ယောက်ပင်။ အစောပိုင်းတွင် ဖန်းယင်သည် သူတို့နှစ်ယောက်၏ ဇာတ်ဝင်ခန်းများ၌.. စိတ်လှုပ်ရှားခြင်းကြောင့်.. NG တွေ ခဏခဏဖြစ်နေရာ ရွှီချိုးလော့က အားလပ်ချိန်တွင် ဇာတ်ညွှန်း လေ့ကျင့်ရန် ရည်ရွယ်ခဲ့သည်။
သူက ဖန်းယင်ဆီ လျှောက်လာပြီး နာမည်ခေါ်လိုက်သည်။ ထို့နောက် သူ့လက်ကို ပုတ်ရန် ကြိုးစားသည်။
ဖန်းယင်မှာတော့ fanfic ၏ မှင်သက်စရာထဲတွင် နစ်မြောနေစဉ် ရွှီချိုးလော့၏ ခေါ်သံအား မကြားပေ။ ရွှီချိုးလော့မှ သူ့ဖုန်းကို လှမ်းယူရန် လုပ်လိုက်သည့်အခါတွင် ဖန်းယင်သည် ထခုန်မတတ်ဖြစ်သွားပြီး တွေးလိုက်သည်က..
“ဘုရားရေ! သူ ငါ့ဖုန်းကို လုမလို့လား၊ ဘယ်တော့မှမဖြစ်စေရဘူး”
ရွှီချိုးလော့က ယခုလို ချဲ့ကားနေပုံကိုကြည့်ပြီး သံသယ အနည်းငယ် ဝင်သွားကာ မေးလိုက်သည်။
"ဘာတွေကို ဒီလောက် ဝှက်နေရတာလဲ အပြာကား ကြည့်နေတာလား ”
ဖန်းယင်၏ နှလုံးသည် သူ၏ Idol မှ သူ့အား စကားပြောလာသည်ကြောင့် အလွန် ခုန်နေခဲ့သည်။ သူသည် တီးတိုးစွာဖြင့် ပြန်ဖြေလိုက်၏။
"စာဖတ်နေတာပါ..."
ရွှီချိုးလော့ : "ဘယ်လိုစာမျိုးလဲ၊ အဝါစာပေမျိုး လား"
ရွှီချိုးလော့က ဖုန်းကို ရုတ်တရက် လုယူလိုက်ကာ screen ကို တစ်ချက်ကြည့်လိုက်ရာ သူ့မျက်နှာက ပြောမပြတတ်အောင် ဖြစ်သွားသည်။
ဖန်းယင်: !!!!! Σ(゚Д゚;)
ရွှီချိုးလော့: Σ⊙▃⊙川??
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စကားမပြောနိုင်ဘဲ ကြောင်ကြည့်နေကြ၏။
ဖန်းယင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် သုံးခါဆက်တိုက် ငြင်းသည်။
"မဟုတ်ဘူး! ကျွန်တော် မဟုတ်ဘူး! လော့ကော၊ ပေါက်ကရတွေ မပြောပါနဲ့!"
ရွှီချိုးလော့: "ငါ ဘာမှတောင် မပြောရသေးဘူးလေ!"
တုန်လှုပ်နေသော်လည်း ရွှီချိုးလော့သည် စီနီယာကောင်းတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ ဖန်းယင်၏ ပခုံးကို ပုတ်လိုက်သည်။
"စိတ်မပူပါနဲ့၊ မင်းရဲ့ဝါသနာအားလုံးကို ငါလေးစားပါတယ်၊ ဆက်ဖတ်နေလိုက်နော် ငါ ခဏလောက် အပြင်ထွက်လိုက်ဦးမယ်..."
ဖန်းယင် : "လော့ကော၊ မသွားပါနဲ့!”
ဖန်းယင် : “ကျွန်တော်ရှင်းပြတာ နားထောင်ပါဦး!”
ဖန်းယင် : “ကျွန်တော့်ဝါသနာတွေက အဲဒီလိုမဟုတ်ပါဘူး!! ဝူးးးဝူးး..."
ဖန်းယင်၏ စိတ်ပြိုလဲကျသွားမှုက ကိုယ့်၏ လုပ်ဖော်ကိုင်ဖက်များ၏ CP အကြောင်း fanfic များ တိတ်တိတ်လေးဖတ်နေသည့် သရုပ်ဆောင်တစ်ယောက်အတွက် ကံကြမ္မာ၏ လက်တုံ့ပြန်မှုကဲ့သို့ပင်။
သို့သော်လည်း တစ်ခုခု လွဲမှားနေ၏။
သခွားသီးကြီးက ဖန်းယင်ရဲ့ အကြီးဆုံး hater လေ၊ သူက ဘာဖြစ်လို့ ရုတ်တရက် သူ နှင့် ရွှီချိုးလော့အကြောင်း ရေးရတာလဲ။
ဒါ ပုံမှန်မဟုတ်ဘူး!
ရွှီချိုးလော့ ထွက်သွားသည်ကို လျစ်လျူရှုပြီး ဖန်းယင်က သူ၏ လျှို့ဝှက် Weibo အကောင့်ထဲဝင်လိုက်ရာ "လော့ကျုံး fandom" တစ်ခုလုံး ပေါက်ကွဲနေသည်ကို တွေ့လိုက်သည်။
ရှေးစကားအတိုင်းပဲ၊ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတာပေါ့။
အကြောင်းမှာ သခွားသီးကြီးက ဖန်းယင်၏နာမည်ကို Weibo တွင် ဆွဲခေါ်ပြီး အချိန်တော်တော်ကြာ ကောလာဟလတွေလွှင့်ကာ ဒရာမာများ ဖန်တီးနေခဲ့သည်။
နောက်ဆုံးတွင် သူ၏ လုပ်ရပ်များက ဖန်းယင်၏ အမာခံ fan ထောင်ပေါင်းများစွာနှင့် လော့ယင် CP ၏ fan များကိုပါ ဒေါသထွက်စေခဲ့သည်။
တစ်ညမှာတော့ သူတို့ သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲထွက်လာကြသည်။
Sina တွင် ပုန်ကန်ကြပြီး သူမ တစ်လလုံးရေးခဲ့သော CP fanfic ကို ၃ မိနစ်အတွင်းမှာပင် ပြိုင်ဘက် CP အတွက် ခိုးကူးဗားရှင်းအဖြစ် ပြောင်းပစ်လိုက်ကြသည်။
( Sina က Website ပါပဲနော်၊ ပြောရရင် သခွားသီးကြီး ရေးထားတဲ့ လော့ကျုံး fanfic တွေကို ဖန်းယင် fan တွေနဲ့ လော့ယင် fan တွေက လော့ယင် ( ရွှီချိုးလော့ + ဖန်းယင် ) version အဖြစ် ပြောင်းပစ်တာပါ၊ သခွားသီးကြီးရဲ့ fanfic တွေကို နာမည်တွေ ပြောင်းပစ်လိုက်တာပါ၊ အခု ဖန်းယင် အခုတွေ့လိုက်ရတဲ့ fanfic က နာမည်ပြောင်းထားတဲ့ ခိုးကူး version ပါ )
ဒါက သေကြောင်းကြံတဲ့ ခြိမ်းခြောက်မှုတွေတောင် အရှုံးပေးရလောက်အောင် ဆိုးရွားတဲ့ ဒရာမာပဲ။
သခွားသီးကြီးက ဒေါသတကြီးနှင့် tweet များ အဆက်မပြတ်တင်တော့သည်။
[ ငါက ဒီကြာဖြူပိုးကောင်တွေနဲ့ လော့ယင် fan တွေထက်စာရင် တရားကျင့်နေသလိုပဲ! fanfic ကို ဒီလိုခိုးတာက အနိမ့်ကျဆုံးပဲ! ]
[ တစ်လလောက်တော့ စိတ်ပျက်နေတော့မှာပဲ!!! ချီးပဲ! ]
[ လော့ယင် fan တွေ၊ ဘယ်မှာလဲ ချီးပဲ! ]
[ နောက်တစ်ခါ ထပ်ပြောမယ် ချီးပဲ! ]
[ လော့ယင် fan တွေ၊ ကြားကြလား ]
သူမ၏ဒေါသများက အင်တာနက်ကို ပြည့်နှက်သွားသည်။
ပုံမှန်အချိန်တွင် ဖန်းယင်သည် ဤကိစ္စများအား ဂရုမစိုက်ပေ။ သို့သော် ယခုတစ်ခါတွင် သူပါ ဒေါသထွက်လာသည်။
သူတွေးလိုက်သည်က..
"ငလူးလို ဟာလေးတွေကွာ! fanfic ရေးချင်ရင် ကိုယ့်ဘာသာ အသစ်ရေးကြလေ! သူများရဲ့လက်ရာကို ဖျက်ဆီးတာက လုံးဝမမိုက်ဘူး! ပြီးတော့ ဒီဟာတွေက သူတို့ချစ်တဲ့ Idol တွေရဲ့ CP ကိုပါ ထိခိုက်စေတယ်ဆိုတာရော စဉ်းစားမိကြရဲ့လား"
ဖန်းယင်က စဉ်းစားလေ ဒေါသထွက်လေပင်။ အထူးသဖြင့် ဒီအသုံးမကျတဲ့ ခိုးကူး fic ကြောင့် သူ နှင့် ရွှီချိုးလော့ကြားတွင် အခက်တွေ့စရာ အခြေအနေဖြစ်သွားသောကြောင့် ပိုဆိုးသည်။
သူပေါက်ကွဲထွက်တော့မည့်အတိုင်း ဖြစ်နေသည်။
သူ၏ လျှို့ဝှက်အကောင့်မှနေ၍ သခွားသီးကြီး၏ Weibo တွင် comment တစ်ခု ဝင်ရေးလိုက်သည်။
"ဒါက အရမ်းဆိုးတယ်! ပြိုင်ဘက် fan တွေရဲ့ fanfic ကို ခိုးယူတာက တကယ့်ကို ယုတ်မာတဲ့လုပ်ရပ်ပဲ! အစ်မကြီးရဲ့ တုံ့ပြန်တိုက်ခိုက်ခွင့်ကို ထောက်ခံပါတယ်! ချက်ချင်းတရားစွဲလိုက်ပါ!"
သူက မူပိုင်ခွင့်ဥပဒေအကြောင်း အနည်းငယ်ပါ ထည့်ရေးလိုက်သေးသည်။
သူ၏ မီးခိုးတောက်နေသည့် comment က ထိပ်ဆုံးကို ရောက်သွားပြီး သခွားသီးကြီးကိုယ်တိုင်ကတောင် reply ပြန်သည်။
"ကျယ်မေ့ရယ်... ပြင်းထန်လွန်းနေပြီ..."
ဖန်းယင်၏ comment က ပေါက်သွားသည်နှင့်အတူ သူ့ fan များနှင့် လော့ယင် shipper များက သူ့ကို လာဆူကြတော့သည်။
ဖန်းယင်သည် အပုပ်ချခံရသည်က မည်မျှဆိုးကြောင်းကို နားလည်သည်။ သို့သော် မည်မျှပင် ဒေါသထွက်နေသော်ငြား သခွားသီးကြီး၏ဝတ္ထုကို သွားပြင်ခြင်းမှာ…
မရဘူး! စည်းဆိုတာတော့ ရှိရမှာပေါ့!
ကိုယ့်ကလေးများကို ကယ်တင်ရန် ကြိုးစားနေသည့် အဖေတစ်ယောက်လိုပင် ဖန်းယင်က fan ငယ်လေးများကို တစ်ယောက်ချင်းစီ စိတ်ရှည်ရှည်နှင့် ဆရာလုပ်ပြီး ဆုံးမတော့သည်။
သူ၏ fan ငယ်လေးများကို ဆုံးမပြီးသည်နှင့် ဖန်းယင်က သရုပ်ဆောင်အလုပ်ဘက်ကို ပြန်လှည့်သွားသည်။
နောက်တစ်နေ့ Weibo ကို စစ်ကြည့်လိုက်ရာ သူ အံ့အားသင့်သွားသည်။
သူ၏လျှို့ဝှက်အကောင့်သည် follower တစ်သောင်း ကျော်သွားပြီဖြစ်သည်။
အကြောင်းအရင်းမှာတော့ သခွားသီးကြီးနှင့် သူ အပြန်အလှန် follow လုပ်လိုက်ကြ၍ပင်။
ဖန်းယင်က ယခုဆိုလျှင် အမာခံ လော့ကျုံး shipper တစ်ယောက်အဖြစ် နာမည်ကြီးသွားပြီး သူ၏ ကိုယ်ပိုင် fan များနှင့် ပြိုင်ဘက် CP fan များ၏ ပစ်မှတ်ဖြစ်လို့နေ၏။
"အဆိပ်ပြင်းသော ရန်သူတော် fan များ" ပင်။
အပြန်အလှန် follow ဖြစ်သွားသည်က ဖန်းယင်၏ စိတ်အခြေအနေကို ရိုလာကိုစတာစီးနေရသကဲ့သို့ ဖြစ်စေသည်။
ကောင်းသည့်အချက်မှာ သူသည် သူ့အကြိုက်ဆုံး fanfic ရေးသူနှင့် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုအရ "level တက်" သွားခြင်းပင်။
ဆိုးသည့်အချက်ကတော့ နေ့စဉ် သူမဆီမှ Weibo ပေါ်တွင် အချိန်မှန်ဇယားနှင့် တက်လာသည့် သူ့အား ပြစ်တင်ဝေဖန်သော post များ သုံးကြိမ်ရှိမည်ပင်။
မနက် ၈ နာရီ: [ ဒီကောင်စုတ်လေးက ဈေးပေါတဲ့ idol ဒရာမာတွေ ရိုက်နေပြီးသားနဲ့ ငါတို့ လော့လော့ရဲ့ ခြေသလုံးကို နေ့တိုင်းဖက်တွယ်ပြီး ကမ္ဘာကြီးကို ပိုင်စိုးနေသလို လုပ်နေတယ်၊ ဖန်းယင် နင် ရှက်တတ်ရဲ့လား ]
ဖန်းယင်သည် စိတ်ထိခိုက်သွားသော်ကာ စိတ်ထဲမှ တုံ့ပြန်လိုက်သည်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ကျွန်တော် လော့ကောကို တကယ်သဘောကျတာပါ၊ အခွင့်အရေးယူနေတာ မဟုတ်ပါဘူးလို့ ကျိန်ပြောရဲပါတယ်..."
နေ့လည် ၁၂ နာရီ: [ ဒီကောင် ဘယ်လိုဖြစ်လို့ သီချင်းဆိုတာ အဲလောက်တောင် ညံ့ရတာလဲ ]
ဖန်းယင်: “အဲတစ်ခုတော့ ကျွန်တော် ငြင်းလို့မရဘူး၊ ဒါပေမဲ့ အစ်မကြီးရယ်၊ ကျွန်တော်သာ သီချင်းကောင်းကောင်းဆိုတတ်ရင် ဘာလို့ ဂီတကိုစွန့်ပြီး သရုပ်ဆောင်ဘက် ကူးလာမှာလဲလို့”
ည ၇ နာရီ: [ သူ့မျက်နှာက ဘာဖြစ်နေတာလဲ ၊ ပွဲဦးထွက်တုန်းက မျက်နှာဝိုင်းဝိုင်းလေး မဟုတ်ဘူးလား ၊ အရေပြား မတွန့်အောင် အက်ဆစ် ထိုးထားတာလား ၊ သူ့မျက်လုံးတွေက ဘာလဲ ၊ မျက်ခွံခွဲစိတ်ထားတာလား ၊ နှာခေါင်း filler ထိုးထားတာလား ၊ မျက်နှာတစ်ခုလုံး အစားထိုးခွဲစိတ်ထားတာလား ၊ ပြီးတော့ သူက ပလတ်စတစ်ဆာဂျရီ တစ်ခါမှမလုပ်ဖူးဘူးလို့ ပြောသေးတယ် ]
ဖန်းယင်က ဖုန်းကိုကိုင်လျက် တုန်တုန်ယင်ယင်ဖြင့် မျက်ရည်များဝဲကာ..
"တကယ်ပါ၊ ခွဲစိတ်မှုမလုပ်ထားပါဘူး! အစ်မကြီးရယ်၊ မျက်နှာအစားထိုးတယ်လို့တော့ မပြောပါနဲ့! နှစ်သစ်ကူးတုန်းက မျက်ခွံနှစ်ထပ်ဖော်ထားတာလေးပဲ ရှိတာပါ၊ ပွဲဦးထွက်တုန်းက ဝတုတ်တုတ်လေး၊ အခု ကြီးလာတော့ ပိုပြီးယောကျ်ားဆန်လာတာ! လုံးဝပုံမှန်ပဲ! သနားပါဦး!"
ယခုလို နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေတော့သည်။
ဖန်းယင်မှ Weibo ကို တစ်နေ့ ဆယ်ခါစစ်လျှင် သခွားသီးကြီးက ထိုကဲ့သို့ ဆယ်ခါလုံးတွင် စော်ကားမှုအသစ်များနှင့် ပစ်ပေါက်နေသည်။
အချိန်ကြာသည်နှင့် ဖိအားများက တိုးလာ၏။
ဖန်းယင်က နားလည်မှုလွဲခံရပြီး အနိုင်ကျင့်ခံနေရသကဲ့သို့ ခံစားရကာ အော်ဟစ်ပစ်ချင်စိတ်ပင် ပေါက်လာသည်။
အိပ်မရတဲ့ညတစ်ညတွင် မျက်နှာကျက်ကို စိုက်ကြည့်လျက် ဖန်းယင်သည် နောက်ဆုံးတွင် ရင်ကွဲနာကျင်စရာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
သခွားသီးကြီး၏ ခံစားချက်ကို မထိခိုက်စေရန်နှင့် သူ၏ CP fanfic အရည်အသွေးကို ကာကွယ်ရန်အတွက်၊ သူက သူ့အိုင်ဒေါများနှငိ့ တင်းကျပ်ပြီး ရေခဲတမျှအေးစက်သော အကွာအဝေးတစ်ခုကို ထားရှိတော့မည်ဖြစ်သည်။
သူက ချက်ချင်းပင် ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်လိုက်၏။
Weibo တွင် သူတို့နှင့် အပြန်အလှန်ဆက်ဆံမှုများ မရှိအောင် နေသည်။
ပွဲများတွင် မျက်လုံးချင်းမဆုံမိအောင်နေသည်။
ရိုက်ကွင်း၌ ရွှီချိုးလော့က ရေသန့်ဘူးကမ်းပေးလျှင်ပင် လျှို့ဝှက်ကင်မရာများရှိမရှိ သေချာစစ်ပြီးမှသာ လျှို့ဝှက်အေးဂျင့်တစ်ယောက်ကဲ့သို့ ရုတ်တရက်လုယူလိုက်သည်။
ရွှီချိုးလော့မှာ လုံးဝကြောင်တောင်တောင်ဖြစ်နေသည်။
ဖန်းယင်က ဘာဖြစ်နေတာလဲ၊ စိတ်နှစ်ခွဖြစ်နေတာလား၊ ငါနဲ့ တစ်ခုခုဖြစ်ထားလို့လား။
ဒီလိုကြီး အေးစက်စက်ဆက်ဆံနေတာက ငါက သူ့ကို ငါတို့နှစ်ယောက် အကြောင်းရေးထားတဲ့ fanfic ဖတ်နေတာ မိသွားလို့များလားလို့ လူတွေ ထင်ကုန်တော့မှာပဲ!!
တစ်လခွဲလောက်ကြာပြီးနောက် ရွှီချိုးလော့လည်း အိပ်မပျော်သည့် ညများ စလာပြီး မနက် ၂ နာရီတွင် မျက်နှာကျက်ကို စိုက်ကြည့်နေရတော့သည်။
ကိစ္စက သူတို့နှစ်ယောက်၏ အတွေးများက လုံးဝကို ကွဲပြားခြားနားနေသည်ပင်။
ထိုညတွင် ရွှီချိုးလော့က အိပ်မပျော်ဘဲ ဖန်းယင်၏ ချစ်စရာကောင်းသော ခိုးကြည့်သည့် အကြည့်များ၊ ထမင်းစားချိန်တွင် သူ့ဘေးနား ကပ်ထိုင်ခြင်းများ၊ တိတ်တခိုး ဓာတ်ပုံခိုးရိုက်ခြင်းများ၊ သူ့ကို "လော့ကော" ဟု အကြိမ်တစ်သန်းမျှ ခေါ်ခြင်းများကိုသာ တွေးနေမိသည်။
ရွှီချိုးလော့က ဖန်ယင်းကို 'ပထမဆုံးမြင်ဖူး' သည့် အချိန်ကို ပြန်သတိရနေသည်။
ရွှီချိုးလော့က ဖုန်းကိုဆွဲယူပြီး အချက်အလက်များ ရှာတော့သည်။
[ တစ်ယောက်ယောက်က ကိုယ့်ကိုကြိုက်နေလား ဘယ်လိုသိနိုင်မလဲ ]
[ အမှန်ကန်ဆုံး စမ်းသပ်ချက်! သူ ငါ့ကို တကယ်ကြိုက်ရဲ့လား ]
[ Scorpio နဲ့ Leo တို့ရဲ့ လိုက်ဖက်မှု ]
[ နဂါးနှစ်ဖွားနဲ့ ကြွက်နှစ်ဖွားတို့ရဲ့ ၂၀၁၈ အချစ်ရေးဟောစာတမ်း ]
[ ဖန်းယင်ရဲ့ အကြိုက်ဆုံးသရုပ်ဆောင်က ဘယ်သူလဲ ]
မိနစ်သုံးဆယ်အကြာမှာတော့ ရွှီချိုးလော့က အကြီးအကျယ် ပြုံးလိုက်သည်။
သူ၏ အသက် ၃၀ အရွယ် တည်ငြိမ်နေသော ကောင်လေးတစ်ယောက်၏ နှလုံးသားက တဒုန်းဒုန်းခုန်နေသည်။
"မဖြစ်နိုင်တာ... ဖန်းယင်က ငါ့ကို အရမ်းကြိုက်လွန်းလို့ ဒီလိုတွေလုပ်နေတာပဲ!"
အသက်ပြင်းပြင်းရှူလိုက်ကာ ရွှီချိုးလော့က ဆုံးဖြတ်ချက်ကြီးတစ်ခု ချလိုက်သည်။
"ကောင်းပြီလေ၊ ငါ့မာနကိုမျိုချပြီး ဒီကောင်လေးနဲ့အတူ လိုက်ကစားပေးလိုက်မယ်"
ထိုဆုံးဖြတ်ချက်ချပြီး မကြာခင်မှာပင် သူတို့နှစ်ယောက်၏ ဇာတ်လမ်းက ပရိုမိုးရှင်းအတွက် ပြင်ဆင်လာပြီး အဓိကသရုပ်ဆောင်အားလုံးကို variety show တစ်ခုကို ဖိတ်ကြားခဲ့သည်။
ပရိုမိုးရှင်းက CP သည့် vibe များနှင့် ပြည့်နေမှန်းသိသောကြောင့် ဖန်းယင်က အထူးသတိထားပြီး တတ်နိုင်သလောက် ပေါ်ပေါ်ထင်ထင်မနေရန် ကြိုးစားသည်။ ပေးထားသော ဇာတ်ညွှန်းကလွဲ၍ ရွှီချိုးလော့နှင့် ဖန်းယင်တို့ကြားတွင် ဘာအဆက်အဆံမှ မရှိသလောက်ပင်ဖြစ်သည်။
နောက်ပိုင်း show တွင် အပြစ်ပေးသည့် အစီအစဉ်တစ်ခုပါ၏။
အမြန်မေး-အမြန်ဖြေ။
ဖန်းယင်က နှစ်ခါရှုံးပြီး အစီအစဉ်တင်ဆက်သူရဲ့ အမေးခံရသည်။ အကုန်လုံးက ဇာတ်ညွှန်းအတိုင်းဖြေရတခြင်းသာ ဖြစ်သည်။
အစီအစဉ်တင်ဆက်သူ : “Triple Kill' ကို ပြန်ရိုက်မယ်ဆိုရင် ဘယ်ဇာတ်ကောင်နေရာက သရုပ်ဆောင်ချင်လဲ”
ဖန်းယင်: “ရွှီချိုးလော့ပါ”
ပြဿနာများ မဖြစ်စေရန် အမြန်ထပ် ပြောလိုက်သည်။
"လော့ကောရဲ့ ဇာတ်ကောင်က တည်ငြိမ်ပြီး ကျွန်တော် အမြဲတမ်းသဘောကျခဲ့တာပါ"
အစီအစဉ်တင်ဆက်သူ : "မတူညီတဲ့ ပုံစံနဲ့ ကောင်လေးသုံးယောက်၊ မင်းသာ မိန်းကလေး fan တစ်ယောက်ဆိုရင် ဘယ်လိုပုံစံကို ကြိုက်မလဲ"
ဖန်ယင်း: "ရွှီကျုံးပါ! သူက ကျွန်တော့်အစ်ကိုကြီးနေရာက သရုပ်ဆောင်ထားတာ၊ အရမ်းနူးညံ့တယ်၊ ဇာတ်ကောင်ထဲမှာ တကယ်နစ်မြောနေပြီး ရိုက်ကွင်းမှာ ကျွန်တော့်ကို အရမ်းဂရုစိုက်တယ်၊ ကျွန်တော်သာ မိန်းကလေးတစ်ယောက်ဆိုရင် အဲဒီလိုပုံစံကို ကျိန်းသေကြွေမှာပဲ"
ယုတ္တိရှိတယ်မလား။ ဘာမှမှားမနေဘူးမလား။
ဖန်းယင်က သက်ပြင်းချပြီး တွေးလိုက်သည်။
"ဒီလောက်ဆို ဘယ်သူက လှည့်ပတ်ပြောနိုင်တော့မှာလဲ"
တစ်လကြာပြီးနောက် ထိုအပိုင်းကို ထုတ်လွှင့်ပြသခဲ့သည်။
တည်းဖြတ်ထားသော version က ဖန်းယင်၏ အဖြေကို ဖြတ်တောက်ထားသည်။
အစီအစဉ်တင်ဆက်သူ : "ပြန်ရိုက်မယ်ဆိုရင် ဘယ်သူ့နေရာက သရုပ်ဆောင်ချင်လဲ"
ဖန်းယင် (ဖြတ်ထားသော အပိုင်း) : "ရွှီကျုံး”
အစီအစဉ်တင်ဆက်သူ : "မတူညီတဲ့ ပုံစံနဲ့ ကောင်လေး သုံးယောက်၊ မင်းသာ မိန်းကလေး fan ဆိုရင် ဘယ်လိုပုံစံကို ကြိုက်မလဲ"
ရုတ်တရက် ရွှီချိုးလော့နှင့် ရွှီကျုံးတို့ အပြန်အလှန်ဆက်ဆံနေသည်ကိုကြည့်ပြီး ဖန်းယင် မျက်နှာများ နီရဲနေသည့်ပုံကို တစ်စက္ကန့်လောက် လှည့်ဖြတ်ထည့်လိုက်သည်။
ထို့နောက် ဗုံးကြဲလိုက်သည့်အချက်မှာ…
"ကျွန်တော် ရွှီချိုးလော့ကို တကယ်သဘောကျပါတယ်၊ လော့ကောက အဲဒီလို ဇာတ်ကောင်ထဲမှာ နစ်မြောပြီး ရိုက်ကွင်းမှာ ကျွန်တော့်ကို အရမ်းဂရုစိုက်တယ်၊ ဟားဟားဟား"
[ TV ကြည့်ရှုသူတွေ ပေါက်ကွဲထွက်လာ၏ ]
လော့ကျုံး fan များ : "ချီးပဲ ကြာဖြူပုပ်ကောင်! နည်းနည်းပါးပါး အရှက်ရှိစမ်းပါ!"
လော့ယင်း fan များ : "ဒါမှ အချစ်စစ်ကွ”
ရွှီကျုံး : "ကံကောင်းလို့ ငါတော့ လွတ်သွားတယ်”
Editor : "ငါ့အမှားမဟုတ်ဘူး! ပရိုမိုးရှင်းက ဒီလိုလုပ်ခိုင်းတာ!"
ပရိုမိုးရှင်းတာဝန်ခံ : "ဟုတ်တယ်၊ အထက်က အမိန့်ပဲ”
အထက်လူကြီး : “အေး၊ ငါတို့ပဲ၊ ဘာလုပ်ချင်လဲ”
နောက်ထပ် တာဝန်ခံတစ်ယောက် : "တောင်းပန်ပါတယ်၊ ပိုက်ဆံက စကားပြောတာ”
ဖန်းယင် : "အကုန်လုံးကို ငရဲပို့ပစ်လိုက်ချင်တယ်!! ဝူးးးဝူးးး"
ရွှီချိုးလော့ : “ကြည့်လို့ကောင်းတဲ့ ဒရာမာပဲ”
~~~