မြစ်ဘေးတွင် မကြာခဏ လမ်းလျှောက်နေလျှင် ဖိနပ်က စိုစွတ်လာလိမ့်မည်ဟု ဆိုကြသည်။
ထိုမြစ်လိုပင်။ Weibo သည်လည်း အမှားအယွင်းများနှင့် ပြည့်နေသည်။
ဖန်းယင်သည် Weibo ၏ အမှားအယွင်း တစ်ချို့ကြောင့် အကောင့်ပြောင်းစဉ် "မကြာခဏဆိုသလို ဖမ်းမိခါနီး" အခြေအနေ ဖြစ်ခဲ့ရသည်။
သို့သော် ကံကောင်းခြင်းသည် အမြဲတမ်း သူ့ဘက်တွင် ရှိနေပြီး လှည့်ဖျားမှု တစ်ချို့နှင့် ကံကောင်းမှုသည် ပေါင်းစပ်ကာ အခြေအနေတိုင်းကနေ သူ လွတ်မြောက်ခဲ့သည်။
ဖန်းယင်သည် နာခံတတ်ပြီး သတိထားသည်။
သူ၏ Weibo အကောင့်ကို သူ ကိုယ်တိုင် ကိုင်တွယ်တတ်သည်။ လုပ်ငန်းဆိုင်ရာ ကြော်ငြာများကို သူ၏ လက်ထောက်မှ စီမံပေးသည်မှလွဲ၍ အရောင်းမြှင့်တင်ရေး ကာလများမှာပင် အပြန်အလှန် ဆက်သွယ်မှုတိုင်းကို သူ ကိုယ်တိုင် လုပ်ဆောင်သည်။
သူသည် ရွှီချိုးလော့နှင့် ရိုက်ကူးနေသော ယခုဇာတ်လမ်းတွဲသည် လူတိုင်း မျှော်လင့်ထားသည်ထက် ပို၍ အောင်မြင်နေ၏။
၎င်းအတွက် ဇာတ်လမ်းထုတ်လွှင့်နေစဉ်မှာ သူသည် တွဲဖက်သရုပ်ဆောင်များ အားလုံးနှင့် အထူးသဖြင့် အမျိုးသား ဇာတ်လိုက် ရွှီချိုးလော့နှင့် ရင်းနှီးဖော်ရွေစွာ အပြန်အလှန် ဆက်ဆံခြင်းမှတစ်ပါး ရွေးချယ်စရာမရှိချေ။
သူတို့၏ မျက်နှာပြင်ပေါ်တွင်သာမက အွန်လိုင်းပေါ်တွင်ပါ “ချိုမြိန်သော” အပြန်အလှန် ဆက်သွယ်မှုများသည် ရှက်စရာကောင်းလောက်အောင် flirting လုပ်နေသကဲ့သို့ ဖြစ်နေခဲ့၏။
ဖန်းယင်သည် အွန်လိုင်းပေါ်တွင် ရွှီချိုးလော့ကို “ချိုသာစွာ စကားပြော” တိုင်း စာရေးဆရာမ 'သခွားသီးကြီး' ၏ ကျောကို ဓားနှင့် ထိုးနေသကဲ့သို့ ခံစားရသည်။
သို့သော် ၎င်းက အလုပ်ပင်ဖြစ်သည်။
ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် 'သစ္စာဖောက်မှု’ လို့ မဆိုနိုင်ဘူး!
ဤပုံစံမျိုးဖြင့် ဖန်းယင်သည် သူ၏ အသိစိတ်ကို နှစ်သိမ့်ခဲ့သည်။
“ဒါတွေအားလုံးက သရုပ်ဆောင်တာ သက်သက်ပါ၊ ကျဲရေ၊ ငါ့ကို မမုန်းပါနဲ့နော်”
သို့သော်လည်း အကြိမ်တိုင်းလိုလို သူ၏လျှို့ဝှက် အကောင့်သည် သခွားသီးကြီး၏ ဒေါသတကြီး၊ မီးလို ပူလောင်နေသည့် သူငယ်ချင်း အသိုင်းအဝိုင်း (Circle-of-friends) ပို့စ်တွေနှင့် ချက်ချင်း ဒီရေလို လွှမ်းမိုးသွားသည်။
[ ကြာပန်းဖြူကောင် ]
[ သူ တကယ်ပဲ ခေတ်စားအောင် မလုပ်ရရင် မနေနိုင်ဘူးလား! ]
[ သူ ငါတို့ရဲ့ လော့ကို ကြည့်တဲ့ မျက်လုံးထဲက အကြည့်က ‘ငါ ဗီရိုထဲက ထွက်လာပြီ’ လို့ မျက်နှာတစ်ပြင်လုံးမှာ စာလုံးကြီးတွေနဲ့ အော်ဟစ်နေတာပဲ ]
[ ကျစ်! ဖန်းယင်မှာ ဂုဏ်သိက္ခာ တစ်စုံတစ်ရာ ကျန်သေးရဲ့လား! ]
တစ်ကြိမ်မှာ သခွားသီးကြီး
သည် ဖန်းယင်ကို တိုက်ရိုက် Tag လုပ်ခဲ့သေးသည်။
[ ကျယ်မေ့၊ ဒီနေ့ အပန်းဖြေ အစီအစဉ်ကို ကြည့်လိုက်လား၊ အဲဒီ ကြာပန်းဖြူဖန်းက ငါတို့ရဲ့ လော့လော့က သူ့အပေါ်မှာ နူးညံ့ပြီး ဂရုစိုက်တယ်လို့ ပြောသွားတယ်၊ ငါ တော်တော်ဒေါသထွက်မိလို့ အန်ချင်လာတယ်! အဲဒီ အနံ့အသက်ဆိုးထွက်ပြီး ရှက်ကြောက်မှုမရှိတဲ့ ကြာပန်းဖြူ!!! လော့လော့က သူ့အပေါ် ဘယ်တုန်းက နူးညံ့ခဲ့ဖူးလို့လဲ၊ လော့လော့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေက ငါတို့ရဲ့ ကျုံးကျုံးအတွက်ပဲ သီးသန့်ထားတာ သိလား!! သူက သူ့ကိုယ်သူ ဘာထင်နေတာလဲ! မုန့်ချိုတစ်လုံးလား၊ ဒီခွေးလေးက ငါ့ကို ရူးအောင် လုပ်နေတယ်၊ ကျယ်မေ့တို့ရေ! သူ့ကို ဝိုင်းဝန်း ကင်ကြရအောင်! ]
ဖန်းယင် နေ့လယ်စာ စားနေတုန်း ထို tag ကို ရခဲ့သည်။ လူတိုင်းသည် သူ့နေရာနှင့်သူ ထိုင်ရင်း ဘူးထဲမှ ထမင်းတွေအား ပါးစပ်ထဲ အတင်း ထိုးထည့်နေကြသည်။
သူ့လက်ထဲက ဖုန်းတုန်ခါသွားပြီး ရုတ်တရက်.. နံရိုးတစ်ချောင်းသည် ရွှီချိုးလော့၏ နေ့လယ်စာဘူးထဲသို့ တည့်တည့် ပြုတ်ကျသွားသည်။ ဖန်းယင်သည် လန့်ပြီး ပြန်ယူရန် လုပ်လိုက်သော်လည်း ရွှီချိုးလော့သည် ထိုအရာကို ကောက်ယူပြီး သူ့အား ပြုံးပြရင်း ပျော်ရွှင်နေသည့်ပုံစံဖြင့် ဝါးစားလိုက်သည်။
“ကျေးဇူးပဲ”
ရွှီကျုံးက မျက်လုံး လှန်ပြပြီး စနောက်သည်။
“မင်းတို့ နှစ်ယောက် ရပ်လို့ မရဘူးလား၊ ငါတောင် Ship ချင်လာပြီ!”
ရွှီချိုးလော့၏ မျက်လုံးတွေသည် ကောက်ကျစ်စွာ မှေးကျဉ်းသွားပြီး ပွင့်ပွင့်လင်းလင်း ရယ်မောလိုက်သည်။
ဖန်းယင် အော်လိုက်၏။
“ကျုံးကော! အဲဒါ မသင့်တော်ဘူး!!!”
ဖန်းယင်၏ အစာစားချင်စိတ် လုံးဝ ပျောက်သွားသည်။ သူ၏ လျှို့ဝှက် အကောင့်ကို ဖွင့်ပြီး သခွားသီးကြီးကို စာတစ်ကြောင်း ပြန်ပို့လိုက်သည်။
[ ကျဲ ဒါက တည်းဖြတ်မှု လှည့်ကွက် တစ်ခုပဲလို့ မထင်ဘူးလား၊ ဖန်းယင်က အဲဒီလောက်အထိ အောက်တန်းကျမှာ မဟုတ်ပါဘူးနော် ]
သခွားသီးကြီးသည် ချက်ချင်းဆိုသလို မီးတောက်မီးလျှံကဲ့သို့ စကားလုံး ရှစ်ရာဖြင့် ပြန်တုံ့ပြန်လိုက်သည်။
[ ဘာကို ဆိုလိုတာလဲ၊ နင် သူ့ကို အမြဲတမ်း ဖန်း ကြာပန်းဖြူလို့ ခေါ်နေတာပဲ! ဘယ်တုန်းက စပြီး သူ့ကို ဖန်းယင်လို့ ခေါ်လာတာလဲ၊ ဒီလို ရင်းနှီးလာတာ ဘာကြောင့်လဲ၊ နင်က ငါ့ကို ဖန်းကြာပန်းဖြူကို အသရေဖျက်နေသလို ဖြစ်အောင် လုပ်နေတာလား! နင် ဒီ ဇာတ်လမ်းတွဲကို မကြည့်လိုက်ဘူးလား ၊ ငါ အကြံပေးချင်တာက သေချာ ကြည့်လိုက်ပါ! တည်းဖြတ်သူ ဘယ်သူကမှ ကလစ်တွေကို အဲဒီလောက် အပြစ်အနာအဆာ ကင်းအောင် ဆက်စပ်နိုင်မှာ မဟုတ်ဘူး! အဲဒါတွေက ဖန်း ကြာပန်းဖြူရဲ့ ကိုယ်ပိုင် စကားတွေ သိရဲ့လား ညီမလေးရဲ့၊ နင် ခုတလော ထူးဆန်းနေတယ်၊ နင့်ကို မသိတဲ့သူတွေက နင် နံရံကျော်တက်ချင်နေပြီလို့ ထင်သွားနိုင်တယ် ]
ဖန်းယင်၏ နှုတ်ခမ်းတွေ ထုံကျင်လာသည် ။
[ မင်း အပိုတွေ တွေးနေတာ! ငါ ဘယ်လိုလုပ် နံရံကျော်တက်နိုင်မလဲ၊ ဖန်းယင်က အမြဲတမ်း ကြာပန်းဖြူ ဖြစ်နေမှာပဲ ကျဲ၊ ငါ မင်းကို ထာဝရ ချစ်တယ်! မင်းရဲ့ နောက်ထပ် fanfic ကို မစောင့်နိုင်တော့ဘူး မွ ]
( နံရံကျော်တက်တယ်ဆိုတာ ခြံကူးသွားတာပါ၊ ဟိုဘက်ကနေ ဒီဘက်ပြောင်းတာကို ဆိုလိုတာပါ )
သခွားသီးကြီးသည် ချက်ချင်း ပြန်ပို့လိုက်သည်။
[ ဒီညမှာ fanfic အသစ် ရေးမယ်! မွ ]
ဤကဲ့သို့ ထိုအရေးအခင်း တစ်ခု ပြီးဆုံးသွားချိန်တွင် နောက်ထပ် မုန်တိုင်းတစ်ခု စတင်ခဲ့သည်။
ထိုညမှာ ရွှီချိုးလော့သည် Weibo မှာ နောက်ထပ် ပို့စ်တစ်ခု တင်ခဲ့ပြီး ဖန်းယင်ကိုပါ tag လုပ်ခဲ့သည်။
ဖန်းယင် ပထမဆုံး မြင်လိုက်ရသည်က ‘ဓာတ်ပုံတစ်ပုံ’
သူတို့၏ အဖွဲ့သား တစ်ယောက်က ရိုက်ထားခြင်းဖြစ်သည်။ နေ့လယ်စာ စားစဉ် သူ၏ နံရိုးဟင်းအပိုင်းအစလေးသည် ရွှီချိုးလော့၏ နေ့လယ်စာဘူးထဲ ပြုတ်ကျသည့် အခိုက်အတန့်ပုံ ဖြစ်သည်။
ရွှီချိုးလော့သည် ထိုနံရိုးကို သွားဖြင့် ကိုက်ထားလျက် မျက်လုံးများ မှိတ်နေအောင် ဝမ်းသာအားရ ပြုံးနေသည်။ ဖန်းယင်မှာတော့ သူ့ဖုန်းကို ငုံ့ကြည့်နေပြီး လက်ထဲရှိ တူများသည် ရွှီချိုးလော့၏ နေ့လယ်စာဘူးပေါ်တွင် ဝဲပျံနေသည်။
တကယ်တမ်းက လုံးဝ မတော်တဆ ဖြစ်ခဲ့တာလို့!
သို့သော် ပြီးပြည့်စုံသည့် ရိုက်ချက်ကြောင့် ဖန်းယင်က ရွှီချိုးလော့အား “ခွံ့ကျွေး” နေသလို ဖြစ်နေသည်။
ရွှီချိုးလော့ ထိုပုံကို တင်ပြီး ခေါင်းစဉ် တပ်လိုက်သည်။
[ ဖန်းရှောင်ယင်ဆီက အစားအစာ ပေးပို့မှုအတွက် ကျေးဇူးပါ Σ(▽ ) ]
ဖန်းယင်၏ လက်ထောက်သည် သူ့ကို စာပို့သည်။
[ မန်နေဂျာက မင်း Repost လုပ်ပြီး တုံ့ပြန်ရမယ်လို့ ပြောတယ် ]
သူ မလုပ်ချင်ဘူးဟု ဘယ်လောက်ပင် အော်ဟစ်ချင်နေပါစေ ဖန်းယင်သည် အံကြိတ်ပြီး လုပ်ရတော့မည်။
ဒါ အလုပ်ပဲ! လူကြီးတွေရဲ့ ညစ်ပတ်ပြီး ဆိုးရွားတဲ့ ကမ္ဘာ! ကျေးဇူးပြုပြီး အစ်မ သခွားသီးကြီး အင်တာနက်ကနေ ခဏနားပြီး ဒီပို့စ်ကို မမြင်ပါစေနဲ့!!!
မန်နေဂျာမှ ရေးပေးထားသော တုံ့ပြန်မှုကို ကော်ပီကူးပြီး repost လုပ်ရန် log in ဝင်လိုက်သည့်အခါ ဖန်းယင်၏ စိတ်ထဲတွင် ပေါက်ကွဲနေလေသည်။
[ လော့ကောက ကျွန်တော့်ကို အမြဲ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကောင်းကောင်း စားပြီး အလုပ်ကို ကြိုးစားပါ ]
ကော်ပီကူး! ကူးထည့်! ပြန်ရှဲ!
ပရော်ဖက်ရှင်နယ် တစ်ယောက်လို အဆင်ပြေပြေ ဖြစ်သွားသည်။ အမှားအယွင်း တစ်ခုမှ မပေါ်လာပါက ဤအရာသည် အဆင်ပြေချောမွေ့သွားမည် ဖြစ်သည်။
သို့သော် ထို့နောက်တွင်...
[ ??????? ]
[ !!!!!! ]
[ ဘာတွေ ဖြစ်နေတာလဲ.. ]
[ လော့နာ့ကဲ့လယ်ကျုံး၊ ဘယ်လိုထူးဆန်းတဲ့ လှုပ်ရှားမှုလဲ ဒါက… ]
“လော့နာ့ကဲ့လယ်ကျုံး” ဆိုသည်ကား ဖန်းယင်၏ လျှို့ဝှက် အကောင့်နာမည် ဖြစ်သည်။ အကောင့်သည် နာမည်နှင့် တူညီသော အသွင်အပြင်ကို ပေးစွမ်းသည်။ ပွင့်လင်း၊ ပေါက်ကွဲကာ အထိန်းအချုပ်မဲ့ အရိုင်းဆန်လှသည်။
( လော့နာ့ကဲ့လယ်ကျုံးက ဖန်းယင်ရဲ့ အကောင့်နာမည်ပါနော်၊ အဓိပ္ပာယ်က 'လော့က ကျုံးကို လုပ်တယ်’ ဆိုတော့ မြန်မာလို တိုက်ရိုက်အစား နာမည်အတိုင်းပဲ ရေးတာ ကောင်းမယ် ထင်လို့ပါ (• ▽ •;) )
ဖန်းယင်သည် လော့ကျုံး CP လိုက်သူများနှင့် ပြည့်နေသည့် မျက်နှာပြင်ကို ကြည့်ကာ တိတ်ဆိတ်စွာ ကြောင်နေခဲ့သည်။
အကြောင်းအရာများ အလုံးစုံ ရှင်းသွားရန် အချိန် အတော်ကြာ ယူလိုက်ရသည်။
ဖန်းယင်: “အားးးး!!!! ကယ်ကြပါဦးးးးး!!!!”
သခွားသီးကြီးသည် fanfic တစ်ပိုင်းကို ယခုမှ ရေးပြီး၍ အွန်လိုင်း တက်လာပြီး ဖန်းယင်၏ repost ပို့စ်ကို မြင်လိုက်ရသည်။
သူမသည် အလွန်ဒေါသ ထွက်သည့်အတွက် သခွားသီးချဉ် ဟောင်းနွမ်းသွားသည်အထိ နီရဲလုနီးနီး ဖြစ်သွားပြီး
[ ဒါ ဘာကို ဆိုလိုတာလဲ ]
ဖန်းယင်ကို တိုက်ရိုက် မက်ဆေ့ချ် ပို့ပြီး ခြိမ်းခြောက်ခဲ့သည်။
ဖန်းယင်သည် မမြင်ချင်ယောင်ဆောင်ပြီး သူ၏ ကိုယ်ပိုင် Weibo ပို့စ်အောက်မှာ တူညီသည့် စာကြောင်းကို သက်တောင့်သက်သာ repost လုပ်လိုက်သည်။
[ ငါ သခွားသီးနဲ့ လောင်းရဲတယ်၊ ဖန်းကြာပန်းဖြူက လော့လော့ရဲ့ ပို့စ်တွေကို ဒီလေသံနဲ့ နောက်မှ repost လုပ်လိမ့်မယ် ]
သခွားသီးကြီး၏ မက်ဆေ့ချ်သည် ချက်ချင်း ပြန်ရောက်လာသည်။
[ ဟားဟားးဟားးး ငါ အခု လုံးဝ စိတ်တည်ငြိမ်သွားပြီ၊ နင် နံရံကျော်တက်နေပြီလို့ ငါ ထင်ခဲ့တာ! သေအောင် ကြောက်သွားတာ! နင် ဖန်းကြာပန်းဖြူရဲ့ ပုံစံကို အရမ်း တူအောင် အတုခိုးနိုင်တာပဲ ကျယ်မေ့ ၊ နင့်ကို လော့ကျုံး ဖန်တီးသူတွေထဲက ဖန်းယင်လို့ ငါ ဒီနေရာကနေ ဂုဏ်ပြု နာမည်ပေးလိုက်ပြီ! ]
ဖန်းယင်သည်လည်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
[ မင်း ချီးမွမ်းလွန်းနေပါပြီ ]
သခွားသီးကြီးသည် ထပ်ပြောသည်။
[ ငါ အပိုင်းသစ် တင်တော့မယ်၊ ဒါပေမဲ့ ဒီနေ့ စိတ်မကောင်းဖြစ်နေတယ်၊ အရင် နားလိုက်ဦးမယ် ကျယ်မေ့၊ နင်နဲ့ အရင် မျှဝေလိုက်ပြီ ]
ဖန်းယင်: [ Meow (^O^) ]
နောက်ပိုင်းတွင် ဖန်းယင်သည် အကြိမ် အတော်များများ ဖော်ထုတ်လုနီးနီး ဖြစ်ခဲ့သော်လည်း သူ၏ စိတ်ခံစားမှု နိမ့်ကျမှုကို ကံကောင်းခြင်းနှင့် ခိုင်မာသည့် ဦးနှောက်မှ ကယ်တင်ခဲ့သည်။
ထို့အပြင် လော့ကျုံး ပရိသတ်ထဲမှ သူ၏ follower အများစုသည် သူ၏ မကောင်းသည့် ကောလာဟလများမှ လွဲ၍ ဖန်းယင်၏ အကြောင်း သိပ်မသိသည့်အတွက် သိပ်သံသယ မဝင်ခဲ့ကြခြင်းဖြစ်သည်။ သူ အကြိမ်တိုင်း အသက်မသေမီ လွတ်မြောက်ခဲ့သည်။
တစ်ခါတစ်ရံမှာပင် သူ ကံကောင်းခဲ့သည်။
သခွားသီးကြီး ကိုယ်တိုင်ဆီမှ မထုတ်ဝေရသေးဘဲ ဆွဲဆောင်မှုရှိသည့် fanfic အပိုင်းပေါင်းများစွာကို ခိုးကြည့်ခွင့်ရခဲ့ပြီး ဖန်းယင်ကို နေရောင်ထဲက ကြောင်လေးကဲ့သို့ ပြုံးနေစေခဲ့သည်။
သို့ရာတွင် လျှို့ဝှက်အထောက်အထားဖြင့် နေခြင်းသည် ကောင်းကျိုးအပြင် ဆိုးကျိုးများလည်း ယူဆောင်လာပေသည်။
ဖန်းယင်၏ နောက်ဆုံး ဖမ်းမိလုနီးနီး ဖြစ်ခဲ့ခြင်းသည် အမှန်တကယ် ပြဿနာပင်ဖြစ်သည်။
သည်တစ်ကြိမ်တွင် Weibo သည် အမှန်ပင် အပြစ်ရှိသူ ဖြစ်ခဲ့သည်။
ဖန်းယင်သည် သူ့ဘဝထက် ခွေးများကို ပိုချစ်သည်။ ပရိသတ်များအပြင် မုန်းသူများကပါ သည်အရာကို သိကြသည်။ သူတွင် ‘အကောင်ကြီး’ဟု နာမည်ပေးထားသည့် ဟက်စကီးတစ်ကောင် ရှိသည်။
နာမည်ကဲ့သို့ အရွယ်အစားကြီးသော ခွေးကြီးပင်။ ဘေးကင်းရေးအတွက် အိမ်အကူမှ လှောင်အိမ်ထဲတွင် ပုံမှန်အားဖြင့် ပိတ်ထားသည်။
တစ်နေ့ အလုပ်မှ နေအိမ်ပြန်ရောက်သည့် ဖန်းယင်သည် သူ၏ ဇိမ်ခံအိမ်ကြီးထဲတွင် လေဆင်နှာမောင်း ဖြတ်သွားသကဲ့သို့ မြင်လိုက်ရသည်။ လုံးဝ ပျက်စီးနေသည်။
အကောင်ကြီးသည် မှင်များ ဖုံးနေလျက် လျှာကို ပျော်ပျော်ရွှင်ရွှင် လျက်နေသည်။
ဖန်းယင် ဒေါသထွက်ပြီး အနီးကပ် ဆယ်လ်ဖီ ရိုက်ကာ စာတန်းနှင့် တင်လိုက်သည်။
[ အကောင်ကြီး ငါ့လက်ထဲ ရောက်ပြီ၊ ဒီကောင်ကို ငါ ဘယ်လို ချက်စားရမလဲ ]
သူ ပို့စ်တင်လိုက်သည့် အခိုက်အတန့်တွင်ပင် တစ်ခုခု မှားနေကြောင်း သိလိုက်ရသည်။
သူ၏ Weibo ပရိုဖိုင် ပုံသည် သူ့မျက်နှာ မဟုတ်ဘဲ... ရွှီချိုးလော့၏ပုံ ဖြစ်နေသည်။
ဖန်းယင်: ( ゚皿゚)
ငလူးး မဟုတ်ဘူး!!
နေဦးး မဟုတ်ဘူးးးးးး!!!!
သူ သတိလစ်မတတ် ဖြစ်ပြီး ပို့စ်ကို အသည်းအသန် ဖျက်ပစ်လိုက်သည်။
သို့ရာတွင် သခွားသီးကြီးက ပိုမြန်သည်။
သူမ၏ ပုံရိပ်သည် သူ၏ DM စာရင်းထဲတွင် ပေါ်လာသည်ကို မြင်လိုက်ရတော့ ဖန်းယင်၏ ပထမဆုံး စိတ်ကူးသည်... သေချင်စိတ် ပေါက်သွားခြင်းဖြစ်သည်။
တုန်ယင်နေရင်း သူမ၏ မက်ဆေ့ချ်များကို ဖွင့်လိုက်သည်။
သခွားသီးကြီး : [ !!!! လော်နာ့ကဲ့လယ်ကျုံး၊ နင် ဘယ်မှာလဲ၊ အခု ချက်ချင်း ထွက်လာခဲ့!! ]
သခွားသီးကြီး : [ နင် ရူးသွားပြီလားးး နင် ဘယ်လိုလုပ် အဲဒီထဲ ရောက်သွားတာလဲ ]
သခွားသီးကြီး : [ နေဦး... အကောင်ကြီးက ဖန်းယင်ရဲ့ ခွေး မဟုတ်ဘူးလားးးး မဟုတ်ဘူးလို့ ပြောပါ၊ ဘာအရူးအမူးအလုပ်မှ မလုပ်ပါနဲ့!! ]
သခွားသီးကြီး : [ ဖန်းကြာပန်းဖြူက ဆိုးတယ်ဆိုတာ ငါသိပေမဲ့ ငါတို့ stalker လုပ်လို့ မရဘူး! အဲဒါ ရာဇဝတ်မှုလို့!! နင် ရူးနေလားးး နင် သူ့အိမ်ကို ဖောက်ဝင်ပြီး သူ့ခွေးကို စားတော့မှာလားးး မင်း လူ ဟုတ်ရဲ့လားးး ]
သခွားသီးကြီး : [ နင် အရမ်း စွဲလမ်းလွန်းနေပြီ၊ လော့လော့က နင့်ကို ဒီလိုမျိုး ဖြစ်စေချင်မှာ မဟုတ်ဘူး၊ ငါ တကယ် စိတ်ပူတယ်၊ ဖန်းယင်ရဲ့ နေရာကနေ အခု ချက်ချင်းထွက်သွားလိုက် ]
သခွားသီးကြီး : [ သွားပြီး အဖမ်းခံလိုက် ]
ဖန်းယင် : ဟာကွာ ငါရူးတော့မှာပဲ…
~~~