အပိုင်း 173
Viewers 18k

Chapter 173
ကျွန်မကို တာအိုဘာသာဝင်သီလရှင် လုပ်ခွင့်ပေးပါ အရှင်မင်းမြတ်



လူငယ်က လက်ကို အလျင်အမြန်ပြန်ရုတ်၍ အော့အန်နေသည်။ ထို့နောက် လက်ကိုင်ပဝါကို အမြန်ဆွဲထုတ်၍ လက်ကို သုတ်တာ အလွန်ရွံရှာသည့်အသံဖြင့်ပြောလိုက်သည်။

"ဒီလောက်တောင် ဝပြီး ရုပ်ဆိုးနေတာ ဘယ်နေရာသွားသုံးစားလို့ရမှာလဲ...အစောင့်တွေ သူ့ကိုခွေးကျွေးလိုက်..."

ထိုလူငယ်၏အမိန့်အောက်တွင် အစောင့်များစွာက အနားသို့ရောက်လာကြသည်။ ထိုအစောင့်များသည် ကောင်းစွာလေ့ကျင့်ထားကြသူများဖြစ်မှန်းသိသာသည်။ အမျိုးသမီးက ကြောက်လန့်တကြား အော်ဟစ်မည်အပြုမှာပဲ အစောင့်များက သူမ၏ပါးစပ်ကိုပိတ်၍ လက်များကို ချုပ်ထားလိုက်ကြသည်။

ထို့နောက် အမျိုးသမီးအားဆွဲခေါ်၍ လူကြားထဲ ပျောက်ကွယ်သွားကြတော့သည်။

လူငယ်က လက်ကိုင်ပုဝါဖြင့် လက်ကိုသေချာသုတ်၍ လက်ကိုင်ပုဝါအား ဘေးသို့ ပစ်လိုက်သည်။ ထို့နောက် ချန်ရုံနှင့် ချန်ကုန်းရန်းနားသို့ လျှောက်လာသည်။

ချန်ရုံတို့ရှေ့၌ရပ်၍ လူငယ်သည်ခေါင်းကိုစောင်းကာ ချန်ရုံ့အား ကြာမြင့်စွာကြည့်နေပြီးမှ ရုတ်တရက် လက်ညှိုးထိုး၍ ပြောလိုက်သည်။

"ငါ သူ့ကိုကြိုက်တယ်..."

ထိုလူငယ်၏စကားကြောင့် ဝမ်ဟုန်၏ပိတ်ထားသောမျက်လုံးများက ဖျတ်ခနဲ ပွင့်သွားကြသည်။

လူငယ် ဘာမှဆက်မပြောရသေးခင်မှာပင် ဝမ်ဟုန်က ရထားလုံးထဲမှနေ၍ ခေါင်းကို မသိမသာ ငြိမ့်ပြလိုက်သည်။

"ဒီမိန်းကလေးက မဆိုးဘူးပဲ...သူ့ကို..."

လူငယ်က ချန်ကုန်းရန်းအားပြောနေစဉ်မှာပဲ အော်ဟစ်လိုက်သည့် အသံများစွာထွက်လာကြသည်။

"ဧကရာဇ်ဘုရင်မင်းမြတ်ကို အရိုအသေပေးကြ..."

ထိုအော်သံများကြောင့် လူတိုင်းက အံ့ဩမင်သက်ကုန်ကြသည်။ ထို့နောက် "ဧကရာဇ်ဘုရင်မင်းမြတ်ကို အရိုအသေပေးကြ..." ဟူသောအသံများက တစ်စတစ်စ ကျယ်လောင်လာ၍ လူများက ဒူးထောက်လိုက်သံများလည်း ထွက်ပေါ်လာကြသည်။ အထက်တန်းလွှာများက ဦးသာညွှတ်ထားကြသော်လည်း ဆင်းရဲသားများကတော့ မြေကြီးပေါ်၌ ပြားပြားဝပ်နေကြသည်။

ထိုအသံများက အခြားအသံများအားလုံးကို ဖုံးလွှမ်းသွားကြသောကြောင့် လူငယ်ပြောနေသည့်စကားကိုပင် မကြားရတော့ချေ။

ဧကရာဇ်မင်းမြတ်တဲ့လား...

ထိတ်လန့်သွားသောချန်ရုံသည် လူငယ်အား စိုက်ကြည့်နေမိပြီးမှ နောက်သို့ ဆုတ်ကာ အရိုအသေပေးလိုက်သည်။

လူငယ်က မျက်မှောင်ကျုံ့လိုက်သည်။ သူသည် အသံများ ငြိမ်ကျသွားအောင် စောင့်နေပြီးမှ ဘေးဘီသို့ မကျေမနပ်ပုံဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

"ဘယ်လိုဖြစ်ကြရတာလဲ...ငါ့ကို မမှတ်မိသလိုနေဖို့ ပြောထားတယ်မဟုတ်ဘူးလား..."

လူတိုင်းက ခေါင်းများငုံ့နေကြ၍ အချို့ဆိုလျှင် ကြောက်လန့်တကြားဖြင့် နောက်သို့ဆုတ်နေသည်များကိုမြင်သောအခါ ဧကရာဇ်လူငယ်သည် အလွန်ပင် စိတ်ပျက်သွားပုံပေါ်သွားကာ တစ်ကိုယ်တည်းတီးတိုးရေရွတ်၍ ချန်ရုံ့အား လှည့်ကြည့်လိုက်သည်။

ချန်ရုံသည်လည်း ရိုကျိုးစွာပင် အရိုအသေပေးနေသည်ကို မြင်သောအခါ ပို၍ပင် စိတ်ညစ်စွာ သက်ပြင်းချလိုက်လေသည်။

"အားလုံး ထကြစမ်း..."

"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်..."

ဧကရာဇ်က သက်ပြင်းချကာ အမိန့်ပေးလိုက်သည်။
"သွားကြတော့...မင်းတို့အားလုံးကို မလိုတော့ဘူး..."

"ဟုတ်ကဲ့ပါ အရှင်..."

သာမာန်ပြည်သူများကသာ ဧကရာဇ်၏အမိန့်ကို နာခံ၍ ထွက်ခွာသွားကြသော်လည်း ကိုယ်ရံတော်များကတော့ နောက်သို့ ခြေလှမ်းသုံးလှမ်းသာဆုတ်ကာ ရာထူးဂုဏ်ရှိန်များရှိကြသော အထက်တန်းလွှာများကတော့ တုပ်တုပ်မျှပင် မလှုပ်ကြချေ။

ဧကရာဇ်လူငယ်ကတော့ ထိုအခြေအနေကနု အသားကျနေပုံရသည်။ သူသည် ဘာမှမဖြစ်ပဲ အရှေ့သို့တိုးကာ ချန်ရုံ့နားသို့ တိုးကပ်လိုက်သည်။

လူငယ်၏ဘေးမှ အမတ်ကြီးက ပတ်ဝန်းကျင်မှ အကြည့်များစွာကို သတိထားလိုက်မိသည်။ အမတ်ကြီးသည် ရှေ့သို့တိုး၍ လူငယ့်နားကပ်ကာ တီးတိုးပြောလိုက်သည်။

"ဒီနေရာက လူတွေအရမ်းများလွန်းပါတယ် အရှင်..."

ဧကရာဇ်လူငယ်၏မျက်နှာပျက်သွားသည်။

သူသည် ခဏမျှ မျက်ခုံးများတွန့်ကာစဉ်း‌စားနေသော်လည်း ထိုတစ်ချိန်လုံးတွင်လည်း သူ၏အကြည့်များက ချန်ရုံ့ထံမှမခွာပေ။

အချိန်အတန်ကြာသည့်အခါမှ လူငယ်က ချန်ရုံ့အား နူးညံ့စွာပြောလိုက်သည်။

"ကျွန်ုပ်နာမည်က စစ်မားကျန်းပါ မိန်းကလေး...မင်းရဲ့နာမည်ကရော ဘယ်လိုခေါ်ပါသလဲ..."

ချန်ရုံသည် ဧကရာဇ်မင်းမြတ်က သူမ အား ဤကဲ့သို့လေသံမျိုးဖြင့် စကားပြောလိမ့်မည်ဟု ဘယ်တုန်းကမျှ မစဉ်းစားမိခဲ့ဖူးချေ။ ချန်ရုံက ခေါင်းကိုမော့လိုက်သည်။ ချန်ကုန်းရန်းက လက်များကိုချိတ်ဆက်၍ ရိုသေစွာပြန်ဖြေလိုက်သည်။

"သူက ချန်အိမ်တော်က အားရုံပါ အရှင်မင်းမြတ်..."

"ကိုယ်တော်က ဒီလှပတဲ့မိန်းကလေးကိုမေးနေတာလေ...ခင်ဗျားက ဘာဖြစ်လို့ဝင်ဖြေရတာလဲ..."
ဧကရာဇ်လူငယ်လေးက ခပ်ထန်ထန်ပြောလိုက်သည်။

ဧကရာဇ်၏ဒေါသကြောင့် ချန်ကုန်းရန်းကတော့ ဘာမှမဖြစ်သွားပဲ သူ၏အစောင့်များနှင့် အခြားအထက်တန်းလွှာများကလည်း ငြိမ်သက်စွာပင်ရှိနေကြသည်။

ချန်ကုန်းရန်းက ပြုံး၍ ရိုကျိူးစွာ ဦးညွှတ်လိုက်သည်။

"အရှင်မင်းမြတ်...မူရုံခယ်က မောယန်ကို သိမ်းပိုက်စဉ်တုန်းက ကျေးဇူးတရားအတွက်နဲ့ မောယန်ကိုလိုက်သွားခဲ့တဲ့ အမျိုးသမီးအကြောင်းကို ကြားဖူးပါလား...အဲဒီအမျိုးသမီးကပဲ နန်ယန်မြို့ တိုက်ခိုက်ခံရတုန်းက သွေးတွေစွန်းပေနေတဲ့ ဝတ်ရုံနဲ့ တိုက်ပွဲကို ရှေ့ဆုံးကနေ ဦးဆောင်ခဲ့တာကိုရော သိပါသလား..."

ထို့နောက် ချန်ကုန်းရန်းက ခါးကိုပြန်မတ်၍ ချန်ရုံ့အား လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"အရှင်မင်းမြတ်...အဲဒီအမျိုးသမီးက ဒီမှာပါပဲ...အဲဒီအမျိုးသမီးက ချန်အိမ်တော်က အားရုံပါပဲ..."

ချန်ကုန်းရန်း၏အသံက လေထဲ၌ ပဲ့တင်သံရိုက်ခတ်သွားသည်။

ထောင်ပေါင်းများစွာသောလူများသည် အစကတော့ အလွန်အံ့ဩနေကြသော်လည်း တမုဟုချင်းမှာပင် တီးတိုးပြောသံများထွက်လာကြသည်။

လူများ၏စူးစမ်းသောအကြည့်များနှင့် တီးတိုးပြောသံများကြားတွင် ချန်ကုန်းရန်း၏အချက်ပေးမှုနှင့် ချန်ရုံသည် ရှေ့သို့ ခြေနှစ်လှမ်းမျှတိုး၍ သူမ၏ဦးလေးရှေ့၌ ရပ်လိုက်သည်။

ထို့နောက် လူများ၏အကြည့်၌ သူမ၏မျက်နှာကို ထင်ရှားစွာမြင်နိုင်ရန် ခေါင်းကို အနည်းငယ်မော့လိုက်၍ အရိုအသေပေးကာ ပြောလိုက်သည်။

"ကျွန်မက ချန်အိမ်တော်ရဲ့ အားရုံပါ...နှုတ်ခွန်းဆက်သပါတယ် အရှင်မင်းမြတ်..."

ဧကရာဇ်လူငယ်လေးက အလွန်အံ့ဩနေဆဲရှိသေးသည်။ လူငယ်သည် ချန်ရုံ့အား စိုက်ကြည့်၍ မယုံနိုင်သည့်လေသံဖြင့်ပြောလိုက်သည်။

"မင်း ဘာဖြစ်လို့ သေချင်ရတာလဲ...အသက်ရှင်ရတာက ပိုပျော်ရွှင်ဖို့မကောင်းဘူးလား..."

ချန်ရုံက ခဏမျှ တိတ်ဆိတ်နေပြီးမှ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ကျွန်မရဲ့တိုင်းပြည်မရှိတော့ရင် ကျွန်မလည်း ဘယ်နေရာရောက်နေမှာပါလဲ အရှင်...ကျွန်မ လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ..."

"ဪ..."

ဧကရာဇ်က ချန်ရုံ၏အဖြေကို အနည်းငယ် စိတ်ပျက်သွားဟန်တူသည်။

ဧကရာဇ်က ချန်ရုံ့အား ဆက်ကြည့်နေပြီးမှ မျက်နှာကို အနည်းငယ်ရှုံ့လိုက်သည်။

"သန်မာပြီး စိတ်ဓာတ်ပြင်းထန်တဲ့အမျိုးသမီးတွေကို ငါမကြိုက်ဘူး..."

အနောက်မှ အမတ်များက ဧကရာဇ်၏စကားကြောင့် မျက်မှောင်များကျုံ့ကုန်ကြသည်။
ဒီလိုမျိုး စိတ်ဓာတ်ခိုင်မာပြီး မှန်ကန်ရဲရင့်တဲ့ အမျိုးသမီးတစ်ယောက် နန်းတော်ထဲရောက်လာမှာ ဧကရာဇ်မင်းမြတ်က ပျော်နေသင့်တယ်မဟုတ်လား...ဒီလိုမျိုး မကြိုက်ဘူး လို့ ပြောလိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...ထားပါလေ...ဧကရာဇ်က အစတည်းက ဒီလိုပဲကို...

ချန်ရုံကတော့ ထိုစကားကိုကြားသောအခါ အံ့ဩသွားသလို ရယ်လည်းရယ်ချင်သွားမိသည်။ ယနေ့ ဧကရာဇ်နှင့်တွေ့ဆုံရမည်ကို ချန်ရုံ အကြိမ်ကြိမ်အခါခါ စဉ်းစားခဲ့သော်လည်း ဧကရာဇ်သည် ဤကဲ့သို့သော လူမျိုးဖြစ်နေလိမ့်မည်ဟူ၍တော့ တစ်ခါမျှ မစဉ်းစားဖူးချေ။

ဇကရာဇ်လေးက သက်ပြင်းချကာ အင်္ကျီဝတ်ရုံလက်များကိုဝှေ့ယမ်း၍ ချန်ရုံ့အားမေးလိုက်သည်။

"ပြောစမ်း...မင်း ဘယ်လိုဆုမျိုးကို လိုချင်လဲ..."

ချန်ရုံ ဘာမှမပြောရသေးခင်မှာပင် အမတ်တစ်ဦးက ရှေ့သို့တိုးလာ၍ ပြောလိုက်သည်။

"အရှင်မင်းမြတ်...ဒီလို လေးစားဖွယ်ကောင်းတဲ့ အမျိုးသမီးကို တိုင်းပြည်ရဲ့ အတုယူဖွယ်ပြယုဂ်အဖြစ် မြှောက်စားသင့်ပါတယ်..."

ဧကရာဇ်က မျက်ခုံးများကို တွန့်၍စဉ်းစားပြီးမှ ခေါင်းငြှိမ့်လိုက်သည်။

ထို့နောက် နောက်သို့လှည့်၍ ချန်ရုံ့အား စကားပြောမည်အလုပ်မှာပင် ချန်ရုံက ရုတ်တရက် နောက်သို့ဆုတ်၍ ဒူးထောက်ချလိုက်သည်။

ချန်ရုံ၏အပြုအမူက ဧကရာဇ် မမျှော်လင့်ထားသော အပြုအမူဖြစ်သောကြောင့် ဧကရာဇ်၏မျက်လုံးများက တောက်ပသွား၍ တက်ကြွစွာမေးလိုက်သည်။

"မင်းက ဘာဖြစ်လို့ ငါ့ကို ဒူးထောက်နေရတာလဲ..."

"ကျွန်မ တောင်းဆိုစရာရှိလို့ပါ..."
ချန်ရုံက မော့ကြည့်လိုက်သည်။

"အရှင်မင်းမြတ်က ကျွန်မရဲ့တောင်းဆိုမှုကို ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်..."

ချန်ရုံက ဤမျှ မြန်မြန်ဆန်ဆန်တောင်းဆိုမှုကို လုပ်လိုက်သည်ကို မြင်သောအခါ ဧကရာဇ်သည် မနေနိုင်တော့ပဲ ပါးစပ်ကိုတွန့်ကွေး၍ ပြုံးလိုက်မိသည်။ ထိုအရာကိုမြင်သောအခါ ချန်ရုံကလည်း ခေါင်းကိုစောင်း၍ ဧကရာဇ်အား ညုတုတုပုံစံဖြင့် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

ချန်ရုံ၏ပုံစံလေးက အလွန်ချစ်စရာကောင်းသွားသောကြောင့် ငယ်ရွယ်သောဧကရာဇ် သဘောကျသွားသည်။ ထို့ကြောင့် ပျော်ရွှင်စွာပင်မေးလိုက်သည်။

"ပြောစေ...မင်းရဲ့တောင်းဆိုမှုက ဘာလဲ..."

ချန်ရုံသည်လည်း ရုတ်တရက် သတ္တိများဖြင့် ပြည့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ဧကရာဇ်အား မော့ကြည့်၍ ကြောက်လန့်မှုကို မြိုသိပ်ကာ ပြောလိုက်သည်။

"ကျွန်မ တစ်သက်လုံး လက်ထပ်ခြင်းမပြုပဲ နေသွားလို့ရအောင် ကျွန်မကို တာအိုဘာသာဝင် သီလရှင် လုပ်ခွင့်ပေးပါ..."

ကျွန်မ တစ်သက်လုံး လက်ထပ်ခြင်းမပြုပဲ နေသွားလို့ရအောင် ကျွန်မကို တာအိုဘာသာဝင် သီလရှင် လုပ်ခွင့်ပေးပါ...

ကျွန်မ တစ်သက်လုံး လက်ထပ်ခြင်းမပြုပဲ နေသွားလို့ရအောင် ကျွန်မကို တာအိုဘာသာဝင် သီလရှင် လုပ်ခွင့်ပေးပါ...



ဝမ်ဟုန် ရုတ်ချည်း ထထိုင်လိုက်မိသည်။ သူ၏နှုတ်ခမ်းများသည် တင်းတင်းစေ့နေ၍ လက်ချောင်းများကလည်း ရထားလုံးကိုယ်ထည်ကို တင်းကျပ်စွာကိုင်ကာ ချန်ရုံ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။

ဝမ်ဟုန်သည်သာမက ချန်ကုန်းရန်း၊ ချန်ကျစ်ဖန့်၊ အခြား အထက်တန်းလွှာများအပြင် ချန်ရုံ၏အစ်ကိုနှင့် ယောက်မတို့သည်ပါ အံ့အားသင့်သောမျက်နှာများဖြစ်ကုန်ကြသည်။

ချန်ရုံကဲ့သို့ မိန်းမငယ်လေးသည် ပညာရှိအသိုင်းအဝိုင်းထံမှ အသိအမှတ်ပြုမှုရရှိရန် နှင့် ဧကရာဇ်နှင့်တွေ့ခွင့်ရရန် အသက်ကိုပင် စွန့်လွှတ်ထားခဲ့ပြီးမှ ယခုကဲ့သို့သောတောင်းဆိုမှုကို လုပ်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ချေ။

ဧကရာဇ်ကလည်း ဘာမှမပြောနိုင်ပဲ မျက်တောင်သာ တစ်ချက်ခတ်လိုက်သည်။ ထို့နောက်တွင်မှ မယုံသင်္ကာသောအသံဖြင့် မေးလိုက်သည်။

"မင်းက တာအိုဘာသာဝင် သီလရှင် ဖြစ်ချင်တယ် ဟုတ်လား..."

ချန်ကုန်းရန်းက ရှေ့သို့တိုး၍ ဦးညွှတ်လိုက်သော်လည်း ချန်ရုံက ချန်ကုန်းရန်းစကားပြောမည်ကို မစောင့်ပဲ အပြစ်ကင်းစင်သောမျက်နှာလေးဖြင့်ပြုံးကာ ခပ်ညုညုလေး ဝင်ပြောလိုက်သည်။

"ကျွန်မရဲ့ တောင်းဆိုမှုကြောင့် လူတိုင်းက ရူးသွားတော့မတတ်ထိတ်လန့်သွားကြတာပဲ...ပျော်စရာကောင်းတယ်လို့မထင်ဘူးလား အရှင်မင်းမြတ်...ဒီတိုင်း ပျော်စရာအနေနဲ့ပဲ ခွင့်ပြုတယ်လို့ပြောလိုက်ပါလား အရှင်...ကျေးဇူးပြု၍ ခွင့်ပြုတယ်လို့ ပြောလိုက်ပါ..."

ချန်ရုံ၏အသံက နောက်ဆုံးစကားများနားသို့ရောက်သောအခါ ဖိအားပေးမှုနှင့် ဆွဲဆောင်မှုများပြည့်နေသော အသံဖြစ်သွားသည်။

ဧကရာဇ်သည်လည်း စိတ်ပြန်ရွှင်သွား၍ ချန်ကုန်းရန်းအား လက်ဝှေ့ယမ်းပြကာ အော်လိုက်သည်။

"ခင်ဗျားမှာ စကားပြောခွင့်မရှိဘူး..."

ချန်ကုန်းရန်းသည်လည်း ဧကရာဇ်အား မလွန်ဆန်ရဲသောကြောင့် ပါးစပ်ပိတ်သွားသည်။

"အနောက်ကိုပြန်တော့...ကျွန်ုပ်နဲ့ အားရုံကြားမှာ ပိတ်မနေနဲ့..."

ချန်ကုန်းရန်းလည်း အခြားရွေးစရာလမ်းမရှိပဲ ဧကရာဇ်အား အရိုအသေပေးကာ အနောက်သို့ ‌ခြေနှစ်လှမ်း ပြန်ဆုတ်လိုက်ရသည်။

ချန်ကုန်းရန်းအား အမိန့်ပေးနေစဉ်တွင် ဧကရာဇ်၏မျက်လုံးများသည် ဘေးဘီသို့လည်း အကဲခတ်နေသည်။ ပတ်ဝန်းကျင်မှ လူများ၏မျက်နှာများကိုမြင်သောအခါ ဧကရာဇ်သည် စိတ်ဝင်တစားဖြစ်သွား၍ ပျော်သွားပုံရသည်။ သူသည် ချန်ရုံ့ဘက်သို့ ပြန်လှည့်၍ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

"မင်းပြောတာမှန်တယ်...ဒါက တကယ်ပျော်စရာကောင်းတာပဲ..."

ထို့နောက် ဧကရာဇ်သည် လည်ချောင်းရှင်းလိုက်၍ ပြုံးနေသည်ကို ရပ်လိုက်သည်။ ဧကရာဇ်၏မျက်နှာအမူအယာကို မြင်သောအခါ ဝမ်ဟုန်က အမတ်တစ်ဦးနှင့် အကြည့်ချင်းဆုံလိုက်သည်။

အမတ်က ဧကရာဇ်နားသို့ အပြေးအလွှားသွားလိုက်သည်။

သို့သော် အမတ်ပြောမည်ကို မစောင့်တော့ပဲ ဧကရာဇ်သည် ခေါင်းကိုမော့၍ အမိန့်ချလိုက်တော့သည်။

"ခွင့်ပြုတယ်!..."

အမတ်ကြီးသည် ဧကရာဇ်က ဤမျှလွယ်လွယ်နှင့် သဘောတူလိုက်လိမ့်မည်ဟု မမျှော်လင့်ထားချေ။ ထို့ကြောင့် ထိုနေရာ၌ပင်တောင့်တောင့်ကြီးဖြစ်သွား၍ ကျောအေးသွားလေတော့သည်။

အလွန်အမင်းပျော်ရွှင်သွားသော ချန်ရုံသည် ထပ်၍ အရိုအသေပေးကာ အော်ဟစ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်..."

ချန်ရုံသည် မြေကြီးပေါ်၌ ရိုကျိုးစွာ ဝပ်တွားခယလိုက်သည်။

ချန်ရုံ၏ကျေးဇူးတင်မှုကြောင့် အနီးအနားမှ မှူးမတ်များက အံ့ဩမှင်သပ်ကုန်ကြ၍ ဧကရာဇ်လေးကတော့ ကျေနပ်သွားဟန်ရှိသည်။ ဧကရာဇ်က အသံကိုမြှင့်၍ ထပ်ပြောလိုက်သည်။

"ရှီရှန်တောင်က ကျောင်းတော်လည်း မဆိုးဘူး...မင်း အဲဒီမှာ သွားနေရင်ဘယ်လိုလဲ..."

ရှီရှန်တောင်က ကျောင်းတော်?

ချန်ရုံသည် ပျော်လွန်း၍ ခုန်ဆွခုန်ဆွပင်ဖြစ်နေသည်။ ရှီရှန်မှ ထိုကျောင်းတော်သည် သူ၏ သာယာလှပသောရှုခင်းများကြောင့် နာမည်ကြီးသော်လည်း ပို၍ အရေးကြီးသည်က ကျောင်းတောင်နှင့်အတူ ထောင်ပေါင်းများစွာသော လယ်ယာဧကများ တွဲလျက်ပါနေခြင်းဖြစ်သည်။ ထောင်ပေါင်းများစွာသော လယ်ယာများသည် ချန်ရုံနှင့် ထိုက်တန်သော ဆုလာဘ်တစ်ခုဖြစ်သည်ဟု ချန်ရုံထင်မိသည်။

ထို့ကြောင့် ချန်ရုံသည် ပျော်ရွှင်စွာပြုံး၍ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်...အရှင်က တကယ်ကို ဉာဏ်ပညာပြည့်ဝတာပါပဲ..."

ဧကရာဇ်လေးကလည်း ချန်ရုံ၏စကားကိုသဘောကျသွားသည်။ ဘေးနားမှ မှူးမတ်များနှင့် အထက်တန်းလွှာများကို ကြည့်လိုက်သောအခါ ထိုလူများသည် မကျေမနပ်သည့်ပုံများဖြစ်နေကြသေးသည်ကို မြင်လိုက်ရသည်။

ဧကရာဇ်သည် လည်ချောင်းကိုရှင်း၍ ထိုအထက်တန်းလွှာများကိုကြည့်ကာ လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။

"ချန်အိမ်တော်က အားရုံက သူ့ရဲ့ရဲရင့်မှုကြောင့် တကယ်ကို လေးစားဖွယ်ကောင်းတဲ့မိန်းကလေးပဲ...သေချာနားထောင်ကြစမ်း...အားရုံကို သူ့ရဲ့ လှပမှုတစ်ခုတည်းအတွက်နဲ့ ထိကပါးရိကပါးမလုပ်ကြပါနဲ့...အားရုံဟာ ငါကိုယ်တော် ကိုယ်တိုင် တင်မြှောက်တဲ့ နတ်ဆရာမပဲ..."

ထို့နောက် ဧကရာဇ်သည် ကျယ်လောင်စွာရယ်မော၍ ရထားလုံးဆီသို့ အောင်မြင်ခန့်ညားစွာ ပြန်လျှောက်သွားတော့သည်။

ဧကရာဇ်လေးသည် ရထားလုံးဆီသို့ သွားနေစဉ်မှာပင် မတော်တဆလား တမင်တကာလား မသိနိုင်ပဲ ဝမ်ဟုန့်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင်မှ ချန်ရုံ့အား ပြန်ကြည့်လိုက်လေသည်။


လူအုပ်ကြီး၏စပ်စုသောအကြည့်များအောက်တွင် ချန်ရုံသည် ဒူးထောက်နေရာမှ ပြန်ထလိုက်သည်။

သူမ၏နှုတ်ခမ်းများကတော့ ပြုံးနေလေသည်။

ထိုအပြုံးသည် ရင်ထဲမှလာသော အပြုံးစစ်စစ်ဖြစ်သည်ကို ဝမ်ဟုန်အပါအဝင် အခြားလူများအားလုံး မြင်နိုင်ပေသည်။ ထိုအပြုံးသည် ချန်ရုံ့အား ချည်နှောင်ထားသော တာဝန်များ၊ ဝတ္တရားများထံမှ လွတ်မြောက်သွားရသောကြောင့် ထွက်ပေါ်လာရသောအပြုံးဖြစ်သည်။ ထိုအပြုံးသည် အသက်ဓာတ်ဖြင့် တောက်လောင်နေသည်ဟူ၍ပင်ပြော၍ရပေသည်။

ထို့နောက် ချန်ရုံသည် အပြုံးကို ပြန်ရုတ်သိမ်းလိုက်၍ ချန်ကုန်းရန်းနှင့် ချန်ကျစ်ဖန့်တို့ဘက်သို့လှည့်ကာ ဒူးထောက်လိုက်သည်။

ချန်ရုံသည် နောက်ထပ်တစ်ခါ မြေပြင်ပေါ်၌ ဒူးထောက်နေရင်းက ပြောလိုက်သည်။

"ဦးလေးတို့ကို စိတ်ပျက်စေမိသွားရင် ကျွန်မတောင်းပန်ပါတယ်...ဒါပေမယ့် စစ်မြေပြင်မှာ အသက်ရှင်ကျန်ခဲ့ရပေမယ့် သတ်ဖြတ်မှုတွေနဲ့ သွေးထွက်သံယိုမှုတွေကို ကျွန်မ မခံစားနိုင်တော့ပါဘူး...ဒီလို ကိစ္စတွေများလှတဲ့ လောကီကမ္ဘာကြီးကနေ စွန့်ခွာချင်စိတ်ဖြစ်နေတာ အတော်ကြာနေပါပြီ..."

ချန်ရုံသည် မြေပြင်ပေါ်၌ အကြိမ်ကြိမ်အခါခါ ဝပ်တွား၍ အရိုအသေပေးလိုက်သည်။

"ဦးလေးတို့နှစ်ယောက်လုံးက ကျွန်မအတွက်ကို စိတ်ရင်းအမှန်နဲ့ ရောက်လာပေးကြမှန်း ကျွန်မသိပါတယ်...ဒါပေမယ့် ကျွန်မက ဒီဘဝကြီးကို စိတ်ပျက်နေမိပြီး ကျန်ရှိနေတဲ့နေ့ရက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြတ်သန်းချင်ပါတော့တယ်...ကျွန်မဟာ ကလေးမမွေး..."

ချန်ရုံ၏ အလွန်အမင်း ခယဝပ်တွားမှုများကြောင့် နှဖူး‌၌ အညိုအမည်းများပင် စွဲကုန်တော့သည်။ သို့သော် နှဖူး၌ အညိုအမည်းများနှင့် အညစ်အကြေးများပေကျံနေသော်လည်း ချန်ရုံ၏အပြုံးကတော့ သက်တောင့်သက်သာရှိ၍ တောက်ပနေလေသည်။

"ကျွန်မကို ခွင့်လွှတ်ပေးနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်..."

ချန်ရုံက ချန်ကုန်းရန်းနှင့် ချန်ကျစ်ဖန့်တို့အား မော့ကြည့်ရင်းဖြင့် အသည်းအသန် တောင်းပန်လိုက်သည်။

ထို့နောက် ခေါင်းကို မြေကြီးပေါ်သို့ ပြန်၍ ဦးတိုက်လိုက်ပြန်သည်။