အပိုင်း 174
Viewers 18k

Chapter 174
ပြောသင့်သည့်စကားများ အကုန်အစင်



လူတိုင်းက ချန်ရုံတို့အား လှမ်းကြည့်နေကြသည်။ ချန်ရုံ၏အပြုအမူများသည် အိမ်တော်၏မျှော်လင့်မှုများနှင့် မတိုက်ဆိုင်သော်လည်း ပညာရှိများက ဤကဲ့သို့ ငွေကြေးနှင့် ကျော်ကြားမှုတို့နှင့် ဝေးကွာရာ တိတ်ဆိတ်ငြိမ်သက်သည့် ဘဝမျိုး၌နေထိုင်သည်ကို အားပေးကြသောကြောင့် အပြင်းအထန်ဝေဖန်ခံရခြင်းမျိုးတော့ မရှိပေ။

ချန်ကုန်းရန်းက ချန်ရုံ့အား အလျင်အမြန်ဆွဲထူလိုက်သည်။ ချန်ကုန်းရန်းသည် ချန်ရုံ၏နှဖူးမှ ဖုန်များ၊အညစ်အကြေးများကို သုတ်ပေးလိုက်၍ ခပ်နွမ်းနွမ်းပြုံးလိုက်သည်။

"ကလေးရယ်...ဘာဖြစ်လို့များ ဒီလောက်တောင် ခယဝပ်တွားနေရတာလဲ..."

ချန်ကုန်းရန်းက ခေါင်းကို ခါရမ်း၍ သက်ပြင်းသာချနိုင်တော့သည်။

ချန်ကျစ်ဖန့်ကလည်း ရှေ့သို့တိုးလာကာ ချန်ရုံ့အား ကြည့်၍ တိုးတိတ်စွာပြောလိုက်သည်။

"ရူးမိုက်တဲ့ ကလေးပဲ...မင်းက သီလရှင်ဆရာလေး ဖြစ်ချင်တယ်ဆိုရင် မင်းရဲ့အိမ်တော်ကို အရင်ပြောမှပေါ့...အခုတော့ ရှိစေတော့...ရှိစေတော့..."

ချန်ရုံက ဦးလေးနှစ်ယောက်လုံးအား အရိုအသေပေး၍ နူးညံ့စွာပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့...ကျွန်မ သေချာမစဉ်းစားမိပဲ မိုက်မဲခဲ့မိပါတယ်..."

ချန်ကျစ်ဖန့်က ခေါင်းကိုခါကာ တစ်ဖက်သို့လှည့်၍ အင်္ကျီလက်ကို ခါရမ်းလိုက်သည်။
"သွားကြမယ်..."

ချန်ကျစ်ဖန့်၏အမိန့်နှင့်အတူ ရထားလုံးများက ရွေ့လျားစပြုလေတော့ငည်။

ချန်ကုန်းရန်းက ရထားလုံးပေါ်သို့ အရင်တက်သွား၍ သူ့နောက်မှ ချန်ကျစ်ဖန့်က လိုက်တက်သွားသည်။ ချန်ရုံ့အား စကားအနည်းငယ် ထပ်ပြောပြီးသောအခါ သူတို့သည် စတင်ထွက်ခွာသွားကြတော့သည်။

ချန်ရုံသည်လည်း သူမ၏ရထားလုံးပေါ်သို့ တက်လိုက်သည်။

အထိန်းတော်ဖျင်ကတော့ ယခုအထိ အံ့ဩလွန်း၍ ပြောစရာစကားရှာမရဖြစ်နေသည်။ သူမသည် ချန်ရုံ့အားကြည့်ကာ ရုတ်တရက် မျက်ရည်များ သွင်သွင်စီးကျလာတော့သည်။

ချန်ရုံက အထိန်းတော်ကြီးအား လှမ်းကြည့်၍ ပြုံးလိုက်သော်လည်း နှစ်သိမ့်စကားတော့ ဘာမှမပြောလိုက်ချေ။

လူအုပ်ထဲ၌ သခင်ချန်က ရပ်နေသည့်နေရာမှ ‌မရွေ့ပဲ ခပ်တိုးတိုးပြောလိုက်မိသည်။

"ငါ့ရဲ့ အားရုံလေး ခံစားရတာတွေ အရမ်းများနေခဲ့မှာပဲ..."

သခင်ချန်၏ အတင်းပြောတတ်သော မိန်းမကတော့ သခင်ချန်၏ဘေး၌ တီးတိုး ကျိတ်ရယ်နေရင်းကမှ ရုတ်တရက် ပျော်ရွှင်စွာ ထပြောလိုက်သည်။

"ရှီရှန်ကျောင်းတော်မှာ အရမ်းကောင်းတဲ့ လယ်ကွင်းတွေ ရှိတယ်မဟုတ်လား...အဲဒီလယ်ကွင်းတွေက တကယ်ကို မြေဩဇာကောင်းတာနော်..."

သူမသည် သခင်ချန်၏လက်မောင်းကို ဆွဲကိုင်ကာ အော်ပြောလိုက်သည်။

"အားရုံက အခု သီလရှင်ဆရာလေးဖြစ်သွားပြီဆိုတော့ နောက်ကျရင်လည်း လက်ထပ်တာတို့ ကလေးမွေးတာတို့ ရှိလာတော့မှာမဟုတ်ဘူးလေ...အဲဒီတော့ အဲဒီလယ်ကွင်းတွေက ကျွန်မတို့အပိုင်လို့ပဲ ပြောလို့ရနေပြီမဟုတ်လား..."

ထိုစကားများကို ကြားသောအခါ သခင်ချန်က ချာခနဲ လှည့်လိုက်သည်။

သခင်ချန်သည် သူ့ဇနီး၏ပြုံးဖြီးနေသော မျက်နှာကို စိုက်ကြည့်ကာ ခပ်ကြမ်းကြမ်းရိုက်ပစ်လိုက်တော့သည်။

သခင်မချန်သည် သူမ၏ ထုံထိုင်း၍ ပျော့ညံ့သော ယောင်္ကျားက ဤကဲ့သို့ လုပ်လိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ ထို့ကြောင့် သူမသည် တစ်ခဏတော့ မျက်နှာကို ကိုင်၍ ကြောင်အသွားမိသည်။

သခင်ချန်သည် သူ၏ဇနီးအား စိုက်ကြည့်၍ အံကိုကြိတ်ကာ ဆူလိုက်သည်။

"ဒီလိုအချိန်မျိုးမှာတောင် အဲဒီလိုကိစ္စတွေကို ဘာဖြစ်လို့ တွေးနေနိုင်သေးရတာလဲ...မင်းထက်စာရင် သားရိုင်းတိရစ္ဆာန်တွေကမှ စိတ်နှလုံးပိုနူးညံ့ကြဦးမယ်..."

ထို့နောက် သူ့ဇနီး၏ဒေါသကို စောင့်မနေတော့ပဲ သခင်ချန်သည် လူအုပ်ကြားထဲတိုးဝင်၍ ချန်ရုံ၏ရထားလုံးနောက်သို့ ပြေးလိုက်သွားတော့သည်။

ချန်ရုံ၏ရထားလုံးက တော်တော်ဝေးဝေး တစ်နေရာသို့ ရောက်သွားသည့်အချိန်မှပင် အစောင့်တစ်ဦးက တိုးတိတ်စွာခေါ်လိုက်သည်။

"အရှင်..."

အစောင့်၏အသံက အလွန်ကို သတိထား၍ ပြောနေရဟန်ပေါက်နေသည်။

ရထားလုံးထဲမှလူက ဘာမှပြန်မပြောပေ။

ရထားလုံးလိုက်ကာများကြားမှတစ်ဆင့် မြင်နေရသော ရေကဲ့သို့ကြည်လင်လှသည့် မျက်လုံးများဖြင့် ချောမောလှပသည့်မျက်နှာသည် မီးခိုးများကြား၌ အာရုံစူးစိုက်နိုင်ခြင်းမရှိသကဲ့သို့ဖြစ်နေသည်။

သမင်မြီးကြာပွတ်ကို ညှင်သာစွာပွတ်သပ်နေသောလက်များက ရုတ်တရက် ရပ်သွားကြသည်။

[T/N: 麈尾(သမင်မြီးကြာပွတ်) ဆိုတာ ခြင်၊ယင်တွေကိုမောင်းနှင်တဲ့ပစ္စည်းဖြစ်ပြီး 拂尘 နဲ့ ဆင်တူပါတယ်။]

ထို့နောက် အဖြူရောင်ကြာပွတ်သည် နှစ်ခြမ်းဆွဲဖြဲခြင်းခံလိုက်ရလေတော့သည်။

တဖြည်းဖြည်းနှင့် ထိုအမျိုးသား၏ နှုတ်ခမ်းများက တင်းတင်းစေ့သွား၍ တီးတိုးပြောလိုက်သည်။

"မင်းက ဘယ်တော့မှလက်မထပ်ရမယ့် လမ်းကိုပဲ ရွေးချယ်လိုက်တယ်ပေါ့..."
ထို့နောက် ညှင်သာစွာ ရယ်လိုက်သည်။

ထိုအမျိုးသား၏ရယ်သံက လေထဲသို့လွင့်ပျံသွား၍ ပျံ့နှံ့ပျောက်ကွယ်သွားသည်။ အစောင့်က ရှိသမျှသတ္တိကိုစုစည်း၍ သူ၏သခင်အား လှမ်းကြည့်လိုက်ချိန်တွင်တော့ သူ၏သခင်သည် သားကောင်ကိုချောင်းနေသည့် သားရိုင်းတိရစ္ဆာန်ကဲ့သို့ တိတ်ဆိတ်စွာနှင့် မျက်နှာ၌ ဘာခံစားမှုမှမရှိပဲ အရှေ့သို့ စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရလေသည်။

ချန်ရုံ၏ရထားလုံးက ရှေ့သို့ မောင်းနှင်နေဆဲဖြစ်‌သည်။

ချန်ရုံသည် သူမ ဝယ်ထားသော အိမ်ဆီသို့ သွားနေခြင်းဖြစ်သည်။ ချန်ရုံ့စိတ်ထဲတွင်တော့ သူမ၏ ကိုယ်တိုင်ရပ်တည်နိုင်မှု ရရှိခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့သော အဖြစ်အပျက်များဖြစ်ပြီးမှတော့ ရှေ့ဆက်တိုးရုံသာရှိသည်။ သူမ၏ဆွေမျိုးများဆီသို့ ပြန်သွားခြင်းသည်လည်း ဘာကိုမှ ကယ်တင်နိုင်တော့မည်မဟုတ်ချေ။

ချန်ရုံက ရထားလုံးထဲမှ ဆင်းပြီးသောအခါတွင် လူတစ်ယောက်က ချန်ရုံ့နားသို့ပြေးလာ၍ အော်ဟစ်ကာ ချန်ရုံ့အား ဖက်လိုက်သည်။

"အားရုံ...အစ်ကို့ရဲ့ သနားစရာကောင်းတဲ့ အားရုံလေး..."

ထိုအသံသည် သူမကို အစဉ်အမြဲချစ်ပေးသော အစ်ကို့၏အသံမှန်း ချန်ရုံ အမှတ်ရသွားသည်။

အစ်ကို့၏ရင်ခွင်နွေးနွေးကို မှီခိုရင်း ချန်ရုံ မျက်လုံးများကို မှိတ်လိုက်သည်။

ချန်ရုံ၏ခေါင်းပေါ်၌ သူမအစ်ကို၏အသံက အက်ကွဲ၍ ကြေကွဲနေဟန်ပေါက်နေသည်။ သခင်ချန်သည် ချန်ရုံ့အား ဖက်၍ ဆို့နင့်စွာ ပြောနေသည်။

"အားရုံ...အစ်ကို့ရဲ့ သနားစရာအားရုံ...အရမ်းကို သနားဖို့ကောင်းတဲ့ အားရုံလေးရယ်..."

ထို့နောက် ချန်ရုံ့အားလွှတ်၍ မြေကြီးပေါ်၌ ဒူးထောက်ကျကာ ရှိုက်ငိုနေတော့သည်။

ချန်ရုံက သခင်ချန်၏ဘေး၌ ညင်သာစွာ ဒူးထောက်ထိုင်လိုက်၍ သူ၏ပခုံးပေါ်သို့ လက်တင်ကာ နူးညံ့စွာပြောလိုက်သည်။

"အစ်ကိုကြီး...ကျွန်မအတွက်နဲ့ ဝမ်းမနည်းပါနဲ့...အခု ကျွန်မ အရမ်းပျော်နေတာပါ...မညာပါဘူး..."

ထို့နောက် ချန်ရုံက ခေါင်းကိုစောင်း၍ ရယ်လိုက်သည်။ သခင်ချန်က အံ့ဩစွာဖြင့် ခေါင်းကို မော့ကြည့်လိုက်သောအခါ ချန်ရုံက ခပ်ဆိုးဆိုးပုံစံလေးလုပ်၍ မျက်စိတစ်ဖက်မှိတ်ကာ သူမကိုယ်သူမ လက်ညှိုးထိုး၍ ညစ်ကျယ်ကျယ်လေးမေးလိုက်သည်။

"အစ်ကို...အစ်ကို့မျက်စိထဲမှာ ကျွန်မက မပျော်မရွှင်ဖြစ်နေတဲ့ပုံပေါက်နေလို့လား..."

သခင်ချန်က ချန်ရုံ့အား သေချာကြည့်လိုက်သည်။

ထိုအခိုက်၌ အမျိုးသမီးတစ်ဦး၏ စူးရှသောအသံကထွက်ပေါ်လာသည်။

"ဟုတ်တယ်လေ ဘာများ မပျော်ရွှင်စရာအကြောင်းရှိလို့လဲ...သူက အခုအချိန်မှာ ပျော်နေရမှာမဟုတ်လား..."

ဝတုတ်တုတ်အမျိုးသမီးက ချန်ရုံ့နားသို့ရောက်လာ၍ ချန်ရုံ၏လက်ကို လှမ်းကိုင်ရန်ကြိုးစားလိုက်သည်။ ချန်ရုံက အကိုင်မခံသောအခါ သခင်မချန်လည်း အပြုံးပျက်မခံပဲ ပြောလိုက်သည်။

"အားရုံ အားရုံ နင်က ဧကရာဇ်မင်းမြတ်နဲ့ တွေ့ခွင့်ရပြီး ဆုလာဘ်ချီးမြှောက်ခြင်းတောင်ခံရတာ မယုံနိုင်စရာပဲနော်...တကယ်ကိုသတင်းကောင်းပါပဲ...ဂုဏ်ယူပါတယ် အားရုံ..."

သခင်မချန်သည် ဒူးထောက်နေသော သူမ၏ယောင်္ကျားကို တစ်ချက်လှမ်းကြည့်ပြီးမှ သူမ၏မျက်နှာမှ လက်ဝါးရာကို လက်ညှိုးထိုးပြ၍ ညှိုးနွမ်းစွာပြောလိုက်သည်။

"ဒီမှာကြည့်ပါဦး...နင့်ရဲ့ အစ်ကိုက ငါ့ကိုရိုက်တယ်လေ...ဒီလိုအခြေအနေမျိုးမှာ အားရုံက ဘာမှမပျော်ရွှင်စရာအကြောင်းမရှိဘူး လို့ပဲ ငါပြောလိုက်တာကို...သူက ငါ့ကို ရိုက်တယ်..."

ချန်ရုံက သခင်မချန်နားမှ နောက်သို့ဆုတ်လိုက်သည်။

သခင်မချန်က စကားပြောပြီးသောအခါ ချန်ရုံ့အား ပြန်ဆွဲရန် ကြိုးစားလိုက်သော်လည်း ချန်ရုံက သူမ၏အင်္ကျီဝတ်ရုံလက်ကို ပြန်ဆောင့်ဆွဲလိုက်သည်။

သခင်မချန်လည်း လန့်သွား၍ အနောက်သို့ လန်သွားသည်။ ထို့နောက် သူမ၏မှုန်မှိုင်းသောမျက်လုံးများဖြင့် ချန်ရုံ့အား ကြည့်နေစဉ်တွင် ချန်ရုံက သူမ၏အစ်ကိုဆီသို့ လှည့်လိုက်သည်။

သခင်ချန်၏ သေးသွယ်၍ ကြင်နာမှုများပြည့်နေသောမျက်နှာကိုကြည့်၍ ချန်ရုံသာ် မျက်လွှာချကာ ခပ်ဖြည်းဖြည်းပြောလိုက်သည်။

"အစ်ကို...ဒီနေ့ ဘာဖြစ်လို့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ဖြတ်ဖို့ ကြိုးစားခဲ့လဲသိလား..."

အတိတ်တုန်းက ချန်ရုံ၏အနာဂတ်က ဝေဝါးနေ၍ သူမ မပြောနိုင်ခဲ့သော၊ မပြောရဲခဲ့သော အရာများ ရှိခဲ့သည်။ သို့သော် ယခုတွင်တော့ ချန်ရုံပြောချင်သည်များကိုပြောနိုင်၍ လုပ်ချင်သည်များကိုလည်း လုပ်နိုင်ပေပြီ။ ဧကရာဇ်အား တာအိုဘာသာဝင် သီလရှင်ဆရာလေးအဖြစ် လုပ်ခွင့်ပြုခိုင်းပြီးသည့်နောက်တွင်တော့ ချန်ရုံ လုပ်သမျှသည် လောကကြီးအား နောက်တစ်ခါထပ်၍ အံ့ဩစေတော့မည်မဟုတ်ချေ။ မကောင်းသည့် အကျိုးဆက်များလည်း ဖြစ်လာတော့မည်မဟုတ်ချေ။

ချန်ရုံသည် ယခုအခါတွင် လောကကြီး၏အမြင်၊ သူမ၏လင်ယောင်္ကျားမိသားစု၏သဘောထား စသည်တို့ကို ဂရုစိုက်စရာမလိုတော့သည့် သီလရှင်တစ်ယောက်ဖြစ်နေလေပြီ။ ထို့ကြောင့် ချန်ရုံသည် အိမ်ရော၊ မိသားစုရောမရှိသည့် ကိုယ်လုပ်ချင်သည်ကို လုပ်ပိုင်ခွင့်ရှိသော တစ်ကိုယ်တည်းအမျိုးသမီးတစ်ဦးဖြစ်နေပြီဖြစ်သည်။

ထို့ကြောင့် ချန်ရုံသည် ဧကရာဇ်အား စိတ်မကျေနပ်စေရန် လုပ်မိသည့်တိုင်အောင်မှ အဆိုးဆုံးအနေဖြင့် သူမ အားချီးမြှောက်ထားသည့် ပိုင်ဆိုင်မှုများကို ပြန်ရုတ်သိမ်းသွားသည့်အခြေအနေလောက်သာ ဖြစ်လိမ့်မည်ဟု ချန်ရုံ ယုံကြည်သည်။

သခင်ချန်သည် ထိုအကြောင်းကို ချန်ရုံပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ထို့ကြောင့် ခေါင်းကိုသာခါယမ်း၍ ချန်ရုံ့အား ကြည့်လိုက်သည်။

သခင်မချန်သည်လည်း ချန်ရုံအား ငေးကြည့်နေလေသည်။

သူတို့နှစ်ယောက်၏ အာရုံစူးစိုက်မှုအောက်တွင် ချန်ရုံက သူမ၏အစ်ကိုအား သေချာကြည့်၍ စကားကို တစ်ခွန်းချင်းပြောလိုက်သည်။

"ဒီလို ယောက်မမျိုးကို ကျွန်မ သည်းမခံနိုင်လို့ပါ..."

ထို့နောက် ချန်ရုံက အင်္ကျီဝတ်ရုံလက်ကို လှုပ်ခါ၍ သူမ၏အစ်ကိုအားပြောလိုက်သည်။

"ဒီလိုမျိုး ရုပ်ဆိုးပြီး စိတ်ထားပုတ်တဲ့မိန်းမတစ်ယောက်ကို ယောက်မလို့ခေါ်ရမှာ ကျွန်မ အရမ်းရွံရှာမိတယ်..."

ပြောပြီးသောအခါ ချန်ရုံက လှည့်ထွက်သွားတော့သည်။

အနီးအနားမှလူများသည်လည်း သူတို့၏အိမ်များထဲမှ ခေါင်းများပြူ၍ ကြည့်နေကြသည်။ သူတို့သည် နားများကိုစွင့်၍ ချန်ရုံ၏စကားတစ်ခွန်းချင်းစီကို သေချာနားထောင်နေကြသည်။

ချန်ရုံ၏ ပြတ်သားပွင့်လင်းလှသောစကားကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ထို့နောက် တီးတိုးပြောသံများ ထွက်ပေါ်လာတော့သည်။

တကယ်တော့ ဤခေတ်အခါမှလူများသည် ရုပ်ဆင်းသွင်ပြင်ကို အလွန်အရေး‌ပေးကြသည်။ ချန်ရုံ့ယောက်မ၏ရုပ်ရည်နှင့် အမူအယာတို့သည် လူများ၏အမြင်၌ အလွန်မတင့်တယ်ပုံပေါက်နေသည်။ ယဉ်ကျေးသိမ်မွေ့မှုက လှပခြင်း၏သရဖူဖြစ်နေချိန်တွင် သခင်မချန်သည် ဘာမှမပြော ဘာမှမလုပ်လျှင်တောင်မှ သူမ၏ရုပ်ရည်ကြောင့် လူအများ၏လျစ်လျူရှုခြင်းကို ခံနေရမည်ဖြစ်သည်။

ထို့ကြောင့် လူတိုင်းက သခင်မချန်အား မကျေနပ်သည့်ပုံဖြင့် တီးတိုးစကားများပြောနေကြတော့သည်။

သခင်မချန်သည်လည်း အော်ဟစ်၍ ချန်ရုံ့အား ခုန်အုပ်ကာ ချန်ရုံ၏ခေါင်းကိုကိုင်၍ စူးစူးဝါးဝါးပြောလိုက်သည်။

"အရှက်မရှိတဲ့ မိန်းမပျက်မ...ယောက်မဆိုတာ အမေလိုပဲ ရိုရိုသေသေဆက်ဆံရမယ့် လူလေ...နင့်လိုမျိုး ကိုယ့်ယောက်မကိုယ် ‌မုန်းနေတဲ့လူ ဒီကမ္ဘာပေါ်မှာရော ရှိသေးရဲ့လား...နင့်ရဲ့ ပါးစပ်ကို ငါဆွဲဖြဲပစ်မယ် ကြွက်စုတ်မ..."

"တော်တော့..."
တစ်စုံတစ်ယောက်၏အော်လိုက်သံ ထွက်ပေါ်လာသည်။

ထို့နောက် သခင်ချန်သည် ချန်ရုံတို့နားသို့ ပြေးလာ၍ သူ့ဇနီး၏လက်ကိုဆွဲကိုင်လိုက်သည်။ သို့သော် သခင်ချန်၏ ပိန်လှီသောခန္ဓာကိုယ်၌ အားမရှိသောကြောင့် သူ့မိန်းမအား မတားနိုင်သည်သာမက ဝတုတ်သောသူ့မိန်းမ၏အရှိန်ဖြင့် အရှေ့သို့ပင် ဟပ်ထိုးလဲတော့မတတ် ဖြစ်သွားသည်။

ထိုအချိန်၌ အထိန်းတော်ဖျင်က သခင်မချန်၏အရှေ့၌ရပ်၍ အော်ဟစ်နေသေသခင်မချန်အား ပြောလိုက်သည်။

"ရှင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း...ကျွန်မတို့ မမလေးရဲ့ ယောက်မအစစ်က လွန်ခဲ့တဲ့ နှစ်များစွာတည်းက တောင်ပိုင်းကိုလာတဲ့လမ်းပေါ်မှ သေဆုံးသွားခဲ့ပြီ...ရှင်က မမလေးကို တစ်ခါမှ ပေါင်မုန့်တခြမ်း ရေတစ်မှုတ် မတိုက်ဖူးပဲနဲ့ ဘယ်လိုများ သူ့ရဲ့ လေးစားမှုကို ရချင်နေတာလဲ...ရှင်က နှစ်ပေါင်းရာချီတည်တံ့လာတဲ့ ချန်အိမ်တော်ရဲ့ ဂုဏ်သတင်းကို အိုးမည်းသုတ်နေတာပဲ..."

အထိန်းတော်ဖျင်က ပြောပြီးသောအခါ မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်၍ ချန်ရုံ့အား အိမ်ဆီသို့ ပြန်ခေါ်သွားတော့သည်။ ထို့နောက် တံခါးက ဒုန်းခနဲ ပိတ်သွား၍ သခင်နှင့် သခင်မချန်တို့အား အပြင်၌ ချန်ထာခဲ့တော့သည်။

သခင်ချန်က တောင့်တင်းနေသည်။

သူ၏ဘေးတွင်တော့ ဝဖြီးသည့် သခင်မချန်က အယုတ္တ အနတ္တများကို ဆဲဆိုနေဆဲ ရှိသည်။

ထို့နောက် ရုတ်တရက် သခင်ချန်က အဆုတ်များကွဲတော့မည့်အသံနှင့် အော်ပြောလိုက်တော့သည်။

"တော်စမ်း တော်စမ်း..."

ထိုသို့အော်လိုက်ပြီးသောအခါမှ အနီးအနားမှ ရယ်သံများနှင့် မကျေမနပ်အကြည့်များကို သတိထားလိုက်မိသောအခါ ရှက်သွားမိသည်။ သခင်ချန်သည် ရွံရှာဖွယ်ကောင်းသော သူ၏ဇနီးကို ကြည့်၍ ပြောလိုက်သည်။

"အထိန်းတော်ကြီးပြောသွားတာမှန်တယ်...မင်းက နှစ်ပေါင်းရာချီတည်တံ့လာတဲ့ ချန်အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို အိုးမည်းသုတ်နေတာပဲ..."

ထို့နောက် သခင်ချန်လည်း အမြန်ထွက်သွားကာ သူ၏ အံ့ဩမှင်သက်နေသောဇနီးတစ်ယောက်တည်းကိုသာ လူများ၏ လှောင်ပြောင်ရယ်မောမှုအောက်၌ ချန်ထားခဲ့တော့သည်။

ထိုအချိန်၌ သူမ၏ခြံဝန်းထဲတွင် လမ်းလျှောက်နေသော ချန်ရုံက ရုတ်တရက်ပြောလိုက်သည်။

"အဖိုးစွင်း...ကျွန်မရဲ့အစ်ကိုကို စောင့်ကြည့်ဖို့ လူတချို့ လွှတ်ထားလိုက်ပါ...ကျွန်‌မယောက်မရဲ့ အစ်ကိုတွေက လူဆိုးတွေ...အစ်ကို့ကို သူတို့ ဒုက္ခမပေးကြပါစေနဲ့..."

"ဟုတ်ကဲ့ပါ သခင်မလေး..."
အဖိုးစွင်းက လက်များကို ချိတ်ဆက်၍ ‌ပြောလိုက်သည်။

အထိန်းတော်ဖျင်နှင့် အစေခံများ၏အကြည့်များအောက်တွင် ချန်ရုံက မျက်လွှာချ၍ နူးညံ့စွာပြောလိုက်သည်။

"ကျွန်မရဲ့အစ်ကိုကို ကောင်းမွန်အေးဆေးတဲ့ ဘဝမှာနေဖို့ ကျွန်မ ကူညီပေးချင်တာပါ...ဒါပေမယ့် အဲဒီမိန်းမရှိနေရင် ကျွန်မရော အစ်ကို့အတွက်ရော အဆင်မပြေဘူးလေ..."

ချန်ရုံက ပြုံး၍ တိုးတိုးပြောလိုက်သည်။
"ကျွန်မက အရင်တည်းက အမြဲ ခန့်မှန်းရခက်တယ် မဟုတ်လား အထိန်းတော်..."

အထိန်းတော်ဖျင်က ဘာမှပြန်မ‌ပြောချေ။

သူမသည် ချန်ရုံ့အား စိုက်ကြည့်နေပြီးမှ ရုတ်တရက် ချန်ရုံ့ကိုဖက်၍ မျက်ရည်များစီးကျလာတော့သည်။

"မမလေးရယ် အကုန်လုံးက အဆင်ပြေနေခဲ့တာလေ...ဘာဖြစ်လို့များ သီလရှင်ဖြစ်ချင်ရတာလဲ...ဘာဖြစ်လို့များ သီလရှင် လုပ်ချင်တယ် ပြောလိုက်ရတာလဲ..."

အထိန်းတော်ဖျင်က ငိုယိုကာပြောလိုက်သည်။

အထိန်းတော်ဖျင်သည် ပြောရင်းဖြင့် ပို၍ ရင်နာလာမိသည်။ ချန်ကုန်းရန်းနှင့် အိမ်တော်မှလူများက ချန်ရုံ့ကို ဧကရာဇ်နှင့် မိတ်ဆက်ပေးမည်ဟု ပြောခဲ့စဉ်က အထိန်းတော်သည် အလွန်ပင် ပျော်ရွှင်၍ မျှော်လင့်ချက်များ ထားခဲ့မိသည်။

သူမ၏သခင်မလေးသည် သေခြင်းတရားနှင့် ထိပ်တိုက်ရင်ဆိုင်ပြီးသောအခါမှ နတ်ဆရာမဖြစ်သွားရမည်ကို အထိန်းတော်ဖျင် လက်မခံနိုင်ပေ။

မည်ကဲ့သို့သောအမျိုးသမီးက လက်မထပ်ပဲ နေနိုင်ပါမည်နည်း။ မည်ကဲ့သို့သော အမျိုးသီးက လင်ယောင်္ကျားနှင့် သားသမီးများမလိုချင်ပဲ ရှိပါမည်နည်း။

ထို့အပြင် ချီလန်က ချန်ရုံ့အား ဂရုစိုက်သည်မှာ အထင်အရှားပင်ဖြစ်သည်။ ချီလန်၏ ပုံစံအရဆိုလျှင် ချန်ရုံ့အား ဂုဏ်သရေရှိကိုယ်လုပ်တော်အဖြစ် လိုလိုလားလားလက်ခံမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် ယခုတွင်တော့ မမလေးသည် ခေါင်းမာလှစွာဖြင့် သူမ၏ဘဝတစ်ခုလုံးကို တရားစာပေများနှင့် တာအိုဘာသာရေးဝတ်စုံများဖြင့်သာ အချိန်ကုန်တော့မည်တဲ့လား။

နောင်နှစ်ပေါင်းအနည်းငယ်၌ အထိန်းတော်ဖျင်ရော အဖိုးစွင်းရော ကွယ်လွန်သွားခဲ့ပါက မမလေး မည်သို့လုပ်ပါမည်လဲ။ သူမသည် မိသားစုလည်းမရှိပဲ လောကအလယ်တွင် တစ်ယောက်တည်းဖြစ်တော့မည်ဖြစ်သည်။

ထိုသို့စဉ်းစားလေလေ၊ အထိန်းတော်ဖျင်သည် ပို၍ပင် သွေးရူးသွေးတမ်းဖြစ်လာလေလေဖြစ်နေသည်။ သူမသည် ချန်ရုံ့အားဖက်၍ ငိုရှိုက်နေသည်။

"အကုန်လုံးက အဆင်ပြေနေတာလေ...ဘာဖြစ်လို့များ မမလေးက သီလရှင်လုပ်ချင်ရတာလဲ...ဘာဖြစ်လို့များ သီလရှင်လုပ်ချင်ရတာပါလဲ..."

###

စာရေးသူ၏မှတ်ချက်:

စာဖတ်သူတွေက ဝေ့နဲ့ ကျင်းခေတ်တွေမှာ ချန်ရုံ့လိုလူမျိုး မရှိနိုင်ဘူးလို့ပြောကြတယ်။

ဒါပေမယ့် အဲဒါက မမှန်ပါဘူး။

ဝေ့နဲ့ ကျင်းခေတ်အခါက တရုတ်နိုင်ငံသမိုင်းမှ ရှားပါးလှတဲ့ လွတ်လပ်စွာတွေးခေါ်နိုင်မှုတွေ ပြန့်ပွားနေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီခေတ်တွေမှာ ကိုယ့်အားကိုယ်ကိုးနိုင်ကြတဲ့ စိတ်ဝင်စားစရာ အထက်တန်းလွှာအမျိုးသမီးတွေ အများအပြားရှိခဲ့ပါတယ်။ ‌ခပ်ဝေးဝေးကိုကြည့်စရာမလိုပါဘူး...အဲဒီအချိန်တုန်းက မှတ်တမ်းမှတ်ရာတွေထဲမှာ ရှိခဲ့တဲ့ နာမည်ကြီး ဝန်ကြီးချုပ်နှစ်ဦးက ဝမ်တ နဲ့ ရှဲ့အန်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဇနီးတွေသာ သူတို့ရဲ့မနာလိုမှုကို ပေါ်ပေါ်ထင်ထင်ပဲပြသခဲ့ကြပြီး သူတို့ရဲ့ ယောင်္ကျားတွေကိုလည်း ကိုယ်လုပ်တော်တွေ ထပ်မယူခိုင်းခဲ့ကြပါဘူး။

အဲဒါကြောင့်မို့လို့ ချန်ရုံရဲ့ တစ်လင်တစ်မယားပဲ နေချင်တဲ့ စိတ်ကူးကလည်း အရမ်းတော့ ထူးဆန်းမနေပါဘူး။ တစ်ခုတည်းသော အံ့ဩစရာအချက်က ချန်ရုံက လန်ယာက ဝမ်အိမ်တော်ရဲ့ တန်ဖိုးအထားရဆုံး သားကို ချစ်မြတ်နိုးနေခြင်းပဲ ဖြစ်ပါတယ်။

ကျူးရင်ထိုက် နဲ့ လျန့်ရှန်းပေါတို့ရဲ့ဇာတ်လမ်းက ဘယ်လောက်တောင်နာမည်ကြီးလဲဆိုတာ သိကြပါသလား။ သူတို့ရဲ့ဇာတ်လမ်းက အဲဒီခေတ်အခါရဲ့ ဝမ်ကြီးချုပ် ရှဲ့အန်းကြောင့် ပိုပြီးနာမည်ကြီးလာရတာဖြစ်ပါတယ်။ သူမရဲ့ မိဘတွေရဲ့ ဆန္ဒကို ငြင်းပယ်ပြီး ယောင်္ကျားလေးလိုဝတ်ပြီး ကျောင်းတက်ခဲ့တဲ့ ကျူးရင်ထိုက်ကို ရှဲ့အန်းက တော်ဝင်နန်းတော်ထဲမှာ "လေးစားဖွယ်အမျိုးသမီး" လို့ခေါ်ခဲ့ပါတယ်။ အဲဒါကြောင့် နှောင်းပိုင်းလူတွေက ရှဲ့အန်းရဲ့နှလုံးသားထဲက အမျိုးသမီးက ရိုးရာတွေ၊ ဓလေ့ထုံးတမ်းတွေကိုငြင်းပယ်ပြီး ချစ်ရသူအတွက် အသက်ကိုတောင် စွန့်လွှတ်ရဲခဲ့တဲ့ ကျူးရင်ထိုက်လို အမျိုးသမီးပဲဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။