အပိုင်း 175
Viewers 26k

Chapter 175
ဝမ်ဟုန်က ချန်ရုံ့အား တာအိုဘွဲ့အမည်ပေးခြင်း



ချန်ရုံသည် သူမ၏အကြံဉာဏ်ကို အထိန်းတော်ဖျင်ကဲ့သို့သောလူများကိုရှင်းပြလျှင်လည်း ဘာမှထူးမည်မဟုတ်မှန်းသိသည်။ ထို့အပြင် ချန်ရုံ ရှင်းပြချင်စိတ်လည်းမရှိချေ။

ထို့ကြောင့် အထိန်းတော်ဖျင်အား ခပ်ဖြည်းဖြည်းတွန်းဖယ်၍ အိမ်ထဲသို့ လျှောက်လာလိုက်သည်။

ချန်ရုံ၏အစေခံများက ခြံဝန်းထဲ၌ စီတန်း၍ ရပ်နေကြသည်။ အစေခံများသည် ဝမ်းနည်းနေကြသည်လည်း စိတ်သက်သာရာရနေကြသည်လားတော့ ချန်ရုံလည်း မပြောတတ်ပေ။

ချန်ရုံ၏ သီလရှင်အဖြစ်သို့ ကူးပြောင်းမည့်အရေးက သူမအပေါ်မှီခိုနေကြသည့် လူများအတွက်တော့ သိပ်အရေးတကြီးမဟုတ်ပေ။ ထို့အပြင် ဧကရာဇ်ကိုယ်တိုင် ချီးမြှောက်ခြင်းခံထားရသော နတ်ဆရာမတစ်ဦးအတွက် နေစရာနှင့် စားစရာက စိတ်ပူရန်မလိုပေ။ ထိုအချက်ကတော့ သေချာသည်။ ချန်ရုံ၏အစေခံများသည် ဆာလောင်ခြင်းနှင့် အေးခဲခြင်းတို့ကို မည်သောအခါမှ ထပ်၍ ခံစားရတော့မည်မဟုတ်ချေ။

ချန်ရုံက အစေခံများနားသို့သွား၍ ညင်သာစွာ ပြုံးလိုက်သည်။
"ကျွန်မတို့ အခြေချနေကြရတော့မယ်..."

ထို့နောက် အလွန်ပင် ဝမ်းနည်းနေကြပုံပေါ်သည့် အဖိုးစွင်းနှင့် အထိန်းတော်ဖျင်တို့ဘက်သို့ လှည့်၍ ထပ်ပြုံးပြလိုက်သည်။

"ဧကရာဇ်မင်းမြတ်ဆီက အမိန့်ကျလာတာနဲ့တစ်ပြိုင်နက် ကျွန်မတို့ ရှီရှန်ကိုရွှေ့ပြောင်းကြမယ်...ပြင်ဆင်စရာရှိရင် အခုတည်းက ပြင်ဆင်ထားကြပါ..."

ချန်ရုံက ခဏမျှစဉ်းစား၍ အထိန်းတော်ဖျင်ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။

"အထိန်းတော် ကျွန်မအတွက် တာအိုသီလရှင်ဝတ်စုံကို အခုချက်ချင်းပြင်ပေးပါ...ကျွန်မရဲ့ ဆွေမျိုးဟောင်းတွေနဲ့ ကူညီပေးခဲ့ကြတဲ့ မိတ်ဆွေတွေကို ကျွန်မ လိုက်နှုတ်ဆက်ရဦးမယ်..."

အထိန်းတော်ဖျင်က မျက်ရည်များကျနေသည်ကို ရပ်အောင် ခဏစောင့်နေပြီးမှ ခေါင်းငြှိမ့်လိုက်သည်။

နောက်တစ်နေ့ မနက်စောစောတွင် ချန်ရုံသည် ဆံပင်ကိုဖြီးသင်၍ ဆံထုံးဖြစ်အောင် ဆင်ယင်ထုံးဖွဲ့လိုက်သည်။ ထို့နောက် အထိန်းတော်ဖျင် ငိုယိုရင်း ရှာဖွေထားသော အဝါနုရောင် တာအိုဝတ်ရုံကို ဝတ်ဆင်လိုက်သည်။

ပွယောင်းသောတာအိုဝတ်ရုံက ချန်ရုံ၏ လှပသော ခန္ဓာကိုယ်ကောက်ကြောင်းကို မဖုံးကွယ်နိုင်ပါချေ။ အထိန်းတော်ဖျင်က ချန်ရုံ့အားကြည့်၍ ငိုနေပြန်သည်။

ချန်ရုံကတော့ လျစ်လျူရှုထားလိုက်သည်။

ချန်ရုံသည် ခန္ဓာကိုယ်ကိုလှည့်ပတ်၍ မှန်ထဲသို့ ကြည့်ကာ မျက်မှောင်ကျုံ့၍ ခပ်တိုးတိုးပြောလိုက်သည်။

"အရောင်ကတောက်နေတုန်းပဲ..."

ချန်ရုံသည် တောက်ပ‌သည့်အရောင်များနှင့် လိုက်ဖက်သည်ကတော့ အထင်အရှားပင်ဖြစ်သည်။ တာအိုဝတ်ရုံနှင့်တောင်မှပင် ချန်ရုံသည် အလွန်ဆွဲဆောင်မှုအားပြင်းနေ၍ တလှပ်လှပ်လွင့်နေသော ဝတ်ရုံကလည်း ချန်ရုံ၏ကောက်ကြောင်းကိုပေါ်လွင်နေစေသည်။

သို့သော် ချန်ရုံကတော့ စိတ်မပူပါချေ။ ကျန့်ခန်း၌ ချောမောလှပလွန်းသော မိန်းမပျိုလေးများ များစွာရှိသည်။ ချန်ရုံက ထိုမိန်းကလေးများလောက်ပင် ဘောင်မဝင်ပါ။

ချန်ရုံသည် မှန်မှ အကြည့်လွှဲ၍ အထိန်းတော်ဖျင်အား နူးညံ့စွာပြောလိုက်သည်။

"ဒီအချိန်မှတော့ ငိုနေတော့လည်း ဘာထူး‌မလဲ အထိန်းတော်...ငိုမနေပါနဲ့တော့..."

ချန်ရုံက ထိုသို့ ပြောပြီးပြီးချင်းမှာပင် အပြင်သို့ ထွက်သွားတော့သည်။

ဂိတ်တံခါးဝ၌ အဖိုးစွင်းက ရထားလုံးကိုပြင်၍ အဆင်သင့်စောင့်နေလေသည်

ချန်ရုံက ရထားလုံးပေါ်သို့တက်၍ အမိန့်ပေးလိုက်သည်။

"အိမ်တော်ဆီကိုမောင်းပါ..."

"ဟုတ်ကဲ့..."

ရထားလုံးက ဖြည်းညှင်းစွာ စတင်ထွက်ခွာစပြုသည်။

ချန်ရုံ၏ရထားလုံးက ခြံထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိအိမ်များမှာ ခေါင်းတစ်ဒါဇင်ခန့်ထွက်လာကြသည်။ ထိုခေါင်းများသည် လည်ပင်းများကိုဆန့်တန်း၍ ချန်ရုံ့အကြောင်းအတင်းတုတ်နေကြသော အိမ်တော်အငယ်များမှ အစေခံများ၏ ခေါင်းများဖြစ်ကြသည်။

ရထားလုံးက လမ်းအသေးလေးမှထွက်၍ လမ်းမကြီးပေါ်သို့ ရောက်လာသည်။

ယခုအချိန်က နွေဦးရာသီဖြစ်သောကြောင့် လမ်းတစ်ဖက်တစ်ချက်ရှိ မိုးမခပင်များ၍ အစိမ်းရောင်ဖူးငုံများကို တွေ့နေရသည်။ လမ်းပေါ်ရှိလူများကလည်း ပါးလွှာသောအဝတ်အစားများကို ဝတ်ဆင်ထားကြသည်။

မကြာမီမှာပင် ချန်ရုံ၏ရထားလုံးသည် ရင်ချွမ် ချန်အိမ်တော်ရှိသည့် လမ်းထဲသို့ ချိုးဝင်သွားတော့သည်။ အသွေးအရောင်တူသောငှက်များသည် တစ်စုတစ်စည်းတည်းနေကြသည် ဟူသော ဆိုရိုးစကားအတိုင်း ထိုလမ်းပေါ်၌ နေထိုင်သူများအားလုံးသည် အထက်တန်းလွှာများသာဖြစ်ကြသည်။ မြင့်မားသည့်နံရံများ ကာရံထားသည့် ဧကပေါင်း ရာပေါင်းများစွာသော ခြံဝန်းကျယ်ကြီးများထဲ၌ အဆောက်အအုံများသည် အလွန်ပင် အိုဟောင်းနေကြပုံပေါ်သည်။

ကြွယ်ဝချမ်းသာလွန်းလှသော ရပ်ကွက်ကိုကြည့်၍ ထိုကြီးမားလှသည့် အိမ်တော်များထဲတွင် သွေးနှင့် မျက်ရည်များ မည်မျှပင် ကျခဲ့ရပြီဖြစ်ကြောင်း ချန်ရုံ တွေးနေမိသည်။

ချန်အိမ်တော်ဆီသို့ ရောက်သောအခါ အဖိုးစွင်းက ရထားလုံးကို ရပ်လိုက်သည်။ သို့သော် အဖိုးစွင်း ဘာမှမပြောရသေးခင်မှာပင် ဘေးတံခါးပေါက်ကပွင့်သွား၍ အစောင့်တစ်ဦးက ခေါင်းငြှိမ့်ပြကာ ပြောလိုက်သည်။

"ဒါ သခင်မလေး အားရုံလား...လာပါ လာပါ..."

အဖိုးစွင်းက အစောင့်အား ထပ်ခါတလဲလဲ ကျေးဇူးတင်၍ ခြံဝန်းထဲသို့ မောင်းဝင်လာလိုက်သည်။

သို့သော်လည်း ခဏအကြာ၌ လာသာလာရပြီး အကျိုးမရှိကြောင်း ချန်ရုံသိသွားသည်။ ချန်ကုန်းရန်းရော ချန်ကျစ်ဖန့်ပါ အိမ်၌ မရှိကြပေ။ ချန်ရုံသည် လျှောက်၍ မေးမြန်းသော်လည်း အိမ်တော်၌ ချန်ရုံ တွေ့ဆုံရမည့်လူ မည်သူမျှ မရှိဖြစ်နေလေသည်။

"သခင်မလေး...အဖိုးတို့ နောက်ထပ် ဘယ်ကို သွားပါဦးမလဲ..."

ချန်အိမ်တော်ထဲမှ ပြန်မောင်းထွက်လာပြီးသောအခါ အဖိုးစွင်းက မေးလိုက်သည်။

ခဏမျှစဉ်းစားပြီးသောအခါ ချန်ရုံက တိုးတိတ်စွာပြောလိုက်သည်။

"လန်ယာဝမ်အိမ်တော်ဆီကို မောင်းပါ...ဖျင်ကနေ နန်ယန်ကိုလာတဲ့လမ်းမှာရော...နန်ယန်ကနေ ကျန့်ခန်းကိုလာတဲ့ ခရီးမှာရော သူတို့ရဲ့အကူအညီကို ကျွန်မ ယူခဲ့ရတယ်..."

"လန်ယာဝမ်အိမ်တော် ဟုတ်လား..."

အဖိုးစွင်းက အံ့ဩစွာပြောလိုက်သည်။
"သခင်မလေး...အဲဒီလိုမျိုး အိမ်တော်ဆီကို အဖိုးတို့ ဘယ်လိုလုပ်သွားနိုင်မှာလဲ...အဖိုးတို့ကို ဝင်ခွင့်မပေးမှာ သေချာပါတယ်..."

ချန်ရုံကပြုံး၍ အေးအေးဆေးဆေးပင်ပြောလိုက်သည်။

"သူတို့ဝင်ခွင့်မပေးတော့လည်း မဝင်ဘူးပေါ့...ဒီနေ့ သွားတာကလည်း ယဉ်ကျေးမှုအရပဲ သွားတာပဲလေ..."

"အင်း...သခင်မလေးပြောတာမှန်ပါတယ်..."

ရထားလုံးက ရှေ့သို့ဆက်မောင်းသွားသည်။

ထိုအချိန်၌ ရထားလုံးသည် နှစ်ရာပေါင်းများစွာ ရာထူးကြီးမှူးမတ်များသာ သွားလာ၍ သာမာန်ပြည်သူများဟူ၍ တစ်ယောက်မျှပင် မတွေ့ရသော နာမည်ကျော် ဝုရိလမ်းဆီသို့ ဦး‌တည်နေခြင်းဖြစ်သည်။

ထို့ကြောင့် ထိုနေရာနားသို့ နီးလာလေလေ၊ အဖိုးစွင်းက ပို၍ ဖြည်းဖြည်းမောင်းလေ ဖြစ်နေသည်။ ချန်ရုံသည် လိုက်ကာများမှတစ်ဆင့် ကြည့်လိုက်သောအခါ အဖိုးစွင်းသည် လည်ပင်း၌ ချွေးများအလွန်ထွက်နေသည်ကို မြင်လိုက်ရသည်။

ဤလမ်းလေး သွားဖို့ကိုပင် အဖိုးစွင်းအတွက် အလွန်ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေပုံရသည်။

ဝုရိလမ်းသည် အမြဲပင် အလွန်သာယာလှပသော နေရာဖြစ်သည်။ စမ်းချောင်းနှစ်ခုက လမ်းနှင့် အပြိုင်စီးဆင်းနေ၍ တောင်တန်းကြီးတစ်ခုကလည်း နောက်ခံ၌ မားမားမတ်မတ်တည်ရှိနေသည်။

ဝုရိလမ်းသို့မရောက်မီ တစ်မိုင်ခန့်အလိုတွင် အဖိုးစွင်းသည် အပြာရောင်ရေနှင့် ထိုရေထဲ၌ အရိပ်ထင်နေသော တောင်တန်းကြီးကို မြင်လိုက်ရတော့သည်။ မြစ်ကမ်းနဖူးရှိ ရထားလုံးများ‌ဆီမှ အမွှေးရနံ့များကိုလည်း ရနေပြီဖြစ်၍ ‌အဝေးဆီမှ ပျံ့လွင့်လာသော တေးဂီတသံကိုလည်း ကြားနေရသည်။

ချန်ရုံက လိုက်ကာကြားမှနေ၍ နူးညံ့စွာပြောလိုက်သည်။

"ဆက်မောင်းလိုက်...ဟိုနားမှာ ဝမ်ချီလန်ရှိတယ်..."

အဖိုးစွင်းက အံ့ဩစွာမော့ကြည့်လိုက်သည်။

"အဖိုးတော့ မမြင်မိပါဘူးကွယ်...ဒီမှာ လူတွေက အများကြီးရှိနေတာ သခင်မလေးက သူ့ကို ဘယ်လိုများ မှတ်မိနိုင်ရတာလဲ..."

ချန်ရုံသည် အားစိုက်ကြည့်ရန်ပင် မလိုပါ။ လူတွေ ဘယ်လောက်ပင်များများ၊ မည်မျှပင် ဝေးကွာနေစေကာမူ တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် ဝမ်ချီလန် ရှိ မရှိကို ချန်ရုံ သိနိုင်သည်။ ကမ္ဘာပေါ်၌ လူ သန်းပေါင်းများစွာ ရှိနေပါစေ ဝမ်ချီလန်ကတော့ တစ်ဦးတည်းပင် ရှိသည်မဟုတ်လား။

ချန်ရုံ၏ဘဝနှစ်ခုလုံးက ဤအခြေအနေသည် ကျိန်စာသင့်နေသော ကံကြမ္မာဖြစ်နေသည် ဟု ချန်ရုံ့အား ပြောနေကြသည်။ ချန်ရုံ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားမှ လွတ်မြောက်နိုင်မည်ဖြစ်သော ကျိန်စာသင့်နေသည့် ကံကြမ္မာဖြစ်သည်။

အဖိုးစွင်း၏မေးခွန်းက ပညာစမ်းသည့်မေးခွန်းသာဖြစ်သောကြောင့် ရထားလုံးကို ရှေ့သို့ ဆက်မောင်းသွားလေသည်။

ခဏအကြာတွင် ကျယ်လောင်၍ အေးစက်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။
"မင်းတို့က ဘယ်အိမ်တော်ကလဲ..."

အဖိုးစွင်းပြန်မဖြေနိုင်ခင်မှာပင် ထိုမေးလိုက်သည့်လူက အသံပျော့သွား၍ ပြုံးကာ ထပ်ပြောလိုက်သည်။

"မင်းက တာအိုဘာသာဝင်သီလရှင်ဆရာလေးအဖြစ် ခွင့်တောင်းခဲ့တဲ့ မိန်းကလေးလား...လာပါ လာပါ..."

"ကျေးဇူးတင်ပါတယ်ကွယ်...ကျေးဇူးတင်ပါတယ်..."
အဖိုးစွင်းက ထပ်ခါတလဲလဲ ကျေးဇူးတင်ရင်း ရထားလုံးကို မောင်းဝင်လာလိုက်သည်။

နောက်တစ်ကြိမ် ရထားလုံးက ရပ်သွားသောအခါ အဖိုးစွင်းက ချန်ရုံ့အားပြောလိုက်သည်။

"အဖိုးတို့ရောက်ပြီ...အိုး ဒီမှာ ချီလန် တကယ်ရှိနေတာပဲ သခင်မလေး...ချီလန်တင်မကဘူး ဟွမ်းအိမ်တော်က ကျိုးလန်လည်း ရှိနေတယ်..."

ထိုစကားကိုကြားသောအခါ ချန်ရုံက လိုက်ကာကိုမ၍ ကြည့်လိုက်သည်။

ချန်ရုံလိုက်လာသည့်အချိန်တည်းက အထက်တန်းလွှာလူငယ်များ၏ သီချင်းသီဆိုခြင်းနှင့် အရက်သောက်နေသည့်အသံများကို ငြိမ်ကျသွားကြသည်။

ချန်ရုံ လှမ်းကြည့်နေသည်ကို မြင်သောအခါ ယွီကျစ်၏မျက်လုံးများက တောက်ပသွားကြသည်။ သူသည် ဘေးနားမှ အရက်သောက်နေသည့်လူကို တို့ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ဘယ်သူရောက်လာလဲ ကြည့်ပါဦး..."

ဘေးမှ အဖြူရောင်ဝတ်ရုံနှင့် လူငယ်က မော့ကြည့်လိုက်သည်။

သူ၏မျက်လုံးများက တဖြည်းဖြည်းမှေးစင်းသွားကြသည်။

လူငယ်သည် မတ်မတ်ထိုင်လိုက်၍ အနီးသို့မောင်းလာသောရထားလုံးအား စိုက်ကြည့်နေလိုက်သည်။

ဝမ်ဟုန့်အား ထိုကဲ့သို့မြင်သောအခါ ယွီကျစ်က အော်ရယ်လိုက်သည်။ ထို့နောက် သက်ပြင်းချကာ ခေါင်းကိုခါလိုက်သည်။

"ပန်းပွင့်ဟာ ပန်းပွင့်မဟုတ်ခဲ့ဘူး...မြူတွေဟာလည်း မြူတွေ မဟုတ်ခဲ့...ညသန်းခေါင်မှ သူမ ရောက်လာပြီး အရုဏ်တက်အချိန်မှာ ပြန်သွားခဲ့တယ်...သူမဟာ စမ်းချောင်းတစ်ခုလိုပဲ ပေါ်လာပြီး မနက်ခင်းရဲ့တိမ်တိုက်တွေလို လျင်မြန်စွာပဲ ပြန်ပျောက်ကွယ်သွားခဲ့တယ်(1)...မဟုတ်ဘူး မဟုတ်ဘူး...သူက ညသန်းခေါင်မှာရောက်လာပြီး အရုဏ်တက်မှာ ပျောက်တာမဟုတ်ဘူး...ဆောင်းရာသီနေ့တစ်နေ့မှာ ဖူးပွင့်ခဲ့တဲ့ ရနံ့မွှေးကြိုင်တဲ့ ဆီးပန်းပွင့်ဆိုရင် ပိုမှန်မယ်...တစ်ညတာသာယာမှုတွေ ပြီးသွားတဲ့အချိန်မှာ သူမရဲ့ ရနံ့တွေ ကျန်နေသေးပေမယ့် သူမ ကတော့ မရှိတော့ဘူး...အဲဒီအမျိုးသမီးက တကယ်ပဲ နှလုံးသားမဲ့လှချည်လား..."

[(1) 花非花- ထန်ကဗျာဆရာ ပိုင်ယွီကျိ၏ "ပန်းပွင့်သည် ပန်းပွင့်မဟုတ်ခဲ့" ကဗျာ]

ယွီကျစ်က သူ၏ကဗျာကိုဆိုရင်း ခေါင်းတငြိမ့်ငြိမ့်နှင့် သာယာနေမိသည်။ သို့သော် ကဗျာဆိုသည့်အချိန်ကြာလာလေလေ အသံက တိုးဝင်သွားလေလေဖြစ်နေသည်။ ဝမ်ဟုန်သည် ယွီကျစ်အား ဤမျှကြာကြာ နောက်ပြောင်ရန် မလွှတ်ထားတတ်ပေ။ အဘယ်ကြောင့်များ ဝမ်ဟုန်တစ်ယောက် အလွန်တိတ်ဆိတ်နေရပါသနည်း။

ယွီကျစ်က လှည့်ကြည့်လိုက်သည်။

အဖြူရောင်ဝတ်ရုံနှင့် ဝမ်ဟုန်သည် မတ်တပ်ထ၍ နောက်ပြောင်မှုများကို ဘာမှမကြားသကဲ့သို့ အရှေ့သို့ လျှောက်သွားသည်ကို ယွီကျစ် မြင်လိုက်ရသည်။

ဝမ်ဟုန်သည် ချန်ရုံ၏ရထားလုံးအနီးသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

သူ၏ လှုပ်ရှားမှုများသည် အလျင်မလိုပဲ အိန္ဒြေအပြည့်ဖြစ်နေ၍ မျက်နှာကလည်း ကန်ရေပြင်ကဲ့ တည်ငြိမ်လွန်းနေသည်။

ချန်ရုံက လိုက်ကာကိုမ၍ မြစ်ပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။

ဟင် ဝမ်ဟုန်ဘယ်ရောက်သွားတာလဲ...

ထိုအချိန်မှာပင် ဝမ်ဟုန်သည် သူမနှင့် ခြေလှမ်းဆယ်လှမ်းလောက်သာ ကွာတော့သည်ကို မျက်လုံးထောင့်မှနေ၍ လှမ်းမြင်လိုက်သည်။

ချန်ရုံ လှည့်ကြည့်လိုက်သည်။

ဝတ်ရုံအဖြူနှင့် လူငယ်သည် ချန်ရုံ့အား လှမ်းကြည့်နေသည်။ သူ၏မျက်လုံးများက ကြည်လင်ဆဲဖြစ်၍ မျက်နှာကလည်း မျက်စိများစူးရှလောက်အောင်ပင် အရှိန်အဝါများဖြင့် တောက်ပနေဆဲဖြစ်သည်။

သို့သော် ချန်ရုံ့ကိုကြည့်နေသော ဝမ်ဟုန်၏အကြည့်များက တိတ်ဆိတ်လွန်းလှသည်။

နှစ်ဦးသားအကြည့်ချင်းဆုံသွားချိန်တွင် ချန်ရုံက တောက်ပစွာ ပြုံးပြလိုက်သည်။

ပါးချိုင့်လေးများပေါ်အောင် ပြုံး၍ ချန်ရုံသည် ရထားလုံးထဲမှနေ၍ ဝမ်ဟုန့်အား အရိုအသေပေးကာ မျက်လွှာချ၍ တိုးတိတ်စွာ ပြောလိုက်သည်။

"နေကောင်းကျန်းမာမယ်လို့ မျှော်လင့်ပါတယ် အရှင်...ဒီ လောကီကမ္ဘာကြီးကနေ ကျွန်မ ထွက်ခွာတော့မှာမို့လို့ အရှင် ကူညီပေးခဲ့တဲ့အရာ‌တွေအားလုံးအတွက် ကျွန်မ လာပြီး ကျေးဇူးတင်စကားပြောတာပါ..."

ချန်ရုံ၏အပြုံးက နူးညံ့နေ၍ အသံကလည်း ပျော့ပျောင်းနေသည်။

ဝမ်ဟုန်က ချန်ရုံ့နားသို့ ခပ်ဖြည်းဖြည်း လျှောက်သွားသည်။

ဝမ်ဟုန်၏လှုပ်ရှားမှုများသည် သားကောင်ကိုချောင်းနေသော ကျားသစ်ကဲ့သို့ စဉ်းစားချင့်ချိန်၍ အိန္ဒြေရှိစွာ တစ်လှမ်းချင်းလျှောက်နေသော်လည်း ဝမ်ဟုန်၏ အေးဆေးနေပုံပေါက်သည့်မျက်နှာတွင် တင်းမာမှုတစ်ခုက ရှိနေသည်။

ကြယ်များကဲ့သို့ တောက်ပသောမျက်လုံးများဖြင့် ဝမ်ဟုန်သည် ချန်ရုံ့နားသို့ရောက်လာသည်။

ချန်ရုံကို ထိတွေ့နိုင်ရန် ခြေတစ်လှမ်းမျှသာလိုသည့်အကွာအဝေး၌ ဝမ်ဟုန်ရပ်လိုက်သည်။ ထို့နောက် ချန်ရုံ့အား တိတ်ဆိတ်စွာ ကြည့်နေရင်းက နှုတ်ခမ်းများက ပြုံးသွားကြသည်။

ဝမ်ဟုန်၏အပြုံးက အလွန်ပင် ထူးဆန်းနေသောကြောင့် ချန်ရုံသည် မနေနိုင်ပဲ နားမလည်သည့်ပုံဖြင့် ဝမ်ဟုန့်အား မော့ကြည့်လိုက်မိသည်။

အဖြူရောင်ဝတ်ရုံနှင့် လူငယ်သည် ချန်ရုံ့အား နူးညံ့စွာ ပြုံးပြလိုက်သည်။ ထို့နောက် သူ၏လက်ကို ဆန့်၍ ချန်ရုံ၏ဘေးနားမှ ရထားလုံးပြတင်းပေါက်ပေါ်သို့ တင်လိုက်သည်။

သူ၏ အကြည့်များသည် နှင်းကဲ့သို့ ဖြူဖွေးသော ချန်ရုံ၏လက်များမှတစ်ဆင့် လှပသော မျက်နှာလေးဆီသို့ ရောက်ကာ ထိုမှတစ်ဖန် ချန်ရုံ၏ပြည့်တင်းသော ရင်သားများကို မဖုံးကွယ်နိုင်သည့် တာအိုဝတ်ရုံထံသို့ ရောက်သွားသည်။

ထို့နောက် ဝမ်ဟုန်သည် ရုတ်တရက် ခေါင်းကိုမော့၍ ချန်ရုံ့အားပြောလိုက်သည်။

"အားရုံ...မင်းက လောကီကမ္ဘာကို စွန့်ခွာတော့မယ်ဆိုတော့ တာအိုနာမည် ရွေးပြီးပြီလား...ချန်ယွင်ကျီ(2) ဆိုရင်ရော ဘယ်‌လိုလဲ..."

[(2) ချန်က ချန်ရုံရဲ့ မျိုးရိုးနာမည်ဖြစ်ပြီး ယွင်ကျီကတော့ "လှပသော/သိမ်မွေ့သော] ဟူ အဓိပ္ပာယ်ရပါသည်။]

ချန်ရုံက မျက်တောင်ခတ်လိုက်သည်။ သူမ ဘာမှမပြောနိုင်ပဲ အံ့ဩနေချိန်တွင် အနောက်မှ လူငယ်များက ရယ်လိုက်ကြသည်။

"ချန်ယွင်ကျီ ဟုတိလား...သူက သီလရှင်ဆရာလေး ဖြစ်တော့မယ်ဆိုတော့ ဘာဖြစ်လို့ မျိုးရိုးနာမည်ကို ဆက်ထားနေဦးမှာလဲ...ဟုန်(3) ဆိုတဲ့ မျိုးရိုးနာမည်ကပိုကောင်းမယ်လို့ ထင်တယ်..."

[(3) ဝမ်ဟုန်ရဲ့ 'ဟုန်' နဲ့ ဆင်တူပါတယ်။]

ဝမ်ဟုန်က ပြုံးလိုက်သည်။ ထိုအပြုံးသည် အလွန်ပင် လှပသောကြောင့် ချန်ရုံပင် မနေနိုင်ပဲ အကြည့်လွှဲလိုက်ရလေသည်။

သို့သော် ခဏအကြာတွင် ဝမ်ဟုန်၏အပြုံးက ပျောက်ကွယ်သွားသည်။ ဝမ်ဟုန်၏မျက်နှာက ပုံမှန်ကဲ့သို့ ဘယ်အရာကိုမှ အမှုမထားသကဲ့သို့ ခပ်တည်တည်ပြန်ဖြစ်သွားလေသည်။

"ဟုန်ယွင်ကျီ..."

ဝမ်ဟုန်က ခပ်ဖြည်းဖြည်းပြောလိုက်သည်။

"တာအိုနာမည်အတွက်ဆိုရင်တော့ မဆိုးပါဘူး...အားချီ ဒီနာမည်ကို ဧကရာဇ်မင်းမြတ်ကို ပြောပြလိုက်ပါ...အရှင်မင်းမြတ်က တစ်ခါတစ်ခါမှာ ရှုပ်ထွေးတတ်လို့ အထပ်ထပ်အခါခါပြောဖို့ မမေ့ပါနဲ့..."