အပိုင်း 176
Viewers 24k

Chapter 176
: သီလရှင်အဖြစ်သို့ရောက်ရှိခြင်း



"ဟုတ်ကဲ့..."

ပညာရှိပုံပေါက်သော လူငယ်လေးတစ်ဦးက မတ်တပ်ထရပ်၍ လှည့်ထွက်သွားရန်ပြင်လိုက်သည်။

ချန်ရုံကလည်း ချက်ချင်းပင် ထရပ်ကာ အော်လိုက်သည်။

"ခဏနေပါဦး..."

ချန်ရုံက အသံကို ရှင်းလင်းစွာပြောလိုက်သော်လည်း အားချီဆိုသောလူနှင့် အခြားလူများအားလုံးက ချန်ရုံ့အား အလိုအလျောက်ပင် လျစ်လျူရှုနေကြ‌သည်။

ထို့ကြောင့် ချန်ရုံလည်း မတတ်နိုင်ပဲ ဝမ်ဟုန့်ဘက်သို့ အကူအညီတောင်းရန် လှည့်လိုက်ရသည်။

ဝမ်ဟုန်၏ ပြုံးရိပ်သမ်း၍ နူးညံ့သောအကြည့်များဖြင့် ချန်ရုံ မျက်နှာချင်းဆိုင်မိသွားသည်။ ဝမ်ဟုန်က လက်ကိုဆန့်၍ ချန်ရုံ၏မေးစေ့ကို ပွတ်သပ်ကာ သက်ပြင်းချ၍ပြောလိုက်သည်။

"အရူးမလေး....ငါတို့က အခု ကျန့်ခန်းကိုရောက်နေကြတာလေ.."

ထို့နောက် ချန်ရုံ ပြန်ပြောမည်ကို မစောင့်တော့ပဲ ဝမ်ဟုန်သည် အင်္ကျီဝတ်ရုံလက်ကို လှုပ်ခတ်၍ လှည့်ထွက်ရန်ပြင်လိုက်သည်။

ချန်ရုံသည် ဝမ်ဟုန်၏ ဖြူဖွေးသောပုံရိပ်ကို လှမ်းကြည့်ရင်းဖြင့် ရုတ်တရက် ပြုံးလိုက်သည်။

ချန်ရုံသည် ရထားလုံးပေါ်မှ ဆင်းလိုက်သောအခါ အဝါရောင် တာအိုဘာသာရေးဝတ်ရုံကို ဝတ်ထားသော်လည်း မဖုံးဖိနိုင်သော သူမ၏ ဆွဲဆောင်မှုပြင်းပြသည့် ခန္ဓာကိုယ်ကြောင့် လူများ၏ အာရုံစူးစိုက်မှုကို ခံလိုက်ရသည်။

လူအုပ်ကြီး၏ အကြည့်များအောက်တွင် ချန်ရုံသည် ဝမ်ဟုန်၏နောက်ကျောကို အရိုအသေပေးကာ ရွှင်ပျစွာပြောလိုက်သည်။

"ဟုန်ယွင်ကျီ...အဲဒီနာမည်က အရမ်းကိုကောင်းတဲ့ ဘွဲ့နာမည်ပါပဲ...ကျေးဇူးတင်ပါတယ် ချီလန်..."

ထို့နောက် ချန်ရုံက ဟွမ်းကျိူးလန်နှင့် ယွီကျစ်တို့နားသို့ လျှောက်သွားသည်။

ဝမ်ဟုန့်နားမှ ဖြတ်သွားသောအခါ ချန်ရုံက ရပ်၍ ဝမ်ဟုန့်ကိုပြန်လှည့်ကြည့်ကာ ပြုံး၍ပြောလိုက်သည်။

"ကျွန်မရဲ့ ပုံစံက လောကီကမ္ဘာကြီးကိုထွက်ခွာဖို့ကြိုးစားနေတဲ့ သီလရှင်ဆရာလေးအဖြစ်နဲ့တောင်မှ အခက်အခဲတွေ တွေ့မယ်ဆိုတာ ကျွန်မ နားလည်ပါတယ်...ဒါပေမယ့် ကံကောင်းစွာပဲ အရှင်က ကျွန်မကို ဘွဲ့နာမည်တစ်ခုပေးခဲ့တယ်...လန်ယာဝမ်အိမ်တော်နဲ့ ဧကရာဇ်မင်းမြတ်တို့ရဲ့ ကာကွယ်မှုအောက်မှာ ကျွန်မသေဆုံးတဲ့အချိန်အထိ လုံခြုံအေးချမ်းစွာနေနိုင်မယ်လို့ ကျွန်မ မျှော်လင့်မိပါတယ်..."

ထိုသို့ပြောပြီးသောအခါ ချန်ရုံသည် ဝမ်ဟုန့်အား အရိုအသေထပ်ပေးလိုက်၍ ပြုံးကာ လှည့်ထွက်လာလိုက်သည်။

ချန်ရုံ၏ သိမ်မွေ့လှသောပုံစံက သူ့နားမှ တဖြည်းဖြည်းထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ဟုန်၏တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူ့မျက်နှာမှ အပြုံးသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

မလှမ်းမကမ်းမှ ယွီကျစ်နှင့် ဟွမ်းကျိုးလန်တို့နှစ်ဦးသားက ခေါင်းများကို ခါယမ်းနေကြသည်။

"ချီလန် ချီလန်..."

ယွီကျစ်က သက်ပြင်းချလိုက်သည်။
"မင်း ဘာဖြစ်လို့ ဒီလိုတွေ လုပ်နေရတာလဲ...အဲဒီမိန်းကလေးက မင်းကို မလိုချင်လို့ သီလရှင်တောင် လုပ်တော့မှာမဟုတ်လား...မင်း ဘာဖြစ်လို့ လက်မလွှတ်နိုင် ဖြစ်နေရတာလဲ..."

ဟွမ်းကျိုးလန်ကလည်း ဝိုင်အရက်ကို တစ်ငုံသောက်ကာ ပြောလိုက်သည်။

"လန်ယာဝမ်အိမ်တော်ရဲ့ သနားစရာ သားလိမ္မာက အချစ်နွံထဲကို ကျသွားခဲ့ပြီပဲ...သနားစဖွယ်လူပါလား..."

ယွီကျစ်ကလည်း ဝင်ပြောလိုက်သည်။
"ဟုတ်ပါရဲ့...တကယ်သနားစရာလူပါပဲ...သနားစရာ လန်ယာဝမ်ချီအတွက် တစ်ခွက်တစ်ဖလားလောက် သောက်ကြဦးစို့..."

ဟွမ်းကျိူးလန်က သူ၏ခွက်ထဲမှ အရက်ကို အလျင်အမြန်သောက်ချလိုက်သည်။ ထို့နောက် ကုန်နေသောခွက်အား ယွီကျစ်ရှေ့၌ လှုပ်ပြ၍ ရယ်ကာပြောလိုက်သည်။

"သနားစရာလုလင်နဲ့ သနားစရာအဖြစ်အပျက်တွေက အရက်မူးအောင်သောက်ပစ်ဖို့တန်ပါတယ်...နောက်တစ်ခွက် နောက်တစ်ခွက်..."

ထိုအချိန်၌ ချန်ရုံက သူတို့နားသို့ရောက်သွားသည်။ သူမသည် အရိုအသေပေးလိုက်၍ ပြောလိုက်သည်။

"ကျွန်မကို ကူညီပေးခဲ့တဲ့အရာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ် အရှင်တို့..."

ယွီကျစ်က လက်ကိုဝှေ့ယမ်း၍ ပြုံးကာပြောလိုက်သည်။

"ကျေးဇူးတင်စရာမလိုပါဘူး...မလိုပါဘူး..."

ထို့နောက် ယွီကျစ်သည် ချန်ရုံ့နားသို့ တိုးကပ်၍ အဝေးမှ ဝမ်ဟုန့်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။

"တကယ်တော့ ငါတို့ကသာ မင်းကို ကျေးဇူးတင်ရမှာပါ...အားရုံလေး တစ်ခုခုလိုအပ်တာရှိရင် မတုံ့ဆိုင်းနေပဲ ငါတို့ကို ချက်ချင်းလာပြောပါ...အထူးသဖြင့် အရှက်မရှိတဲ့လူတွေ မင်းနားကို ကပ်လာရင် ငါတို့ကို အကူအညီလာတောင်းရမယ်နော်..."

မည်သည်ကိုဆိုလို၍ ပြောလိုက်မှန်းမသိသော်လည်း ယွီကျစ်ကပြောပြီးသောအခါ သူ့ပေါင်သူပုတ်၍ တဟားဟားအော်ရယ်နေတော့သည်။

တကယ်တော့ ထိုကဲ့သို့ အူမြူးနေသည်မှာ ယွီကျစ်နှင့် ဟွမ်းကျိုးလန်တို့သာ မဟုတ်ပေ။ လူငယ်လေး ၇ယောက် ၈ ယောက်တို့သည်လည်း အနီးအနား၌ ပြုံးရွှင်သောမျက်နှာများဖြင့် ထိုင်နေကြသည်။ သူတို့သည် ဝမ်ဟုန့်အားလှမ်းကြည့်၍ ချန်ရုံ့ကိုကြည့်ကာ တစ်ဖန် ဝမ်ဟုန့်ကိုပြန်ကြည့်၍ နောက်ဆုံးတွင်တော့ မျက်နှာများကို အင်္ကျီဝတ်ရုံလက်နောက်၌ ကွယ်၍ ပခုံးများလှုပ်သည်အထိ ရယ်နေကြတော့သည်။

သူတို့၏ရယ်သံများနှင့် အကြည့်များအောက်တွင် ချန်ရုံသည် သူမ၏အသိမိတ်ဆွေတစ်ဦးချင်းကို ဦးညွှတ်အရိုအသေပေး၍ ရထားလုံးဆီသို့ ပြန်လာလိုက်သည်။

ရထားလုံးဆီသို့ ပြန်လာသည့်တစ်လျှောက်လုံးတွင် ချန်ရုံ၏ခန္ဓာကိုယ်က မတ်‌နေ၍ မျက်နှာကလည်း ရွှင်ပျသောအပြုံးလေးပြုံးနေသည်။

ရထားလုံးက ရွေ့လျားစပြုသောအခါ ရယ်သံများက အနောက်၌ ကျန်ရစ်ခဲ့တော့သည်။

ခဏကြာသောအခါမှ ချန်ရုံသည် မတ်နေသောခါးကို ပျော့လိုက်၍ မျက်နှာကို ပြန်တည်လိုက်သည်။

"သခင်မလေးက အခု သီလရှင်လေးဖြစ်သွားတာတောင် ချီလန်က သခင်မလေးကို ဂရုစိုက်နေတုန်းပဲ..."

အဖိုးစွင်းက သက်ပြင်းချ၍ ပြောလိုက်သည်။

ချန်ရုံက မျက်လုံးကိုမှိတ်ထား၍ ခဏကြာမှ တိုးတိတ်စွာပြောလိုက်သည်။
"အင်း...သူ ဂရုစိုက်နေတုန်းပဲ..."

အဖိုးစွင်းက ချန်ရုံ့စကားကိုကြားသောအခါ သက်ပြင်းချလိုက်ပြန်သည်။ ခဏအကြာမှ ထပ်မေးလိုက်သည်။

"သခင်မလေး...သခင်မလေးရဲ့ အစ်ကိုဆီကိုရော သွားပါဦးမလား..."

သီလရှင်ဘဝသို့‌မရောက်မီ မိသားစုနှင့် မိတ်ဆွေများကို သွားရောက်နှုတ်ဆက်ရသည်မှာ နှစ်‌ပေါင်းများစွာတည်းက တည်ရှိခဲ့သော ဓလေ့ဖြစ်သည်။ ထိုသီလရှင်ဘဝသို့ ဝင်ရောက်မှုက အတိတ်က အချစ်များ၊ အမုန်းများကို ချေဖျက်ပစ်လိုက်သည့် သဘောဖြစ်သည်။ ထို့ကြောင့် အချို့လူများဆိုလျှင် ချစ်ခင်ရသူများသာမက ရန်သူများကိုပါ သွားရောက်နှုတ်ဆက်တတ်ကြသည်။ တကယ်တော့ ထိုဘာသာရေးဘဝထဲသို့ ဝင်ရောက်သည့်အခါ ကျေးဇူးတရား၊ အာဃာတ၊ အချစ်နှင့် အမုန်းများကို အဆက်ဖြတ်ပစ်ရမည်မဟုတ်လား။

ထို့အပြင် ချန်ရုံနှင့် သူမအစ်ကို၏ဆက်ဆံရေးကလည်း အလွန်ဆိုးဝါးနေသည်မဟုတ်ချေ။

ချန်ရုံသည် အဖိုးစွင်းပြောသည်ကို အတန်ကြာစဉ်းစားလိုက်ပြီးမှ တိုးတိတ်စွာ ပြန်ဖြေလိုက်သည်။

"မလိုပါဘူးလေ..."

"ဘာဖြစ်လို့လဲ သခင်မလေး..."
အဖိုးစွင်းက နားမလည်စွာမေးလိုက်သည်။

ချန်ရုံက ဘာမှပြန်မဖြေလိုက်ချေ။

ရထားလုံးသည် ယခု လမ်းကြားတစ်ခုထဲသို့ မောင်းနှင်နေသည်။

လမ်း၏တစ်ဖက်တစ်ချက်၌ ချန်ရုံ၏ရထားလုံးအား စပ်စုစွာကြည့်နေကြသော လူများစွာရှိနေကြသည်။

"အဲဒါ ဧကရာဇ်မင်းမြတ်ကို သီလရှင်လုပ်ခွင့်တောင်းခဲ့တဲ့ ချန်အိမ်တော်ရဲ့ အားရုံလေ..."

"သူက အရမ်းကို လှပလွန်းတယ်လို့ ငါကြားဖူးတယ်..."

"နှမျောစရာပဲနော်..."

"ဘာများသနားစရာရှိလို့လဲ...ကျစ် ကျစ် ကျစ်...တာအိုဘာသာမှာ လူသားတွေလေ့ကျင့်ဖို့ ချမှတ်ပေးထားတဲ့ အိပ်ယာပေါ်က လေ့ကျင့်မှုတွေ ရှိ‌တယ်မဟုတ်လား...သူက အဲဒီလိုအချစ်ရေးရာတွေနဲ့ ပြေးလို့မလွတ်မှာ သိသာနေတာပဲ..."

"ယား ယား..."

အဖိုးစွင်းက ကြာပွတ်ကို တရစပ်ဝှေ့ယမ်း၍ ချန်ရုံ၏အိမ်တော်ဆီသို့ ပြန်လာလိုက်သည်။

ချန်ရုံ ရထားလုံးပေါ်မှ ဆင်းလိုက်သည့်အချိန်မှာပင် ချန်ရုံ၏ရှေ့၌ အရိပ်တစ်ခု ထိုးကျလာတော့သည်။

လန့်သွားသော အဖိုးစွင်းက ချန်ရုံ့ကိုကာကွယ်ပေးရန် ‌အရှေ့သို့ ဝင်ရပ်လိုက်သည်။

ထိုအရိပ်ပိုင်ရှင်က အဖိုးစွင်းအား တွန်းဖယ်ပစ်၍ အော်လိုက်သည်။

"အားရုံ အားရုံ...မင်းရဲ့ အစ်ကို ပြန်ပေးဆွဲခံလိုက်ရပြီ...မင်း သူ့ကို သွားကယ်ပေးမှ ရတော့မယ်..."

ထိုလူသည် ရှည်လျား၍ ပိန်ခြောက်သောမျက်နှာရှိကာ ခန္ဓာကိုယ်ကလည်း မျက်နှာကဲ့သို့ပင် ပိန်လှီနေသည်။ သူ၏ဖြူဖျော့သောမျက်နှာကို ပေါင်ဒါများဖြင့် ဖို့ထားသည်။ ထိုလူသည် ချန်ရုံ့ယောင်းမ၏မောင်ပင်ဖြစ်သည်။

ထိုလူ၏မျက်နှာက စိုးရိမ်မှုများဖြင့် ပြည့်နေသည်။

ချန်ရုံက ရွံရှာစွာဖြင့် တစ်ဖက်သို့ လှည့်လိုက်သည်။ ထို့နောက် အနည်းငယ်မျှပင် ဂရုမစိုက်ပဲ အိမ်ထဲသို့ ဝင်သွားလိုက်သည်။

ပိန်လှီသောလူက အံ့ဩမှင်သက်နေရာမှ အသိဝင်သွား၍ ချန်ရုံ့အား လှမ်းခေါ်လိုက်သည်။

"ချန်အိမ်တော်ရဲ့ အားရုံ...မင်းမှာ အသိတရားမရှိတော့ဘူးလား...မင်းအစ်ကိုကို လူဆိုးတွေက ပြန်ပေးဆွဲသွားပါတယ်လို့ ငါပြောနေတယ်လေ...သူတို့တွေက သူ့ရဲ့လက်ကိုတောင် ဖြတ်ဖို့ လုပ်နေကြတာ..."

ထိုအချိန်၌ ချန်ရုံနှင့် အဖိုးစွင်းတို့က ခြံဝန်းထဲသို့ ရောက်နေကြပြီဖြစ်သည်။ ထိုလူ၏အော်ဟစ်သံကို ကြားသောအခါ ချန်ရုံက ရပ်၍ အေးစက်စွာပြောလိုက်သည်။

"ကျွန်မက အခု ဧကရာဇ်ကိုယ်‌တိုင် ချီးမြှောက်ထားခြင်းခံရတဲ့ တာအိုနတ်ဆရာမဖြစ်နေပါပြီ..."

ချန်ရုံက တစ်ဖက်သို့လှည့်၍ ထိုလူ့အား စူးရဲစွာကြည့်ကာ ဆက်ပြောလိုက်သည်။

"သူတို့ရဲ့ မိသားစုတွေကို ဒုက္ခရောက်စေချင်ရင်...အလောင်းတောင်ရှာမရပဲ သေသွားစေချင်ရင် အစ်ကို့ရဲ့လက်တွေနဲ့တင် ရပ်မနေပဲ ခြေတွေ လက်တွေ အကုန်လုံးကိုသာ ဖြတ်ပစ်လိုက် လို့ အဲဒီလူဆိုးတွေကို ပြောလိုက်ပါ..."

ပြောပြီးသောအခါ ချန်ရုံသည် အိမ်ထဲသို့ ဝင်၍ တံခါးအား ဆောင့်ပိတ်လိုက်တော့သည်။

ချန်ရုံ့ယောင်းမ၏မောင်က တံခါးအား မယုံနိုင်သကဲ့သို့သာ ငေးကြည့်နေတော့သည်။

အိမ်ထဲသို့ ရောက်သောအခါ ချန်ရုံသည် အိမ်ထဲ၌ ကျန်ရစ်ခဲ့သော အထိန်းတော်ဖျင်အား မေးလိုက်သည်။

"ကျွန်မအစ်ကိုကို စောင့်ကြည့်ဖို့လွှတ်ထားတဲ့ လူတွေ ဒီကိုလာပြီး တစ်ခုခုပြောသွားသေးလား..."

အထိန်းတော်ဖျင်က ခေါင်းကိုခါလိုက်သည်။

"ဟင့်အင်း...သူတို့ကို ဘာကိစ္စထွေထွေထူးထူးမှမဖြစ်ရင် ပြန်လာပြီး သတင်းပို့စရာမလိုဘူးလို့ မမလေး ပြောထားတယ်လေ..."

ချန်ရုံက ခေါင်းငြှိမ့်၍ အဖိုးစွင်းအားပြောလိုက်သည်။

"ရထားလုံးကိုနေရာပြန်ထားပြီးရင် ကျွန်မ လွှတ်ထားတဲ့ လူတွေကိုသွားရှာပါ... ညကျရင် သူတို့ကို မျက်နှာဖုံးစွပ်ပြီး ကျွန်မ ယောက်မရဲ့ မောင်တွေကို ဖမ်းခေါ်ခိုင်းလိုက်ပါ...ပြီးရင် သူတို့ ဆယ်ရက် တစ်လလောက်အထိ အိပ်ယာပေါ်က မထနိုင်အောင် ရိုက်နှက်ခိုင်းလိုက်ပါ..."

အဖိုးစွင်းက ဤတစ်ခေါက်တွင်တော့ တုံ့ဆိုင်းမနေတော့ချေ။ အဖိုးစွင်းသည် အမိန့်ကို မငြင်းဆန်ရုံသာမက ပျော်ရွှင်စွာပင် သဘောတူ၍ ချက်ချင်းပြေးထွက်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်နှစ်ရက် ကုန်ဆုံးသွားသည်။

ညနေပိုင်း၌ အထိန်းတော်ဖျင်ရ ချန်ရုံ့ဆီသို့လာ၍ ပြောလိုက်သည်။

"မမလေး...မနက်က သခင်မလေးရဲ့ အစ်ကို လာသွားပါတယ်..."

"ဘာဖြစ်လို့လဲ..."

ချန်ရုံက လှည့်ကြည့်၍ မေးလိုက်သည်။

"သူ့ရဲ့မိန်းမက ရွံဖို့ကောင်းပြီး အဲဒီမိန်းမရဲ့မောင်တွေကလည်း ဘာမှအသုံးမကျပေမယ့် မမလေးရဲ့အစ်ကို ကျန့်ခန်းကို စရောက်လာတုန်းက အရမ်းကို နာမကျန်းဖြစ်နေတဲ့အပြင် စားစရာတောင်မရှိတဲ့အထိ ပိုက်ဆံမရှိဖြစ်နေတာပါတဲ့..သူ့ရဲ့ ယောက္ခမကသာ သူ့ကို ခေါ်မထားပေးပဲ သူ့ရဲ့မိန်းမကသာ သူ့ကို မပြုစုပေးခဲ့ရင် သူ အခုအချိန်မှာ အသက်ရှင်နေမှာတောင် မဟုတ်ဘူးတဲ့...အဲါကြောင့် အခုကစပြီး သူ့မိန်းမနဲ့မောင်တွေကို သူကိုယ်တိုင်ပဲ ဆုံးမမယ်...မမလေးက လူအများရဲ့ စောင့်ကြည့်တာကို ခံနေရတာမို့လို့ လုပ်သမျှကိစ္စတိုင်းကို သတိထားပါ တဲ့...တခြားလူတွေ မမလေးကို ချုပ်ကိုင်စရာကိစ္စတွေ ဖြစ်မလာပါစေနဲ့ တဲ့..."

ထိုနောက် အထိန်းတော်ဖျင်က ခဏမျှရပ်ပြီးမှ ဆက်ပြောလိုက်သည်။

"ဘာဖြစ်သွားတယ်ဆိုတာကို မမလေးရဲ့ အစ်ကိုက ခန့်မှန်းမိသွားတယ်ထင်တယ်...သူ့မိန်းမရဲ့မောင်တွေက အိပ်ယာထဲကနေ မထွက်နိုင်ကြတော့ဘူးလို့လည်း ပြောတယ်...သူတို့ကို လာကြည့်ပေးတဲ့ သမားတော်က တစ်ယောက်က နံရိုးတွေကျိုးသွားပြီး တစ်ယောက်က ခြေထောက်ကျိူးသွားတယ်လို့ ပြောတယ်တဲ့...အိပ်ယာထဲမှာ လအနည်းငယ်လောက်နေရမယ်တဲ့လေ..."

ချန်ရုံက ထိုစကားကို‌ကြားသောအခါ ခပ်ဖွဖွပြုံးလိုက်သည်။ သူမသည် ဆံပင်ကို ဆွဲဖြေလိုက်ရင်းက အေးဆေးစွာပြောလိုက်သည်။

"ကျွန်မရဲ့အစ်ကိုက အရင်တည်းက အရမ်း စိတ်နှလုံးနူးညံ့တာ...ဒါပေမယ့် အဲဒီ သူ့ရဲ့ယောက်ဖတွေက သူ့ရဲ့ လုံခြုံရေးကို အသုံးချပြီး ကျွန်မကို အပြင်ကိုခေါ်ထုတ်ဖို့ကြိုးစားတာတော့ သူမသိဘူး...အဲဒီလူတွေက ကျွန်မကို သတ်ပြီး နောက်တစ်နေ့ဆိုတာနဲ့ အစ်ကို့ဆီက အသုဘစားရိတ်သွားတောင်းနေကြမှာ ကျွန်မမြင်ယောင်သေးတယ်...အဲဒီလို အရာတွေကို ကျွန်မ သည်းခံနေတော့မှာမဟုတ်ဘူး..."

ထို့နောက် ချန်ရုံက ခေါင်းကိုခါလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ...‌ဒီအကြောင်းတွေကို ကျွန်မ ဆက်မပြောချင်တော့ဘူး..."

အထိန်းတော်ဖျင်က ချန်ရုံ၏ လေးနက်သောမျက်နှာကို ကြည့်၍ အပြေးအလွှားသွားကာ ချန်ရုံ၏ဆံပင်ကို ပြင်ဆင်ပေးလိုက်သည်။

ဧကရာဇ်၏ ခွင့်ပြုချက်က လေးရက်တိတိကြာပြီးသောအခါမှ အမိန့်ကျလာသည်။ အမိန့်ပြန်တမ်းနှင့် တရားဝင်ပေးအပ်သော တော်ဝင်တာအိုဝတ်စုံကို လက်ခံပြီးသောအခါ ချန်ရုံသည် ဆံပင်အား တာအိုဘာသာရေးပုံစံ ထုံးဖွဲ့၍ အထုပ်အပိုးများနှင့် အတူ ရထားလုံးပေါ်သို့ တက်လိုက်တော့သည်။ လူပေါင်းများစွာနှင့်မတူ တော်ဝင်အစောင့်များက ချန်ရုံ့အား ရှီရှန်တောင်ရှိကျောင်းတော်ဆီသို့ လိုက်ပို့ရန် ပြင်ဆင်ကြသည်။

ရထားလုံးများ ဖြတ်သန်းလာသောအခါ များစွာသောလူများက ဘေးသို့ ကပ်ပေးလိုက်ကြသည်။

မကြာခင်မှာပင် ချန်ရုံတို့သည် ရှီရှန်တောင်ဆီသို့ ရောက်လာကြတော့သည်။

ကျောင်းတောင်က တောင်တစ်ဖက်ခြမ်း၌ တည်ရှိသည်။ သစ်ပင်ကျိုးတို့ကျဲတဲကြား၌ ကျောင်းတော်၏ ခေါင်မိုးများကို အဝေးမှ လှမ်းမြင်နေရသည်။ အချိန်က နွေဦးရာသီပင်ရှိသေးသော်လည်း တောင်ပေါ်ရှိ သစ်ပင်များက ရွက်စိမ်းများ စိမ်းစို၍ တေးဂီတများပျံ့လွင့်နေသကဲ့သို့ ဖြစ်နေလေသည်။

ချန်ရုံက ရထားလုံးပေါ်မှဆင်း၍ တော်ဝင်ကိုယ်ရံတော်များနှင့်အတူ ကျောင်းတော်ဆီသို့ လျှောက်သွားလိုက်သည်။

ကွေ့ကောက်သောတောင်တက်လမ်းဘေးရှိ ကျောက်တုံးများတွင် ရေညှိများညကပ်နေကြသည်။ တောင်ခါးပန်းတစ်ဝိုက်၌ ခရီးသွားလာနေကြသော အထက်တန်းလွှာများက ချန်ရုံ့အား လှမ်းကြည့်လိုက်ကြသည်။

ပွယောင်းသော တာအိုဝတ်ရုံအောက်မှ မဖုံးဖိနိုင်သာ ချန်ရုံ၏ အလှအပကိုကြည့်၍ မျက်နှာ၌ ပေါင်ဒါများဖို့ထားသော လူငယ်တစ်ဦးက ပြောလိုက်သည်။

"အဲဒီ ဟုန်ယွင်ကျီလို့ခေါ်တဲ့ ချစ်စရာကောင်မလေးက တကယ်ကို ထူးထူးဆန်းဆန်းလေးနော်...သူ့နာမည်ထဲက "ယွင်" ဆိုတဲ့စကားလုံးက တကယ်ကို သူနဲ့ လိုက်ဖက်ပါပေတယ်..."

အသက်နှစ်ဆယ်ခန့်ရှိ၍ အရပ်မြင့်မြင့်နှင့် ပိန်သော လူငယ်တစ်ဦးက ပြုံး၍ ဝင်ပြောလိုက်ပြန်သည်။
"ငါ့အမြင်မှာတော့ 'ယွင်' (韵 - လှပသော၊ အိန္ဒြေရှိသော) ဆိုတာက သူ့အတွက် အရမ်းကို အထက်တန်းဆန်လွန်းနေတယ်လို့ ထင်တယ်...'မေ' (媚 - လှပသော/ ဆွဲဆောင်မှုရှိသော) လို့သုံးတာက ပိုကောင်းလိမ့်မယ်...မဟုတ်ဘူး မေကလည်း အရမ်းကို ရိုင်းလွန်းနေတယ်...အဲဒီမိန်းကလေးက ယဉ်ကျေးသိမ်မွေ့မှုလည်း ရှိနေသေးတာ...ကျွတ် ကျွတ် သူ့ကို စကားလုံးတွေနဲ့ ဖော်ပြဖို့ အရမ်းခဲယဉ်းတာပါပဲလား..."

ထိုလူများ၏စကားသံများကြားတွင် နန်းတွင်းသူတစ်ဦးက ဝင်ပြောလိုက်သည်။

"အဲဒီမိန်းကလေးက လန်ယာဝမ်ချီအတွက် အရမ်းကို အရေးပါနေတယ်ဆိုရင်လည်း ဘာဖြစ်လို့များ ဝမ်ချီက သူ့ကို သီလရှင်လုပ်ခွင့်ပေးလိုက်လဲ ဆိုတာ ကျွန်‌မတော့ အခုထိ နားမလည်ဘူး...ဒါမှမဟုတ် ပညာရှိတွေက သူတို့ရဲ့ အချစ်တွေကို အဲဒီလိုပုံစံမျိုးနဲ့ ထုတ်ပြတတ်တာပဲလား..."

ထို့နောက် နန်းတွင်းသူက အင်္ကျီလက်နောက်သို့ကွယ်၍ ရယ်နေတော့သည်။