အပိုင်း 177
Viewers 24k

Chapter 177
: မဖြစ်နိုင်သောမျှော်လင့်ချက်များ



ချန်ရုံ၏ တာအိုဘွဲ့နာမည်က စာရွက်စာတမ်းများထဲသို့ တရားဝင်ရောက်သွားရန် တစ်ရက်တိတိကြာမြင့်ခဲ့သည်။

ချန်ရုံသည် ဤနေ့ကို လူများစွာဖြင့် ရွှင်ရွှင်မြူးမြူးဖြစ်မည့်နေ့ဟု မှန်းထားသော်လည်း တောင်ပေါ်၌ အခြေကျပြီးသည့်တိုင်အောင် ကျောင်းတော်သို့ မည်သူမျှ ပေါ်မလာကြပေ။

နေသည် အနောက်ဘက်သို့ ဝင်ရောက်စပြုနေလေပြီ။

ချန်ရုံသည် တောင်စောင်း၌ရပ်၍ ကျယ်ပြန့်သော တောင်တန်းများကို ငေးကြည့်ကာ စိတ်ညစ်ညူးနေမိသည်။

သူမသည် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ချီးမြှောက်ခြင်းခံထားရသော နတ်ဆရာမ ဖြစ်သည့်တိုင်အောင် မည်သူကမှ ကျောင်းတော်သို့ ရောက်မလာကြချေ။ ချန်ရုံ မည်မျှပင် အားစိုက်၍ နားထောင် နားထောင် ချန်ရုံကြားရသည်မှာ သူမ၏အစေခံများ၏အသံကိုသာ ကြားနေရပေသည်။

ချန်ရုံ သီလရှင်ဖြစ်လာသည်မှာ နေရာပြောင်း၍သာ နေထိုင်ရသကဲ့သို့ဖြစ်နေသည်။

ချန်ရုံသည် ခဏမျှစဉ်းစားပြီးမှ မနေနိုင်ပဲ ရယ်လိုက်မိသည်။

ဒါပေမယ့် အခုလို အခြေအနေက ပိုကောင်းတယ်မဟုတ်ဘူးလား...ငါက တိတ်ဆိတ်ငြိမ်းချမ်းမှုကို လိုချင်ခဲ့တာပဲလေ..."

ထိုအတွေးနှင့်အတူ ချန်ရုံသည် အနောက်သို့ ပြန်လှည့်လာလိုက်သည်။

ကျောင်းတော်သည် အလွန်ပင်ကြီးမား၍ အဆောက်အုံများက တစ်ခုနှင့်တစ်ခု ထပ်နေ၍ အခန်းပေါင်း ၁၅၀ ခန့်ရှိသည်။ ချန်ရုံသည် အရှေ့ဘက်ရှိ အလုံခြုံဆုံးသောအခန်းကို သူမနေထိုင်ရန် ဆုံးဖြတ်လိုက်သည်။

ချန်ရုံသည် ကျန့်ခန်းသို့ သူမနှင့်အတူ လူဆယ်ယောက်သာ ခေါ်လာခဲ့သည်။ သူမ ဝယ်ထားသည့်အိမ်ကို စောင့်ကြည့်ရန် လူနှစ်ယောက်ကို ထားခဲ့ရသဖြင့် ယခု ချန်ရုံနှင့်အတူ လူ၈ယောက်‌သာပါလာတော့သည်။ ငှက်များ၊ ပိုးကောင်များ၏အသံများနှင့် အနောက်ဘက်တောင်တန်းများမှ သားရိုင်းတိရစ္ဆာန်များ၏ ဟိန်းသံများကို နားထောင်ရင်းဖြင့် နေက မိုးကုပ်စက်ဝိုင်းသို့ တဖြည်းဖြည်း ဝင်သွားသည်နှင့်အမျှ ချန်ရုံတို့ ကိုးယောက်သားသည် လူအ‌ယောက်တစ်ရာကျော်မျှ ဆန့်သော ကျောင်းတော်၌ နေနေရသည်မှာ အလွန်အထီးကျန်ဆန်နေကြမိသည်။

ချန်ရုံသည် လူဝံများ၊ ‌ဝံပုလွေများ၏အော်သံများကို နားထောင်ရင်းဖြင့် တစ်ညတာကုန်ဆုံးသွားလေသည်။

လဝက်ခန့် ကုန်ဆုံးသွားသည်။

ထိုအချိန်အတွင်း၌ ရှီရှန်ကျောင်းတော်သည် လူအများ၏မေ့လျော့ခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေလေသည်။ မည်သူကမှ ကျောင်းတော်ဝန်းထဲသို့ ခြေတစ်လှမ်း မဝင်လာကြပေ။ တစ်ခါတစ်ရံ၌ သစ်ရွက်ကြွေများလှုပ်ရှားသွားသံကို ကြည့်၍ အစေခံများက လှမ်းကြည့်လျှင် အစိမ်းရောင်ဝံပုလွေမျက်လုံးများကို မြင်ရတတ်သည်။ ထိုအခါမျိုးဆိုလျှင် အစေခံများသည် အော်ဟစ်၍ အဆောင်ထဲသို့ ဝင်ပြေးကြလေသည်။

ထို့အပြင် ဧကရာဇ်ကိုယ်တိုင်က မေ့နေသည်လား၊ အခြားအကြောင်းတစ်စုံတစ်ခု ရှိသည်လား မသိသော်လည်း ကျောင်းတော်မှ ပိုင်သော လယ်ဧ‌ကပေါင်း ထောင်ချီအကြောင်းကို မည်သူကမျှ မပြောကြသလို မည်သူကမှလည်း ထိုကိစ္စနှင့် ပတ်သတ်၍ ချန်ရုံ့အား လာမတွေ့ကြချေ။

မမြင်နိုင်သည့် အင်အားတစ်ခုက ချန်ရုံနှင့် သူမ၏အစေခံများကို ပြင်‌ပလောကနှင့် အဆက်အသွယ်ဖြတ်ထားသကဲ့သို့ ဖြစ်‌နေလေတော့သည်။

ယခု၌ နွေဦးရာသီထဲသို့ ကောင်းစွာ ဝင်နေပြီဖြစ်သည်။ သစ်ကိုင်းများပေါ်မှာ အဖူးအငုံများသည် ပွင့်စပြုနေ၍ ရှုခင်းအား အစိမ်းရောင်အနုအရင့်များ အဆင့်ဆင့် အရောင်ခြယ်ပေးထားသကဲ့သို့ ဖြစ်နေသည်။

မနက်စာစားပြီးသောအခါ ချန်ရုံသည် အပြင်သို့ ခပ်ဖြည်းဖြည်းထွက်လိုက်သည်။

ချန်ရုံသည် ကျောင်းတော်ရှေ့ရှိ အပြာရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားသော လှေကားဆီသို့ သွားကာ အဝေးမှ တောင်တန်းများကို ကြည့်၍ အသက်ပြင်းပြင်းရှူကာ ခါးကို ဆန့်လိုက်သည်။

"မမလေး..."

အထိန်းတော်ဖျင်သည် ချန်ရုံ့အား ထိုကဲ့သို့ ခေါ်နေသည်မှာ အလွန်အကျင့်စွဲနေပြီဖြစ်သောကြောင့် ပြင်၍မရတော့ပေ။ ချန်ရုံက သူမ အား အကြိမ်ကြိမ် ပြင်ပေး၍ အထိန်းတော်ကြီးကလည်း ပြင်ပါမည်ဟု ကတိပေးသော်လည်း နောက်တစ်ခါကျ မေ့သွားသည်သာဖြစ်သည်။ ထို့ကြောင့် အနား၌ မည်သူမျှ မရှိပါက ချန်ရုံသည် ဒီတိုင်းသာ လွှတ်ထားပေးလိုက်တော့သည်။

အထိန်းတော်ဖျင်က ချန်ရုံ့နားသို့ပြေးလာ၍ ချန်ရုံပြုံးနေသည်ကို မြင်သောအခါ လွှတ်ခနဲ အမြန်ပြောလိုက်သည်။

"မမလေး...ကျောင်းတော်မှာ ထင်း...ဆန်...ဆီ နဲ့ ဆားတွေ နည်းနေပါပြီ..."

ထို့နောက် ခဏရပ်ပြီးမှ ခပ်တိုးတိုး ထပ်ပြောလိုက်သည်။

"ကျွန်မတို့မှာ ပါလာသမျှ ပိုက်ဆံကိုလည်း ပွဲတော်နေ့က အကုန် ဆုချပစ်လိုက်ပြီ...ပိုက်ဆံနည်းနည်းလောက် ထပ်ပြီး သွားထုတ်လိုက်ရမလား..."

ချန်ရုံက လှည့်၍ အထိန်းတော်ဖျင်အား ကြည့်လိုက်သည်။

အထိန်းတော်ဖျင်က မျက်မှောင်ကျုံ့လိုက်သည်။

"ကျောင်းတော်က ဒီလိုမျိုး ဘာမှမရှိပဲဖြစ်နေလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး...တကယ်ကို ဘာမှမရှိတာ...မမလေးသာ ပိုက်ဆံနည်းနည်း မယူလာရင် ကျွန်မတို့မှာ စားဖို့နဲ့ ဝတ်ဖို့တောင် ဘာမှရှိမှာမဟုတ်ဘူး..."

ထိုစကားကိုကြားသောအခါ ချန်ရုံလည်း မျက်မှောင်ကျုံ့လိုက်သည်။

ခဏအကြာမှ ချန်ရုံက ပျော့ပျောင်းစွာ မေးလိုက်သည်။

"အထိန်းတော်...ကျောင်းတော်ရဲ့ ငွေကြေးမှတ်တမ်းတွေကိုရှာတွေ့ပြီလား..."

"ဟုတ်ကဲ့...ကျွန်မ ရှာတွေ့ပါပြီ..."
အထိန်းတော်ဖျင်က ခေါင်းတငြှိမ့်ငြှိမ့်ဖြင့် ပြန်ဖြေလိုက်သည်။

"ဒါဆိုရင် သွားယူလိုက်ပါ...ကြည့်ကြည့်ရအောင်..."

"ဟုတ်ကဲ့..."

ချန်ရုံ ထိုစာရင်းများကို ကြည့်နေသည်မှာ နေ့လယ်အထိပင်ရောက်သွားလေသည်။ အိုဟောင်း၍ ဆွေး‌မြည့်နေသော ပေစာများကို ချန်ရုံ ဘေးသို့လွှင့်ပစ်လိုက်သည်ကို မြင်သောအခါ အထိန်းတော်ဖျင်က မေးလိုက်သည်။

"မမလေး...ဘာဖြစ်လို့လဲ..."

"ဘာဖြစ်လို့လဲ ဟုတ်လား.."

ချန်ရုံက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"တစ်ယောက်ယောက်က စာရင်းတွေကို လိမ်ပြီး...ကျွန်မကို ကျောင်းတောင်အခွံသက်သက်ကြီး ချန်ထားခဲ့တာပဲ..."

"ဒါပေမယ့် ဘာမှစိတ်ပူစရာမရှိဘူးမလား မမလေးရဲ့...ကျွန်မတို့ပိုက်ဆံနဲ့ စားသောက်နေနိုင်တာပဲလေ..."

ချန်ရုံက တစ်ဖက်သို့ လှည့်၍ အထိန်းတော်ဖျင်နှင့်မျက်နှာချင်းဆိုင်ကာ အချိန်အကြာကြီး စိုက်ကြည့်နေလေသည်။

"မမလေး...ဘာ..ဘာဖြစ်လို့ ကျွန်မကို ကြည့်နေတာပါလဲ..."

အထိန်းတော်ဖျင်က ကြောက်လန့်စွာမေးလိုက်သည်။

ချန်ရုံကလည်း ထိုအခါမှ အသိစိတ်ပြန်ဝင်၍ ဖြေလိုက်သည်။

"ဒီကိစ္စကို ကျွန်မ ဖြေရှင်းသင့်လား မဖြေရှင်းသင့်လား စဉ်းစားနေတာပါ..."

အထိန်းတော်ဖျင်ကတော့ ဤကိစ္စလေးအတွက်နှင့် နန်းတော်မှလူများနှင့် ပတ်သတ်ချင်ပုံမရပေ။ သို့သော် ရှီရှန်ကျောင်းတော်သည် ကျန့်ခန်း၌ အလွန်နာမည်ကြီးသော ကျောင်းတော်ဖြစ်သည်။ အခြားစရိတ်များကိုထည့်မတွက်လျှင်တောင် တော်ဝင်မိသားစု လာရောက်နေထိုင်စရိတ်နှင့် အမွှေးနံ့သာတိုင်များထွန်းညှိပူဇော်ရန်စရိတ်က အလွန်ကြီးမားနေပြီဖြစ်သည်။ လယ်ကွင်းများမှရသော ငွေကြေးသာမရှိလျှင် ထိုကုန်ကျစရိတ်များအားလုံးကို ချန်ရုံ မပေးနိုင်ချေ။ သီလရှင်ဘဝသို့ ကူးပြောင်းလာခြင်းက တိတ်ဆိတ်သောနေရာတစ်ခု၌ နေထိုင်ရ၍ ထိုကဲ့သို့သောစားဝတ်နေရေး ကိစ္စများကို ကိုင်တွယ်ပေးရန် လူတစ်ယောက် ရှိနေလိမ့်မည်ဟု ချန်ရုံ တွေးထင်မိခဲ့သည်။ ယခုတွင်တော့ ကိစ္စများသည် ထိုမျှ မရိုးရှင်းကြောင်း ချန်ရုံနားလည်သွားခဲ့လေပြီ။

ချန်ရုံက အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။

"ဒီကိစ္စလေးအတွက်နဲ့တော့ သူတို့တွေနဲ့ သွားပတ်သတ်နေလို့ မကောင်းပါဘူး...ကျွန်မရဲ့ အိမ်မှာပဲ သီလရှင်အဖြစ်နေခွင့်ရမလားလို့ ဧကရာဇ်မင်းမြတ်ကို မေးကြည့်လိုက်မယ်..."

"အဖိုးစွင်း..."

အဖိုးစွင်းက ပြေးလာသည်။
"ဟုတ်ကဲ့ သခင်မလေး..."

"ကျွန်မ အဖိုးကို စာတစ်စောင်ရေးပေးလိုက်မယ်...နန်းတော်ကိုသွားပြီး ဧကရာဇ်မင်းမြတ်နဲ့တွေ့..."

ချန်ရုံက ရုတ်တရက် ပြောနေသည်ကို ရပ်၍ နှုတ်ခမ်းများတွန့်ကွေးကာပြုံးလိုက်သည်။

"ငါလည်း စိတ်တွေ လွတ်နေပြီထင်တယ်...ဒီလို ဘာအကျိုးမှမရှိတာတွေကို ဘာဖြစ်လို့ လုပ်နေတာလဲ..."

သူမဘာသာ တီးတိုးပြောပြီးသောအခါ ချန်ရုံသည် အဖိုးစွင်းဘက်သို့ ပြန်လှည့်၍ လေးနက်စွာပြောလိုက်သည်။

"အဖိုးကို ကျွန်မ ဒုက္ခပေးပါရစေ...အထိန်းတော်ဖျင်နဲ့တူတူ အိမ်ကိုပြန်ပြီး လက်ဝတ်ရတနာသေတ္တာ ငါးလုံးကိုယူပြီး ထင်း...စားစရာနဲ့ အဝတ်အစားတွေ...တခြား နေ့စဉ်အသုံးပစ္စည်းတွေနဲ့ လဲယူခဲ့ပါ...ကျွန်မတို့ ဒီမှာ အနည်းဆုံး ခြောက်လ တစ်နှစ်လောက် နေနိုင်မယ့်ပမာဏအထိရအောင် ယူခဲ့ပါ..."

ချန်ရုံ၏အပြုံးက တဖြည်းဖြည်း ပို၍ တောက်ပလာသည်။

"ပြီးတော့ လူတွေအများကြီးမြင်အောင် လမ်းပေါ်မှာ အုတ်ဪသောင်းနင်းဖြစ်တဲ့အထိ မောင်းလာခဲ့ပါ...ညကျရင် ရှိသမျှလူတွေကိုခေါ်ပြီး ကျောင်းတော်ကို လာတဲ့လမ်းမှာရှိတဲ့ သစ်ပင်ကြီးတွေကိုရွေးပြီး သစ်ခေါက်ကို ခွာပြီး စာလုံးအချို့ ထွင်းခဲ့ပါ...ဘာစာထွင်းရမလဲဆိုတော့ 'တရားဘာဝနာကျင့်ကြံနေသည့်အတွက် ဧည့်သည်များလက်မခံပါ' လို့ ထွင်းခဲ့ပါ...ပြီးတာနဲ့ ကျောင်းတော်ရဲ့ ဝင်ပေါက်တွေအကုန်လုံးကို ပိတ်လိုက်ပါ..."

ထို့နောက် ချန်ရုံသည် တစ်ဖက်သို့ လှည့်၍ အင်္ကျီလက်များကို လှုပ်ခတ်ကာ ထွက်ခွာလာတော့သည်။

"အဲဒီလူတွေ ဆက်ပြီး ငြိမ်ငြိမ်ထိုင်နေနိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့..."

အထိန်းတော်ဖျင်နှင့် အဖိုးစွင်းက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

"သခင်မလေး ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ..."
နောက်ဆုံးတွင်တော့ အဖိုးစွင်းက ထုတ်မေးလိုက်တော့သည်။

အထိန်းတော်ဖျင်သည်လည်း ခေါင်းကိုသာ ခါပြနိုင်၍ နှစ်ယောက်သား အမြန်ထွက်လာလိုက်ကြတော့သည်။

အဖိုးစွင်းတို့ ပြန်ရောက်သည့်အခါ ကောင်းကင်သည်ပင် မှောင်မည်းနေပြီဖြစ်သည်။ ထို့နောက် ချန်ရုံ၏အမိန့်အရ နောက်ရက်များတွင် သစ်ပင်များ၌ စာလုံးများထွင်းခြင်းဖြင့် အချိန်ကုန်သွားကြသည်။

လေးရက်မြောက်နေ့တွင်..

နေသည် ကောင်းကင်၌ မြင့်မားစွာ သာနေသည်။ တောင်စောင်းများရှိအစိမ်းရောင်သစ်တောကွက်များက စိမ်းလန်းစိုပြေသောအတန်းကြီးကဲ့သို့ ဖြစ်နေသည်။

ချန်ရုံသည် သူမ၏အစေခံများကို အပြင်သို့ ဦးဆောင်ခေါ်သွားလိုက်သည်။ ပထမတွင်တော့ ချန်ရုံသည် အံ့ဖွယ်ဖန်ဆင်းရှင် သုံးဦးအား ဆုတောင်းဝတ်ပြုဟန် ဆောင်လိုက်၍ ပြီးမှ အစေခံများဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

"အချိန်ကျရင် တံခါးတွေအကုန်လုံးကို ပိတ်ဖို့မမေ့ပါနဲ့...ဒီတစ်ခေါက်မှာ ရှင်တို့အားလုံးလည်း ကျွန်မနဲ့တူတူလိုက်ပြီး တရားထိုင်ရမယ်..."

"ဟုတ်ကဲ့..."

အစေခံများ၏ပြန်ဖြေသံက တောင်တန်းများတစ်လျှောက် ပဲ့တင်သံထပ်သွားလေသည်။

ထိုအချိန်၌ ခြေလှမ်းများစွာကို ကြားလိုက်ရ၍ အလွန် မာနကြီးမောက်မာပုံရသော အသံတစ်ခုကို ကြားလိုက်ရသည်။

"နေပါဦး..."

ချန်ရုံနှင့် အစေခံများက လှည့်ကြည့်လိုက်ကြသည်။

ကျောင်းတော်ဆီသို့လာသော ကျောက်တုံးလှေကားထစ်များ၌ အရပ်မြင့်မြင့် အစောင့်စစ်သည် ဆယ်ဦးကို ချန်ရုံတို့ မြင်လိုက်ရလေသည်။

ထိုစစ်သည်များက လမ်း၏တစ်ဖက်တစ်ချက်၌ နေရာယူကာ ကြေငြာလိုက်သည်။

"တော်ဝင်မင်းသမီး...ကိုးယောက်မြောက်သမီးတော်..."

ကိုးယောက်မြောက်မင်းသမီး?

ချန်ရုံက မျက်မှောင်ကျုံ့လိုက်သည်။

သို့သော် စကားတစ်ခွန်းက ချန်ရုံ၏မှတ်ဉာဏ်ထဲ၌ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချန်ရုံ၏နှလုံးက တဒုတ်ဒုတ်ခုန်လာတော့သည်။

"အရင်တစ်ခေါက်တုန်းက ကိုးယောက်မြောက်မင်းသမီး အိမ်တော်ကို လာတုန်းကတောင် ချီလန်က မင်းကို ကြိုဆိုခဲ့သလောက် နွေးနွေးထွေးထွေးမကြိုဆိုခဲ့ဘူး..."

ချန်ရုံက ညစ်ကျယ်ကျယ်လေး ပြုံးလိုက်သည်။

ချန်ရုံသည် အစေခံများကို ဦးဆောင်၍ ရှေ့သို့ အနည်းငယ်တိုးကာ အစောင့်များရှိရာဘက်သို့ လက်များကို ချိတ်ဆက်၍ ပြောလိုက်သည်။

"နှုတ်ခွန်းဆက်ပါတယ် အရှင်မင်းသမီး..."

မကြာမီတွင် နန်းတော်မှအစေခံများနှင့် အစောင့်များ တစ်ဒါဇင်လောက်က နန်းတွင်းဝတ်ရုံကို ဝတ်ဆင်ထားသည့် ချောမောလှပသည့်မိန်းကလေးတစ်ဦးအား ခေါ်ဆောင်ခာလေသည်။ သူတို့နောက်၌ ပုလွေများမှုတ်၍ ဗုံများတီးနေသော ဂီတပညာရှင် ‌အယောက် နှစ်ဆယ်ခန့်လည်း ပါလာကြသည်။

အလွန်ဝေးကွာသည့် အကွာအဝေးကပင် မိန်းမချောလေးသည် ခေါင်းကိုမော့၍ ချန်ရုံ့အား လှမ်းကြည့်နေလေသည်။

ချန်ရုံကတော့ တာဝန်အရ ရပ်နေရသည့်ပုံလုပ်နေ၍ မင်းသမီးက ကြည့်နေသည်ကို သတိမထားမိသကဲ့သို့ ရပ်နေသည်။

မကြာခင်မှာပင် နန်းတွင်းအဝတ်အစားများဖြင့် မိန်းမချောလေးသည် ချန်ရုံနှင့် ခြေလှမ်း ဆယ်လှမ်းလောက်သာ ကွာသည့် အနေအထားသို့ ရောက်လာသည်။

အနား၌ ရပ်ပြီးသောအခါ မင်းသမီးသည် ချန်ရုံ့အား အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးမှ အရိုအသေပေးလိုက်သည်။

"နေကောင်းကျန်းမာပါရဲ့လား နတ်ဆရာမ ဟုန်ယွင်ကျီ..."

လှပ၍ ယဉ်ကျေးသိမ်မွေ့သော ကိုးယောက်မြောက်မင်းသမီးကို နှုတ်ဆက်ပြီးသောအခါ နူးညံ့စွာပြုံး၍ အင်္ကျီဝတ်ရုံလက်ကိုမြှောက်ကာ ပါးစပ်ကို အုပ်လိုက်သည်။

"အရှင်မရဲ့ နာမည်ကို ကြားဖူးနေပေမယ့် အခု လူချင်းတွေ့မှသာ အရှင်မက တကယ်ကို ရှားပါးလွန်းတဲ့ အလှတရားကိုပိုင်ဆိုင်ထားတယ်ဆိုတာ သိရပါတော့တယ်...ကျွန်မ ခမည်းတော်ရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်တော်ကတောင် အရှင်မလောက် မလှပကြပါဘူး..."

မင်းသမီး၏အသံက အိ‌န္ဒြေရှိ၍ အပြုံးကလည်း ရင်ထဲမှလာသည့်အပြုံးဖြစ်သော်လည်း ချီးမွမ်းနေမှုများကတော့ တစ်စုံတစ်ခုကို ဆိုလိုချင်နေဟန်ပေါက်နေသည်။

ချန်ရုံကတော့ မသိသလိုသာနေ၍ ပြုံးကာ မင်းသမီးအား ပြန်၍ အရိုအသေပေးမည်အလုပ်တွင် ကျယ်လောင်သော ဗုံသံက ထွက်ပေါ်လာသည်။

ထိုဗုံသံများက ကိုးယောက်မြောက်မင်းသမီး၏ဗုံသံထက်ပင် ပို၍ ကျယ်လောင်နေကြသည်။ ထိုအသံသည် ရာပေါင်းများစွာသော ဂီတပညာရှင်များက တစ်ပြိုင်နက် တီးခတ်နေသည့်အသံနှင့် တူနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားသော လူတန်းရှည်ကြီးသည် ချန်ရုံတို့ရှေ့၌ ပေါ်လာတော့သည်။

ချောမောသော လူငယ် ၈ယောက်က ဖြူဖျော့သောအသားအရည်နှင့် လူငယ်‌လေးတစ်ဦးကို ထမ်းလာကြသည်။ အနီးကပ်ကကြည့်လျှင်တော့ ထိုလူငယ်၏မျက်နှာက ချောမောသော်လည်း အသားအရည်ကတော့ ပေါင်ဒါများဖြင့် ဖြူဖွေးအောင် လုပ်ထားခြင်းဖြစ်မှန်း သိနိုင်ပေသည်။

ထိုလူများနောက်၌ မြောက်များစွာသော အစေခံများနှင့် အစောင့်များပါ၍ ခပ်ဝေးဝေးတွင် အနုပညာဖျော်ဖြေသူများ အယောက် ၅၀ ၆၀ ခန့် ရှိနေသည်။

ထိုအချိန်၌ လူငယ်က မော့ကြည့်လိုက်သောအခါ ကိုးယောက်မြောက်မင်းသမီးအား ချက်ချင်းတွေ့သွားသည်။ လူငယ်သည် ရင်ဘတ်ရှေ့သို့ကျနေသော ဆံပင်တစ်ခွေကို ကိုင်ရင်းဖြင့် လှမ်းပြောလိုက်သည်။

"အစ်မတော်လည်း ဒီကိုရောက်နေတာလား အစ်မကိုး...ဟေး ဟိုက တာအိုဝတ်ရုံနဲ့ အလှလေးက နတ်ဆရာမ ဟုန်ယွင်ကျီလား..."

ထိုလူငယ်သည် ချန်ရုံ့အား စူးရဲသောမျက်လုံးများဖြင့် ထပ်၍ကြည့်လိုက်ပြန်၍ ပြောလိုက်သည်။

"လှပလိုက်တာ...ဘယ်ယောင်္ကျားမဆို ဒီလို ချောမောလှပတဲ့အရာ‌လေးကို တန်ဖိုးထားကြမှာ...မင်းက သီလရှင်ဖြစ်နေတာတော့ နှမျောစရာပဲ..."

ချန်ရုံက ထိုစကားကိုကြားသောအခါ အေးစက်စွာသာ ပြုံးလိုက်သည်။ ကိုးယောက်မြောက်မင်းသမီး၏အကြည့်အောက်တွင် ချန်ရုံသည် တာဝန်ဝတ္တရားအပြည့်ပုံနှင့်သာနေ၍ ဘာမှပြန်မပြောချေ။

မကြာခင်မှာပင် တောင်၏အရှေ့ဘက်ဆီမှ ဗုံသံများ ထပ်၍ ထွက်‌ပေါ်လာပြန်သည်။

တစ်စုံတစ်ယောက် ထပ်၍ လာနေပြီဖြစ်သည်။

ဤတစ်ခေါက်တွင်တော့ ကိုးယောက်မြောက်မင်းသမီးရော ချောမောသည့်လူငယ်ပါ လန့်သွားကြသည်။ သူတို့သည်လည်း ချန်ရုံကဲ့သို့ ထိုအသံထွက်ရာသို့ လှည့်ကြည့်လိုက်ကြသည်။

ထိုအချန်၌ ချန်ရုံ့နောက်မှ အစေခံတစ်ဦးက တီးတိုးပြောလိုက်သည်။

"ဒီနေ့ ဘာတွေဖြစ်နေကြတာလဲ...ချမ်းသာပြီး နာမည်ကျော်ကြားတဲ့လူတွေအားလုံး ဒီကို အလုအယက်လာနေကြပါလား...ဂီတသံအကျယ်ကြီးတွေကိုလည်း အပြိုင်အဆိုင်တီးနေကြသေးတယ်...တကယ်ပါပဲ...ဒီလို အသံကျယ်ကြီးတွေလုပ်ဖို့ သူတို့ကိုယ်သူတို့ ဘယ်လိုနေရာရောက်နေလဲဆို‌တာတောင် မသိကြဘူးလား..."