Chapter 178
မည်သူက ချန်ရုံ့အတွက် မြှားကို ပစ်ပေးလိုက်သည်လဲ?
အထိန်းတော်ဖျင်က ချန်ရုံ့နားသို့တိုး၍ တိုးတိုးလေးမေးလိုက်သည်။
"မမလေး...ကျွန်မတို့ရဲ့ဧည့်သည်တွေကို ကြိုဆိုဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရမလား..."
ချန်ရုံက ပြုံး၍ ကိုးယောက်မြောက် မင်းသမီးနှင့် လူငယ်တို့ကိုကြည့်ကာ ပြောလိုက်သည်။
"ဘာသာရေးဘောင်ထဲက လူတွေက အဲဒီလို အမူအကျင့်တွေ လုပ်စရာမလိုတော့ပါဘူး..."
ထို့နောက် ချန်ရုံသည် အင်္ကျီဝတ်ရုံလက်ကို လှုပ်ခတ်၍ ကျောင်းတော်ထဲသို့ ပြန်ဝင်ရန် လှည့်လိုက်သည်။
ချန်ရုံလှည့်ထွက်သွားသည်ကို လူများက အံ့ဩစွာကြည့်နေကြချိန်တွင် နန်းတော်မှအစေခံတစ်ဦးက လှောင်ရယ်ရယ်ကာပြောလိုက်သည်။
"သူက ဧကရာဇ်မင်းမြတ်ရဲ့ အသိအမှတ်ပြုမှုနဲ့ ဝမ်ဟုန်ရဲ့အချစ်ကိုရထားတော့ သူ့ဘာသာသူ အထင်တွေ အရမ်းကြီးနေပြီ ဘာစကားမှမပြောပဲ လှည့်ထွက်နိုင်တယ် ထင်နေတာပေါ့..."
ထိုအစေခံ၏ရယ်သံက ချန်ရုံ၏နားထဲသို့ ရောက်သွားသည်။
ချန်ရုံက တစ်ဖက်သို့ ပြန်လှည့်လိုက်သည်။ သူမသည် မင်းသမီး၏ဘေး၌ရပ်နေသော အစေခံမိန်းကလေးကိုကြည့်ပြီးမှ မင်းသမီးဘက်သို့လှည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"ဒီနေရာက ဆိတ်ငြိမ်အေးချမ်းနေရမယ့်နေရာတစ်ခုပါ...ကျွန်မက သာမန်လောကီကမ္ဘာမှာ မနေတော့တဲ့အတွက်ကြောင့် ရိုးရိုးသာမာန် အပြုအမူတွေကိုလည်း လုပ်စရာမလိုတော့တာ ပုံမှန်ပဲမဟုတ်ပါလား အရှင်မင်းသမီး..."
ချန်ရုံ၏အေးစက်သောအသံကြောင့် တုန်လှုပ်သွားသော ကိုးယောက်မြောက်မင်းသမီးက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ဟုတ်ပေတာပေါ့..."
ထိုအခါမှသာ ချန်ရုံ၏နှုတ်ခမ်းများက ပြုံးသွားကြသည်။ ချန်ရုံသည် ကိုးယောက်မြောက်မင်းသမီးနောက်မှ လူငယ်ကိုကြည့်ကာ ထပ်မေးလိုက်ပြန်သည်။
"အရှင်ကရော သဘောတူပါသလား..."
လူငယ်က ပြုံးယောင်သမ်းသောအကြည့်ဖြင့် ချန်ရုံ့အား စိတ်ဝင်စားစွာ ကြည့်နေသည်။
"ဒါပေါ့..."
ချန်ရုံကမေးလိုက်သောအခါ ပြုံး၍ ပြန်ဖြေလိုက်သည်။
ချန်ရုံက ပြုံးလိုက်သည်။
"အရှင်တို့နှစ်ယောက်လုံးက ကျွန်မရဲ့ စကားကို သဘောတူတယ်ဆိုမှတော့ ကျွန်မကို သွားခွင့်ပြုပါ..."
ထို့နောက် ချန်ရုံသည် ဦးညွှတ်အရိုအသေပေးလိုက်၍ ထွက်လာလိုက်တော့သည်။
တောင်တစ်ဖက်ခြမ်းမှ ဗုံသံများက ကျယ်လောင်စွာ တီးခတ်နေဆဲတွင် ကိုးယောက်မြောက်မင်းသမီးက အေးဆေးစွာပြုံး၍ သူမ၏ဘေးမှ အစေခံအား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
အစေခံက ဘာလုပ်ရမည်မသိပဲ တုံ့ဆိုင်းနေကြသော ချန်ရုံ၏အစေခံများဆီသို့ သွား၍ လက်ကိုမြှောက်ကာ အထိန်းတော်ဖျင်၏မျက်နှာကို ရိုက်ချလိုက်တော့သည်။
"ကိုယ့်နေရာကိုယ်သိစမ်း အဖွားကြီး...ရှင်က ဘာဖြစ်လို့များ အရှင်မင်းသမီးကို တည့်တည့်ကြည့်ရဲရတာလဲ...ရှင့်ကို ရိုက်နှက်ဆုံးမမှပဲ ရမယ်ထင်တယ်..."
ထိုအစေခံ၏အော်သံက တောင်တန်းများတစ်လျှောက် ပဲ့တင်သံထပ်သွားသည်။
ချန်ရုံ၏ခြေထောက်များက တုံ့ခနဲ ရပ်သွားကြသည်။
ချန်ရုံသည် ဖြည်းညှင်းစွာ ပြန်လှည့်လိုက်ရင်းက ဝမ်ဟုန်၏စကားများကို ကြားယောင်လာမိသည်။
"အရူးမလေး...ငါတို့က အခု ကျန့်ခန်းကိုရောက်နေကြတာလေ..."
ဟုတ်သည်။ ဤနေရာက ကျန်းခန်းပေပဲ။ သီလရှင်ဖြစ်လိုက်ရုံနှင့် လောကီလူ့ဘောင်ကိစ္စများမှ ကင်းလွတ်နိုင်လိမ့်မည်ဟု ချန်ရုံ မည်ကဲ့သို့များ စဉ်းစားမိခဲ့သည်လဲ။ ဤလောကတွင် အာဏာနှင့် သွေးကသာ အုပ်ချုပ်မင်းလုပ်နိုင်ကြမည်ဖြစ်သည်။
ချန်ရုံသည် နောက်သို့ပြန်မလှည့်မီ မျက်နှာပေါ်၌ နီရဲသော လက်ဖဝါးရာဖြင့် တောင့်တင်းစွာ ရပ်နေသော အထိန်းတော်ဖျင်အား တစ်ချက်လှမ်းကြည့်လိုက်သည်။
ချန်ရုံပြန်လာသည်ကို မြင်သောအခါ ကိုးယောက်မြောက်မင်းသမီးကရယ်လိုက်သည်။
"ဘာဖြစ်လို့ပြန်လှည့်လာတာလဲ အရှင်မ...ဒီလောကီကိစ္စတွေကို မစွန့်လွှတ်နိုင်သေးလို့လား..."
မင်းသမီးက ဝံ့ကြွားစွာ ပြုံးရယ်နေသည်ကို တွေ့သောအခါ ချန်ရုံသည် ခေါင်းငုံ့အရိုအသေပေးကာ ပြောလိုက်သည်။
"ကျွန်မရဲ့ နိမ့်ပါးလှတဲ့နေရာလေးကို လာရောက်ချီးမြှင့်ပေးတဲ့အတွက် ကျွန်မ အရမ်းပဲ ဂုဏ်ယူမိပါတယ် အရှင်မင်းသမီး...အထဲကို ကြွတော်မူပါ..."
ထိုစကားသည် ဓလေ့ထုံးတမ်းအရ ကြိုဆိုလိုက်ခြင်းဖြစ်ပေသည်။
"ဒီလိုပဲဖြစ်ရမယ်လေ..."
အထိန်းတော်ဖျင်အား ပါးရိုက်လိုက်သည့် အစေခံက ပြုံးဖြီး၍ ပြောလိုက်သည်။
"ငါတို့ရဲ့ အရှင်မင်းသမီးကို နင်က ဘာဖြစ်လို့များ ဒီလိုမျိုး ဆက်ဆံရဲရတာလဲ...လူဆိုတာ ကိုယ့်နေရာကိုယ်သိမှပေါ့..."
အနီးအနားမှ အစေခံများနှင့် အစောင့်များကလည်း ချန်ရုံ့အား လှောင်ပြောင်သရော်သည့်ပုံဖြင့် ပြုံးကြည့်နေကြသည်။
ချန်ရုံ၏မျက်နှာကတော့ အေးစက်လေးနက်နေသည်။
ချန်ရုံ့နောက်မှ အစေခံများကတော့ ကြောက်လန့်နေကြလေသည်။ ချန်ရုံသာ ဤနေရာ၌ ရှုံးနိမ့်သွားပါက ရှေ့လျှောက် ကိစ္စများက ပို၍ခက်ခဲသွားတော့မည်ကို ချန်ရုံရော အထိန်းတော်ဖျင်ရော သိနေကြသည်။
ထိုအချိန်၌ သစ်တောအုပ်ထဲမှ အေးစက်သော လေနှင့်အတူ လေးကြိုးကိုဆွဲလိုက်သံနှင့် မြှားတစ်စင်း ပျံလာသံတို့ကို ကြားလိုက်ရသည်။
လူတိုင်းက ခေါင်းများ လှည့်ကြည့်လိုက်ကြသည်။
သို့သော် ခေါင်းများကို အပြည့်မလှည့်ရသေးခင်မှာပင် အေးစက်သောအလင်းတန်းနှင့်အတူ လျှပ်စီးကဲ့သို့လျင်မြန်စွာဖြတ်သွားသေု အရာဝတ္ထုတစ်ခုကို မြင်လိုက်ရသည်။ ချန်ရုံ့အား လှောင်ပြောင်သရော်ကာ ပြုံးရယ်နေဆဲရှိသော အစေခံသည် သူမ၏ရင်ဘတ်နေရာ၌ စူးခနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက် အစေခံ၏ရယ်သံသည် ကြောက်မက်ဖွယ်အော်သံအဖြစ်သို့ပြောင်းသွားသည်။
လူများကလည်း သူတို့မြင်လိုက်ရသည့်အရာကြောင့် ကြောက်လန့်တောင့်တင်းသွားကြသည်။
အစေခံ၏ရင်ဘတ်၌ မြှားတစ်စင်းက နက်ရှိုင်းစွာ စူးဝင်နေသည်။ မြှားသည် အလွန်နက်စွာ စိုက်နေသောကြောင့် အမြီးဖျားရှိငှက်မွှေးသာ ပေါ်နေတော့သည်။
အစေခံ၏အော်နေသောပါးစပ်သည်လည်း သွေးများဖြင့် ဆူပွက်လာသည်။ သူမသည် သူမ၏ရင်ဘတ်ကို ငုံ့ကြည့်ကာ တုန်ယင်စွာဖြင့် မြှားကို ဆွဲထုတ်ရန် လက်လှမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ဘေး၌ ရပ်နေကြသော လူအုပ်ကြီးကလည်း အော်ဟစ်လိုက်ကြသည်။ ကိုးယောက်မြောက်မင်းသမီးသည်လည်း အလွန်ကြောက်လန့်တုန်လှုပ်သွားသောကြောင့် မျက်နှာ၌ သွေးမရှိတော့လောက်အောင်ပင် ဖြူလျော်သွားသည်။ မင်းသမီးသည် နောက်သို့ ကြောက်လန့်တကြားဆုတ်လိုက်သောကြောင့် လှေကားမှခြေချော်ကျကာ အောက်သို့ လိမ့်ဆင်းသွား၍ အရာတစ်ခုနှင့်ထိသည့်အချိန်မှပင် ရပ်သွားလေသည်။
လူငယ်သည်လည်း မင်းသမီးကဲ့သို့ပင် ကြောက်လန့်တုန်လှုပ်ကာ မျက်နှာကို လက်ဖြင့်အုပ်၍ အော်ဟစ်နေတော့သည်။
သူတို့၏ သခင်များ၊ သခင်မများကို ဤကဲ့သို့ မြင်ရသောအခါ အစေခံများနှင့် အစောင့်များသည်လည်း သွေးပျက်မတတ် အော်ဟစ်၍ ခေါင်းမပါသောယင်ကောင်များကဲ့သို့ ပြေးလွှားရင်း တစ်ယောက်နှင့်တစ်ယောက် တိုက်မိနေကြကာ အချိန်အတော်ကြာမှပင် အသိပြန်ဝင်၍ သူတို့၏ သခင်များဘေးသို့ ပြန်စုသွားကြသည်။
မြှားထိသွားသောအစေခံက မြေပေါ်၌ လဲကျနေသည်ကိုတော့ မည်သူကမှ သတိမပြုမိကြတော့ပေ။
နောက်ဆုံးတွင်မှ လူငယ်က အသိပြန်ဝင်၍ အော်ပြောလိုက်သည်။
"ပြန်ဆုတ်ကြ...ပြန်ဆုတ်ကြ...အမြန်ပြန်ဆုတ်ကြ..."
လူငယ်၏အမိန့်ကြောင့် ကြောင်ရပ်နေကြသောအစောင့်များလည်း အသိပြန်ဝင်သွားကြသည်။ သူတို့သည် ဝေါယာဉ်ကို အမြန်မ၍ ပြန်လှည့်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူငယ်တို့အဖွဲ့သည် အဝေးသို့ရောက်သွားကြတော့သည်။
ကိုးယောက်မြောက်မင်းသမီး၏အစောင့်များကလည်း မင်းသမီးကို ဝိုင်းရံ၍ ရွံ့အိုင်ထဲမှ မင်းသမီးအား ဆွဲထူပေးနေကြသည်။
ပထမဆုံးအသိဝင်လာသူက မင်းသမီး၏နောက်၌ရှိသော သက်လတ်ပိုင်းအရွယ် မိန်းမစိုးတစ်ဦးဖြစ်သည်။ သူသည် ရှေ့သို့တိုး၍ ချန်ရုံ့အား လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
"ဟုန်ယွင်ကျီ...မင်း...မင်း ဘာလုပ်လိုက်တာလဲ..."
"သူ့ကိုဖမ်းစမ်း...သူ့ကို ဖမ်းကြစမ်း..."
"ဟုတ်ကဲ့..."
အစောင့်များက ရှေ့သို့ တိုးလာကြချိန်တွင် ငယ်ရွယ်သော မိန်းမစိုးတစ်ဦးက ထိုသက်လတ်ပိုင်းမိန်းမစိုးနားသို့ကပ်ကာ တိုးတိုးပြောလိုက်သည်။
"မိန်းမစိုးယန်...အဲဒီအကြံဉာဏ်က ကောင်းမယ်မထင်ဘူး..."
ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။
"ဟုန်ယွင်ကျီရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေပုံရတယ်..."
သက်လတ်ပိုင်းမိန်းမစိုးသည်လည်း ထိုစကားများကို ချက်ချင်းနားလည်သွား၍ ရုတ်တရက် ပြောလိုက်သည်။
"ပြန်ဆုတ်ကြ...ပြန်ဆုတ်ကြ..."
ထို့နောက် မိန်းမစိုးက မင်းသမီးဘက်လှည့်၍ ခပ်ဆိုင်းဆိုင်းမေးလိုက်သည်။
"အရှင်မင်းသမီး..."
ကိုးယောက်မြောက်မင်းသမီးသည် နှုတ်ခမ်းကို တင်းတင်းစေ့၍ ချန်ရုံ့အား ကြည့်နေသည်။ အချိန်အတော်ကြာသည့်အခါမှ ခပ်တိုးတိုးပြောလိုက်သည်။
"သူမဖြစ်နိုင်ပါဘူး...ဒီလောက်တောင် မြင့်မြတ်တဲ့လူက လူသတ်မှုကို ကျူးလွန်မှာတဲ့လား...အဲဒါ ကျွန်မရဲ့အစ်ကိုပဲ ဖြစ်မှာ...ဟုတ်တယ်...အဲဒါ ကျွန်မရဲ့ အစ်ကို ဧကရာဇ်မင်းမြတ်ပဲ ဖြစ်မှာ..."
ထို့နောက် မင်းသမီးသည် ချန်ရုံ့အား မုန်းတီးခါးသီးစွာ ကြည့်လိုက်၍ ပြောလိုက်သည်။
"နန်းတော်ကို ပြန်မယ်..."
အစေခံများက မင်းသမီးအား အလျင်အမြန်မ၍ တောင်ခြေသို့ ပြေးဆင်းသွားကြတော့သည်။
ထိုလူများသည် ရောက်လာစဉ်အခါကတော့ ဟိတ်ဟန်များနှင့် ကိန်းကြီးခန်းကြီး ရောက်လာခဲ့ကြ၍ ယခုတွင်တော့ ဖရိုဖရဲ ပြန်ထွက်ခွာသွားကြရသည်။ ချန်ရုံက ထိုလူအုပ်ကြီးအား ဗလာမျက်လုံးများနှင့်ကြည့်လိုက်ပြီးမှ မြေပေါ်မှ ခန္ဓာကိုယ်ဆီသို့ အကြည့်ရောက်သွားသည်။
ချန်ရုံသည် ထိုအစေခံနားသို့သွား၍ ဒူးထောက်လိုက်ကာ ရင်ဘတ်မှ မြှားကို ကြည့်လိုက်သည်။
"ဘာစာမှမရေးထားဘူး..."
ချန်ရုံက တိုးတိုးပြောလိုက်သည်။
ငါလည်း တုံးလိုက်တာ...ဘယ်သူက လူသတ်လက်နက်ပေါ်မှာ စာရေးမှာလဲ...
ချန်ရုံသည် မတ်တပ်ပြန်ထ၍ မြှားရောင်လာခဲ့သည့် တောင်များဆီသို့ လှမ်းကြည့်လိုက်သည်။ ချန်ရုံမြင်ရသည်က ထူထပ်စိမ်းမြသော သစ်တောအုပ်များသာဖြစ်သည်။
အဖိုးစွင်းက ထစ်အစွာ ပြောလိုက်သည်။
"သခင်မလေး...အဖိုး..အဖိုးတို့ တရားသူကြီးဆီ သတင်းပို့လိုက်ရမလား..."
ချန်ရုံက မျက်ခုံးများကို တွန့်ကွေး၍ စဉ်းစားလိုက်သည်။ ခဏအကြာမှ ခေါင်းခါလိုက်သည်။
"အဲဒီမြှားက ကျွန်မကို ထိခိုက်အောင်လုပ်လာမယ့်လူတွေကို သတိပေးတဲ့ လက်နက်တစ်ခုပဲ...အဲဒါကြောင့် ဒီကိစ္စကို ကျွန်မတို့ ဝင်ပြီး ဘာမှ ပတ်သက်နေစရာမလိုဘူး..."
"ဟုတ်ကဲ့..."
ချန်ရုံက သေဆုံးနေသော အစေခံအား တစ်ချက်ထပ်လှမ်းကြည့်၍ ပြန်လှည့်ကာ ကျောင်းတော်ထဲသို့ ဝင်သွားလိုက်သည်။
ချန်ရုံသည် တစ်စုံတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည့်အလား လမ်းကို ဖြည်းညှင်းစွာလျှောက်နေမိသည်။
အနောက်၌ အစေခံများက တီးတိုးပြောနေကြသည်။
"သူ့ကို ဧကရာဇ်က လွှတ်လိုက်တာထင်တယ်နော်..."
"ငါကတော့ သခင်မလေးကို ကာကွယ်ဖို့ အိမ်တော်က လွှတ်လိုက်တာလို့ ထင်တယ်..."
"ဒါမှမဟုတ်လည်း အနားက ဖြတ်သွားတဲ့ သူရဲကောင်းတစ်ယောက်ယောက်များလား..."
ထိုစကားသံများကြားတွင် အထိန်းတော်ဖျင်က ရှေ့သို့တိုး၍ ချန်ရုံ့နားသို့ ကပ်သွားလိုက်သည်။ အထိန်းတော်ဖျင်၏မျက်နှာ၌ လက်ဝါးရာကရှိနေသေးသော်လည်း မျက်နှာကတော့ ရွှင်ပျစွာ ပြုံးနေရင်းက တီးတိုးပြောလိုက်သည်။
"မမလေး အဲဒါ ချီလန်လွှတ်လိုက်တဲ့ လူဆို သေချာတယ်...ချီလန်ကသာ မမလေးကို ဒီလိုမျိုး ကာကွယ်ပေးမှာ..."
ချန်ရုံက ဘာမှပြန်မဖြေလိုက်ချေ။
အထိန်းတော်ဖျင်သည် သူမ၏သခင်မလေးကို သိပြီးသားဖြစ်သောကြောင့် ချန်ရုံ၏မျက်နှာကို ဖတ်နိုင်ပြီးသားဖြစ်သည်။
"မမလေးလည်း ခုနက မမလေးကို ကာကွယ်ပေးခဲ့တာ ချီလန်လို့ပဲ ထင်တယ်မဟုတ်လား..."
သို့သော် ချန်ရုံ၏ခေါင်းပေါ်မှ ဆံထုံးကို လှမ်းကြည့်မိလိုက်သောအခါ အထိန်းတော်ဖျင်က အပြုံးက အေးခဲသွား၍ သက်ပြင်းတစ်ချက်ကို ခပ်ဖျော့ဖျော့ချလိုက်မိသည်။
ချန်ရုံနှင့် အစေခံများက ကျောင်းတော်တံခါးဝသို့ရောက်သောအခါ တစ်ဖက်လမ်းမှ ဂီတသံများ ကျယ်လောင်စွာတီးခတ်လာသော လူအုပ်က တောင်ဆီသို့ ရောက်လာကြပြီဖြစ်သည်။
ထိုအထက်တန်းလွှာများသည်လည်း တော်ဝင်မျိုးနွယ်များဖြစ်နေကြသည်။ ထိုထဲမှ အသက် ၃၀ ခန့်ရှိ၍ ပိန်သွယ်သောမျက်နှာ၊ ဖြူဖျော့သော အသားအရည်နှင့်လူက အဝေးမှနေ၍ ချန်ရုံ့အား ဦးညွှတ်လိုက်သည်။
"စစ်မားယန်က နှုတ်ခွန်းဆက်ပါတယ် နတ်ဆရာမ ဟုန်ယွင်ကျီ..."
ချန်ရုံက ပြန်၍ နှုတ်ဆက်လိုက်သောအခါ အသက် ၂၈ ၂၉ နှစ်ခန့်ရှိ၍ ဧကရာဇ်နှင့် ရုပ်ချင်းဆင်သော လူငယ်တစ်ဦးကလည်း ဦးညွှတ်လိုက်ပြန်သည်။
"ဒီက စစ်မားကျန်းကလည်း နှုတ်ဆက်ပါတယ် နတ်ဆရာမ ဟုန်ယွင်ကျီ..."
"ကျွန်မကသာ ဂုဏ်ယူရမှာပါ အရှင်တို့..."
ထိုလူများ၏ စူးရှသည့်အကြည့်များကို ရှောင်လွှဲရန် ချန်ရုံက မျက်လွှာချလိုက်သည်။ ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ထိုလူများနောက်မှ တီးတိုးပြောလိုက်သည်။
"သူ့ရဲ့အစေခံကို ရိုက်လိုက်လို့ အဲဒီနေရာမှာတင် အစေခံတစ်ယောက်ကို သတ်ပစ်လိုက်ပြီ..."
"သူ့ရဲ့ ဟုန်ယွင်ကျီဆိုတဲ့ တာအိုဘာသာနာမည်နဲ့တင် ဘာဖြစ်လို့လဲဆိုတာ သိနိုင်တယ်..."
"မြှားက ကြောက်ဖို့ကောင်းလိုက်တာ..."
"လူကြီးမင်းတို့မှားနေပြီ...ဝမ်အိမ်တော်က ချီလန်က တကယ်ကို ယဉ်ကျေးမှုနဲ့ ပြည့်ဝတဲ့လူပါ...သူ့လိုမျိုး မြင့်မြတ်တဲ့လူက လက်ကို သွေးစွန်းခံမှာမဟုတ်ဘူး...ဝမ်ချီလန်က သွေးကို မြင်ရုံနဲ့ မေ့လဲကျသွားမယ့်လူမျိုးလို့တောင် ကျွန်ုပ်ထင်မိတယ်..."
"ဟားဟား ခင်ဗျားပြောတာမှန်ပါတယ်..."
"မဟုတ်သေးဘူး မဟုတ်သေးဘူး...မောယန်နဲ့ နန်ယန်က တိုက်ပွဲတွေအကြောင်းကို မေ့သွားပြီလား..."
ထိုမဆုံးနိုင်တော့သော တီးတိုးပြောသံများက ချန်ရုံ၏နားထဲသို့ လွင့်ပျံလာသည်။
စစ်မားယန်က ခေါင်းကိုလှည့်၍ သူ၏လူများကို စူးဝါးစွာကြည့်လိုက်သောအခါမှပင် အသံများက ငြိမ်ကျသွားတော့သည်။
စစ်မားယန်သည် တစ်ဖက်သို့ပြန်လှည့်၍ ချန်ရုံ့နားသို့ လျှောက်လာကာ လည်ချောင်းကိုရှင်း၍ ပြောလိုက်သည်။
"မနက်ဖြန်ကျရင် အချိန်အားရှိပါ့မလား အရှင်မ...ကျွန်ုပ်ရဲ့မိခင်က တာအိုဘာသာကို ယုံကြည်သက်ဝင်ပြီး ရှီရှန်တောင်ကိုလည်း မကြာခဏ လာလေ့ရှိပါတယ်...ဧကရာဇ်မင်းမြတ်က ဒီကျောင်းတော်ရဲ့ နတ်ဆရာမရာထူးကို မင်းကို ပေးလိုက်တဲ့အတွက်လည်း အမေက ဝမ်းသာနေတယ်...ဧကရာဇ်မင်းမြတ်က အရမ်းကို ဉာဏ်ပညာကြီးမားပြီး မင်းနဲ့တွေ့ဖို့ကို အရမ်းစိတ်အားထက်သန်နေပါတယ်..."
စစ်မားယန်က ထိုသို့ပြောနေရင်း ချန်ရုံ၏မျက်နှာကို အကဲခတ်လိုက်သောအခါ ချန်ရုံက ပြုံးသည်ဆိုရုံလေးသာ ပြုံးလိုက်သောကြောင့် သဘောတူသည်လား မတူသည်လား မသိနိုင်ချေ။ စစ်မားယန်သည် ဦးညွှတ်လိုက်ပြန်၍ ခပ်နောက်နောက် ပြောလိုက်သည်။
"သဘောတူလိုက်ပါ အရှင်မရယ်...မင်းသာ အဖြေပြန်မပေးရင် ဒီည ငါ အိမ်ကို ပြန်နိုင်တော့မှာမဟုတ်ဘူး..."
ချန်ရုံက ဖြည်းညှင်းစွာပြုံးလိုက်သည်။ ထို့နောက် မျက်လွှာချကာ နူးညံ့စွာပြောလိုက်သည်။
"တောင်းပန်ပါတယ် အရှင်...ဒါပေမယ့် ကျွန်မ တရားထိုင်ဖို့အတွက် ဖန်ဆင်းရှင်တွေဆီကနေ ခွင့်တောင်းထားပြီးဖြစ်နေပါတယ်..."
ထိုသို့ပြော၍ ချန်ရုံက ခပ်နွမ်းနွမ်းလေးပြုံးပြလိုက်သည်။ ချန်ရုံသည် ဘဝနှစ်ခုစာ နေထိုင်ခဲ့ရပြီးဖြစ်သော်လည်း လူမှုဆက်ဆံရေးကတော့ တိုးတက်မလာသေးပင်။ ယခုလည်း မင်းသား၏တောင်းဆိုမှုကို မည်သို့ ပြန်ဖြေရမည်လဲ ချန်ရုံ တကယ်ပင် မသိတော့ပေ။