Chapter 179
ဝမ်ဟုန်အချိန်မှီရောက်ရှိလာခြင်း
ချန်ရုံ ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူများ၏အကြည့်များက ပြောင်းသွားကြသည်ကို ချန်ရုံသတိထားလိုက်မိသည်။ သူတို့သည် ချန်ရုံက စကားကို မည်သို့ပြောရမည်ကို မသိသောကြောင့် မကျေမနပ်ဖြစ်ကုန်သည့်အလား စိတ်တိုနေကြဟန်ပေါက်လေသည်။
သူတို့၏နောက်တွင် စစ်မားကျင်းဟုခေါ်သောမင်းသားက အသံပိုမြှင့်၍ ပြောလိုက်သည်။
"နတ်ဆရာမက ဖန်ဆင်းရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ တရားထိုင်တော့မယ်ဆိုတော့ ဒီလိုလောကီရေးရာတွေနဲ့ မသက်ဆိုင်တော့ဘူးထင်ပါတယ်...အစ်ကို ၁၂...အဒေါ်ရဲ့ ရိုးသားပွင့်လင်းမှုတွေက နေရာမှားကို ရောက်ကုန်ကြပြီ..."
ထိုသို့ပြောပြီးသောအခါ စစ်မားကျင်းသည် တဟားဟားအော်ရယ်နေတော့သည်။
စစ်မားယန်၏လူများကတော့ မကျေနပ်သည့်ပုံပေါက်နေကြသည်။
သို့သော် စစ်မားယန်ကတော့ ပြုံးနေဆဲပင်ဖြစ်သည်။ သူသည် တကယ်ပင် ရင်ထဲမှလာသည့်အသံဖြင့်ပြောလိုက်သည်။
"နှလုံးသားမဲ့လိုက်တာ အရှင်မရယ်...အခုတော့ ငါ အိမ်ပြန်လို့မရတော့ဘူးပေါ့..."
ချန်ရုံက နှုတ်ခမ်းကိုကိုက်၍ စဉ်းစားလိုက်သည်။
ငါ သူ့ကို ဆက်ငြင်းနေမယ်ဆိုရင် ငါ့အတွက်လည်း အဆင်မပြေတာတွေ ဖြစ်လာနိုင်တယ်...
"အရှင်မင်းသား..."
ချန်ရုံက အရိုအသေပေးလိုက်သည်။
"အရှင့်ရဲ့ ဂရုစိုက်မှုတွေကို ကျွန်မ ဘယ်လိုများ ငြင်းဆန်နိုင်မှာပါလဲ..."
စစ်မားယန်၏ဖိတ်ခေါ်မှုကို လက်ခံပြီးသောအခါ ချန်ရုံက စစ်မားကျင်းအား တစ်ဖန် အရိုအသေပေး၍ ပြုံးလိုက်သည်။
"အရှင်မင်းသားကိုလည်း ကျွန်မရဲ့ နိမ့်ပါးလှတဲ့ ကျောင်းတော်ကနေ မြန်မြန်မကြိုဆိုမိလို့ ရိုင်းစိုင်းသွားမိပါတယ်...ကျေးဇူးပြု၍ အထဲကို ကြွပါ..."
"မင်းရှေ့က သွားပါ နတ်ဆရာမ..."
ချန်ရုံက သူတို့နှစ်ယောက်အား ကျောင်းတော်ထဲသို့ ခေါ်ပြီးချိန်မှာပင် တောင်ခြေမှ ဗုံသံများထွက်ပေါ်လာပြန်သည်။
ထိုအဖွဲ့မှာ ခြောက်ဖွဲ့မြောက်လာသူများ ဖြစ်ကြလေသည်။
ယနေ့သည် ချန်ရုံ့အတွက် အလွန်အလုပ်ရှုပ်သည့်နေ့ဖြစ်သွားသည်။ အချိန်တိုလေးအတွင်းမှာပင် အထက်တန်းလွှာ၆ဦးက ချန်ရုံ့ဆီသို့ ရောက်လာခဲ့ကြသည်။ အစကတော့ ချန်ရုံသည် မည်သူက သူမ အား မျက်ခြေမပြတ်စောင့်ကြည့်နေ၍ မည်သူကတော့ သူမ အနားမှမခွာချင်သူများဖြစ်သည်ကို အကဲခတ်မည်ဟု စဉ်းစားထားခဲ့သော်လည်း ရောက်လာသူတိုင်းက အချိန်များခြား၍ ရောက်လာကြသည့်အပြင် တစ်ယောက်ပြီးတစ်ယောက်ကလည်း ပိုပို၍ ချန်ရုံ့ကို မလိုမုန်းတီးမှုများ များလာသည်။ ထိုလူများအား ချန်ရုံ မည်ကဲ့သို့ မိတ်ဆွေနှင့် ရန်သူ ခွဲနိုင်တော့ပါမည်နည်း။
ရှီရှန်တောင်၏ နေဝင်ချိန်..
လူသံများက တဖြည်းဖြည်းပျောက်ကွယ်သွားချိန်တွင် ငှက်များက လေပေါ်၌ ပျံဝဲနေကြသည်။
နောက်ဆုံးထွက်ခွာသွားသော ရထားလုံးများကိုကြည့်၍ အထိန်းတော်ဖျင်က ချန်ရုံ့နားသို့ လာရပ်ကာ တီးတိုးပြောလိုက်သည်။
"ဒီနေ့ကတော့ တော်တော်ကို ထူးဆန်းတဲ့နေ့ပဲ မမလေး..."
တကယ်ကိုပင် ထူးဆန်းပွေလီသည့်နေ့ပါပေ။
ချန်ရုံက ခပ်နွမ်းနွမ်းလေးပြုံးလိုက်ချိန်တွင် အထိန်းတော်ဖျင်က စိတ်ပူစွာမေးလိုက်သည်။
"မမလေး မနက်ဖြန် မင်းသားယင်း ရဲ့ အိမ်ကို သွားမှာပါလား..."
မင်းသားယင်းဆိုသည်မှာ သူ့မိခင်ကိုယ်စား ချန်ရုံ့ကို လာဖိတ်ကြားသွားသော စစ်မားယန် ဖြစ်လေသည်။
ချန်ရုံက မျက်မှောင်ကျုံ့၍ ခေါင်းငြှိမ့်လိုက်သည်။
"ကျွန်မ သွားရလိမ့်မယ်..."
ထို့နောက် ချန်ရုံက အထိန်းတော်ဖျင်ဘက်သို့ ရုတ်တရက် လှည့်လိုက်သည်။
"အထိန်းတော်...ကျွန်မကို ကိုယ့်အိမ်မှာကိုယ် ကျင့်ကြံခွင့်ပေးဖို့ ဧကရာဇ်မင်းမြတ်ကို ခွင့်တောင်းသင့်တယ် ထင်လား..."
အထိန်းတော်ဖျင်က မည်သို့ပြန်ဖြေရမည်ကို စဉ်းစားနေချိန်မှာပဲ ချန်ရုံက ခေါင်းကိုခါ၍ သူမဘာသာ တီးတိုးပြောလိုက်သည်။
"ဟင့်အင်း မဖြစ်သေးဘူး...အိမ်မှာဆိုရင်လည်း အဲဒီလူတွေက ကျွန်မကို ဒုက္ခပေးချင်တယ်ဆိုရင် ကျွန်မ ငြင်းပယ်နိုင်မှာမဟုတ်ဘူး..."
ချန်ရုံက ကောင်းကင်သို့မော့ကြည့်လိုက်သည်။ ချန်ရုံသည် သတိလက်လွတ်ဖြင့် ငေးမောနေမိစဉ်မှာပင် တောင်၏အနောက်ဘက်ခြမ်းမှ သီချင်းဆိုသံတစ်ခုကို ကြားလိုက်ရတော့သည်။
"မင်း ချမ်းသာတာပဲဖြစ်စေ...ဆင်းရဲတာပဲဖြစ်စေ...မင်း မှန်နေတာပဲဖြစ်စေ...မှားနေတာပဲဖြစ်စေ...ဘုရင်ပဲဖြစ်စေ သူရဲကောင်းပဲဖြစ်စေ ဘယ်သူကမှ သေခြင်းတရားက မလွတ်မြောက်နိုင်ကြဘူး...ပိုးစာပင်လယ်ကွင်းတွေဟာ မကြာမီမှာ အပြာရောင်ပင်လယ်အဖြစ်သို့ ကူးပြောင်းကြတော့မယ်...ဝမ်တွေနဲ့ ရှဲ့တွေမှာတော့ သနားညှာတာခြင်းကလွဲလို့ တခြား ဘာမှမရှိတော့..."
ထိုသီချင်းသံက တိုက်ခတ်နေသောလေနှင့်ညငှက်များ၏အော်မြည်သံများကြားမှ ချန်ရုံ့ထံသို့ပျံ့လွင့်လာသည်။ ရှီရှန်တောင်၏နေဝင်ချိန်တွင် ထိုသီချင်းသံကြောင့် ပတ်ဝန်းကျင်က ပို၍ အထီးကျန်ဆန်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ချန်ရုံက နားထောင်၍ တိုးတိုးလေး လိုက်ဆိုလိုက်မိသည်။
"ဝမ်တွေနဲ့ ရှဲ့တွေမှာတော့ သနားညှာတာခြင်းကလွဲလို့ တခြား ဘာမှမရှိတော့ တဲ့လား..."
ချန်ရုံသည် တစ်ဖက်သို့လှည့်လိုက်၍ အထိန်းတော်ဖျင်အား ဗလာမျက်လုံးများဖြင့် အတန်ကြာစိုက်ကြည့်နေပြီးမှ အော်ရယ်လိုက်သည်။
"ကျွန်မလိုချင်တဲ့ ငြိမ်းချမ်းတဲ့ဘဝက အမြဲတမ်း ကျွန်မလက်လှမ်းမမှီနိုင်တဲ့နေရာမှာပဲရှိနေမယ်လို့ ပြောနေတာလား..."
ထိုအချိန်၌ သီချင်းဆိုသံက အဝေးသို့ ရောက်သွားပြီဖြစ်သည်။
ချန်ရုံက သီချင်းလာရာဘက်သို့ လှမ်းကြည့်၍ မျက်မှောင်ကျုံ့ကာပြောလိုက်သည်။
"သီချင်းက ထူးဆန်းလိုက်တာ...အဲဒီလို စာသားမျိုး ကျွန်မ တစ်ခါမှမကြားဖူးဘူး..."
တကယ်တော့ ချန်ရုံကြားဖူးပါသည်။ သို့သော် ထိုစာသားများကို ချန်ရုံ့၏ပါးစပ်မှ ကိုယ်တိုင်သီဆိုခဲ့သည်ဖြစ်၍ ဝမ်ဟုန်တစ်ဦးတည်းကသာ ထိုစာသားများကို လိုက်ဆိုခဲ့ဖူးသည်။ ထို့ကြောင့် ဤကဲ့သို့အချိန်မျိုးတွင် ထိုစာသားကို ကျန့်ခန်းလိုနေရာမျိုး၌ ကြားရလိမ့်မည်ဟု ချန်ရုံ မထင်ထားခဲ့မိချေ။
ချန်ရုံတစ်ယောက် အတွေးများနေချိန်တွင် အထိန်းတော်ဖျင်က ဘာဖြစ်နေမှန်း သိလိုစိတ်ဖြင့် အနား၌ရပ်နေသော်လည်း ဘယ်ကနေစပြောရမှန်း မသိဖြစ်နေသည်။
တစ်ရက်တာ ကုန်ဆုံးသွားတော့သည်။
နောက်တစ်နေ့မနက်စောစော၌ မင်းသားယင်း၏အိမ်မှ အစေခံများက ကျောင်းတော်အပြင်သို့ရောက်လာကြတော့သည်။
ချန်ရုံက သူမနှင့်အတူ အစေခံ ငါးဦးခန့်ခေါ်၍ မြင်းဆွဲသော ရထားလုံးပေါ်သို့ တက်လိုက်သည်။
ရထားလုံး၏ကျယ်ဝန်းသော ကြမ်းခင်းပေါ်၌ ထူထဲသော ကျားမွှေးကော်ဇော်ကိုခင်းထားသည်။ ချန်ရုံက ထိုင်ပြီး၍ ဘယ်ညာကြည့်လိုက်သောအခါ အမွှေးနံ့သာမီးဖိုတစ်ခုကိုတွေ့လိုက်ရသည်။ မွှေးကြိုင်သော ရနံ့သင်းသင်းလေးကြောင့် ချန်ရုံမေးလိုက်မိသည်။
"ဒါ ဘာအနံ့လဲ..."
ချန်ရုံ့နောက်တွင် အိမ်စေနှစ်ဦးက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီးမှ မျက်နှာပေါ်မှ အပြုံးကို အင်္ကျီလက်ဖြင့်ကာ၍ ပြန်ဖြေလိုက်သည်။
"ဪ ဒီအနံ့လား...အဲ့ဒါ အမည်းရောင်နံ့သာ ပါ သခင်မလေး..."
ချန်ရုံကလည်း အမွှေးရနံ့များကို ကျွမ်းကျင်သူမဟုတ်သောကြောင့် ခေါင်းကိုသာငြိမ့်၍ ဆက်စဉ်းစားမနေတော့ချေ။
ရထားလုံးက မြို့ထဲသို့ ဝင်လာသည်။
ကျန့်ခန်းသည် ချန်ရုံ နောက်ဆုံးမြင်ခဲ့ရသည့်အတိုင်းပင် လူများထူထပ်၍ စည်ကားနေဆဲဖြစ်သည်။ ကောင်းမွန်စွာဝတ်စားထားသော အထက်တန်းလွှာတစ်ဦးက မြင်းစီး၍ ဖြတ်သွားတိုင်း မွှေးရနံ့များက သင်းပျံ့ကျန်ရစ်ခဲ့သည်။
ချန်ရုံသည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်၍ အတွေးများထဲနစ်မြုပ်နေမျသည်။ ချန်ရုံသည် မလှုပ်မယှက်နှင့် ကြာမြင့်စွာ ထိုင်နေမိသောကြောင့် ခေါင်းများပင် မူးလာကာ အနည်းငယ်သက်သာစေရန် လိုက်ကာများကို မလိုက်ရသည်။
ချန်ရုံသတိမထားမိခင်မှာပင် အသံတစ်သံက ချန်ရုံ့အား လှမ်းပြောလိုက်သည်။
"ရောက်ပါပြီ အရှင်မ...ကျေးဇူးပြု၍ အောက်ကိုဆင်းခဲ့ပါ..."
ရထားလုံးလိုက်ကာများက ပွင့်သွား၍ အစေခံနှစ်ဦးက ချန်ရုံ အောက်သို့ ဆင်းနိုင်ရန် ကူညီပေးလိုက်ကြသည်။
သူတို့သည် အိမ်တော်ထဲသို့ ရောက်နေကြပြီဖြစ်သည်။ စိမ်းစိုသော သစ်ပင်ပန်းမန်များကြား၌ အဆောင်များစွာ စီတန်းလျက်ရှိကာ ကျောက်တုံးများ၊ ဝေ့ဝဲကျနေသော မိုးမခပင်များနှင့် သာသာယာယာရှိလှသည်။
ချန်ရုံက လှည့်ပတ်ကြည့်ရင်းတွေးလိုက်မိသည်။
ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်တဲ့ အိမ်တော်ကြီးလဲ...လမ်းပြမယ့်လူသာမရှိရင် ခြံတံခါးကိုရှာနေတာနဲ့တင် တစ်နေ့ အချိန်ကုန်သွားနိုင်တယ်...
ရထားလုံးပေါ်က ဆင်းဆင်းချင်း လှည့်ပတ်ကြည့်နေသော ချန်ရုံ့အားမြင်သောအခါ အသက် ၃၀ ခန့်ရှိသော အိမ်စေတစ်ဦးက ချန်ရုံ့နားသို့လာ၍ ယဉ်ကျေးစွာပြုံးကာပြောလိုက်သညိ။
"ဒီဘက်ကိုလာပါ အရှင်မ..."
"ဟုတ်ကဲ့..."
ချန်ရုံတို့သည် ကျောက်တုံးခင်းသောလမ်းပေါ်မှတစ်ဆင့် မြောက်ဘက်သို့ လျှောက်လာကြသည်။
ပို၍ ဝေးဝေးသွားလေ၊ ရှုခင်းများက ပို၍ သာယာလှပလာလေဖြစ်သည်။ ချန်ရုံက ကြည့်နေရင်းနှင့် မေးလိုက်သည်။
"သခင်မကြီးကို ကျွန်မ ဘယ်လိုခေါ်ရပါမလဲ..."
အစေခံက ချန်ရုံ့အား သေချာအကဲခတ်နေလေသည်။ ချန်ရုံ၏မေးခွန်းကိုကြားသောအခါ အစေခံက ပြုံး၍ ပြန်ဖြေလိုက်သည်။
"အရှင်မ မသိသေးဘူးထင်တယ်...ဒီနေ့ အရှင်မ တွေ့ရမှာက ကျွန်မတို့မင်းသားရဲ့ မွေးမိခင်ပါ...သူ့ကို မင်းသမီးကြီးလို့ ခေါ်ရင်ရပါပြီ..."
မင်းသား၏ မွေးမိခင်...
ဒါဆိုရင် ဘာရာထူးဘွဲ့မှမရှိတဲ့ နိမ့်ကျတဲ့ အမျိုးသမီးတစ်ဦးပဲပေါ့...
ချန်ရုံက တွေးလိုက်သည်။
ကျောက်တုံးလမ်းအဆုံး၌ ကြီးမားသောရေအိုင်ကြီးတစ်ခုရှိသည် ထိုအိုင်ကြီးပေါ်၌ တံတားတစ်ခုကို ဆောက်လုပ်ထားကာ တစ်ဖက်ကမ်းရှိအလွန်လှပခမ်းနားသော အဆောင်တစ်ခုနှင့် ဆက်သွယ်ထားသည်။
"ဒီကိုလာပါ အရှင်မ..."
ချန်ရုံက ခေါင်းငြှိမ့်၍ အထဲသို့ဝင်လိုက်သည်။
အဆောင်သည် သစ်သားဖြင့် ဆောက်လုပ်ထား၍ ပတ်ပတ်လည်၌ ပန်းပုရုပ်များ၊ တလှလှလွင့်နေသည့် ခန်းစီးများနှင့် သင်းပျံ့သော မွှေးရနံ့လေးတစ်ခုရှိနေသည်။
ဤအဆောင်နှင့်ပတ်သတ်သမျှ အရာအားလုံးသည် အလွန်ပင် ခမ်းနားထည်ဝါနေသည်။ ဤနေရာသည် ဘာသာတရားကိုင်းရှိုင်းသော အမယ်အိုတစ်ဦး နေထိုင်သည့်နေရာနှငိ့ လုံးဝမတူချေ။
ထိုသို့တွေးလိုက်မိ၍ ချန်ရုံက ပြုံးကာပြောလိုက်သည်။
"မင်းသမီးကြီးရဲ့အခန်းက ဘယ်မှာပါလဲ..."
"အရှေ့ ခြေလှမ်း ၃၀ လောက်မှာပါ..."
ချန်ရုံက ခေါင်းငြှိမ့်၍ ဘေးဘီသို့ ဆက်ကြည့်နေလိုက်သည်။
အစေခံက မော့ကြည့်လိုက်သောအခါ ဧည့်သည်က အနည်းငယ်စိတ်မသက်မသာဖြစ်နေသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း အစေခံက ပြုံးရုံသာပြုံး၍ ဘာမှဆက်မရှင်းပြတော့ပဲ အရှိန်ကိုမြှင့်၍ ဆက်လျှောက်သွားလိုက်သည်။
ကွေ့ကောက်သော ခန်းမကို ဖြတ်ပြီးသောအခါ အလွန်တရာခမ်းနားလှသော အတွင်းခန်းများက ချန်ရုံ၏မျက်စိရှေ့၌ပေါ်လာတော့သည်။
"ဒီဘက်ကိုလာပါ အရှင်မ..."
ချန်ရုံက ဆက်မသွားပဲ ရပ်လိုက်သည်။
ချန်ရုံသည် အဘယ်ကြောင့် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားနေရမှန်း အခုမှပင် သတိပြုမိသွားတော့သည်။ မင်းသမီးကြီး၏အဆောင်သည် ထူးဆန်းစွာပင် အစေခံများ၊ အသံများမရှိပဲ အလွန်ရှင်းလင်းတိတ်ဆိတ်နေသည်။ မွှေးပျံ့နေသည့်ရနံ့ကလည်း အမယ်အိုတစ်ယောက်အတွက် အလွန် ပြင်းလွန်းနေသည်။
ထိုအခြင်းအရာများကို အစောကြီးတည်းက ချန်ရုံ သတိထားခဲ့မိသင့်သည်။ သို့သော် ချန်ရုံသည် ဘဝနှစ်ခုလုံး၌ ဤမျှကြီးကျယ်ခမ်းနားသော အဆောင်တော်ကြီး၌ မနေဖူးခဲ့ချေ။ ရန်မင်း၏ဇနီးဖြစ်စဉ်ကလည်း ရန်မင်းသည် ဤကဲ့သို့ အပိုပစ္စည်းများကို မကြိုက်သောကြောင့် အစေခံများကို များများစားစားမထားခဲ့ပေ။ ရန်မင်း၏အိမ်တော်၌ ရှိသည်မှာ အစောင့်များနှင့် အမျိုးသားအစေခံများသာဖြစ်သည်။
ပို၍အရေးကြီးသည်က ယနေ့တွင် ချန်ရုံသည် ခေါင်းက တရိပ်ရိပ်မူးနေ၍ အပြုအမူများက အနည်းငယ်နှေးကွေးနေသည်။
ချန်ရုံ လမ်းလျှောက်သည်ကို ရပ်လိုက်ပြီသောအခါ ပြုံး၍ပြောလိုက်သည်။
"မင်းသမီးကြီးမှ အစေခံတွေမရှိဘူးလား...ဘာဖြစ်လို့ အိမ်တော်က အရမ်းတိတ်ဆိတ်နေတာပါလဲ..."
ချန်ရုံ၏မေးခွန်းကို မည်သူကမှ ပြန်မဖြေချေ။
ချန်ရုံက ရုတ်တရက် အနောက်သို့ လှည့်လိုက်သည်။
အစေခံများသည် ခေါင်းများငုံ့၍ အနောက်သို့ ဖြည်းဖြည်းချင်းဆုတ်ကာ အပြင်သို့ရောက်သွားသောအခါ တံခါးများကို ပိတ်သွားကြတော့သည်။
ချန်ရုံ၏မျက်နှာထား ပြောင်းလဲသွားချိန်တွင် အရှေ့ဘက်အခန်းထောင့်မှ ရယ်သံတစ်ခုထွက်ပေါ်လာလေသည်။
"မင်းက တော်တော်လေးလည်း ဉာဏ်ထက်တာပဲ မိန်းမလှလေးရဲ့..."
ရယ်သံကြားတွင် ကောင်းမွန်သေသပ်စွာဝတ်ဆင်ထားသော လူတစ်ဦးက လိုက်ကာများ၏နောက်မှ ထွက်လာသည်။
ထိုလူသည် အသက် ၂၆ ၂၇ နှစ်ခန့်ရှိမည်ဖြစ်၍ ယဉ်ကျေးသိမ်မွေ့သောကိုယ်ဟန်အမူအယာနှင့် လင်းယုန်ကဲ့သို့သော နှာခေါင်းကိုပိုင်ဆိုင်ထားသည်။ ထိုလူ၏ရုပ်ရည်သည် စစ်မားယန်၊ စစ်မားကျင်းနှင့် ဧကရာဇ်တို့နှင့် အလွန်ဆင်လေသည်။
ချန်ရုံက ထိုလူအားမြင်သောအခါ ချက်ချင်းပင် အနောက်သို့ ဆုတ်လိုက်မိသည်။ ထိုလူအား သေချာကြည့်ရင်း ချန်ရုံ့အား ခေါ်မည်ကို စောင့်နေမိသည်။
သို့သော် ထိုလူသည် ချန်ရုံ့ကို တစ်ချက်မျှသာကြည့်၍ အကြည့်လွှဲသွားသည်။ ထို့နောက် ခန်းမ၏အရှေ့ဘက်သို့ လျှောက်သွား၍ ရပ်ကာ အစေခံများက ထိုင်စရာနေရာကိုပြင်ပေး၍ အမွှေးနံ့သာတိုင်များ ထွန်းညှိနေသည်ကို စောင့်နေလေသည်။
ချန်ရုံက ထိုလူ၏ အမူအယာများကို ခန့်မှန်းနေဆဲမှာပင် ထိုလူက ထိုင်လိုက်၍ လက်ခုပ်တစ်ချက်တီးလိုက်သည်။
တိတ်ဆိတ်နေသော အခန်းသည် ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ လှပသော သဏ္ဍာန်လေး ၁၂ ယောက်ခန့်က လိုက်ကာများနောက်မှ ကခုန်ကာထွက်လာကြသည်။ တစ်ချိန်တည်းမှာပင် ကျူရိုးပုလွေမှုတ်သံက တစ်စထက်တစ်စ ပို၍ ကျယ်လောင်လာသည်။
အခန်းထဲမှ မွှေးရနံ့ကလည်း ပို၍ ပြင်းရှလာသည်။
ချန်ရုံသည် ထိုလူများကိုကြည့်၍ မျက်မှောင်ကျုံ့လိုက်သည်။
အမျိုးသမီးတစ်ဦးစီတိုင်းသည် နွေဦးပန်းပွင့်လေးကဲ့သို့ လှပ၍ မျက်လုံးများကလည်း ဆောင်းဦးရာသီ၏ရေကန်ကဲ့သို့ ကြည်လင်နက်ရှိုင်းကာ ခန္ဓာကိုယ်များကလည်း ဆွဲဆောင်မှုအပြည့်ရှိကြသည်။ ပို၍ ထူးဆန်းသည်က ထိုမိန်းမပျိုများအားလုံးသည် အလွန်ပါးလွှာသော ပိုးချည်ထည်လေးတစ်လွှာကိုသာ ဝတ်ဆင်ထားသောကြောင့် သူတို့၏ ဖွံ့ထွားသောရင်သားများက အတိုင်းသားနီးပါး ပေါ်နေကြသည်။
ချန်ရုံက အလျင်အမြန်ပင် တစ်ဖက်သို့ လှည့်လိုက်သည်။
ချန်ရုံသည် ယခုမှပင် အထိန်းတော်ဖျင်နှင့် အခြားအစေခံများလည်း သူမ နား၌မရှိတော့၍ သူမကို ဦးဆောင်ခေါ်လာသော အစေခံများကလည်း ပျောက်ကွယ်ကုန်ကြပြီကို သတိထားလိုက်မိသည်။ ချန်ရုံသည် ပိတ်ထားသော တံခါးများ၊ ပြတင်းပေါက်များနှင့် ဝိုင်းရံထားခြင်းကိုသာခံနေရ၍ အမွှေးနံ့ကလည်း ပို၍ စူးဝါးလာသည်။
ချန်ရုံ၏မျက်နှာက အေးစက်ဖြူလျော်သွားသည်။
ချန်ရုံသည် ဘာမှမပြောပဲ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
"မင်းက အပျိုစစ်ရင်စစ်နေပါလိမ့်မယ် အလှလေး...ဒါပေမယ့် အမည်းရောင်နံ့သာကိုတော့ မင်းတွန်းလှန်နိုင်ပါ့မလား..."
ထိုလူက ရယ်လိုက်သည်။
"ဒါမှမဟုတ် ဒီအမွှေးနံ့က သိပ်အစွမ်းမထက်လို့များလား...မင်း ဒီအနံ့ကိုရှူနေတာ အချိန်အတော်ကြာနေပြီကို အခုထိ အားတွေရှိနေတုန်းပဲ...ကျွတ် ကျွတ်...ဘယ်လိုတောင် ကြောက်စိတ်ကင်းတဲ့ သူရဲကောင်းမလေးပါလိမ့်..."
ချန်ရုံက တံခါးဆီသို့ပြေးသွားလိုက်သော်လည်း မျက်နှာတည်တည်နှင့် အိမ်စေ ၄ ယောက်တို့က ချန်ရုံ့နောက်မှပေါ်လာ၍ ပြန်ဆွဲခေါ်လိုက်ကြသည်။
အမျိုးသားက လက်ခုပ်တီးကာပြောလိုက်ပြန်သည်။
"မကြောက်ပါနဲ့...ဒီလို နိဗ္ဗာန်ဘုံကနေ ဘာဖြစ်လို့ ထွက်ပြေးချင်နေရတာလဲ နတ်ဆရာမလေး ဟုန်ယွင်ကျီရဲ့..."
ချန်ရုံ၏နာမည်နေရာသို့ရောက်သောအခါ ထိုလူက အံကိုကြိတ်၍ နာမည်တစ်လုံးချင်းစီကို ပြောလိုက်သည်။
ချန်ရုံက အားကုန်သုံး၍ တံခါးကို ဆွဲလိုက်သည်။
သို့သော်လည်း ဘာမှမထူးပါ။ ချန်ရုံ မည်မျှပင် ကြိုးစား ကြိုးစား တံခါးက တုတ်တုတ်မျှ မလှုပ်ပေ။ တံခါးသည် ထိုက်ရှန်းတောင်ကဲ့သို့ မလှုပ်မရှားဖြစ်နေသည်။
ချန်ရုံသတိမထားမိခင်မှာပင် ချန်ရုံ၏လည်ပင်း၌ ချွေးစေးများ ပျံလာတော့သည်။
ချန်ရုံ၏နောက်မှ ခြေသံအချို့ကြားလိုက်ရ၍ မကြာခင်မှာပင် ရေခဲကဲ့သို့အေးစက်သော လက်တစ်ဖက်က ချန်ရုံ၏ လည်ပင်းကို ပွတ်သပ်လိုက်သည်။
"မင်းရဲ့ အသားအရည်က အရမ်းလှတာပဲ နတ်ဆရာမလေး..."
ထိုလူက ချန်ရုံ၏လည်ပင်းပေါ်သို့ လေကိုမှုတ်ထုတ်လိုက်၍ ချန်ရုံ၏ဝတ်ရုံအတွင်းသို့ လက်ချောင်းများကို ထိုးသွင်းကာ ပြောလိုက်သည်။
"အရမ်းကို နူးညံ့ပြီး မွှေးကြိုင်နေတာပဲ...ဒါပေမယ့် မင်းက အခုအချိန်အထိ အပျိုစင် စစ်စစ်ဖြစ်နေတုန်းပဲလားဆိုတာကိုတော့ ငါ သံသယဝင်မိတယ်..."
ထိုစကားများကိုပြောနေချိန်တွင် အခန်းတွင်းမှ အမွှေးနံ့က အလွန် ထူထပ်သိပ်သည်းလာသောကြောင့် ချန်ရုံသည် အသက်ပင်ရှူမရဖြစ်နေတော့သည်။ အမျိုးသမီးများထံမှ ရနံ့များနှင့် အဝတ်အစားများ၌စွဲနေသော အမည်းရောင်နံ့သာနံ့များက ချန်ရုံ၏နှာခေါင်းထဲသို့ တိုးဝင်လာကြသည်။
ချန်ရုံ၏လက်များသည် လေးလံသောတံခါးကို ဆွဲဖွင့်နေရင်းက အားပျော့လာကြသည်။ သူမ၏အင်အားများသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားကြကာ တစ်ကိုယ်လုံး ပျော့ခွေသွားကြသည်ကို ခံစားလိုက်ရမိသည်။