Chapter : 26 ( မီး မိန်းကလေး [1] )
Viewers 3k

Chapter : 26 ( မီး မိန်းကလေး [1] )


ဤလူနှစ်ယောက် ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ရှာတွေ့ပြီး ထိုင်လိုက်ကြသည်။ ဟိုင်ရိသည် လျိုကျယ်အတွက် ကုလားထိုင်ကို အမျိုးသားဆန်ဆန် ဆွဲပေးပြီးမှ သူပါဝင်ထိုင်လိုက်၏။

( TN : ဒီကျယ်ကျဲနာမည်က လျိုကျယ်ပါနော် အရှေ့ပိုင်းတွေမှာ လျိုကျဲလို့ သုံးထားတာတွေကို ပြန်ပြင်ပေးသွားပါ့မယ်ရှင် )

လျိုကျယ်က ပြောလိုက်သည်။

"မေ့မေ့၊ နင်သာ ဂေးမဟုတ်ဘူးဆိုရင် တကယ်ပဲ ငါ့အကြိုက်ဖြစ်မှာ"

ဟိုင်ရိ ရယ်လိုက်၏။ သူ့ဖုန်းပေါ်တွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။ ရှန့်ချန့်ယန်က BBQ စားပွဲနှင့် အသီးဗန်းနှစ်ဗန်းပါသော ဓာတ်ပုံတစ်ပုံ ပို့ထားခြင်းဖြစ်ပြီး၊ သူတို့ရောက်နေကြပြီဟု ထင်ရ၏။

ဟိုင်ရိ ခံစားရသည်မှာ ထိုကလေးနှစ်ယောက်သည် ဆိုင်ကယ်အား သေဘေးကို ရှာသကဲ့သို့ စီးနေကြခြင်းပင်။ လမ်းတွင် တစ်စုံတစ်ဦးကို တိုက်မိမည်ကို စိုးရိမ်သောကြောင့် သူတို့ ဘေးကင်းလုံခြုံစွာ ရောက်သွားမှသာ ဟိုင်ရိ စိတ်အေးလက်အေး နေနိုင်တော့မည်။

သူသည် ဆိုင်မှ စားပွဲထိုးများကို လက်ညှိုးထိုးပြရင်း လျိုကျယ်ကို မေးလိုက်သည်။

"အဲဒီလူတွေက ဘာလဲ"

လျိုကျယ်က သူမ၏ အဝတ်အစားကို ထိုင်ခုံနောက်ကျောပေါ် လွှားတင်လိုက်ပြီး ‌ပြန်မေးလိုက်၏။

"ကျန်ရစ်သူတွေကို‌ ပြောတာလား"

ဟိုင်ရိ : "ကျန်ရစ်သူတွေလား"

လျိုကျယ် : "ပြန်မသွားချင်ပေမယ့် သေလည်း မသေချင်တဲ့သူတွေပေါ့"

"သူတို့က ဒီမှာနေရတာက တကယ့်ကမ္ဘာမှာနေရတာထက် ပိုကောင်းတယ်လို့ ခံစားရလို့ ဒီမှာပဲနေပြီး အခြေချဖို့ ဆုံးဖြတ်လိုက်ကြတာ"

ဟိုင်ရိ : "မင်းတို့ အဲဒါမျိုးတောင် လုပ်လို့ရလား"

လျိုကျယ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

"ဟုတ်တယ်၊ ဒီမှာ ထူးဆန်းတဲ့လူတွေ အများကြီးပဲ"

လျိုကျယ်သည် မီနူးကို လက်ညှိုးထိုးပြရင်း

"ဒီနေရာမှာတော့ ဆိုင်ဖွင့်တာကနေ ပိုက်ဆံရှာလို့မရဘူး၊ အမှတ်ဆယ်ဂဏန်းလောက်ပဲ ရပြီး ဗိုက်ပြည့်ရုံပဲ၊ ပြောစရာတောင် သိပ်များများစားစားမရှိဘူး၊ ဒါ့အပြင် မင်းက အခန်းငှားခတောင် ပေးရသေးတယ်၊ လူအများစုကတော့ သူတို့ အသက်ရှင်နေတဲ့ ခံစားချက်ကို ရှာချင်လို့ လုပ်ကြတာ၊ ဒီကိုရောက်ပြီးတဲ့နောက် လူအများစုက သေဖို့ မလိုချင်တော့ဘူး၊ တိုက်ရိုက်ပြန်သွားလို့ရသလို အမှတ်များတဲ့သူတွေကတော့ ဒီမှာနောက်ထပ် နှစ်နည်းနည်းလောက် နေကြည့်လို့ရတယ်"

ဟိုင်ရိ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အခန်းထဲတွင်ရှိသော ဖောက်သည်များနှင့် စားပွဲထိုးများစွာ၏ မျက်နှာများတွင် သူတို့တစ်ဦးချင်းစီ၏ ဇာတ်လမ်းများ ထင်ဟပ်နေသော်လည်း သူတို့၏ မျက်နှာအမူအရာများတွင် နက်ရှိုင်းသော ငြိမ်သက်ခြင်းတစ်ခု ရှိနေ၏။

ဒီကိုရောက်ပြီးတဲ့နောက် ဟိုင်ရိတွင် ကြောက်ရွံ့ထိတ်လန့်ခြင်းများ မဖြစ်တော့ပေ။ သူ၏ စိုးရိမ်စိတ်နှင့် အိပ်မပျော်ခြင်းများ ပျောက်ကွယ်သွားပြီး၊ သူ၏ အစာစားချင်စိတ်ပင် ပြန်လာခဲ့သည်။

မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ ဤနေရာသည် ကမ္ဘာအစစ်ထက် အများကြီး ပိုကောင်း၏။ သူလုပ်ရမည့်အရာမှာ ကြောက်စရာကောင်းသော အလုပ်အချို့တွင် ပါဝင်ရန်သာဖြစ်ပြီး၊ ၎င်းသည် ကမ္ဘာအစစ်တွင် နေထိုင်ရသည်နှင့် နှိုင်းယှဉ်ပါက ခက်ခဲသော တောင်းဆိုမှုတစ်ခု မဟုတ်ခဲ့ပေ။

လျိုကျယ် : "မေ့မေ့၊ နင်ဘာလို့ ဒီကိုလာတာလဲ"

"စိတ်ကျရောဂါထင်တယ်"

ဟိုင်ရိ မသေချာပေ။

"ငါ အလုပ်တစ်ခုကို မပြီးခဲ့ဘူး၊ ဒါကြောင့် အိမ်ပြန်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ"

လျိုကျယ်သည် သူမ၏ လီမွန်အအေးဖန်ခွက်ကို မြှောက်လိုက်ရင်း ပြောလိုက်၏။

"ငါကောပဲ"

ဟိုင်ရိက ဂရုမစိုက်စွာ မီနူးကို လှန်ကြည့်လိုက်သည်။

"ငါ အမဲသားခေါက်ဆွဲစားမယ်"

"ငါတော့ နင့်ကို အဲဒါအတွက် အကြံမပေးဘူး"

လျိုကျယ်က သူမ၏ လီမွန်‌ဖျော်ရည်ကို တစ်ငုံသောက်ရင်း ပြောလိုက်သည်။

"ဒီမှာ စားဖို့ တန်တာ လန်ကျိုးခေါက်ဆွဲပဲ ရှိတယ်"

ဟိုင်ရိ : "မင်းဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ"

လျိုကျယ်က သူ့ကို ပြုံးပြီးကြည့်လိုက်သည်။ 

"လအနည်းငယ်ပဲ ရှိသေးတယ်၊ မေ့မေ့... ငါက ကျန်ရစ်သူ မဟုတ်ဘူး"

ဟိုင်ရိ : "ငါ‌ကောပဲ ဒါပေမယ့့် ငါ့အတွက်တော့ ပိုက်ဆံမရှိလို့ပဲ"

လျိုကျယ်ဆီမှ ရှင်းလင်းပြီး တောက်ပသော ရယ်သံတစ်သံ ပေါ်ထွက်လာသည်။

ဟိုင်ရိ ခံစားမိသည်မှာ ဤအမျိုးသမီးသည် နက်နဲသော ဆွဲဆောင်မှုရှိပြီး သူမသည် တစ်ကိုယ်တည်းနေတတ်ပြီး၊ မာကျောခိုင်မာကာ လန်းဆန်းစေ၏။ သူမသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ထင်ပေါ်မနေသော်လည်း သူမနှင့် ထိတွေ့ဆက်ဆံပြီးနောက်တွင် မည်သူမဆိုကို ဆွဲဆောင်နိုင်စွမ်းရှိသည်။

ဟိုင်ရိသည် စားပွဲထိုးတစ်ယောက်ကို ခေါ်ရန် လက်ဆန့်လိုက်ပြီး "လန်ကျိုးခေါက်ဆွဲ နှစ်ပွဲ" ဟု မှာလိုက်၏။

စားပွဲထိုးက ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

"တခြား ဘာများလိုသေးလဲ"

ဟိုင်ရိ စကားပြောဟန်ပြင်စဉ် သူ့ဖုန်းဆီမှ အသံတစ်ခု ထွက်လာသည်။

လျိုကျယ် : "အဲဒါတွေပဲ ယူမယ်နော်.... နင်ကရောက်ရောက်ချင်း သူငယ်ချင်းတွေ ရ‌နေပြီလား"

ဟိုင်ရိက နှိပ်လိုက်တော့ ရှန့်ချန့်ယန်ဆီမှ စာဖြစ်နေသည်ကို တွေ့လိုက်ရသည်။

[ ခင်ဗျားကော ဘယ်လိုလဲ ]

ဟိုင်ရိသည် လျိုကျယ်နှင့် စကားပြောရင်း

"မင်း ရှန့်ချန့်ယန်ကို သိလား"

လျိုကျယ်သည် သူမ၏ အချိုရည်ကို တစ်ငုံသောက်ရင်း သူ့ဖုန်းကို စိုက်ကြည့်နေပြီး

"ဟုတ်တာပေါ့၊ သူပဲကိုး"

ဟိုင်ရိက ခေါင်းညိတ်ပြီး ရှန့်ချန့်ယန်ထံ စာပို့လိုက်၏။

[ ခေါက်ဆွဲစားနေတယ် {မှင်တက်နေ} ]

သူသည် သူ့ဖုန်းကို ချလိုက်ပြီး လျိုကျယ်ကို ကြည့်ရင်း

"မင်းကိုတစ်ခု မေးစရာရှိတယ်"

လျိုကျယ်နှင့်အတူ ထမင်းစားပြီးသည့်အချိန်တွင် ညနေ ၆ နာရီ ရှိနေပြီ။ ဟိုင်ရိသည် တကယ်ပင် ပင်ပန်းနေပြီဖြစ်၍ ပြန်ပြီး အိပ်ချင်နေပြီဖြစ်၏။

သို့သော် လျိုကျယ်က လမ်းလျှောက်ထွက်ချင်သည်ဟု ပြောသဖြင့် ဟိုင်ရိသည် သူမနှင့် ခွဲခွာပြီး ခေတ်သစ်လူတစ်ယောက်ကဲ့သို့ အိပ်ရာပေါ်တွင် လှဲလျောင်းကာ ပျော်စရာကောင်းသော တစ်ကိုယ်တည်းအချိန်များကို ပျော်မွေ့ရန် ရည်ရွယ်ခဲ့သည်။

ဟိုင်ရိသည် ရည်းစားကောင်လေးတစ်ယောက် ရှာရန် မစဉ်းစားခဲ့ဖူးသည်တော့ မဟုတ်ပေ။ သူသည် အထက်တန်းတုန်းက တစ်ကြိမ်ချိန်းတွေ့ခဲ့ဖူးသည်။ ထိုအချိန်က သူသည် သိပ်ဉာဏ်မမှီသေးဘဲ ထိုကောင်လေးမှာလည်း အိမ်နီးနားချင်းကျောင်းမှ အချောဆုံးကောင်လေးဖြစ်၏။

နေ့တိုင်း ထိုကောင်လေးသည် ကျောင်းတံခါးအပြင်ဘက်တွင် စက်ဘီးနှင့် ဟိုင်ရိကို ကျောင်းဆင်းချိန် စောင့်နေလေ့ရှိပြီး၊ အနက်ရောင် ဟူဒီအင်္ကျီကို ပန်းပွင့်ကြီးကြီးပုံစံများဖြင့် ဝတ်ဆင်ထားသည်။ နားရွက်တွင် ပန်းကွင်းပုံစံ နားကပ်တပ်ထားပြီး၊ မျက်ခုံးတွင် ဖောက်ထားကာ နားကြပ်များကို နားထဲတွင် ထိုးထား၏။

ဟိုင်ရိသည် ထိုကောင်လေး၏ ရုပ်ရည်ကို သဘောကျခဲ့သော်လည်း ၎င်းသည် ချစ်ခြင်းမေတ္တာအတွက် အခြေခံအုတ်မြစ်မဟုတ်ကြောင်း ကောင်းကောင်းသိသည်။

မည်သို့ပင်ဖြစ်စေ သူသည် ပေါ့ပေါ့ပါးပါး ကစားနေခဲ့ခြင်းသာဖြစ်၏။

သူတို့၏ ဆက်ဆံရေးသည် အတော်လေး ကြာကြာခံခဲ့သည်။ နောက်ဆုံးတွင် ဟိုင်ရိက တက္ကသိုလ်တက်ပြီး ထိုကောင်လေးက အားကစားကျောင်းတက်သောကြောင့် သူတို့ ပြတ်ခဲ့ကြ၏။

ဟိုင်ရိအတွက်တော့ သိပ်အရေးမကြီးသော်လည်း တခြားတစ်ဖက်ကတော့ အဆင်မပြေဘူးဟု ခံစားရသောကြောင့် GG လုပ်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိခဲ့ပေ။

ထို့နောက်တွင် ဟိုင်ရိသည် မည်သူနှင့်မျှ ပြန်မတွဲတော့ဘဲ မည်သူမှ မသင့်တော်ဘူးဟု ခံစားရသည်။ အချိန်အများစုတွင် ပျော်ရွှင်နေသော်လည်း တစ်ခါတလေတွင် အထီးကျန်သည်ဟု ခံစားရတတ်၏။

ကမ္ဘာပေါ်ရှိ ကောင်းမွန်သည့် ယောက်ျားကောင်းများအားလုံးမှာ သေဆုံးကုန်ပြီ။

ဟိုင်ရိသည် ဓာတ်လှေကားထဲရှိ အပေါ်တက်ရန်ခလုတ်ကို မျက်နှာသေဖြင့် နှိပ်လိုက်ရင်း သူ့ဘာသာသူ တွေးလိုက်၏။

'ငါတောင်မှ Single ပဲ၊ သူတို့ ချစ်ကြဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သူတို့က တစ်ယောက်နဲ့တစ်ယောက် သည်းခံပြီး နေနေကြရုံပဲ'

သူ့အခန်းသည် သူထားခဲ့သည့်အတိုင်း ရှုပ်ပွပြီး ကမောက်ကမဖြစ်နေသည်။ သူသည် ဖိနပ်များကို ပေါ့ပေါ့ပါးပါးဖြင့် ဘေးတစ်ဖက်သို့ ကန်ထုတ်လိုက်ပြီး ကုတင်ပေါ်သို့ လဲကျသွား၏။ နာရီဝက်ခန့် အလောင်းကဲ့သို့ တောင့်တောင့်ကြီး လဲလျောင်းနေပြီးမှ မနည်းထပြီး အိမ်သာသို့ ပြေးသွားသည်။ သူသည် အဝတ်များကို ချွတ်ကာ ရေပန်းကိုဖွင့်ပြီး သွားတိုက်ရင်း ရေချိုး၏။

ရေဖြန်းသည့်အသံနှင့်အတူ ဟိုင်ရိသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေ၏။

~အချစ်ကို လိုချင်တိုင်း ရောင်းဝယ်လို့မရဘူး!~

~ငါမင်းရဲ့ ရိုးသားမှုကို တောင်းဆိုတယ်~

~မင်း နားလည်စေချင်တယ်။ မင်းရဲ့အချစ်ကို လွှတ်ချလိုက်စမ်း!~

( TN : <Love for Sale> သီချင်းကို ဆိုနေတာပါရှင် )

သူသည် လက်တစ်ဖက်ကို ရုတ်တရက် မြှောက်လိုက်ပြီး လေထဲကို လက်ညှိုးထိုးရင်း ဆက်လက်သီဆိုလိုက်သည်။

~ မင်း အဲဒီတုန်းက ပြတ်ချင်ခဲ့တာ၊ ပြတ်လိုက်တာပေါ့! ~

~ အခုကျမှ တကယ့်အချစ်နဲ့ ငါ့ကိုပြန်ဖြားယောင်းချင်နေတာ! ~

ဟိုင်ရိသည် နေရာရွေ့လိုက်ပြန်သည်။ သူသည် ဆံပင်များကို နောက်လှန်ဖြီးလိုက်ပြီး မြှောက်ထားသော လက်ချောင်းများကို လှုပ်ရမ်းရင်း သီဆို၏။

~ အချစ်ကို လိုချင်တိုင်း ရောင်းဝယ်လို့မရဘူး! ~

သူသည် ဤစာကြောင်းတစ်ကြောင်းတည်းကိုပင် မိနစ်နှစ်ဆယ်လုံးလုံး ထပ်ခါထပ်ခါ သီဆိုနေခဲ့သည်။ ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ကောင်းကင်သည် မှောင်နေပြီဖြစ်၏။ သူ သန့်ရှင်းရဲ့လားဆိုသည်မှာ ငြင်းခုန်စရာဖြစ်နိုင်သော်လည်း သူ့လည်ချောင်းကတော့ တကယ်ပင် အသံပြာနေခဲ့သည်။

သူသည် ကုတင်ပေါ်တွင် လဲလျောင်းရင်း အတော်လေး သက်တောင့်သက်သာ ခံစားနေရသည်။ ရုတ်တရက်ဆိုသလို သန့်ရှင်းရေးလုပ်ချင်စိတ်က ဝင်လာ၏။ သူသည် အလွန်ကြိုးစားလုပ်ဆောင်သည့် လမ်းစဉ်ကို လိုက်ရန် ပြင်ဆင်ရင်း ထိုင်လိုက်စဉ် တံခါးဘဲလ် မြည်လာသည်။

ရှန့်ချန့်ယန်သည် အပြင်တံခါးကို မှီလျက် စုပ်လုံးသကြားလုံးတစ်ခုကို စုပ်ရင်း သူ့ဖုန်းကို နိုပ်နေသည်။ ဟိုင်ရိက တံခါးဖွင့်လိုက်သောအခါ ရှန့်ချန့်ယန်သည် ခေါင်းပင်မော့ကြည့်ဘဲ စက္ကူအိတ်ကြီးတစ်လုံး သူ့ကို ကမ်းပေးလိုက်၏။

ဟိုင်ရိ : "????''

"စောစောစီးစီး ရေချိုးနေတာလား"

ရှန့်ချန့်ယန်က နောက်ဆုံးတော့ သူ့မက်ဆေ့ချ်များ ပို့ပြီးသွားပြီးနောက် ပြောလိုက်သည်။ သူသည် ဟိုင်ရိကို ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။

"ကျွန်တော်ပို့ထားတဲ့ မက်ဆေ့ချ်ကို ခင်ဗျားမတွေ့ဘူးလား"

ဟိုင်ရိ : "ငါ ခုလေးတင် ထွက်လာတာ၊ ဒါက ဘာတွေလဲ"

သူသည် အိတ်ကိုဖွင့်လိုက်တော့ အဝတ်အထည်များစွာကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ရှန့်ချန့်ယန်၏ စတိုင်လ်အတိုင်းပင်။ အပေါ်ဆုံးတွင် တစ်ခါသုံး ထမင်းဘူးတစ်ခုပင် ပါသေးသည်။ BBQ အသားများ ပါဝင်နေပုံရ၏။

"ငါ့အတွက်လား"

ဟိုင်ရိက အံ့အားသင့်စွာ မေးလိုက်သည်။

"အင်း"

ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

ရှန့်ချန့်ယန် : "ဒီအဝတ်တွေက ကျွန်တော့်ဟာတွေ"

"ခင်ဗျား စိတ်မရှိဘူးမလား"

ဟိုင်ရိ စိတ်ထဲက တွေးလိုက်သည်မှာ "မင်းက နောက်နေတာလား" ဟူ၍ပင်။

သူက ပြောလိုက်၏။

"မရှိပါဘူး"

ဒါတွေက ရှန့်ချန့်ယန်ရဲ့ အဝတ်တွေပဲ။ ရှန့်ချန့်ယန် ဝတ်ခဲ့တဲ့ အဝတ်တွေကို ဘယ်သူက စိတ်ရှိမလဲ။ ဒီလိုလူမျိုး ကမ္ဘာပေါ်မှာတောင် ရှိပါ့မလား။

ဟိုင်ရိသည် တကယ်ပင် အံ့ဩသွားခဲ့သော်လည်း အတော်လေးလည်း ရင်ထဲ ထိမိသွားသည်။ ဤနေရာတွင် သူ့တွင် အဝတ်အထည် တကယ်နည်းပြီး အရင်က အလုပ်များတွင် အမြဲတမ်း ပါဝင်ခဲ့ရသောကြောင့် သူသည် သူ့ဇာတ်ကောင်၏ အဝတ်အစားများကိုသာ ပြောင်းဝတ်လို့ရ၏။ သို့သော် ပြန်ရောက်ပြီးသည့်နောက် သူ့တွင် ရွေးစရာမရှိတော့ပေ။ မနက်ဖြန် နားပြီးသည်နောက် ဝတ်စုံနှစ်စုံခန့် ဝယ်ရန်ပင် ရည်ရွယ်ထားခဲ့သည်။

လိုအပ်နေသည့်အချိန်တွင် ရှန့်ချန့်ယန်က သူ့ကို ကူညီလိမ့်မည်ဟု မည်သူက မျှော်လင့်မိမှာလဲ။

ဝူးဝူးဝူးဝူးဝူး... ဘယ်လောက်တောင်ကောင်းတဲ့ ကလေးငယ်လဲ။

ဟိုင်ရိသည် စိတ်ထဲတွင် မြစ်လိုပင် ငိုကြွေးနေခဲ့သည်။

ရှန့်ချန့်ယန် : "နေကောင်းရဲ့လား" 

အတော်လေး ထူးဆန်းသော မျက်နှာအမူအရာဖြင့် ဟိုင်ရိက သိမ်မွေ့စွာ ပြန်ဖြေလိုက်၏။

"ကောင်းပါတယ်"

"ခင်ဗျားအသံက ဘာလို့ပြာနေတာလဲ"

ရှန့်ချန့်ယန်က ရှုပ်ထွေးနေပုံဖြင့် မေးလိုက်သည်။

ဟိုင်ရိ : ...

ရှန့်ချန့်ယန်သည် သူ့ကို စိုက်ကြည့်နေသောကြောင့် ဟိုင်ရိသည် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့်သာ ပြောနိုင်တော့၏။

"နည်းနည်းအ‌အေးမိသွားလို့၊ ဟားဟားဟား"

ရှန့်ချန့်ယန် : "ဪ"

သူသည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်၏။

"ကျွန်တော်သွားပြီနော်၊ ဘိုင့်"

"ခဏလေး..."

ဟိုင်ရိသည် သူ့ကို မသိစိတ်ကနေ တားလိုက်သည်။

ရှန့်ချန့်ယန်သည် လှည့်ပြန်ပြီး မျက်ခုံးပင့်လိုက်သည်။ တခြားဘာတွေများ ရှိသေးလဲဆိုတာ သိချင်နေပုံရသည်။

သို့သော် ဟိုင်ရိသည် ဘာမှပြောနိုင်ခြင်းမရှိပေ။ သူသည် ရုတ်တရက် ရှန့်ချန့်ယန်ကို မသွားစေချင်တော့ပေ။ ခံစားချက်များသည် တကယ်ပင် ရှုပ်ထွေးလွန်းလှပြီး၊ များသောအားဖြင့် လူများသည် သူတို့၏ ကိုယ်ပိုင်ခံစားချက်များကိုပင် နားမလည်ကြဘဲ မသိစိတ်ကနေ လုပ်ဆောင်တတ်ကြသည်။

သူ့ကို တားထားသော်လည်း ပြောစရာဘာမှမရှိကြောင်း သိလိုက်သောအခါ ဟိုင်ရိသည် ဤသို့သာ ပြောနိုင်တော့၏။

"မင်းငါ့ကို လိုအပ်ရင် ငါ့ကိုလာရှာပါ"

"သိပြီ"

ရှန့်ချန့်ယန်က သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"တခြား ဘာလိုသေးလဲ"

ဟိုင်ရိက နာခံစွာ ဖြေ၏။

"မလိုတော့ဘူး"

ရှန့်ချန့်ယန် ခေါင်းညိတ်လိုက်သည်။ သူသည် သူ့ခေါင်းကို ကုတ်လိုက်ပြီး ထွက်သွားတော့မလို လှည့်လိုက်ကာ တုံ့ဆိုင်းနေခဲ့၏။ သူသည် သူ၏ လူမဆန်စွာ ချောမောသောမျက်နှာဖြင့် ဟိုင်ရိကို ပြောလိုက်သည်။

"အစပိုင်းမှာတော့ လိုက်လျောညီထွေဖြစ်ဖို့ ခက်လိမ့်မယ်၊ ဒါပေမဲ့ ခင်ဗျားအကျင့်ရသွားရင် အဆင်ပြေသွားမှာပါ"

ဟိုင်ရိ : ...

"ကျေးဇူးတင်ပါတယ်" 

ဟိုင်ရိက ရိုးသားစွာ ပြောလိုက်သည်။

"တကယ်ကို ရင်ထဲထိတယ်၊ တကယ်ပါ"

ရှန့်ချန့်ယန်သည် သူ့အိတ်ကပ်ထဲမှ စုပ်လုံးသကြားလုံးတစ်ခုကို ထုတ်လိုက်သည်။ ၎င်းသည် alpenliebe ၏ မူရင်းအရသာ ဖြစ်သည်။ သူသည် ၎င်းကို ဟိုင်ရိဆီသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်၏။

( TN : alpenliebe က သကြားလုံး brand တစ်ခုပါ များသောအားဖြင့် နို့နဲ့ ရောစပ်ထားတဲ့ အရသာတွေ ထုတ်ပုံရတယ် )

"ဘိုင့်"

"ဘိုင့်"

ဟိုင်ရိ ပြန်‌ပြောကာ ပြုံးလိုက်သည်။

"ကောင်းသောညပါ"

ရှန့်ချန့်ယန်သည် လှည့်ပြီး ထွက်သွားလေသည်။

ရှန့်ချန့်ယန်၏ ကျောပြင်ကို ကြည့်ရင်း မှာယူထားသော အစားအစာများနှင့် အဝတ်များ ထည့်ထားသည့်အိတ်ကို ကိုင်ထားသော ဟိုင်ရိ၏ ရင်ထဲတွင် မည်သည့်ခံစားချက်ကိုမျှ အတိအကျ နာမည်တပ်၍ မရခဲ့ပေ။

သူ့ကို အခက်အခဲကြုံနေစဉ်တွင် ကူညီပေးခဲ့သော ချောမောသော ကောင်လေးတစ်ယောက်ရှိသည်မှာ ကောင်းမြတ်ပြီး ရင်ထဲထိစရာ ကိစ္စတစ်ခုဖြစ်သော်လည်း၊ ရှန့်ချန့်ယန်က ပို၍ ကြင်နာလေလေ ဟိုင်ရိသည် သူ့ကိုယ်သူ ပို၍ အရည်အချင်းမပြည့်မီဟု ခံစားရလေလေဖြစ်သည်။

ဤကမ္ဘာကြီးသည် ရှန့်ချန့်ယန်၏ ရိုးသားမှုကို မထိုက်တန်ဟု သူခံစားခဲ့ရ၏။ ရှန့်ချန့်ယန် ရသင့်ရထိုက်သည်မှာ ယခုထက် အများကြီး ပိုများပေသည်။

ဟိုင်ရိသည် စုပ်လုံးသကြားလုံးကို ဖောက်ပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ အဝတ်အစားများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ သူသည် သန့်ရှင်းရေးလုပ်ချင်စိတ် မရှိတော့ပေ။

အဲဒီအစား ကုတင်ပေါ်တွင် ခြေလက်များ ဆန့်တန်းလျက် လဲလျောင်းလိုက်သည်။ မာကျောသော အရာတစ်ခုကို စမ်းမိသောအခါ သူ့ဖုန်းကို တွေ့လိုက်ရ၏။ ရှန့်ချန့်ယန်က ဆယ်မိနစ်မတိုင်ခင်က သူ့ထံ မက်ဆေ့ချ်ပို့ထားသည်။

[ ခင်ဗျားပြန်ရောက်ပြီလား ]

ခဏအကြာတွင် သူသည် နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့ထားသည်။

"ကျွန်တော် ခင်ဗျားအတွက် ပစ္စည်းတချို့ လာပို့တာ"

ဟိုင်ရိသည် သူ့တွင်ရှိသမျှ အချစ်ဆုံး စတစ်ကာကို ရှာဖွေလိုက်သည်။ မုန်လာဥနီကို ပွေ့ဖက်ထားသော ယုန်ကလေးတစ်ကောင်ဖြစ်ပြီး ပြုံးလိုက်သောအခါ သေးငယ်သော ယုန်သွားလေးများ ပေါ်လာသည်။ ထိုပုံ၏ အပေါ်တွင် "ငါမင်းကိုချစ်တယ်" ဟူသော စကားများ ရေးထား၏။

ပို့လိုက်သည်။

မကြာမီတွင် ရှန့်ချန့်ယန်က စာပြန်၏။

"အဲတာကြီးက မလိုအပ်ပါဘူး"

ဟိုင်ရိသည် ကုတင်ပေါ်တွင် လဲလျောင်းရင်း အသံကုန် ရယ်မောလိုက်သည်။

နောက်နေ့တွင် သူနိုးလာသောအခါ သူ့ဖုန်းကို ကိုင်လျက် အိပ်ပျော်သွားခဲ့သည်ကို တွေ့လိုက်ရသည်။ စောင်ပင်မခြုံခဲ့ပေ။ ပါးစပ်ထဲတွင် စုပ်လုံးသကြားလုံးရှိနေဆဲဖြစ်သောကြောင့် သူ့နှုတ်ခမ်းများ ထုံကျင်နေသည်။ မျက်ခွံများလည်း ဖောရောင်နေ၏။

သူနိုးနိုးချင်း လုပ်ခဲ့သော အရာသုံးခုမှာ... Jewel of Atlantis ထဲသို့ ဝင်ရောက်ခြင်း၊ Kuaishou ကိုဖွင့်ပြီး live stream သမားများ အသစ်တင်ထားခြင်း ရှိမရှိ ကြည့်ရှုခြင်း၊ ထို့နောက် Weibo သို့ သတင်းများဖတ်ရန် ဝင်ရောက်ခြင်းတို့ဖြစ်သည်။

( TN : Kuaishou က vd တွေ live stream တွေ တင်တဲ့ app တစ်မျိုးပါ )

🌟🌟🌟