Chapter : 41 ( မီး မိန်းကလေး [16] )
ဝမ်ယင့် : "တကယ်တော့ အရမ်းနာကျင်ခဲ့တယ်၊ ဒါပေမယ့် နာကျင်လေလေ၊ ဒီညစ်ညမ်းတဲ့ကမ္ဘာကို ထားခဲ့ရတာ ပိုပျော်လေလေပဲ..."
ဟိုင်ရိ : ...
ထန်ယင် : "ဒီလိုပဲ မပြောရဘူးလေ"
ဟိုင်ရိ နည်းနည်း ပိုကောင်းလာသည်ဟု ခံစားရသည်။ သူမဘက်ကို လှည့်ကြည့်လိုက်ရာ ထိုမိန်းကလေးသည် အတော်လေး တောက်ပနေတုန်းပဲဟု ခံစားရ၏။ သို့သော် ထန်ယင်က ဆက်ပြောလိုက်သည်။
"ရိုးရိုးရှင်းရှင်း ထွက်ခွာသွားတာက ဘာမှမဟုတ်ဘူး...အရင်ကဆို ကျွန်မကို သေခိုင်းတဲ့သူတွေကို ရှာဖို့ တစ္ဆေတောင်ဖြစ်ချင်ခဲ့သေးတယ်"
ဟိုင်ရိ : ...
ဟိုင်ရိ မှင်သက်သွားသည်။ သူ လျိုကျယ်ကို တစ်ချက်ကြည့်လိုက်ရာ လျိုကျယ်မှ ပြန်မေးလိုက်၏။
"ဘာဖြစ်လို့လဲ"
ဟိုင်ရိ : "ဘာ.. ဘာမှမဟုတ်ဘူး... နည်းနည်း အိပ်ချင်နေတာ..."
လျိုကျယ်က သူမ၏ဖုန်းကို ကြည့်လိုက်သည်။
"ညနေ ၆ နာရီကြီးမှာလား"
ဟိုင်ရိ : "နေ့လည်ဘက် အိပ်ရေးဝအောင် နားလိုက်မယ်"
ဟိုင်ရိ ထရပ်လိုက်၏။
"မနက်ဖြန် ဆက်ပြောကြရအောင်"
ဟိုင်ရိ ထွက်ခွာသွားသည့်အခါ သူတို့ သေဆုံးပြီးနောက် ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးနေကြသည်ကို သူကြားနေရတုန်းပင်။ တကယ်တမ်းကျတော့ သူတို့ ထိုအရာများကို မေ့မထားနိုင်သေးချေ။
ဟိုင်ရိ ဤနေရာရှိ လူတိုင်းမှာ သူ့လိုပင် မရေရာမှုတွေကင်းပြီး စိတ်ငြိမ်းချမ်းမှုရှိမယ်လို့ ထင်ခဲ့သည်။
ထင်ထားတာ မှားသွားတာလား...
ဟိုင်ရိသည် သူ၏အခန်းသို့ စိတ်တုန်လှုပ်စွာဖြင့် ပြန်လာခဲ့သည်။ အခန်းတစ်ခုလုံး မှောင်မည်းနေပြီး တစ်စုံတစ်ယောက်သည် ကုလားကာများကို ဆွဲပိတ်ထား၏။ ဟိုင်ရိ အံ့အားသင့်သွားသော်လည်း ထို့နောက် ကုတင်ပေါ်တွင် လဲလျောင်းနေသော မှောင်မည်းသည့် ပုံရိပ်ကို တွေ့လိုက်ရသည်။
ရေတွက်၍မရနိုင်သော ဖြစ်နိုင်ခြေများက ဟိုင်ရိ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွား၏။ တံခါးကို မပိတ်ရဲဘဲ သူ တိတ်တဆိတ် ခြေဖျားထောက် လျှောက်သွားသည်။ ရှန့်ချန့်ယန်မှာ စောင်ခြုံပြီး အိပ်ပျော်နေ၏။
ဟိုင်ရိ၏ နှလုံးသားက ပျော့ပြောင်းသွားသည်။ သူ တံခါးကို ပိတ်လိုက်ပြီးနောက် ကုတင်ပေါ်တွင် ညင်သာစွာ လှဲချလိုက်၏။
ရှန့်ချန့်ယန်သည် သူ့ကိုကျောပေးလျက် အိပ်နေပြီး သူ၏ခါးက ကွေးညွှတ်နေကာ သူ့လက်မောင်းများတွင် စောင်ကိုပိုက်ထားလေသည်။ သူသည် ငြိမ်သက်စွာ အိပ်ပျော်နေပြီး အသက်ရှူသံသည် နက်ရှိုင်းနေ၏။
ဟိုင်ရိသည် သူ မနေ့ညက တစ်ညလုံး အလုပ်များခဲ့ပုံရသည်ဟု တွေးမိသည်။ ယခုမနက်စောစောပိုင်းကတောင် သူ့(ဟိုင်ရိ)ကို ရှာဖို့ သွားခဲ့ရသေးသည်ကြောင့် သူ(ရှန့်ချန့်ယန်) ကောင်းကောင်းမအိပ်ရသေးတာ သေချာ၏။
ဟိုင်ရိ၏ရင်ဘတ်က တဆစ်ဆစ် နာကျင်နေသည်။ ရှန့်ချန့်ယန် သူ့အခန်းထဲ အိပ်ရန် လာခြင်းက ဟိုင်ရိကို အရူးအမူး ပျော်ရွှင်စေခဲ့၏။ သို့သော် ရှန့်ချန့်ယန် ပို၍တည်ငြိမ်လေလေ၊ ဟိုင်ရိက သူ့ကို သူငယ်ချင်းတစ်ယောက်နှင့် ညီတစ်ယောက်အဖြစ်သာ သဘောထားသည်ဟု ခံစားရလေလေ ဖြစ်သည်။
ဟိုင်ရိအတွက် ပျော်ရွှင်မှုသည် ဝမ်းနည်းမှုနှင့် ရောနှောနေသည်။ မျက်ရည်ကျလုနီးပါးဖြစ်နေသည်ဟု ခံစားရပြီးနောက် ဟိုင်ရိက သူ့ဖုန်းကို ထုတ်ကာ Kuaishou ကို ဆွဲကြည့်၏။ King Kong Barbie က တိုက်ရိုက်ထုတ်လွှင့်ခြင်း မရှိတော့ရာ ဟိုင်ရိသည် သူမ၏ဗီဒီယိုများကို ခဏကြည့်ပြီးနောက် mukbang တိုက်ရိုက်ထုတ်လွှင့်မှု (အစားအသောက်များစားပြသော live) တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။
ပိန်ပိန်ညှောင်ညှောင် မိန်းကလေးတစ်ဦးသည် ဝက်ခြေထောက်ကို အမြည်းစားစရာဖြင့် တစ်ငုံတည်း မျိုချလိုက်ပြီး ဆီများက သူမ၏ပါးစပ်အနှံ့ ပေကျံနေ၏။
သူမ အစားစားတာ ဘာလို့ ဒီလောက် ကောင်းနေတာလဲ...
သြော်...ဘာတစ်ခုမှ အဆင်မပြေ... အရာရာက စိတ်အနှောင့်အယှက်ဖြစ်စရာချည်းပဲ...
ဟိုင်ရိ၏ အတွေးများက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေစဉ် လွင့်မျောနေသည်။ မိန်းကလေးသည် ဝက်ခြေထောက် လေးခု၊ ပုစွန်ကြီးနှစ်ကောင်၊ အပူပိုင်းနှင့် အချဉ်ခေါက်ဆွဲ ငါးအိုး၊ ပျားရည်ရေ နှစ်လီတာတို့ကို စားသုံးပြီးသား ဖြစ်၏။
ခဏအကြာတွင် ရှန့်ချန့်ယန် နိုးလာသည်။ သူခုတင်ပေါ်မှ နိုးလာကာစဖြစ်၍ သူ၏အသံတွင် သိသိသာသာ နှာခေါင်းသံလေးပါ၏။
"ခင်ဗျား ဗိုက်ဆာပြန်ပြီလား"
ဟိုင်ရိ : "နိုးပြီလား...ဘာလို့ ဒီကိုလာတာလဲ"
ရှန့်ချန့်ယန် သူ့ကိုယ်သူ နိုးအောင် လှည့်လိုက်သည်။ သူ၏ခေါင်းမှာ နေ့လည်ခင်းအိပ်စက်ခြင်းကြောင့် လုံးဝရှုပ်ပွနေပြီး သူ၏မျက်နှာတွင် အနီရောင်အမှတ်အသားပင် ရှိနေ၏။ ဟိုင်ရိ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဤမြင်ကွင်းကို ကြည့်ရုံဖြင့်ပင် သူ့စိတ်လှုပ်ရှားနေခြင်းအတွက် ရူးနေသည်ဟု ခံစားလိုက်ရသည်။
ရှန့်ချန့်ယန် : "ဘယ်အချိန်ရှိပြီလဲ"
ဟိုင်ရိက သူ့ဖုန်းကို ကြည့်လိုက်သည်။
"ည ၈:၃၀"
ရှန့်ချန့်ယန် ရေတစ်ငုံသောက်ရန် ထလိုက်၏။ သူ၏ဆံပင်များက ငှက်သိုက်နှင့်တူသော်လည်း သူ၏မျက်နှာကတော့ ဆွဲဆောင်မှုရှိနေဆဲပင်။ သူ၏တွန့်ကြေနေသော တီရှပ်က သူ၏ပိန်သွယ်သော်လည်း သန်မာသောခန္ဓာကိုယ်တွင် ကပ်လျက်ရှိသည်။ သူခွက်ကို ပြန်ချပြီး ခုတင်ပေါ် ပြန်လှဲချလိုက်၏။
ဟိုင်ရိ : "နိုးပြီဆိုတော့ ဒီည အိပ်ဦးမှာလား"
ရှန့်ချန့်ယန် ဂရုမစိုက်ပေ။
"ဘာဖြစ်ဖြစ် ရတယ်"
ဟိုင်ရိ: "မနေ့ညက ဘယ်နှစ်နာရီအိပ်ခဲ့ရလဲ"
"လုံးဝမအိပ်ခဲ့ဘူး"
ရှန့်ချန့်ယန် ပြန်လည်စဉ်းစားပြီးနောက် သူ ကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်သည်။
"တစ်နာရီလောက် တစ်ရေးတစ်မော အိပ်ခဲ့တယ်"
ရှန့်ချန့်ယန်အတွက် သူ့နှလုံးသား နာကျင်နေသော ဟိုင်ရိက မေးလိုက်၏။
"ဒါဆို ဘာလို့ ဒီကို လာခဲ့သေးတာလဲ"
ရှန့်ချန့်ယန် ဘာမှမပြောပေ။ သူ့ဖုန်းကို ထုတ်ယူပြီး စာများကို ကြည့်လိုက်သည်။ ဟိုင်ရိ အိပ်နေစဉ် စာအနည်းငယ် ရောက်လာသည်ကို ကြားခဲ့ရ၏။ စာများကို ဖတ်ပြီးသော်လည်း ရှန့်ချန့်ယန် ပြန်မဖြေခဲ့ပေ။
ဟိုင်ရိ : "ဘယ်သူ စာပို့တာလဲ"
ရှန့်ချန့်ယန် : ?
ရှန့်ချန့်ယန် : "Group message"
"ကျွန်တော့်ဆီ ပို့တာမဟုတ်ဘူး"
ရှန့်ချန့်ယန် မမျှော်လင့်ဘဲ အလေးအနက်ထားကာ ဖြေလိုက်သည်။
"ဒါက အလုပ်နဲ့ဆိုင်တဲ့ chat ပဲ"
ဟိုင်ရိ : "မင်းတို့ ဘာအလုပ်လုပ်တာလဲ"
ရှန့်ချန့်ယန်က သူ့ဖုန်းကို ဟိုင်ရိဆီ ပစ်ပေးလိုက်ရာ ဟိုင်ရိ ကိုယ်တိုင် ကြည့်ရှုနိုင်ရန် ဖြစ်၏။ ဟိုင်ရိက chat မှတ်တမ်းများကို ဆွဲကြည့်သောအခါ နေ့လည်ပိုင်းတွင် တစ်စုံတစ်ဦးက 'ညီမလေးက အရုပ်ကလေးကို သယ်ထားတယ်' ကိစ္စတွင် လူသိရှင်ကြားရရှိနိုင်သည့် သဲလွန်စအနည်းငယ်သာ ရှိကြောင်း ပြောပြီး ၎င်းကို ပြောင်းလဲရန် လိုအပ်လားဟု မေးသည်ကို တွေ့လိုက်ရသည်။
တစ်စုံတစ်ဦးက ရှန့်ချန့်ယန်ကို တိုက်ရိုက်မက်ဆေ့ချ်ပို့ပြီး ၎င်းကိစ္စကို ခုမှပဲ ကစားခဲ့ကြောင်းနှင့် သူ့တွင် ထင်မြင်ချက်များ ရှိမရှိ မေးလိုက်၏။ ရှန့်ချန့်ယန်၏ အဖြေမှာ 'ပြောင်းလိုက်' ဟူ၍ ဖြစ်သည်။
ထိုသူက မေးလိုက်၏။
"နောက်ထပ် သဲလွန်စနှစ်ခု ထပ်ထည့်ပေးပါလား...နောက်တစ်ကြိမ်ကျရင် စမ်းကြည့်ရအောင်"
ရှန့်ချန့်ယန်က စာတစ်စောင် ပို့လိုက်သည်။
"အပ်နဲ့ တစ္ဆေပြောင်းလဲတဲ့ သဲလွန်စတွေကို ပိုပြီး ရှင်းလင်းအောင် လုပ်လိုက်"
ထို့နောက် ရှန့်ချန့်ယန်ဆီမှ တခြားစာများ မရှိတော့ဘဲ chat ထဲကလူများက ကိစ္စအမျိုးမျိုးကို ဆက်လက်ဆွေးနွေးနေကြ၏။ ဟိုင်ရိက လူသုံးဆယ်ပါတဲ့ group ထဲတွင် ဆံပင်ဝါကို မတွေ့ခဲ့ရပေ။
ဟိုင်ရိက ခဏလောက် ဖတ်ပြီးနောက် မေးလိုက်သည်။
"ဒီလူတွေအားလုံး ဘယ်သူတွေလဲ"
ရှန့်ချန့်ယန် : "စီမံခန့်ခွဲသူတွေ၊ ကျွန်တော်က သူတို့ရဲ့ အထက်အရာရှိ"
ဟိုင်ရိ : "မင်းရဲ့ဖုန်းခေါ်ဆိုမှုက နေ့လည်ပိုင်းမှာ ဒီကလူတစ်ယောက်ဆီ လုပ်ခဲ့တာလား"
"အင်း"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
"ခင်ဗျားတို့ ဘာတွေပြောကြလဲ"
ဟိုင်ရိ တုံ့ဆိုင်းနေခဲ့ပြီး ပြောသင့် မပြောသင့် မသေချာပေ။
ရှန့်ချန့်ယန်လည်း သူ့အား ဖိအားမပေးခဲ့ပေ။ သူ့ရင်ဘတ်အောက်တွင် ခေါင်းအုံးခံကာ ဖုန်းနှင့်ကစားရင်း လဲလျောင်းနေခဲ့ရာ မှောင်မည်းနေသောအခန်းထဲ၌ ဖုန်း၏အလင်းရောင်သည် သူ့မျက်နှာကို ထိမှန်နေပြီး ငြိမ်သက်နေပုံရသည်။ ဟိုင်ရိက ခဏအကြာတွင် ပြောလိုက်၏။
"သူတို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အကြောင်း ခဏနားထောင်ပြီးမှ ပြန်လာခဲ့တာ"
ရှန့်ချန့်ယန် : "အင်း"
ဟိုင်ရိ : "နည်းနည်းတော့ ကြောက်စရာကောင်းတယ်"
ရှန့်ချန့်ယန် : ?
"သူတို့ စကားပြောတာ နားထောင်ရတာ ကြက်သီးထတယ်"
ဟိုင်ရိက ရှင်းပြလိုက်သည်။
"ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ငါ့ရောဂါ ပျောက်သွားပြီမို့လို့နေမှာ"
ရှန့်ချန့်ယန်က လှောင်ပြောင်လိုက်၏။
"ခင်ဗျားမှာ ဘာရောဂါရှိတာလဲ"
ဟိုင်ရိ : "စိတ်ကျရောဂါ"
ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။
"ကျွန်တော့်အမြင်အရဆို ခင်ဗျားတော်တော် ကျန်းမာပုံရတယ်"
ဟိုင်ရိ : "တခြားလူတွေက ငါဖျားတယ်လို့ ပြောခဲ့တယ်"
"မဟုတ်ရင် ငါ ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေမှာလဲ"
ဟိုင်ရိ : "ဒါပေမယ့် ငါဒီကိုရောက်ပြီးမှ ပျောက်ကင်းသွားသလို ခံစားရတယ်၊ အရင်ကဆို ငါ့မှာ သေချင်စိတ်တွေ မကြာခဏ ပေါ်လာတတ်တယ်၊ ဒါပေမယ့် အခုတော့ အဲဒီအတွေးတွေ မရှိတော့ဘူး... သူတို့က ဘာလို့ ဆက်ပြီး ရှိနေသေးတာလဲ"
ရှန့်ချန့်ယန် : "ကျွန်တော့်ကို တွေ့လို့လား"
ဟိုင်ရိ : ...
ဟိုင်ရိ ခဏတာမျှ တိတ်ဆိတ်သွားသည်။ ရှန့်ချန့်ယန်က သူ့ကို ကြည့်လိုက်၏။ ဟိုင်ရိ၏ အကြည့်က သူ့အပေါ် ရောက်နေသည်ကို မြင်သောအခါ သူက မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။
"...အင်း"
ဟိုင်ရိ စဉ်းစားရင်း ခေါင်းငုံ့ကာ ရေရွတ်လိုက်သည်။
"ဖြစ်နိုင်တယ်နဲ့တူတယ်"
ရှန့်ချန့်ယန် : ...
ဟိုင်ရိ စကားပြောရပ်လိုက်၏။
ရှန့်ချန့်ယန်လည်း ဘာမှမပြောတော့ချေ။
သူတို့နှစ်ယောက်ကြားရှိ တိတ်ဆိတ်မှုမှာ ကြီးစိုးသွားသည်။
ဟိုင်ရိ ချက်ချင်းဆိုသလို စကားပြောင်းလိုက်သည်။
"ဒီလောက်ညဉ့်နက်တဲ့အထိ မပြန်သေးဘူးလား"
ရှန့်ချန့်ယန် : "ဒီည ဒီမှာပဲ အိပ်မယ်"
ရှန့်ချန့်ယန် ယခင်က ပြောခဲ့သော စကားများကို မကြားခဲ့သလိုမျိုး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
ထိုစကားလုံးများက သူပြောခဲ့သည့်စကားများ မဟုတ်သလိုမျိုး ဟိုင်ရိက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဪ...ဘာလို့လဲ"
ရှန့်ချန့်ယန်က သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။
"ဘာလို့လဲဆိုတော့ ဒီဘိုးဘိုးကြီးက အိပ်ချင်လို့"
"ကောင်းပြီ၊ မဟာဘိုးဘိုးကြီး"
ဟိုင်ရိက လက်ခံလိုက်သည်။
"မနက်ဖြန် မနက်စောစော ထွက်သွားအုံး၊ ထွက်သွားတဲ့အခါကျရင် သတိလည်းထား... တခြားလူတွေ ငါတို့ နှစ်ယောက် ကိုယ်ရေးကိုယ်တာ ရင်းနှီးတာကို မသိစေနဲ့၊ မင်းအတွက် အရေးမကြီးပေမယ့် ငါဆိုတဲ့ ကျွန်လေးကတော့ အပြစ်ကင်းတယ်"
ရှန့်ချန့်ယန်က 'အိုကေ' ဆိုသည့်လက်ဟန်ကို ပြုလုပ်လိုက်သည်။
"ရတယ်"
ရယ်မောရင်း သူတို့နှစ်ယောက် ခုတင်ပေါ်သို့ လဲကျသွားလေ၏။
*****
အခန်း ၂၁.၃
ဟိုင်ရိတစ်ယောက် ပျော်ရွှင်နေဆဲဟု သူကိုယ်တိုင်ခံစားမိသည်။ မိမိကိုယ်ကိုယ် အဆုံးမသတ်မီက မည်သို့နေထိုင်ခဲ့သည်ကိုပင် သူ မေ့လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်၏။ မှတ်မိသည်မှာ ဘဝသည် အနှစ်သာရမရှိ၊ ပျော်ရွှင်စရာများ နည်းပါးသည်ဟူသော ခံစားချက်ပင်။ လူတိုင်းက မျက်နှာသေများနှင့်၊ ဆက်ဆံရေးများကို အတင်းအကြပ် ထိန်းသိမ်းထားခြင်းမှာ အဓိပ္ပာယ်မရှိသလို၊ တစ်ဖက်သားဆီမှ နွေးထွေးမှုကိုလည်း မရရှိနိုင်ခဲ့။ အချစ်ရေး၊ မိသားစုအချစ်၊ ခင်မင်မှုတို့သည် သူတို့အတွက် ဘဝကြီးတစ်ခုမဟုတ်ပါလား။
အခြားသူများ၏ တောက်ပသော အလင်းရောင်ကို သူ မခံယူနိုင်ခဲ့သောကြောင့် သူ့၏ကိုယ်ပိုင်မီးသည် တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ ထို့ကြောင့် သူသည် ဓားကို သူ့ကိုယ်သူ ချိန်ရွယ်ခဲ့ခြင်းပင်။ ဤသည်မှာ သူ့အခြေအနေ ပိုဆိုးလာမည်ကို ကြောက်ရွံ့စိတ်မှ ဖြစ်ပေါ်လာသော ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်သည့် ပုံစံတစ်မျိုးသာ ဖြစ်သည်။
သို့သော် ယခုမူ ထိုသို့သော စိတ်ပျက်အားငယ်မှုမျိုးကို သူ လုံးဝမခံစားရတော့ပေ။ အရင်ကလိုပင် သူသည် သူ့အခန်းသို့ တစ်ယောက်တည်း ပြန်သွားသော်လည်း ဝမ်းနည်းသည့် ခံစားချက်မျိုး မရှိတော့ပေ။
ဟိုင်ရိသည် ရှန့်ချန့်ယန်သည် သူ့အတွက် ဆေးစွမ်းကောင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တွေးလိုက်မိ၏။
ရှန့်ချန့်ယန်က စောင်ခြုံကာ ဖုန်းဖြင့် တိတ်တိတ်လေး ဆော့နေသည်။ ဟိုင်ရိလည်း သူ့နားကြပ်ကို တပ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေလိုက်၏။
King Kong Barbie သည် ည ၈:၃၀ အချိန်တွင် စတင်ထုတ်လွှင့်လေ့ရှိပြီး ယနေ့တွင်တော့ သူသည် ဆံပင်အဝါရောင်ဖြစ်နေကာ Sailor Moon (manga series) ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဟိုင်ရိက ရှန့်ချန့်ယန်ကို ကြည့်ခိုင်းလိုက်ပြီး
ဟိုင်ရိ : "ရွှေရောင်က သူ့ကို ပိုမဲသွားစေတယ်နော်"
ရှန့်ချန့်ယန် ထိုပုံကို မြင်သော်လည်း ဘာမှတ်ချက်မှမပေးဘဲ မျက်လုံးထောင့်စွန်းများသာ အနည်းငယ် လှုပ်ရှားသွား၏။ ခဏတာမျှ ထိတ်လန့်သွားပုံရသည်။
ရှန့်ချန့်ယန် : "ခင်ဗျားက ဒါကို နေ့တိုင်းကြည့်ပြီး ဘာပျော်ရွှင်မှုတွေ ရနေတာလဲ"
"ပြောရခက်တယ်"
ဟိုင်ရိ ပြန်ဖြေရင်း တဟားဟား ရယ်မောလိုက်ပြီး
"မင်း နားမလည်ရင်လည်း ထားလိုက်တော့"
ရှန့်ချန့်ယန် နားကြပ်တစ်ဖက်ကိုယူကာ ပိုရှင်းရှင်း မြင်ရစေရန် ဟိုင်ရိထံ တဖြည်းဖြည်းတိုးကပ်လိုက်သည်။
သူတို့နှစ်ဦးကြား အကွာအဝေးမှာ သိပ်မရှိတော့ဘဲ ဟိုင်ရိသည် ရှန့်ချန့်ယန်ဆီမှ ခေါင်းလျှော်ရည်နံ့ သင်းသင်းလေးကို ရနေ၏။ ၎င်းမှာ သာမန်စူပါမားကတ်မှ ဝယ်ယူရရှိနိုင်သော ပန်းရနံ့ ခေါင်းလျှော်ရည်မျိုးပင်။ အနည်းငယ် မူးနောက်နောက် ဖြစ်သွားသလို ခံစားရသောကြောင့် ဟိုင်ရိသည် မသိစိတ်ကပင် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
ဖုန်းမျက်နှာပြင်ပေါ်ရှိ King Kong Barbie က ကုန်ပစ္စည်းများ ရောင်းချနေသည်။ သူ့မျက်နှာပေါ်တွင် အစိမ်းရောင်ပင်လယ်ရေမှော်မျက်နှာဖုံးတင်ထားပြီး သူသည် အခြားထိပ်တန်းဆရာတစ်ဦးနှင့် PK(Player Knockout) တိုက်ပွဲတွင် ပါဝင်နေ၏။
သူ ရှုံးနိမ့်တော့မည့် အခြေအနေ ဆိုးရွားလာသောကြောင့် King Kong Barbie သည် ထိုင်ရာမှထပြီး ဆွဲဆောင်မှုရှိသော ပုံစံဖြင့် သရုပ်ဆောင်လိုက်သည်။ ခြေထောက်တစ်ဖက်ကို ကုလားထိုင်ပေါ်တင်ကာ သူ့၏တင်ပါးကို ထောက်ထားပြီး သူ့ခန္ဓာကိုယ်ကို သဘာဝမကျသည့် ပုံစံဖြင့် လှည့်ပတ်နေ၏။
ရှန့်ချန့်ယန် : "..."
ဟိုင်ရိ : "အဲဒါ ဘယ်လိုပုံစံကြီးလဲ"
ရှန့်ချန့်ယန်က သူ့အား နားကြပ်ပြန်ပေးရင်း ရှုပ်ထွေးသော မျက်နှာဖြင့်
"ခင်ဗျားက ဒီလိုပုံစံမျိုးတွေကို ကြိုက်တာလား"
ဟိုင်ရိ : "?"
ရှန့်ချန့်ယန်က ပြန်လှဲချလိုက်ပြီး
"နားလည်ပြီ"
ဟိုင်ရိက ဒေါသတကြီး ရယ်မောလိုက်သည်။
"ဘာတွေနားလည်တာလဲ...ကောင်စုတ်လေး"
ရှန့်ချန့်ယန်က လက်ညှိုးတစ်ချောင်းထိုးပြရင်း
"ရှင်းပြဖို့ မလိုပါဘူး"
ဟိုင်ရိ ဒေါသထွက်သွားပြီး ရယ်ချလိုက်သည်။ သူသည် ရှန့်ချန့်ယန်၏ စကားကို ဂရုစိုက်ရန် စိတ်မပါတော့။
ဟိုင်ရိ : "ငါကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တာပဲ၊ သူက ဒီလိုမျိုး အားအင်ပြည့်ဝမှု ရှိတယ်"
"ခင်ဗျားက ဒီမှာ အားအင်ရှာနေတာလား... ဒါက အတော့်ကို လွန်တယ်လို့ မထင်ဘူးလား"
ရှန့်ချန့်ယန်က မေးလိုက်၏။
ဟိုင်ရိသည် ရှန့်ချန့်ယန်၏ စကားကြောင့် မည်သို့သော ခံစားချက်မျိုး ဖြစ်ပေါ်လာသည်ကို သေချာမသိတော့ချေ။ သူသည် ရှန့်ချန့်ယန်၏ မျက်နှာကို ကြည့်လိုက်သော်လည်း ဘာမှနားမလည်နိုင်ခဲ့။
ဟိုင်ရိက သူ့ဖုန်းကို ချလိုက်ကာ
"ဘာလို့ ဒီနေ့ ဒီမှာ အိပ်ရတာလဲ"
ရှန့်ချန့်ယန် မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းကိုပွတ်နေရင်းနှင့်ပင်
"အကြောင်းပြချက်မရှိဘူး၊ အိပ်တော့"
ဟိုင်ရိ : "ဒီည လူသတ်သမားက ငါ့ကို သတ်မယ်လို့ မင်းထင်တာလား"
ရှန့်ချန့်ယန်က သူ့ကို ကြည့်လိုက်ပြီး
"အဲလိုမဖြစ်တာ အကောင်းဆုံးပဲ"
ဟိုင်ရိ လုံးဝနားမလည်တော့ပေ။
ဟိုင်ရိ : "ဘာလို့လဲ"
ရှန့်ချန့်ယန်က ရှင်းပြလိုက်သည်။
"ခင်ဗျားဖြစ်နေဖို့ မလိုအပ်ဘူး၊ ကျွန်တော်လည်း ဖြစ်နိုင်တယ်...ကွာခြားချက်က ကျွန်တော်က လွတ်မြောက်နိုင်တယ်၊ ခင်ဗျားအတွက်တော့ အဲလိုမဟုတ်နိုင်ဘူး၊ ဒါကြောင့် ကျွန်တော်လာတာ"
ဟိုင်ရိသည် သူ့စကားများထဲမှ ချို့ယွင်းချက်ကို ချက်ချင်းရှာတွေ့လိုက်သည်။
"ဆိုလိုတာက မင်းက လူသတ်သမား မဟုတ်ဘူးပေါ့"
ရှန့်ချန့်ယန်က ဘာပြောရမှန်းမသိသည့်ဟန်ဖြင့်သာ
"ကောကော...သွားအိပ်တော့"
ဟိုင်ရိ အိပ်ပျော်သွားသည်အထိ ရှန့်ချန့်ယန် ဖုန်းသုံးနေခဲ့သည်။ ဟိုင်ရိ၏ လေ့လာတွေ့ရှိချက်များအရ ရှန့်ချန့်ယန်သည် Weibo ကို အမြဲတစေ လျင်မြန်စွာ ပွတ်နေပြီး လက်ချောင်းတစ်ချောင်းသည် အောက်သို့ ဆက်တိုက်ပွတ်ဆွဲနေခဲ့၏။ သူ ဖုန်းဆော့နေတာမျိုး မဟုတ်ဘဲ အချိန်အကုန်ခံနေတာမျိုးနှင့် ပိုတူသည်။
ခေါင်းကို ငုံ့၍ ဟိုင်ရိသည် ခေါင်းအုံးပေါ်တွင် လဲလျောင်းနေသော ရှန့်ချန့်ယန်၏ ပုံရိပ်ကို စိုက်ကြည့်နေသည်။ သူ့မှာ နှာခေါင်းစင်းစင်းနှင့် သန့်ရှင်းသပ်ရပ်သော ခန့်ညားသည့်မျက်နှာ ရှိ၏။ အရိပ်များကြားတွင် သူသည် ရုပ်တုတစ်ခုနှင့် တူနေသည်။
ဟိုင်ရိသည် စိတ်ထဲတွင် ပြောမပြနိုင်သော ခံစားချက်များဖြင့် အိပ်ပျော်သွား၏။ သူ နိုးလာသောအခါ ခြောက်သွေ့သောလက်ချောင်းများက သူ့အခန်းတံခါးကို ပွတ်သပ်နေသလို ရုတ်တရက် တရှဲရှဲအသံများ ကြားလိုက်ရသည်။
ဟိုင်ရိ လန့်နိုးလာရာ သူ့ဆံပင်များ ထောင်မတ်သွား၏။ ထိုအခါ ရှန့်ချန့်ယန်သည် သူ့ကို ဖိချလိုက်၏။ ရှန့်ချန့်ယန်သည် ကုတင်ပေါ်တွင် ထိုင်လိုက်ကာ သူ့ကို ကြည့်လိုက်သည်။
ဟိုင်ရိတစ်ကိုယ်လုံး ဆွံ့အသွားပြီး ချက်ချင်းပင် ဘာဖြစ်နေလဲဆိုတာ သူ သဘောပေါက်သွားသည်။
သူတို့က သူ့ဆီကို တကယ်လာတာလား။
ရှန့်ချန့်ယန်က ထရပ်လိုက်ပြီး
"ဒီမှာ ကျွန်တော့်ကို စောင့်နေ"
ဟိုင်ရိသည် မသိစိတ်ကပင် ရှန့်ချန့်ယန်ကို ဆွဲထားမိလိုက်သည်။
"မင်း..."
ရှန့်ချန့်ယန် : "ရပါတယ်"
ကုတင်ပတ်ဝန်းကျင်မှ အသားကင်နံ့ သင်းသင်းလေး ထွက်လာသည်။ အနံ့ဘယ်ကလာမှန်း သဘောပေါက်လိုက်သောအခါ ဟိုင်ရိ ရုတ်တရက် ပျို့တက်လာ၏။ သူ လက်လှမ်း၍ မီးဖွင့်လိုက်သည်။ ရှန့်ချန့်ယန်က ဗီရိုကိုဖွင့်ပြီး အဝတ်စင်ကို ထုတ်ယူလိုက်၏။ အဝတ်စင်သည် ဘယ်တုန်းကမှန်းမသိ ဖွင့်ထားပြီးသား ဖြစ်နေသည်။ ရှန့်ချန့်ယန်က သူ့လက်ထဲရှိ ဓာတ်မီးကို နံရံဆီ ထွန်းလိုက်၏။ သူ တစ်နေရာကို ထိလိုက်သောအခါ အဝတ်စင်နှင့်အတူ 'ခချာ' အသံ ထွက်လာသည်။
တစ်ခုခုကို နှိုးလိုက်သလိုပင်။
ဟိုင်ရိ၏ အသက်ရှူသံ ချက်ချင်း ပုံမှန်ပြန်ဖြစ်သွား၏။ အနံ့က နောက်ဆုံးတွင် အနည်းငယ် ပျောက်သွားပြီ။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူသည် ကုတင်ခေါင်းရင်းက ခလုတ်ကို နှိပ်လိုက်သော်လည်း တကယ်ပင် မီးမလင်း။ အခန်းထဲရှိ လျှပ်စစ်မီးမှာ ပြတ်တောက်သွားပြီ ဖြစ်၏။
ဟိုင်ရိ ဝိုင်ယာကြိုးများကို ဆွဲထုတ်ကာ မီးသီးကို တိုက်ရိုက်ဆုပ်ကိုင်လိုက်သည်။
တံခါးအပြင်ဘက်၌ လှုပ်ရှားမှုများက ပိုမိုပြင်းထန်လာသည်။ အသက်ရှူသံက ပြင်ပမှ ကြားနေရပြီး၊ မီးမှုတ်စက်ကြီး အသံနှင့် တူနေ၏။ ဟိုင်ရိသည် သေဆုံးသူမှာ ထိုအသံမျိုး လုပ်ခြင်းကို ကြားဖူးသည်။
🌟🌟🌟