အခန်း (၃၁)
ခြံနောက်ဖေး စိုက်ခင်းလေးမှ အချို့အပင်များမှာ ရိတ်သိမ်းရန် အသင့်ဖြစ်နေလေပြီ။ ရှောင်ယွမ်က သူတို့နှစ်ဦးတည်း စျေးသွားမည့်အစား ကလေးများကိုပါ ခေါ်ပြီး နွားလှည်းလေးဖြင့် အတူတူ စျေးသွားရောင်းရန် ဆုံးဖြတ်လိုက်သည်။
မနက်စောစော လေပြည်အေးအေးလေး တိုက်ခတ်နေသော တောလမ်းလေးအတိုင်း နွားလှည်းလေး တရွေ့ရွေ့သွားနေသည်။ လင်းဟန်နှင့် ရှောင်ပိုင်တို့လည်း နွားလှည်းပေါ်တွင် ပျော်ပျော်ရွှင်ရွှင် လိုက်ပါလာကြသည်။ လှည်းဘီးသံ တကျီကျီနှင့် ငှက်ကလေးများ၏ တေးဆိုသံလေးများသည် တိတ်ဆိတ်သော တောလမ်းကို သာယာစေခဲ့သည်။
ရှောင်ယွမ်နှင့် လုဖုန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးနေကြသည်။ သူတို့မိသားစုလေးသည် ဤနွားလှည်းလေးကဲ့သို့ပင် တဖြည်းဖြည်းနှင့် ရှေ့ဆက်ပြီး တိုးတက်နေမည်ကို သူတို့နှစ်ဦးလုံး ခံစားမိနေခဲ့သည်။
လမ်းတစ်လျှောက်တွင် ရွာသားများနှင့် တွေ့သည့်အခါ နှုတ်ဆက်ကြသည်။ ရွာသားများကလည်း
ဝမ်းသာအားရ မေးကြသည်။ သူတို့မိသားစုလေး၏ အပြောင်းအလဲနှင့် တိုးတက်မှုများကို ရွာသားများကပါ သတိထားမိနေကြလေပြီ။
"လုဖုန်းတို့ ဒီနေ့လည်း စျေးထွက်ပြီလား
ဒီတစ်ခါ ဘာတွေပါလဲ"
"အရင်အတိုင်းပဲ ဦးလေးရေ
ခရမ်းချဥ်သီး၊ သခွားသီးပေါ့"
"ငါ့ကို သခွားသီးရောင်းပေးဦးကွာ"
"ယူသွားပါ ဦးလေးရယ်
အချင်းချင်းတွေကို မရောင်းပါဘူး"
ထိုဦးလေးကြီးမှာ လုဖုန်းအား ယခင်ကတည်းက
ကူညီပေးတတ်သူဖြစ်ကြောင်းသိထားသည်။ ထို့ကြောင့် ရှောင်ယွမ်က သခွားသီးနှင့်အခြား အသီးအချို့ကို ယူပြီး ထည့်ပေးလိုက်သည်။ ဦးလေးကြီးက ငြင်းသော်လည်း အတင်းပေးကာ စျေးသို့ထွက်လာခဲ့ကြသည်။
မြို့စျေးတွင် သူတို့၏နွားလှည်းကို ရပ်လိုက်သည်နှင့် လူများက ဝိုင်းလာကြပြန်သည်။ ဤတစ်ခါမူ အခြေအနေသည် ပို၍ထူးခြားသည်။ ယခင်ရက်က စျေးမထွက်သည့်အကြောင်း မေးကြသည့်အပြင် ယနေ့တွင်မူ အခြားစျေးသည်များကပါ သူတို့ထံသို့ လာရောက်ပြီး စကားပြောကြသည်။
"ကောလေးရေ မင်းတို့ရဲ့ သခွားသီး၊
ခရမ်းချဉ်သီးနဲ့ ပန်းဂေါ်ဖီတွေက အရည်အသွေး အရမ်းကောင်းတယ်
ငါတို့လည်း မင်းတို့ဆီက ပစ္စည်းတွေ ယူပြီး ပြန်ရောင်းချင်တယ်"
"ဟုတ်တယ်
ငါတို့ဆီမှာ ဖောက်သည်တွေ အများကြီးရှိတယ်
မင်းတို့ဆီကနေ လက်ကားဈေးနဲ့ ဝယ်ပြီး
ရောင်းခွင့်ပြုပါလား"
"ငါတို့ ဖောက်သည်ပြိုင်မလုပါဘူး
ငါတို့ရွာနဲ့ဘေးပတ်လည်ကရွာတွေကို
သွားရောင်းကြမှာ"
"ဟုတ်တယ် မင်းတို့ သာလက်ကားစျေးနဲ့
ရောင်းပေးမယ်ဆိုရင်
ကျွန်တော်က တစ်ဖက်ကမြို့ထိ သွားရောင်းမှာဗျ"
စျေးသည်များထံမှ စသည့် ကမ်းလှမ်းမှုများ ဆက်တိုက်ဆိုသလို ရောက်လာသည်။
ရှောင်ယွမ်က ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ ရပါတယ်
ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပစ္စည်းတွေက
အမြဲတမ်းတော့ မြို့ကိုလာရောင်းဖြစ်မှာမဟုတ်ဘူး
ရွာဘက်မှာ အလုပ်တွေ ပိုများလာလို့ပါ
ဖောက်သည်ယူချင်တာက ရပေမယ့်
ကျွန်တော်တို့က နေ့တိုင်း စျေးမထွက်ဖြစ်လောက်ဘူးဗျ"
ထိုအခါ စျေးသည်တစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။
"ဒါဆို ဘယ်လိုလုပ်မလဲ
အဒေါ်တို့က မင်းတို့ရဲ့ပစ္စည်းကိုပဲ ဝယ်ချင်တာ"
"ဒါဆိုလည်း ကိစ္စမရှိပါဘူး
ဦးလေးတို့ အဒေါ်တို့က
ကျွန်တော်တို့ရွာကို လာပြီး ဝယ်လို့ရပါတယ် ကျွန်တော်တို့ရွာနာမည်က သန့်ပိုင်ရွာ ပါ
လုဖုန်းတို့အိမ်ဘယ်မှာလဲလို့ မေးပြီး လာလို့ရတယ်
အိမ်က တောနဲ့နီးလို့ ရွာလမ်းအတိုင်း တည့်တည့်လိုက်လာရင်လည်း ကျွန်တော်တို့ကို တွေ့နိုင်ပါတယ်
လာမယ်ဆိုရင် ကြိုပြီး အကြောင်းကြားပေးရင် ပိုအဆင်ပြေပါတယ်ဗျ"
စျေးသည်များက ဝမ်းသာအားရ ခေါင်းညိတ်ပြီး ပြောကြသည်။
"ကောင်းတယ် ကောင်းတယ်
မင်းတို့ရွာကို ငါတို့လာခဲ့မယ်"
သူတို့၏ စီးပွားရေးသည် မျှော်လင့်ထားသည်ထက် ပိုမိုတိုးတက်လာခဲ့ပြီ ဖြစ်သည်။
နောက်ရက်ရွာသို့ဖောက်သည်လာယူမည့် စျေးသည်များကို မှတ်ပြီးစျေးဆက်ရောင်းခဲ့သည်။ ထို့နောက်
ချန်းမိသားစုဆိုင်သို့ သွားတာ ငရုတ်သီးများဝင်ပို့ပေးသည်။ လူကြီးများ စကားပြောနေစဥ်တွင် ချန်းမင်နှင့်ရှောင်ပိုင်တို့ကလည်း အတူကစားနေခဲ့ကြသည်။
ဆိုင်ရှင် ချန်းလီအား ရွာတွင် အလုပ်များရှိနေသေး၍ အသီးအရွက်များနေ့တိုင်းလာမပို့နိုင်ကြောင်း သေချာ ရှင်းပြပေးလိုက်သည်။ ချန်းလီကလည်း နောက်ရက်များတွင် ကျိုးကွမ်အား လွှတ်၍ယူခိုင်းလိုက်မည် ဆိုလေသည်။ ရှောင်ယွမ်တို့၏အသီးအရွက်များက လူအများကြား အလွန်ကျော်ကြားနေရာ အခြား စားသောက်ဆိုင်ကြီးများကလည်း လိုချင်နေခဲ့ကြသည်။
လက်ဖက်ရည်ကြမ်းသောက်ရင်း ချန်းလီက မေးလေသည်။
"လုဖုန်းတို့က ရွာမှာ ဘာအလုပ်တွေရှိသေးတာလဲ
စိုက်ခင်းအတွက်က လူမငှားဘူးလား"
ချန်းလီ၏အမေးကြောင့် လုဖုန်းက ရှောင်ယွမ်အားကြည့်လိုက်သည်။ ရှောင်ယွမ်ကလည်း လုဖုန်းဆိုလိုသည့် အဓိပ္ပါယ်ကို သိသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်တို့က ခန်ကုတင်ဆောက်လုပ်ဖို့အတွက်
ပြင်ဆင်နေတာပါ"
"ခန်ကုတင်ဟုတ်လား အဲဒါဘာလဲ"
"ခန်ကုတင်ဆိုတာ ဆောင်းတွင်းမှာအပူပေးလို့ရတဲ့
အိပ်ယာကုတင်အမျိုးအစားပါ
ဒါကကျွန်တော်ရဲ့ ဇနီး ချင်းယွမ်ရဲ့ အကြံဥာဏ်ပါ"
"ဟုတ်လား ချင်းယွမ် ရှင်းပြပေးပါဦး"
ရှောင်ယွမ်က ခန်ကုတင်အကြောင်း ချန်းလီကို သေချာရှင်းပြပေးလိုက်သည်။ ချန်းလီက နားထောင်ပြီးနောက် အလွန်သဘောကျသွားခဲ့သည်။
"တကယ်ကောင်းတဲ့ အကြံဥာဏ်ပဲကွာ
မင်းတို့ လူငယ်တွေမထင်ရဘူး
တကယ်တော်ကြတာပဲ
အခုဘယ်လိုလဲ ခန်ကုတင်ဆောက်ဖို့
အကောင်အထည်ပေါ်ပြီလား"
"ဟုတ်ကဲ့ ခန်ကုတင်ရဲ့ ပုံစံအသေးစိတ်ကို
ပုံကြမ်းဆွဲပြီး လက်သမားဆရာကိုပို့ပေးထားပါတယ်
ကျွန်တော်တို့အိမ်မှာ အရင်အစမ်းလုပ်ကြည့်မှာပါဗျ"
"ကောင်းပြီ မင်းတို့အိမ်မှာ ခန်ကုတင်ဆောက်ပြီးရင် ငါ့ဆီလာခဲ့ကြကွာ ငါလည်းဆောက်မယ်
ခန်ကုတင် ၁လုံးလိုချင်တယ်
ချန်းမင်လေးက ဆောင်းတွင်းဆို အရမ်းအေးတတ်တာ သူ့အတွက် ဒါမျိုး ကုတင်၁လုံး လိုကိုလိုတယ်"
"ဟုတ်ကဲ့ပါဗျ"
ခန်ကုတင်အကောင်အထည်မပေါ်သေးခင်မှာပင် ဝယ်သူ၁ယောက်ဘစနေပြီ ဖြစ်သောကြောင့် ရှောင်ယွမ် ပျော်ရွှင်သွားရသည်။
ကလေးများဆော့ကစားနေသည့်အားကြည့်ရင်း လက်ဖက်ရည်ကြမ်းသောက်နေခဲ့ကြသည်။ ရှောင်ယွမ်က စားဖိုမှူးကြီးအား စျေးထဲတွင်ရနိုင်သည့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုနိုင်သော အရာများကို ပြောပြပေးခဲ့သည်။ နောင်တစ်ချိန် တောထဲသို့ဝင်သည့်အခါ အခြားဟင်းခတ်အမွှေးကြိုင်များကိုလည်း ရှာဖွေပေးမည်ဟု ကတိပေးခဲ့ရာ စားဖိုမှူးကြီးက အလွန်ပျော်ရွှင်နေခဲ့သည်။
ညနေစောင်း၍ ရွာသို့ ပြန်ရောက်သောအခါ ရှောင်ယွမ်နှင့် လုဖုန်းတို့က ကလေးများကို အမေလင်းထံမှ သွားခေါ်ကြသည်။
"အမေ ကျွန်တော်တို့ ပြန်ရောက်ပါပြီ"
ရှောင်ယွမ်က အိမ်ထဲဝင်ရင်း နှုတ်ဆက်လိုက်သည်။
"အေးအေး သားတို့ ပြန်လာပြီလား
ကောင်းတယ် ကောင်းတယ်
စျေးရောင်းတာ ဘယ်လိုနေလဲ
စျေးကိုလိုက်ရလို့ ကလေးတွေလည်း
ပျော်နေကြတာပေါ့လေ ဟုတ်လား"
အမေလင်းက ပြုံးပြီးပြောရင်း လင်းဟန်နှင့် ရှောင်ပိုင်ကို ပွေ့ဖက်လိုက်သည်။
"စျေးရောင်းကောင်းတယ် အမေ
နောက်ရက်တွေကျ စျေးဆို နေ့တိုင်းသွားစရာမလိုတော့ဘူး ရွာထိလာယူပြီး ပြန်ရောင်းချင်တဲ့
စျေးသည်တွေရှိတယ်"
"ဟုတ်လား မင်းတို့သက်သာတာပေါ့
နေ့တိုင်း မြို့ကိုသွားနေရတာ မသက်သာဘူး
လူလည်းပင်ပန်းတယ်ကွယ့်"
"ဟုတ်တယ် အမေ
ကလေးတွေကိုလည်း အချိန်မပေးနိုင်ဘူး
အမေ့ကိုလည်း တစ်ယောက်ထဲထားခဲ့ရတာ
စိတ်မချလို့"
"အမေကဘာစိတ်မချစရာရှိလဲ
သား အဖေရော သိလား"
"သိတယ် အမေ
ရွာအပြန်တုန်းက ဝင်ပြောခဲ့တယ်
အဖေက နောက်၇ရက်လောက်နေရင်
နားရက်ရပြီလို့ပြောတယ်"
ရှောင်ယွမ်တို့ စျေးထွက်သည့်အခါတိုင်း အဖေကျိုးအား အသီးအရွက်များပို့ရင်း ဆန်၊ဂျုံ၊ဆီ စသည်တို့အား ဝယ်ပေးတတ်သည်။ အစပိုင်းတွင် အဖေကျိုးကငြင်းသော်လည်း ရှောင်ယွမ်၏ဖြောင်းဖျမှုများအောက်တွင် အမြဲလက်ခံလိုက်ရသည်။
"ဒီတစ်ခါ ကျွန်တော်တို့ ခန်းကုတင်ဆောက်မယ့်
ကိစ္စကို ဦးလေးကျင်းနဲ့လည်း ပြောပြီးပြီ
ပုံစံတွေလည်း အကုန်ဆွဲပြီးသွားပြီ
ဦးလေးကျင်းက ကျွန်တော်တို့အိမ်မှာပဲ
နမူနာစပြီး ဆောက်ပေးမယ်တဲ့"
လုဖုန်းကလည်း ဝမ်းသာအားရ ပြောပြသည်။
အမေလင်းက မျက်လုံးများ ဝိုင်းသွားပြီး
ဝမ်းသာအားရ ပြောလိုက်သည်။
"ဟယ်... တကယ်လား
ကောင်းလိုက်တာ သားတို့ရယ်
ဒါဆို ဆောင်းတွင်းမှာ နွေးနွေးထွေးထွေး
နေရတော့မှာပေါ့"
ရှောင်ယွမ်က အမေလင်း၏လက်ကို
ဖမ်းကိုင်လိုက်ရင်း ပြောလေသည်။
"အမေ
ကျွန်တော်တို့ အိမ်အသစ်ဆောက်ပြီး
ခန်းကုတင်တွေ ဆောက်ပြီးသွားတဲ့အခါ
အမေ ကျွန်တော်တို့ဆီ လာနေပါလား
ဒီအိမ်ကလည်း ကျဉ်းကျဉ်းလေးနဲ့
အဖေအလုပ်သွားတဲ့အချိန်
အမေတစ်ယောက်တည်းဆိုတော့
သားတို့နဲ့ အတူတူနေကြရအောင်"
အမေလင်း၏ မျက်ဝန်းများတွင်
မျက်ရည်စများ ဝဲလာသည်။ သူ၏ချစ်ရသော သားလေး ရှောင်ယွမ်ထံမှ ဤကဲ့သို့စကားမျိုး ကြားရသောအခါ သူ တကယ်ပင် ပျော်ရွှင်မိသည်။
ထိုညနေခင်းတွင် အမေလင်းက ရှောင်ယွမ်တို့အိမ်သို့ လိုက်ပါလာပြီး ယနေ့ဈေးမှ ဝယ်လာသော လတ်ဆတ်သည့် ဝက်သားဖြင့် ဟင်းချက်ပြုတ်ပေးရန် စီစဉ်တော့သည်။
ရှေးဦးစွာ ဝက်သားများကို ရေစင်အောင်ဆေးကြောပြီး အနေတော် တုံးလိုက်သည်။ ထို့နောက် ဆား၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်တို့ဖြင့် နယ်ပြီး ခဏနှပ်ထားသည်။ အမေလင်းက ရှောင်ယွမ်တို့အတွက် မကြာခဏ ဟင်းချက်ပေးဖြစ်လေရာ အိမ်ရှိဟင်းခတ်အမွှေးအကြိုင်အချို့ကို သုံးရာတွင် ပို၍ ကျွမ်းကျင်မှုရှိလာခဲ့သည်။
ဒယ်အိုးကို မီးဖိုပေါ်တင်ကာ ဆီအနည်းငယ်ထည့်၍ ဆီပူလာသောအခါ နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ရွှေဝါရောင်သန်းသည်အထိ ဆီသတ်လိုက်သည်။ မွှေးကြိုင်သောရနံ့များ ထွက်လာသည်နှင့် လှီးထားသော ဝက်သားများကို ထည့်ပြီး မီးအသင့်အတင့်ဖြင့် မွှေပေးသည်။ ဝက်သားများ အရောင်ပြောင်းလာသောအခါ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်၍ တည်ထားလိုက်သည်။
ဝက်သားများ နူးအိလာချိန်တွင် အမေလင်းက နုပ်နုပ်စဉ်းထားသော ခရမ်းချဉ်သီးအနည်းငယ်နှင့် ပင်စိမ်းရွက်အချို့ကို ထည့်ကာအုပ်လိုက်သည်။
မွှေးကြိုင်သော ပင်စိမ်းနံ့သင်းလာပြီး ဟင်းအိုးထဲမှ အငွေ့တထောင်းထောင်း ထွက်လာချိန်တွင် အရသာမြည်းကာ လိုအပ်လျှင် အပေါ့အငံ ချိန်ညှိသည်။ နောက်ဆုံးတွင် ဝက်သားဟင်းကို မီးဖိုပေါ်မှချကာ လတ်ဆတ်သော နံနံပင်များ အပေါ်မှ ဖြူးပေးလိုက်သည်။
တစ်အိမ်လုံး ဝက်သားဟင်း၏ မွှေးကြိုင်သောရနံ့များ သင်းပျံ့နေပြီး ကလေးများပင် ဗိုက်ဆာလာကြသည်။ ပူပူနွေးနွေး ဝက်သားဟင်းနှင့် ထမင်းဖြူပူပူကို မိသားစုစုံညီ စားသောက်ကြရင်း ထိုညနေခင်းသည် ပျော်ရွှင်ခြင်း၊ နွေးထွေးခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။