အခန်း (၃၁)
Viewers 4k

အခန်း (၃၁)


ခြံနောက်ဖေး စိုက်ခင်းလေးမှ အချို့အပင်များမှာ ရိတ်သိမ်းရန် အသင့်ဖြစ်နေ​လေပြီ။ ရှောင်ယွမ်က သူတို့နှစ်ဦးတည်း စျေးသွားမည့်အစား ကလေးများကိုပါ ခေါ်ပြီး နွားလှည်းလေးဖြင့် အတူတူ စျေးသွားရောင်းရန် ဆုံးဖြတ်လိုက်သည်။ 


မနက်စောစော လေပြည်အေးအေးလေး တိုက်ခတ်နေသော တောလမ်းလေးအတိုင်း နွားလှည်းလေး တရွေ့ရွေ့သွားနေသည်။ လင်းဟန်နှင့် ရှောင်ပိုင်တို့လည်း နွားလှည်းပေါ်တွင် ပျော်ပျော်ရွှင်ရွှင် လိုက်ပါလာကြသည်။ လှည်းဘီးသံ တကျီကျီနှင့် ငှက်ကလေးများ၏ တေးဆိုသံလေးများသည် တိတ်ဆိတ်သော တောလမ်းကို သာယာစေခဲ့သည်။


ရှောင်ယွမ်နှင့် လုဖုန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးနေကြသည်။ သူတို့မိသားစုလေးသည် ဤနွားလှည်းလေးကဲ့သို့ပင် တဖြည်းဖြည်းနှင့် ရှေ့ဆက်ပြီး တိုးတက်နေမည်ကို သူတို့နှစ်ဦးလုံး ခံစားမိနေခဲ့သည်။ 


လမ်းတစ်လျှောက်တွင် ရွာသားများနှင့် တွေ့သည့်အခါ နှုတ်ဆက်ကြသည်။ ရွာသားများကလည်း 

ဝမ်းသာအားရ မေးကြသည်။ သူတို့မိသားစုလေး၏ အပြောင်းအလဲနှင့် တိုးတက်မှုများကို ရွာသားများကပါ သတိထားမိနေကြ​လေပြီ။


"လုဖုန်းတို့ ဒီနေ့လည်း စျေးထွက်ပြီလား

ဒီတစ်ခါ ဘာတွေပါလဲ"


"အရင်အတိုင်းပဲ ဦး​လေး​ရေ

ခရမ်းချဥ်သီး၊ သခွားသီး​ပေါ့"


"ငါ့ကို သခွားသီး​ရောင်း​ပေးဦးကွာ"


"ယူသွားပါ ဦး​လေးရယ်

အချင်းချင်း​တွေကို မ​ရောင်းပါဘူး"


ထိုဦး​လေးကြီးမှာ လုဖုန်းအား ယခင်ကတည်းက

ကူညီ​ပေးတတ်သူဖြစ်​ကြောင်းသိထားသည်။ ထို့​ကြောင့် ​ရှောင်ယွမ်က သခွားသီးနှင့်အခြား အသီးအချို့ကို ယူပြီး ထည့်​ပေးလိုက်သည်။ ဦး​လေးကြီးက ငြင်း​သော်လည်း အတင်း​ပေးကာ ​စျေးသို့ထွက်လာခဲ့ကြသည်။


မြို့စျေးတွင် သူတို့၏နွားလှည်းကို ရပ်လိုက်သည်နှင့် လူများက ဝိုင်းလာကြပြန်သည်။ ဤတစ်ခါမူ အခြေအနေသည် ပို၍ထူးခြားသည်။ ယခင်ရက်က စျေးမထွက်သည့်အကြောင်း မေးကြသည့်အပြင် ယနေ့တွင်မူ အခြားစျေးသည်များကပါ သူတို့ထံသို့ လာရောက်ပြီး စကားပြောကြသည်။


"​ကောလေးရေ မင်းတို့ရဲ့ သခွားသီး၊ 

ခရမ်းချဉ်သီးနဲ့ ပန်း​​ဂေါ်ဖီတွေက အရည်အသွေး အရမ်းကောင်းတယ်

ငါတို့လည်း မင်းတို့ဆီက ပစ္စည်းတွေ ယူပြီး ပြန်ရောင်းချင်တယ်" 


"ဟုတ်တယ် 

ငါတို့ဆီမှာ ဖောက်သည်တွေ အများကြီးရှိတယ်

မင်းတို့ဆီကနေ လက်ကားဈေးနဲ့ ဝယ်ပြီး 

ရောင်းခွင့်ပြုပါလား" 


"ငါတို့ ​​ဖောက်သည်ပြိုင်မလုပါဘူး 

ငါတို့ရွာနဲ့​ဘေးပတ်လည်ကရွာ​တွေကို 

သွား​ရောင်းကြမှာ"


"ဟုတ်တယ် မင်းတို့ သာလက်ကား​​စျေးနဲ့ 

​ရောင်း​ပေးမယ်ဆိုရင် 

ကျွန်​တော်က တစ်ဖက်ကမြို့ထိ သွားရောင်းမှာဗျ"


​စျေးသည်များထံမှ စသည့် ကမ်းလှမ်းမှုများ ဆက်တိုက်ဆိုသလို ရောက်လာသည်။


ရှောင်ယွမ်က ​ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။


"ဟုတ်ကဲ့ ရပါတယ်

ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပစ္စည်းတွေက 

အမြဲတမ်းတော့ မြို့ကိုလာရောင်းဖြစ်မှာမဟုတ်ဘူး

ရွာဘက်မှာ အလုပ်တွေ ပိုများလာလို့ပါ 

​ဖောက်သည်ယူချင်တာက ရ​ပေမယ့် 

ကျွန်​တော်တို့က ​နေ့တိုင်း​ စျေးမထွက်ဖြစ်​လောက်ဘူးဗျ"


ထိုအခါ စျေးသည်တစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။

"ဒါဆို ဘယ်လိုလုပ်မလဲ

အ​​ဒေါ်တို့က မင်းတို့ရဲ့ပစ္စည်းကိုပဲ ဝယ်ချင်တာ"


"ဒါဆိုလည်း ကိစ္စမရှိပါဘူး 

ဦးလေးတို့ အဒေါ်တို့က 

ကျွန်တော်တို့ရွာကို လာပြီး ဝယ်လို့ရပါတယ် ကျွန်တော်တို့ရွာနာမည်က သန့်ပိုင်ရွာ ပါ 

လုဖုန်းတို့အိမ်ဘယ်မှာလဲလို့ ​မေးပြီး လာလို့ရတယ်

အိမ်က ​တောနဲ့နီးလို့ ရွာလမ်းအတိုင်း တည့်တည့်လိုက်လာရင်လည်း ကျွန်တော်တို့ကို တွေ့နိုင်ပါတယ်

လာမယ်ဆိုရင် ကြိုပြီး အကြောင်းကြားပေးရင် ပိုအဆင်ပြေပါတယ်ဗျ"


စျေးသည်များက ဝမ်းသာအားရ ခေါင်းညိတ်ပြီး ပြောကြသည်။


"ကောင်းတယ် ကောင်းတယ်

မင်းတို့ရွာကို ငါတို့လာခဲ့မယ်"


သူတို့၏ စီးပွားရေးသည် မျှော်လင့်ထားသည်ထက် ပိုမိုတိုးတက်လာခဲ့ပြီ ဖြစ်သည်။


​​နောက်ရက်ရွာသို့​ဖောက်သည်လာယူမည့် ​​စျေးသည်များကို မှတ်ပြီး​စျေးဆက်​ရောင်းခဲ့သည်။ ထို့​နောက်

ချန်းမိသားစုဆိုင်သို့ သွားတာ ငရုတ်သီးများဝင်ပို့​ပေးသည်။ လူကြီးများ စကား​ပြော​နေစဥ်တွင် ချန်းမင်နှင့်​ရှောင်ပိုင်တို့ကလည်း အတူကစား​နေခဲ့ကြသည်။


ဆိုင်ရှင် ချန်းလီအား ရွာတွင် အလုပ်များရှိ​နေ​သေး၍ အသီးအရွက်များ​နေ့တိုင်းလာမပို့နိုင်ကြောင်း ​သေချာ ရှင်းပြ​ပေးလိုက်သည်။ ချန်းလီကလည်း ​နောက်ရက်များတွင် ကျိုးကွမ်အား လွှတ်၍ယူခိုင်းလိုက်မည် ဆို​လေသည်။ ​ရှောင်ယွမ်တို့၏အသီးအရွက်များက လူအများကြား အလွန်​ကျော်ကြား​နေရာ အခြား စား​သောက်ဆိုင်ကြီးများကလည်း လိုချင်​နေခဲ့ကြသည်။  


လက်ဖက်ရည်ကြမ်း​သောက်ရင်း ချန်းလီက ​မေး​လေသည်။ 


"​လုဖုန်းတို့က ရွာမှာ ဘာအလုပ်​တွေရှိ​သေးတာလဲ

စိုက်ခင်းအတွက်က လူမငှားဘူးလား"


ချန်းလီ၏အ​မေး​ကြောင့် လုဖုန်းက ​ရှောင်ယွမ်အားကြည့်လိုက်သည်။ ​ရှောင်ယွမ်ကလည်း လုဖုန်းဆိုလိုသည့် အဓိပ္ပါယ်ကို သိ​သော​ကြောင့် ​ခေါင်းညိတ်ပြလိုက်သည်။ 


"ကျွန်​တော်တို့က ခန်ကုတင်​ဆောက်လုပ်ဖို့အတွက်

ပြင်ဆင်​​နေတာပါ"


"ခန်ကုတင်ဟုတ်လား အဲဒါဘာလဲ"


"ခန်ကုတင်ဆိုတာ ​ဆောင်းတွင်းမှာအပူ​ပေးလို့ရတဲ့ 

အိပ်ယာကုတင်အမျိုးအစားပါ 

ဒါကကျွန်​တော်ရဲ့ ဇနီး ချင်းယွမ်ရဲ့ အကြံဥာဏ်ပါ"


"ဟုတ်လား ချင်းယွမ် ရှင်းပြ​ပေးပါဦး" 


​ရှောင်ယွမ်က ခန်ကုတင်အ​ကြောင်း ချန်းလီကို ​သေချာရှင်းပြ​ပေးလိုက်သည်။ ချန်းလီက နား​ထောင်ပြီး​နောက် အလွန်သ​ဘောကျသွားခဲ့သည်။ 


"တကယ်​ကောင်းတဲ့ အကြံဥာဏ်ပဲကွာ 

မင်းတို့ လူငယ်​တွေမထင်ရဘူး 

တကယ်​တော်ကြတာပဲ

အခုဘယ်လိုလဲ ခန်ကုတင်​ဆောက်ဖို့ 

အ​ကောင်အထည်​ပေါ်ပြီလား"


"ဟုတ်ကဲ့ ခန်ကုတင်ရဲ့ ပုံစံအ​သေးစိတ်ကို 

ပုံကြမ်းဆွဲပြီး လက်သမားဆရာကိုပို့​ပေးထားပါတယ်

ကျွန်​တော်တို့အိမ်မှာ အရင်အစမ်းလုပ်ကြည့်မှာပါဗျ"


"​ကောင်းပြီ မင်းတို့အိမ်မှာ ခန်ကုတင်​ဆောက်ပြီးရင် ငါ့ဆီလာခဲ့ကြကွာ ငါလည်း​ဆောက်မယ်

ခန်ကုတင် ၁လုံးလိုချင်တယ် 

​ချန်းမင်​လေးက ​ဆောင်းတွင်းဆို အရမ်း​အေးတတ်တာ သူ့အတွက် ဒါမျိုး ကုတင်၁လုံး လိုကိုလိုတယ်"


"ဟုတ်ကဲ့ပါဗျ" 


ခန်ကုတင်အ​ကောင်အထည်မ​ပေါ်​သေးခင်မှာပင် ​ဝယ်သူ၁​ယောက်ဘစ​နေပြီ ဖြစ်​သော​ကြောင့် ​ရှောင်ယွမ် ​ပျော်ရွှင်သွားရသည်။ 


က​လေးများ​ဆော့ကစား​နေသည့်အားကြည့်ရင်း လက်ဖက်ရည်ကြမ်း​သောက်​နေခဲ့ကြသည်။ ​ရှောင်ယွမ်က စားဖိုမှူးကြီးအား ​စျေးထဲတွင်ရနိုင်သည့် ဟင်းခတ်အ​မွှေးအကြိုင်အဖြစ် အသုံးပြုနိုင်သော အရာများကို ​ပြောပြ​ပေးခဲ့သည်။ ​နောင်တစ်ချိန် တောထဲသို့ဝင်သည့်အခါ အခြားဟင်းခတ်အ​မွှေးကြိုင်များကိုလည်း ရှာ​ဖွေ​ပေးမည်ဟု ကတိ​ပေးခဲ့ရာ စားဖိုမှူးကြီးက အလွန်​ပျော်ရွှ​င်​နေခဲ့သည်။


ညနေစောင်း၍ ရွာသို့ ပြန်ရောက်သောအခါ ရှောင်ယွမ်နှင့် လုဖုန်းတို့က ကလေးများကို အမေလင်းထံမှ သွားခေါ်ကြသည်။


"အမေ ကျွန်တော်တို့ ပြန်ရောက်ပါပြီ"


ရှောင်ယွမ်က အိမ်ထဲဝင်ရင်း နှုတ်ဆက်လိုက်သည်။ 


"အေးအေး သားတို့ ပြန်လာပြီလား 

ကောင်းတယ် ​ကောင်းတယ်

​စျေး​ရောင်းတာ ဘယ်လို​နေလဲ

​စျေးကိုလိုက်ရလို့ ကလေးတွေလည်း 

ပျော်နေကြတာ​ပေါ့​လေ ဟုတ်လား" 


အမေလင်းက ပြုံးပြီးပြောရင်း လင်းဟန်နှင့် ရှောင်ပိုင်ကို ပွေ့ဖက်လိုက်သည်။


"​စျေး​ရောင်း​ကောင်းတယ် အ​မေ

​နောက်ရက်​​တွေကျ ​စျေးဆို ​နေ့တိုင်းသွားစရာမလို​တော့ဘူး ရွာထိလာယူပြီး ပြန်​ရောင်းချင်တဲ့ 

​စျေးသည်​တွေရှိတယ်"


"ဟုတ်လား မင်းတို့သက်သာတာ​ပေါ့

​နေ့တိုင်း မြို့ကိုသွား​နေရတာ မသက်သာဘူး 

လူလည်းပင်ပန်းတယ်ကွယ့်"


"ဟုတ်တယ် အ​မေ 

က​လေး​တွေကိုလည်း အချိန်မ​ပေးနိုင်ဘူး 

အ​​မေ့ကိုလည်း တစ်​ယောက်ထဲထားခဲ့ရတာ 

စိတ်မချလို့" 


"အ​​မေကဘာစိတ်မချစရာရှိလဲ 

သား အ​ဖေ​​ရော သိလား"


"သိတယ် အ​မေ 

ရွာအပြန်တုန်းက ဝင်​ပြောခဲ့တယ်

အ​ဖေက ​နောက်၇ရက်လောက်​နေရင်

နားရက်ရပြီလို့​ပြောတယ်"


​ရှောင်ယွမ်တို့ ​စျေးထွက်သည့်အခါတိုင်း အ​ဖေကျိုးအား အသီးအရွက်များပို့ရင်း ဆန်၊ဂျုံ၊ဆီ စသည်တို့အား ဝယ်​ပေးတတ်သည်။ အစပိုင်းတွင် အ​ဖေကျိုးကငြင်း​သော်လည်း ​​ရှောင်ယွမ်၏​ဖြောင်းဖျမှုများ​အောက်တွင် အမြဲလက်ခံလိုက်ရသည်။


"ဒီတစ်ခါ ကျွန်တော်တို့ ခန်းကုတင်ဆောက်မယ့် 

ကိစ္စကို ဦးလေးကျင်းနဲ့လည်း ပြောပြီးပြီ 

ပုံစံတွေလည်း အကုန်ဆွဲပြီးသွားပြီ

ဦး​လေးကျင်းက ကျွန်တော်တို့အိမ်မှာပဲ 

နမူနာစပြီး ဆောက်ပေးမယ်တဲ့"


လုဖုန်းကလည်း ဝမ်းသာအားရ ပြောပြသည်။ 


အမေလင်းက မျက်လုံးများ ဝိုင်းသွားပြီး 

ဝမ်းသာအားရ ​ပြောလိုက်သည်။


"ဟယ်... တကယ်လား

ကောင်းလိုက်တာ သားတို့ရယ်

ဒါဆို ဆောင်းတွင်းမှာ နွေးနွေးထွေးထွေး 

နေရတော့မှာပေါ့"


ရှောင်ယွမ်က အမေလင်း၏လက်ကို 

ဖမ်းကိုင်လိုက်ရင်း ​ပြော​လေသည်။


"အမေ 

ကျွန်တော်တို့ အိမ်အသစ်ဆောက်ပြီး 

ခန်းကုတင်တွေ ဆောက်ပြီးသွားတဲ့အခါ 

အမေ ကျွန်တော်တို့ဆီ လာနေပါလား

ဒီအိမ်ကလည်း ကျဉ်းကျဉ်းလေးနဲ့ 

အ​ဖေအလုပ်သွားတဲ့အချိန်

အမေတစ်ယောက်တည်းဆိုတော့ 

သားတို့နဲ့ အတူတူနေကြရအောင်" 


အမေလင်း၏ မျက်ဝန်းများတွင် 

မျက်ရည်စများ ဝဲလာသည်။ သူ၏ချစ်ရသော သား​လေး ရှောင်ယွမ်ထံမှ ဤကဲ့သို့စကားမျိုး ကြားရသောအခါ သူ တကယ်ပင် ပျော်ရွှင်မိသည်။ 


ထိုညနေခင်းတွင် အမေလင်းက ရှောင်ယွမ်တို့အိမ်သို့ လိုက်ပါလာပြီး ယနေ့ဈေးမှ ဝယ်လာသော လတ်ဆတ်သည့် ဝက်သားဖြင့် ဟင်းချက်ပြုတ်ပေးရန် စီစဉ်တော့သည်။


ရှေးဦးစွာ ဝက်သားများကို ရေစင်အောင်ဆေးကြောပြီး အနေတော် တုံးလိုက်သည်။ ထို့နောက် ဆား၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်တို့ဖြင့် နယ်ပြီး ခဏနှပ်ထားသည်။ အ​မေလင်းက ​ရှောင်ယွမ်တို့အတွက် မကြာခဏ ဟင်းချက်​ပေးဖြစ်​လေရာ အိမ်ရှိဟင်းခတ်အ​မွှေးအကြိုင်အချို့ကို သုံးရာတွင် ပို၍ ကျွမ်းကျင်မှုရှိလာခဲ့သည်။


ဒယ်အိုးကို မီးဖိုပေါ်တင်ကာ ဆီအနည်းငယ်ထည့်၍ ဆီပူလာသောအခါ နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ရွှေဝါရောင်သန်းသည်အထိ ဆီသတ်လိုက်သည်။ မွှေးကြိုင်သောရနံ့များ ထွက်လာသည်နှင့် လှီးထားသော ဝက်သားများကို ထည့်ပြီး မီးအသင့်အတင့်ဖြင့် မွှေပေးသည်။ ဝက်သားများ အရောင်ပြောင်းလာသောအခါ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်၍ တည်ထားလိုက်သည်။


ဝက်သားများ နူးအိလာချိန်တွင် အမေလင်းက နုပ်နုပ်စဉ်းထားသော ခရမ်းချဉ်သီးအနည်းငယ်နှင့် ပင်စိမ်းရွက်အချို့ကို ထည့်ကာအုပ်လိုက်သည်။ 

မွှေးကြိုင်သော ပင်စိမ်းနံ့သင်းလာပြီး ဟင်းအိုးထဲမှ အငွေ့တထောင်းထောင်း ထွက်လာချိန်တွင် အရသာမြည်းကာ လိုအပ်လျှင် အပေါ့အငံ ချိန်ညှိသည်။ နောက်ဆုံးတွင် ဝက်သားဟင်းကို မီးဖိုပေါ်မှချကာ လတ်ဆတ်သော နံနံပင်များ အပေါ်မှ ဖြူးပေးလိုက်သည်။


တစ်အိမ်လုံး ဝက်သားဟင်း၏ မွှေးကြိုင်သောရနံ့များ သင်းပျံ့နေပြီး ကလေးများပင် ဗိုက်ဆာလာကြသည်။ ပူပူနွေးနွေး ဝက်သားဟင်းနှင့် ထမင်းဖြူပူပူကို မိသားစုစုံညီ စားသောက်ကြရင်း ထိုညနေခင်းသည် ပျော်ရွှင်ခြင်း၊ နွေးထွေးခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။