အခန်း (၃၂)
Viewers 4k

အခန်း (၃၂)


မနက်စောစောတွင် လေအေးအေးလေး တိုက်ခတ်နေပြီး ရှောင်ယွမ်က ခြံနောက်ဖေးရှိ စိုက်ခင်းလေးထဲသို့ ရောက်ရှိနေခဲ့သည်။ သူ၏လက်ထဲတွင် ရေပုံးတစ်ပုံးဖြင့် နေရာလွတ်ထဲမှ စမ်းရေနှင့်​​ရေများကို ​ရောကာ အပင်လေးများကို တစ်ပင်ချင်းစီ ဂရုတစိုက် လောင်းပေးသည်။ 


နေရာလွတ်၏ မှော်ဆန်သော စွမ်းအားကြောင့်လား မသိ၊ စိုက်ခင်းထဲမှ အပင်များသည် အံ့သြဖွယ်ရာ သန်စွမ်းလွန်းသည်။ ခရမ်းချဉ်ပင်များသည် အစိမ်းရောင်စိုစိုဖြင့် ဝေဆာနေပြီး အသီးများသည်လည်း နေရာလွတ်ထဲကအတိုင်း ကြီးမားလှပကာ နီရဲတောက်ပနေသည်။ 


သခွားသီးများ၊ ပဲတောင့်ရှည်များ၊ ငရုတ်သီးများအားလုံးသည် ရိတ်သိမ်းရန် အသင့်ဖြစ်နေပြီ။ ဤမျှအပင်များ သန်စွမ်းကြီးထွားနေခြင်းကို ကြည့်ရင်း ရှောင်ယွမ်၏ စိတ်ထဲတွင် ကျေနပ်ဝမ်းသာမှုများ ပြည့်နှက်နေသည်။ ဤစိုက်ခင်းလေးသည် သူတို့မိသားစု၏ မျှော်လင့်ချက်ပင် ဖြစ်သည်။ 


တစ်ခါတစ်ရံ ဤစမ်းရေများကို လောင်းပြီးနောက် အပင်များဆီမှ မှုန်ဝါးဝါးအလင်းရောင်လေးများ ထွက်ပေါ်လာသည်ကို မြင်ရတတ်ပြီး အနီးနားရှိ သေးငယ်သော ပိုးမွှားလေးများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကိုလည်း သူ သတိထားမိခဲ့ဖူးသည်။ နေရာလွတ်၏ စွမ်းအားက အပင်များထက် ပိုမိုနက်ရှိုင်းသည်ဟု သူ ​တွေးမိသည်။ ​ရှောင်ယွမ်ကိုယ်တိုင်ပင် ​နေရာလွတ်၏ စွမ်းအားအစစ်အမှန်ကို မတူး​ဖော်နိုင်​​သေး​ချေ။


နေအတော်မြင့်လာသောအခါ ရွာအဝင်ဘက်မှ လှည်းဘီးသံများ ကြားလိုက်ရသည်။ မကြာမီပင် မနေ့က မြို့ဈေးမှ ဈေးသည်အချို့၏ လှည်းများသည် သူတို့အိမ်ခြံရှေ့သို့ ရောက်ရှိလာကြသည်။ ရှောင်ယွမ်တို့ က အပြေးအလွှားထွက်ကြိုကာ ဖော်ဖော်ရွေရွေ ဧည့်ခံကြသည်။


"​ကောလေးတို့ရေ 

မင်းတို့ပြောတဲ့အတိုင်းပဲ ငါတို့​​မေးမြန်းလာခဲ့ကြတာ

မင်းတို့အပင်တွေကို မြင်ဖူးတော့မှ 

တကယ်ကို လှပပြီး သန်မာ ကြီးထွားတာပဲ

ဒီလိုအသီးအရွက်မျိုးဆိုတာ 

မြို့မှာ ဘယ်တော့မှ မတွေ့ဖူးဘူး 

တကယ်ကို ကံကောင်းလိုက်တာ!"


ဈေးသည်တစ်ဦးက ချီးကျူးရင်း ပြောသည်။ အခြားဈေးသည်များလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံကြသည်။


ထို့နောက် သူတို့သည် ရှောင်ယွမ်တို့နှင့်အတူ အသီးအရွက်ဈေးနှုန်းများကို ညှိနှိုင်းကြသည်။ ဈေးနှုန်းအဆင်ပြေကြပြီးနောက် ဈေးသည်များက ဝမ်းသာအားရဖြစ်သွားကြသည်။


"ကောင်းတယ်

ဒါဆို ကျွန်တော်တို့ နေ့တိုင်း ဒီကိုလာပြီး 

ပစ္စည်းတွေ လာယူတော့မယ်နော်

ဒီအသီးအရွက်တွေနဲ့ဆို 

ငါတို့ရောင်းလို့ကို မ​လောက်နိုင်ဘူး!"


ဤသို့ဖြင့် သူတို့၏စီးပွားရေးသည် နောက်ထပ်တစ်ဆင့် တက်လှမ်းသွားခဲ့ပြီ။ နေ့တိုင်း မြို့ဈေးအထိ သွားရောင်းရန်မလိုတော့ဘဲ၊ ဈေးသည်များက ရွာအထိ လာဝယ်ကြမည်ဖြစ်ရာ အချိန်ကုန်၊ လူပင်ပန်း သက်သာစေမည် ဖြစ်သည်။ မကြာခင် အိမ်ပြင်ဆောက်ရန်အတွက် ငွေကြေးများ စုမိတော့မည် ဖြစ်သည်။


ဈေးသည်များ ပြန်သွားပြီး မကြာမီပင် လက်သမားဦးလေးကျင်း ရောက်ရှိလာသည်။ သူ၏လက်ထဲတွင် ပေတံတစ်ခုနှင့် သစ်သားအပိုင်းအစအချို့ကို ကိုင်ဆောင်လာသည်။


"ယွမ်​ကောအာ 

မင်းတို့ရဲ့ ခန်းကုတင်ပုံစံကို 

မနေ့ကပြန်ရောက်တော့ 

ငါ တစ်ညလုံး ထိုင်စဉ်းစားကြည့်တယ်

မီးခိုးခေါင်းတိုင် လမ်းကြောင်းတွေကို 

ဒီလိုပုံစံလေး ထားမယ်ဆိုရင် အပူက 

ပိုပြီးညီညာစွာ ပျံ့နှံ့မယ် ထင်တယ်"


ပြောရင်း ဦး​လေးကျင်းက သူစဉ်းစားထားသော ပုံစံကို ဆွဲပြသည်။ ရှောင်ယွမ်နှင့် လုဖုန်းတို့ စိတ်ဝင်တစား နားထောင်ကြသည်။ ဦး​လေးကျင်း၏ ပုံစံသည် ရှောင်ယွမ်ဆွဲခဲ့သည့် မူရင်းပုံစံထက် ပိုမိုရှုပ်ထွေးသော်လည်း ပိုမိုထိရောက်ပုံပေါ်သည်။


"​တော်လိုက်တာ ဦးလေးကျင်းရယ်

ဦးလေး စဉ်းစားထားတာက 

ပိုပြီးထိရောက်မယ်ထင်တယ်"


ရှောင်ယွမ်က ချီးကျူးလိုက်သည်။


"မင်းတို့ရဲ့အကြံဥာဏ်ကို 

ငါကဖြည့်စွက်လိုက်ရုံပါပဲကွာ

ဒါပေမယ့် ဒီလိုအလုပ်မျိုးက 

ငါတစ်ယောက်တည်းလုပ်လို့ မရဘူး 

ငါ့သားကို ငါနဲ့အတူတူ အလုပ်လုပ်ဖို့ ခေါ်မလို့ စဉ်းစားထားတယ်

သူ့လက်ရာကလည်း ကောင်းပါတယ်

ငါတို့ အတူတူဆို ဒီခန်းကုတင်တွေကို မြန်မြန်ဆောက်နိုင်လိမ့်မည်"


ဦးကျင်းက သူ၏သားနှင့်အတူ​အလုပ်လုပ်ချင်​ကြောင်း ပြောလိုက်သည်။


"ဒါဆို အရမ်းကောင်းတာပေါ့ ဦးလေးကျင်း

ကျင်းလန်ကပါ ဝင်ကူ​ပေးမယ်ဆိုရင် 

အလုပ်က ပိုပြီးမြန်ဆန်လာမှာပေါ့" 


လုဖုန်းက ဝမ်းသာအားရ ပြောသည်။


"ကောင်းပြီ

ဒါဆို ငါတို့ မင်းတို့အိမ်မှာပဲ ခန်းကုတင်နမူနာတစ်ခု 

အရင်စမ်းဆောက်ကြည့်ရအောင် 

အဆင်ပြေသွားရင် တခြားလူတွေအတွက် 

ဆက်ဆောက်နိုင်တာပေါ့" 


ဦး​လေးကျင်းက အပြီးသတ် ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့၏ ခန်းကုတင်စီမံကိန်းသည် လက်တွေ့အကောင်အထည် ပေါ်လာတော့မည် ဖြစ်သည်။


ယ​နေ့ မြို့ဈေးသို့ သွားရောင်းရန် မလိုတော့သည်ဖြစ်ရာ လုဖုန်းသည် စိတ်ကူးတစ်ခု ရလိုက်သည်။ သူက ရှောင်ယွမ်ကို ကြည့်ကာ ပြောလိုက်သည်။


 "ရှောင်ယွမ် ကိုယ်တော​င်​ပေါ်မတက်ရတာ တော်တော်ကြာပြီ

ဒီနေ့ တောထဲ တက်ပြီး သားကောင်ရှာချင်တယ်" 

 

ရှောင်ယွမ်က မျက်မှောင်ကြုတ်သွားသည်။


"တောထဲကိုလား စိတ်မချဘူးပါဘူးဗျာ 

တောထဲက အန္တရာယ်များတယ် 

ကျွန်​တော်တို့က အခုဆိုရင်

​တော​ကောင်ဖမ်းပြီး​ရောင်း စရာမလို​တော့ပါဘူး"


"​ရှောင်ယွမ်ကလည်း ကိုယ်က​ရောင်းဖို့​ပြောတာ

မဟုတ်ပါဘူး ​တောင်​ပေါ်တက်ရင်း 

သစ်ခုတ်ရင်း သား​ကောင်ဖမ်းရင်း​ပေါ့"


"ဟင်း ​ပြောမရရင်လည်း 

ကျွန်တော်ပါ လိုက်မယ်" ​


ရှောင်ယွမ်ကပြတ်ပြတ်သားသား ပြောလိုက်သည်။ 


သူ၏စိတ်ထဲတွင် လုဖုန်းတစ်ယောက်တည်းကို တောနက်ကြီးထဲသို့ လွှတ်ရန် စိတ်မချနိုင်ဖြစ်နေသည်။ ၂၁ရာစုကလာသူဖြစ်၍ တောတွင်းအန္တရာယ်များကို ​ကောင်းစွာသိပြီး မဖြစ်စလောက်ကလေးဟု သဘောမထားနိုင်ခဲ့ပေ။


လုဖုန်းက ပြုံးလိုက်သည်။


"မင်းလိုက်လာရင် ကိုယ်က

ဘယ်လိုလုပ် သား​ကောင်ရှာနိုင်မှာလဲ 

​ရှောင်ယွမ်က ​တောင်​ပေါ်လည်းတက်ဖူးတာမဟုတ်ဘူး ဒီကတောတွေအကြောင်း ဘယ်သိပါ့မလဲ

ကိုယ်တစ်​ယောက်ထဲပဲ သွားမယ်"


"သိသိ မသိသိဗျာ 

ကျွန်တော် လိုက်မယ်

ခင်ဗျားအန္တရာယ်ကြုံရင် ဘယ်လိုလုပ်မလဲ

ကျွန်တော့်ကို တစ်ယောက်တည်း 

ထားခဲ့ပြီး မသွားရဘူး"


ရှောင်ယွမ်က မျက်နှာတည်တည်ဖြင့် ပြန်ပြောသည်။ လုဖုန်းက ရှောင်ယွမ်​စိုးရိမ်နေ​သော မျက်နှာကို မြင်သောအခါ သက်ပြင်းချလိုက်သည်။ 


"ကောင်းပြီ ကောင်းပြီ 

ဒါဆိုလည်း လိုက်ခဲ့ 

ဒါပေမယ့် တောနက်ထဲတော့ မသွား​တော့ဘူး

တောအစပ်နားလေးပဲ သွားကြမယ် 

ဒါဆို ရပြီလား"

ရှောင်ယွမ်က ခေါင်းငြိမ့်ပြလိုက်သည်။


 "အင်း... အဲဒီလောက်ဆို ရပြီ

ဟင်းထဲမှာ သုံးလို့ရနိုင်တဲ့ 

အပင်တစ်ချို့လည်း ရှာရမယ် 

ကျွန်​တော်ရှာ​ပေးမယ်လို့ စားဖိုမှူးကြီးကို 

ကတိပေးခဲ့တာ"


သူတို့နှစ်ဦးသည် ကလေးနှစ်ယောက်ကို အမေလင်းအိမ်သို့ သွားပို့ပြီးနောက် လေးနှင့် ဓားကိုဆွဲကာ တောအစပ်သို့ ထွက်ခဲ့ကြသည်။ တောအစပ်ဖြစ်သော်လည်း သစ်ပင်ကြီးများက ထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေပြီး နေရောင်ခြည်ပင် အောက်သို့ ထိုးဖောက်မဝင်နိုင်​ချေ။ 


တိတ်ဆိတ်မှုက လွှမ်းမိုးနေပြီး သစ်ရွက်ခြောက်များ နင်းမိသည့်အခါ တရှပ်ရှပ်မြည်သံ၊ မမြင်ရသော ငှက်များနှင့် ပိုးမွှားတို့၏ တကျစ်ကျစ်အသံများသာ ကြားရသည်။ လေပြေအေးက တိုက်ခတ်လာတိုင်း တောရနံ့သစ်ရနံ့များက နှာခေါင်းထဲ စိမ့်ဝင်လာသည်။ 


လုဖုန်းက ရှောင်ယွမ်ကို လမ်းပြရင်း တောထဲက သစ်ပင်တွေ၊ တိရစ္ဆာန်ခြေရာတွေကို ပြသရှင်းပြ​ပေးခဲ့သည်။ တောထဲတွင် မြွေနှင့်အဆိပ်ရှိ​သော ပိုးမွှားများ၊ တောဝက်၊ ဝံပုလွေကဲ့သို့ သားရဲတိရစ္ဆာန်များရှိနိုင်ကြောင်း ပြောပြသည်။ 


ရှောင်ယွမ်သည် လုဖုန်းအနားသို့ကပ်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် လိုက်ပါလာခဲ့သည်။သူ၏မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေပြီး မည်သည့်အန္တရာယ်ကိုမျှ မမျှော်လင့်မိသော်လည်း သူ့ရင်ထဲက အလိုလို တဒိတ်ဒိတ်ခုန်နေသည်။


​ရှောင်ယွမ်တို့ လမ်းလျှောက်နေစဥ်တွင် ရုတ်တရက် ချုံပုတ်ထဲမှ တောဝက်ကြီးတစ်ကောင် အသားကုန်ပြေးထွက်လာသည်။ ၎င်း၏ ညစ်ပတ်ပေကျံနေသော အမွေးအမှင်များနှင့် ကျားကွက်ကျားကြောင်းများ၊ ရဲရဲတောက်နေသော မျက်လုံးများ၊ ဓားသွားကဲ့သို့ ချွန်ထက်သော အစွယ်များသည် သူတို့နှစ်ဦးဘက်သို့ တည့်တည့်ချိန်ရွယ်နေသည်။ တောဝက်၏ အာခေါင်မှ တအူးအူးမြည်သံက တောအုပ်တစ်ခုလုံးကို ဟိန်းသွားစေသည်။ 


ရှောင်ယွမ်သည် တစ်ကိုယ်လုံး ထူပူသွားပြီး ထိတ်လန့်တကြား အော်လိုက်မိသည်။ ထိုအချိန်တွင် သူ့စိတ်ထဲ၌ ဘာမှစဉ်းစားမနေတော့ဘဲ လုဖုန်းကို အန္တရာယ်ကနေ ကယ်တင်ချင်စိတ်တစ်ခုတည်းသာ ရှိနေခဲ့သည်။ 


"လုဖုန်း! ဝင်ခဲ့!"


​ရှောင်ယွမ်က အော်ရင်း သူ၏စိတ်ထဲမှ နေရာလွတ်အား လုဖုန်းအတွက် အလျင်အမြန် ဖွင့်ပေးလိုက်သည်။


နောက်တစ်စက္ကန့်တွင် လုဖုန်း၏ ခန္ဓာကိုယ်သည် ရှောင်ယွမ်၏ မျက်စိရှေ့မှ မှော်ဆန်စွာ ပျောက်ကွယ်သွားသည်။ 


တောဝက်ကြီးကလည်း ရှောင်ယွမ်ကို ဖြတ်ကျော်ကာ အခြားတစ်ဖက်သို့ ပြေးဝင်သွားသည်။ ရှောင်ယွမ် ထိတ်လန့်သွားသည်။ မျက်လုံးကို မှိတ်ထားရာမှ ပြန်ဖွင့်ကြည့်လိုက်သောအခါ သူ၏ မျက်စိရှေ့တွင် မရှိတော့သော လုဖုန်းကို မြင်သည်။


ရှောင်ယွမ်၏ ခြေ​ထောက်များက ခိုင်ခိုင် မရပ်နိုင်​တော့​ပေ။ သူ၏ရင်ထဲတွင် ပူလောင်မှုတစ်ခု လှိုက်ခနဲဖြစ်သွားပြီး ခြေလက်များ တုန်ရီလာသည်။


"လုဖုန်း! လုဖုန်း! ခင်ဗျား ဘယ်ရောက်သွားလဲ!"


​ရှောင်ယွမ်က ထိန်လန့်တကြား အော်ခေါ်လိုက်သည်။ ထိုအခါ သူ၏ နေရာလွတ်ထဲမှ လုဖုန်း၏အသံကို ကြားလိုက်ရသည်။


"ရှောင်ယွမ်! မင်းအဆင်​ပြေရဲ့လား

ကိုယ် မင်းရဲ့ နေရာလွတ်ထဲ ရောက်နေတယ်

ဘယ်လိုလုပ်လိုက်တာလဲ!"


ရှောင်ယွမ် အံ့သြတကြီး ဖြစ်သွားသည်။ သူ၏မျက်လုံးများက ပြူးကျယ်​နေပြီး ပါးစပ်​​လေးပင် ဟောင်းလောင်းဖြစ်နေခဲ့သည်။


​ရှောင်ယွမ်တစ်​ယောက် ပျော်ရွှင်မှုနှင့် အံ့သြမှုတို့က ရောထွေးနေသည်။ သူသည် သူ၏ နေရာလွတ်ထဲသို့ သက်ရှိများကိုပါ ခေါ်သွင်းနိုင်ကြောင်း ယခုမှပင် သိလိုက်ရသည်။ 


ဤသည်မှာ နေရာလွတ်၏ သူမသိခဲ့​သော လျှို့ဝှက်စွမ်းအားတစ်ခုပင် ဖြစ်လိမ့်မည်။ လုဖုန်းကို နေရာလွတ်ထဲမှ ပြန်ထုတ်ပြီးနောက် နှစ်ဦးသား တအံ့တသြဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြသည်။ 


သူတို့၏ စိတ်ထဲတွင် အတွေးများစွာ လှည့်ပတ်နေခဲ့သည်။ ဤထပ်တိုးလာသည့် စွမ်းအားက သူတို့၏ဘဝကို မည်သို့ပြောင်းလဲစေမည်နည်း။ ၎င်းကမည်သည့်နေရာတွင် အသုံးဝင်မည်နည်း။ 


ယခုအခါ တောထဲတွင် သားကောင်ရှာဖို့ထက် ရှောင်ယွမ်၏နေရာလွတ်လျှို့ဝှက်ချက်က သူတို့အတွက် ပို၍စိတ်ဝင်စားစရာ ဖြစ်​နေခဲ့သည်။