အခန်း (၃၃)
တောဝက်ကြီး အန္တရာယ်မှ လွတ်မြောက်ပြီးနောက် ရှောင်ယွမ်နှင့် လုဖုန်းတို့ နှစ်ယောက်သား တောအစပ်တွင် ရပ်လျက် တအံ့တသြဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ရှောင်ယွမ်၏ မျက်လုံးများတွင် စိုးရိမ်မှုနှင့် အံ့ဩမှုနှတို့ ရောထွေးနေပြီး လုဖုန်း၏ မျက်နှာတွင်မူ မယုံနိုင်ခြင်းနှင့် သိလိုစိတ်များ ကြီးစိုးနေခဲ့သည်။
အတန်ကြာ တိတ်ဆိတ်နေကြပြီးနောက် လုဖုန်းက စတင်မေးမြန်းခဲ့သည်။ သူမှတ်မိသည်မှာ တောဝက်ကြီးက သူတို့ဆီ ပြေးဝင်လာစဉ် ရှောင်ယွမ်က သူ့နာမည်အား ခေါ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ခြင်းပင်။
"ရှောင်ယွမ်... ဘာတွေဖြစ်သွားတာလဲ
ကိုယ်...ကိုယ် ဘယ်ကိုရောက်သွားခဲ့တာလဲ
ရှောင်ယွမ် ကိုယ့်နာမည်ခေါ်လိုက်တာပဲ
ကြားလိုက်တယ်ကို ဘယ်လိုလုပ်လိုက်တာလဲ"
"ကျွန်တော်လည်းမသိဘူး
တောဝက်က ခင်ဗျားဆီကို ဦးတည်ပြီး
ပြေးသွားတာမြင်လိုက်ရတော့
တော်တော်လန့်သွားတာ
အဲဒါနဲ့ ခင်ဗျားနာမည်ကိုအော်ခေါ်လိုက်မိတာပဲ
ဘယ်ကနေ ဘယ်လို ဖြစ်သွားတာလဲမသိဘူး
ကျွန်တော်အသိဝင်တဲ့အချိန်
တောဝက်ကလည်းပြေးသွားပြီ
ခင်ဗျားကလည်း နေရာလွတ်ထဲရောက်နေပြီ"
"ဒါဆို ကိုယ်က မင်းပြောပြောနေတဲ့
နေရာလွတ်ထဲကို ရောက်သွားတာပေါ့"
"ဟုတ်တယ်"
"အဲဒီနေရာက တကယ်ကိုထူးခြားတာပဲ"
လုဖုန်းက အတွေးထဲနစ်မျောနေသည့်ပုံစံဖြင့်
ပြောလေသည်။
ရှောင်ယွမ်က သေချာစဉ်းစားပြီးနောက် လုဖုန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"လာ... ဒီမှာပြောပြလို့ မဖြစ်ဘူး
ကျွန်တော်တို့ နေရာလွတ်ထဲသွားပြီး
အကုန်ရှင်းပြပေးမယ်"
လုဖုန်းက မျက်လုံးပြူးကာ သူ့ကို ကြည့်လိုက်သည်။
"မင်း... မင်း ကိုယ့်ကို ထပ်ခေါ်သွားမလို့လား"
"ဟုတ်တယ် ကျွန်တော်ရှင်းပြရင်
အကုန်သိသွားလိမ့်မယ်"
ရှောင်ယွမ်က ပြောရင်း သူ၏လက်ကို
ဆွဲကာ စိတ်ထဲမှ နေရာလွတ်ကို ဖွင့်လိုက်သည်။
နောက်တစ်ခဏတွင် သူတို့နှစ်ဦးသား တိတ်ဆိတ်သော တောအစပ်မှနေ၍ လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်ကမ္ဘာထဲသို့ ရောက်ရှိသွားကြသည်။
လုဖုန်း မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
မျက်စိတစ်ဆုံး ကျယ်ပြန့်လှသော လယ်ကွင်းများ၊ စိမ်းစိုနေသော သစ်သီးပင်များ၊ ညင်သာစွာ စီးဆင်းနေသော ချောင်းငယ်လေးတစ်စင်း၊ ထို့နောက် တစ်ဖက်ခြမ်းတွင် ခေတ်မီဆန်းပြားလှသော အဆောက်အအုံငယ်လေးတစ်လုံးကို တွေ့လိုက်ရသည်။ သူ့အတွက်တော့ ဤနေရာက ကမ္ဘာသစ်တစ်ခုပင်ဖြစ်နေသည်။ အသက်ရှူရသည့် လေထုကပင် သန့်ရှင်းလတ်ဆတ်နေပြီး သူ၏ဘဝတွင် ဤကဲ့သို့သော နေရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
"ဒီနေရာက နေရာလွတ်လား ရှောင်ယွမ်
ကိုယ်အိပ်မက်မက်နေသလို ခံစားနေရတယ်"
ရှောင်ယွမ်က ပြုံးလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ နေရာလွတ်ပဲ လုဖုန်း
ကျွန်တော် ၂၁ ရာစုကနေ ဒီကိုရောက်လာတော့
ဒီနေရာကပါ ပါလာတာ"
"၂၁ ရာစု... ရှောင်ယွမ်လာခဲ့တဲ့မူလနေရာလား
အဲဒီနေရာကို ၂၁ရာစုလို့ခေါ်တာလား
ကိုယ် နားမလည်ဘူး"
လုဖုန်း၏ မျက်ခုံးများ ပို၍တွန့်ချိုးသွားသည်။
ထို့နောက် ရှောင်ယွမ်က သူ့၏ မူလဘဝအကြောင်း၊ သူ ရောက်ရှိလာပုံနှင့်၂၁ ရာစု၏ ခေတ်မီနည်းပညာများအကြောင်းကို တစ်ခုမကျန် ပြောပြသည်။
သူက နေရာလွတ်၏ တစ်ဖက်ခြမ်းရှိ ခေတ်မီအဆောက်အအုံလေးထဲသို့ လုဖုန်းကို ခေါ်သွားသည်။ အိမ်လေးထဲသို့ ရောက်သောအခါ လုဖုန်းသည် ပို၍ပင် အံ့အားသင့်ရပြန်သည်။
စားပွဲပေါ်တွင် တင်ထားသော ပစ္စည်းများကို လုဖုန်းက စူးစမ်းကြည့်ရှုသည်။ လှပသော ပုံစံများဖြင့် အရောင်အသွေးစုံလင်သော ပုလင်းများ၊ ထူးခြားဆန်းပြားသော စက်ကိရိယာများ၊ တစ်ခါမျှ မမြင်ဖူးသော အဝတ်အထည်များနှင့် အလွန်ထက်ရှသည့် ဓါးများ၊ စားနပ်ရိက္ခာအလျှံအပယ်တို့အားတွေ့ရသည်။
"ဒါတွေက ဘာတွေလဲ ရှောင်ယွမ်
ဘာလို့ ဒီလိုပုံစံဖြစ်နေတာလဲ"
လုဖုန်းက ၂၁ရာစုမှ စက်ပစ္စည်းအချို့ကို
ကိုင်ကြည့်ပြီး မေးမြန်းလေသည်။ ရှောင်ယွမ်ကလည်း ပစ္စည်းတစ်ခုစီကို ရှင်းပြသည်။
"ဒါက ဖုန်းလို့ခေါ်တယ်
အဝေးရောက်နေတဲ့သူတွေနဲ့ စကားပြောလို့ရတယ် ဒါက ကွန်ပျူတာ၊ ဒါက ရေခဲသေတ္တာ ဒီထဲမှာဆိုရင် ကျွန်တော်ရဲ့ နေစာလွတ်လိုပဲ အစားအစာတွေ မပုပ်သိုးအောင် ရက်အနည်းငယ် သိမ်းထားလို့ရတယ်"
သူ၏လက်ထဲက ခေတ်မီဆန်းပြားသော ဖုန်းလေးကို ပြသည်။
"ဟင်... ဒီလောက်သေးတာလေးကနေ
အဝေးကြီးက လူသံတွေ ကြားရမှာလား
တကယ်လား"
"တကယ်ပေါ့
၂၁ ရာစုမှာ ဒီလိုမျိုး ပစ္စည်းတွေ အများကြီးရှိတယ် ကျွန်တော်က ဒီကမ္ဘာကို ရောက်လာတော့ ဒီပစ္စည်းတွေလည်း ပါလာတာ"
ရှောင်ယွမ်က ရှင်းပြသည်။
"ဒါပေမယ့် အများစုက
ဒီမှာ အသုံးပြုဖို့ မဖြစ်နိုင်ဘူး
ဥပမာ- ဖုန်းဆိုရင် အားသွင်းဖို့ လျှပ်စစ်မီးလိုတယ်ဒီမှာ မီးမရှိတော့ ဘယ်လိုသုံးမလဲ
ရေခဲသေတ္တာဆိုလည်း အေးအောင်လုပ်ပေးတဲ့စနစ်က လျှပ်စစ်မီးမှ အလုပ်လုပ်တာ
ကွန်ပျူတာဆိုတာလည်း မီးမရှိရင် အလုပ်မလုပ်ဘူး
ကံကောင်းတာက ကျွန်တော် နေရောင်ခြည်သုံး
ဆိုလာတွေနဲ့ မီးစက်တွေ ယူလာခဲ့တယ်
သူတို့နဲ့ဆိုရင် ချိတ်ဆက်ပြီး သုံးလို့ရတယ်
ဒါပေမဲ့ ကျွန်တော်တစ်ခါမှ မလုပ်ဖူးလို့
သေချာ မလုပ်တတ်ဘူး...
အပြင်ထုတ်ပြီး စမ်းကြည့်ဖို့ကလည်း မလွယ်လို့
ခုထိ မစမ်းကြည့်ရသေးဘူး
ဖုန်းကလွဲလို့ တစ်ခြားပစ္စည်းတွေက
လျှပ်စစ်ဓါတ်အားလို့ခေါ်တဲ့ အားရှိရင်
သုံးလို့ရသေးတယ်ဗျ"
လုဖုန်းက ပစ္စည်းတစ်ခုစီကို သေချာကြည့်ရှုပြီး
လေးစားအားကျစွာဖြင့် ပြောသည်။
"မင်းရဲ့ကမ္ဘာက တကယ်ကို
ထူးခြားဆန်းကြယ်တာပဲ ရှောင်ယွမ်
မင်းကလည်း တော်တော်လေး တော်တဲ့လူပဲ
ဒီလိုအရာတွေ အများကြီး သိထားတာပဲ"
သူ၏စိတ်ထဲတွင် ရှောင်ယွမ်အပေါ် ထားရှိသည့် အမြင်များ ပို၍မြင့်တက်လာခဲ့သည်။ ဤကောင်လေးသည် ရိုးသားဖြောင့်မတ်ရုံသာမက ဉာဏ်ပညာလည်း ကြီးမားလှသည်။
"ကျွန်တော် အခုထိသေချာမလုပ်တတ်ပါဘူးဆို
ခင်ဗျားကတော့ ချီးကျူးနေတော့တာပဲ "
ရှောင်ယွမ်၏ နားရွက်ဖျားများ နီလာရသည်။ထို့နောက် ရှောင်ယွမ်က အဆောက်အအုံလေး၏ မီးဖိုချောင်ဘက်သို့ ခေါ်သွားသည်။ မီးဖိုချောင်ထဲတွင် စားစရာများ စုံလင်နေသည်။ လုဖုန်း မြင်ရသည်များကို မယုံနိုင်သေးပေ။
"လုဖုန်း ဗိုက်ဆာနေပြီမလား
ကျွန်တော် ပေါက်စီတွေ ဝယ်ပြီးသိမ်းထားတယ်"
ရှောင်ယွမ်က ပြောရင်း ပေါက်စီခြင်းထဲမှ ပူပူနွေးနွေး ပေါက်စီများကို ထုတ်ယူပေးသည်။
လုဖုန်းက ပေါက်စီကို ကိုင်ကြည့်သည်။
"ဟင်... ဒါက ဘယ်လိုလုပ် ပူနွေးနေရတာလဲ
မီးဖိုလည်း မရှိဘဲနဲ့"
"ကျွန်တော့်ရဲ့ နေရာလွတ်က
ဘယ်အရာမဆို ကြာရှည်ခံတယ်
စထားလိုက်ကတည်းက မပျက်မစီးဘဲရှိနေမှာ
နေရာလွတ်ထဲမှာ ဒီအဆောက်အဦးလေးရဲ့
ထူးခြားချက်က ဒီအိမ်လေးထဲမှာထည့်လိုက်တဲ့
အစားအစာမှန်သမျှက မပုတ်မသိုးတဲ့အပြင်
ထည့်လိုက်တဲ့အချိန်က အနေအထား၊အပူချိန်အတိုင်း ရှိနေတာပဲ
ရှေ့ရက်တွေတုန်းက မနက်စာ စားကြတဲ့
ပေါက်စီက ဒီထဲကပဲလေ"
သူက ပေါက်စီအပြင် ပေါင်မုန့်၊ ကိတ်မုန့် စသည့် မုန့်အမျိုးမျိုးကိုပါ ထုတ်ပြသည်။ လုဖုန်းသည် ပထမဆုံးအကြိမ် မြင်ဖူးတွေ့ဖူးသော ထိုမုန့်များကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေရပြန်သည်
ချစ်စရာကောင်းသော မုန့်လေးများနှင့် ပူနွေးနေသော ပေါက်စီများသည် သူ၏ စိတ်ကူးထဲတွင်ပင် မရှိဖူးသော အရာများ ဖြစ်သည်။
လုဖုန်းနှင့်အတူ နေရာလွတ်ထဲမှ မုန့်များနှင့် အသီးအချို့ကိုစားလိုက်ကြသည်။ အများအပြား စုဆောင်းထားသော ခေါက်ဆွဲခြောက်များကို တွေ့သည့်အခါ စိတ်ဝင်တစားမေးပြန်သည်။
"ဒါက ခေါက်ဆွဲခြောက်လို့ခေါ်တယ်
သူ့ကိုရေနွေးပူပူနဲ့ခဏပြုတ်ရုံပဲ
အသင့်တန်းစားလို့ရတယ်
သူက ကျန်းမာရေးနဲ့မညီညွတ်ဘဲ
ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်ဆိုပေမယ့်
ကျွန်တော်တို့ဆီက လူတွေက ကြိုက်ကြတယ်"
"ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်ဆိုရင်
ဘာလို့ စားကြာတာလဲ
ကိုယ်တော့ နားမလည်နိုင်ဘူး"
"သူ့ရဲ့အရသာကြောင့်ပေါ့"
"ဟင် အရသာကောင်းတယ်လား"
"ဘယ်လိုပြောရမလဲ ကောင်းပါတယ်
ကျွန်တော်လည်းကြိုက်တယ်လေ"
"အိမ်ပြန်ရောက်ရင် ကလေးတွေမရှိတဲ့အခါ
ကိုယ့်ကို ခေါက်ဆွဲပြုတ်ကျွေးနော်"
"ဟင်..."