အခန်း (၃၄)
Viewers 4k

အခန်း (၃၄)


စားသောက်ပြီးနောက် ရှောင်ယွမ်က နေရာလွတ်ထဲရှိ လယ်ကွင်းများကို လက်ညှိုးထိုးပြသည်။ 


"လုဖုန်း... ဒီလယ်ကွင်းတွေက 

ကျွန်တော် ညတိုင်း ထွန်ယက်ပြီး စိုက်ပျိုးထားတာ"


လုဖုန်းက မျက်မှောင်ကြုတ်လျက် အံ့ဩထိတ်လန့်စွာဖြင့် မေးသည်။ 


"ဟမ်... ညတိုင်းလား 

ဒီလောက်ကျယ်တဲ့ လယ်ကွင်းတွေ 

အကုန်လုံးကို မင်းတစ်ယောက်တည်း 

ထွန်ယက်ခဲ့တာလား" 


သူက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ မျက်စိတစ်ဆုံး လယ်ကွင်းများမှာ စနစ်တကျ ပြုပြင်ထားပြီး စိုက်ပျိုးပင်များကလည်း အစီအစဉ်တကျ ပေါက်ရောက်နေသည်။ 


အစိမ်းရောင်စိုစို စပါးခင်းများက လေအဝေ့တွင် လှိုင်းထနေသလို၊ ဟိုနားဒီနားတွင်လည်း ပြောင်းဖူးပင်များ၊ ဟင်းသီးဟင်းရွက်ပင်များက သန်စွမ်းစွာ ပေါက်ရောက်နေသည်ကို တွေ့ရသည်။


ဤမျှများပြားသော လုပ်ငန်းကို တစ်ယောက်တည်း လုပ်ရသည်ဆိုလျှင် မည်မျှပင်ပန်းမည်ကို သူ တွေးကြည့်လိုက်မိသည်။ တောင်ယာလုပ်ငန်း၏ ပင်ပန်းဆင်းရဲမှုကို သူ ကောင်းစွာသိသည်။ ပင်ပင်ပန်းပန်း လုပ်ရသည့်အပြင် အပင်ကြီးထွားမှု၊ အထွက်နှုန်း ကောင်းရန်အတွက်လည်း အမြဲဂရုစိုက်ရသည်။ ထိုမျှသော လုပ်ငန်းပမာဏကို ရှောင်ယွမ်တစ်ယောက်တည်း ညတိုင်းလုပ်ခဲ့သည်ဆိုသည်မှာ အလွန် အံ့အားသင့်ဖွယ်​ကောင်းသည်ဟုထင်မိသည်။


ရှောင်ယွမ်၏မျက်ဝန်းထဲတွင် ဂုဏ်ယူသည့် ဟန်​လေး ပေါ်​နေသည်။ သူ၏ ​မေး​လေးအား​မော့ကာ ​​​​ခေါင်းငြိမ့်ပြသည်။


"ဟုတ်တယ်လေ

နေ့ဘက်ဆို အပြင်အလုပ်တွေနဲ့ မအားဘူး 

​စျေး​ရောင်းတာ၊အိမ်အတွက် ကြည့်ရှုနဲ့ 

အချိန်ကုန်နေတော့ ဒါတွေကို ညဘက်ကျမှ 

အချိန်ယူပြီး လုပ်ရတာ

ဒီနေရာလွတ်ထဲမှာ အချိန်က အပြင်လောက် 

မမြန်တော့ ညတိုင်း နာရီအနည်းငယ်လောက် 

အချိန်ပေးပြီး လုပ်ရုံပါပဲ

အပင်တွေကလည်း ဒီနေရာရဲ့ ထူးခြားတဲ့ 

သဘာဝကြောင့် မြန်မြန်ဆန်ဆန် ကြီးထွားတယ် ပိုးမွှားဒဏ်လည်း သိပ်မရှိဘူး

ကျွန်​တော်က အလုပ်မလုပ်ခင် စမ်း​ရေကြို​သောက်ထားလို့ အပင်ပန်းခံနိုင်ပါတယ်ဗျ" 


သူ၏စကားက ရိုးရှင်းသော်လည်း ထိုစကားလုံးများနောက်ကွယ်က ပင်ပန်းမှုနှင့် စေတနာကို လုဖုန်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။ ရှောင်ယွမ်သည် သူတို့မိသားစုအတွက် တိတ်တဆိတ် မည်မျှအထိ ပေးဆပ်နေခဲ့သည်ကို သူ သဘောပေါက်သွားသည်။


လုဖုန်း ရှောင်ယွမ်၏ စကားကြောင့် ရင်ထဲထိတ်ခနဲ ဖြစ်သွားသည်။ သူ၏ပင်ပန်းမှုကို မြင်တော့ စိတ်မကောင်းရုံသာမက သူ့ကိုယ်သူပါ အရမ်းရှက်မိသည်။ ဤမျှများပြားသော လယ်ကွင်းများကို တစ်ယောက်တည်း ညတိုင်း မမောမပန်း ထွန်ယက်စိုက်ပျိုးနေခဲ့ရပါလျက်၊ သူကတော့ ဘာမှမသိဘဲ အပြင်မှာ အေးအေးဆေးဆေးအိပ် နေခဲ့သည်။ 


သူက ရှောင်ယွမ်အတွက် ဘာမှ လုပ်ပေးခဲ့ဖူးခြင်းမရှိဘဲ ​ရှောင်ယွမ်ကသာ အနစ်နာခံပြီး အရာရာကို လုပ်ဆောင်ပေးနေခဲ့သည်ကို သိလိုက်ရသောအခါ စိတ်မကောင်းဖြစ်မိသည်။ တစ်ခြားကမ္ဘာမှ​ရောက်ရှိလာပြီး သူနှင့်မသက်ဆိုင်သည့် မိသားစုတစ်ခါအတွက် ထိုမျှ ​ပေးဆပ်လုပ်ကိုင်​ပေး​နေခဲ့သည်။


နောင်တရစိတ်က သူ့နှလုံးသားကို ဖိစီးလာသည်။ ရှောင်ယွမ်က သူ့အတွက်၊ကလေးများအတွက် အမှန်တကယ် ​ကောင်းမွန်​သောသူဖြစ်သည်။


"ရှောင်ယွမ်... ဘာလို့ ကိုယ့်ကို မပြောခဲ့တာလဲ

မင်းတစ်ယောက်တည်း ပင်ပန်းနေတာကိုမသိခဲ့ဘူးကိုယ် တကယ် စိတ်မကောင်းဘူး"


လုဖုန်းက ​ရှောင်ယွမ်၏လက်က​လေးအားကိုင်ကာ အပြစ်ရှိသလို လေသံဖြင့် နောင်တရစွာ ပြောသည်။ 


"နောက်တစ်ခါဆိုရင် ကိုယ်လည်း ကူညီ​ပေးမယ် 

မင်းတစ်ယောက်တည်း 

ဒီလိုပင်ပန်းခံစရာ မလိုတော့ဘူး 

ကိုယ်တို့ အတူတူ လုပ်ကိုင်ကြမယ်

ဘယ်အရာမဆို အတူတူကြိုးစားကြတာပေါ့"


ရှောင်ယွမ် ပြုံးလိုက်သည်။ လက်ကို ဖွဖွလေး ပြန်ဆုပ်ကိုင်လိုက်ရင်း


"​ကောင်းပါပြီ စိတ််ထဲမထားပါနဲ့ဗျာ 

ခင်ဗျားက အပြင်အလုပ်တွေ လုပ်ပေးနေတာပဲကို အခု ကလေးတွေအတွက်အ​မေရှိတယ်​လေ

ခန်တင်ကိုလည်း ခင်ဗျားပဲ ကြီးကြပ်​ပေး​နေရတာ" 


"မဟုတ်ဘူး ဒါက မတရားဘူး" 

လုဖုန်းက ရှောင်ယွမ်၏လက်ကို ပိုတင်းတင်းဆုပ်ကိုင်လိုက်သည်။ 


"မင်းက ကိုယ့်ရဲ့လူပဲ

​ရှောင်ယွမ် ပင်ပန်းတာကို မကြည့်ရက်ဘူး

မင်းရဲ့ဘဝကို ဒီထက်ပိုပြီး ကူညီချင်တယ်

ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်လည်းထမ်းပိုးပေးချင်တယ်" 


သူ၏ မျက်ဝန်းများက ရှောင်ယွမ်ကို လေးနက်စွာ စိုက်ကြည့်နေသည်။ ထိုမျက်ဝန်းများထဲတွင် စစ်မှန်သော စိုးရိမ်မှု၊ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ၊ အနစ်နာခံလိုသည့် စိတ်နှင့် ကတိတည်လိုသည့် စိတ်တို့ ပေါ်လွင်လျက်ရှိသည်။ 


"​ကောင်းပါပြီဗျာ 

အခုဆိုရင် ခင်ဗျားလည်း​

နေရာလွတ်ထဲကို ဝင်လို့ရပြီဆို​တော့ 

အတူကြိုးစားကြတာပေါ့"


သူတို့နှစ်ဦးသား နေရာလွတ်ထဲက စိမ်းလန်းသော မြက်ခင်းပြင်ပေါ်တွင် ဘေးချင်းယှဉ်ထိုင်ကာ စကားစမြည်ပြော​နေခဲ့ကြသည်။ 


ဘယ်​နေရာကလာမှန်း မသိသည့် လေအေးက သူတို့နှစ်ဦးကို တိုက်ခတ်နေပြီး ပတ်ဝန်းကျင်မှ သစ်သီးပင်၏ ရနံ့သင်းသင်းလေးက စိတ်ကို လန်းဆန်းစေသည်။ ငှက်က​လေးများ၏ တေးဆိုသံ သဲ့သဲ့လေးများ ကြားနေရသလိုပင် ခံစား​နေရသည်။ 


လုဖုန်းက နေရာလွတ်အကြောင်းကို အသေးစိတ် မေးမြန်းသည်။ နေရာလွတ်ကမည်ကဲ့သို့ အလုပ်လုပ်ပုံ၊ မည်သည့်အရာများကို လုပ်ဆောင်နိုင်ကြောင်း စသဖြင့် စိတ်အားထက်သန်စွာ နားထောင်သည်။


ရှောင်ယွမ်က နေရာလွတ်ထဲတွင် အချိန်သည် အပြင်ကမ္ဘာနှင့် မတူညီကြောင်း (ဥပမာ- အပြင်တစ်ရက်သည် နေရာလွတ်ထဲတွင် ဆယ်ရက်မှ ရက်ပေါင်းများစွာအထိ ကြာမြင့်နိုင်ကြောင်း)၊ နေရာလွတ်ထဲတွင် လိုအပ်သော အပင်မျိုးစေ့များနှင့် ပစ္စည်းများကို အပြင်ကနေ သယ်လာ၍ ရနိုင်ကြောင်း စသည်ဖြင့် ရှင်းပြသည်။ 


ထို့အပြင် ပြင်ပမှ ဘေးအန္တရာယ်များမှလည်း လုံးဝလုံခြုံကြောင်း၊ အတွင်းရှိ အပင်များကလည်း ရာသီဥတုဒဏ်ခံစရာမလိုဘဲ ကောင်းစွာဖြစ်ထွန်းကြောင်း သူ နားလည်လာခဲ့သည်။ ထို့ကြောင့် အစားအစာ ရှားပါးမှု၊ ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် စိုးရိမ်စရာမလိုတော့ပေ။


"ကိုယ်တို့ ဒီနေရာကို ကောင်းကောင်းအသုံးချပြီး ဘဝကို တိုးတက်အောင် လုပ်လို့ရပြီ 

အပြင်မှာ အစားအစာတွေရှားပါးပြီး 

ပစ္စည်းတွေလည်းရှားလို့ ဘာမှမရှိဘူး

ဒီထဲမှာဆို ကိုယ်တို့ ဘာမဆို စိုက်လို့ပျိုးလို့ရပြီ အပြင်မှာ မရနိုင်တဲ့ အပင်မျိုး​​စေ့အသစ်တွေလည်း မင်းဆီမှာ အများကြီးရှိနေတာပဲ" 


"ဟုတ်တယ် 

ဒါ​ကြောင့် ကျွန်​​တော်တို့ ဒီလျှို့ဝှက်ချက်ကို 

​သေချာထိန်းသိမ်းရမယ်

ကျွန်​တော် အမေလင်းကိုတောင် မပြောဘူး" 


"ဒီနေရာက တန်ဖိုးကြီးလွန်းတော့ တစ်ယောက်ယောက် သိသွားရင် 

ကျွန်​တော်တို့အတွက် အန္တရာယ်ဖြစ်လာနိုင်တယ် 

လူတွေရဲ့ လောဘနဲ့ မနာလိုစိတ်ဆိုတာ 

ကြောက်ဖို့ကောင်းတယ်ဗျ

သူတို့​တွေသိသွားပြီး ဒီနေရာလွတ်ကို 

ရချင်ရင် ဘယ်လိုနည်းနဲ့မဆို ကြိုးစားလာနိုင်တယ် 

ကျွန်​တော်တို့အားလုံးရဲ့ လုံခြုံရေးအတွက် 

ဒီလျှို့ဝှက်ချက်ကို ​​သေချာထိန်းသိမ်းရမယ်"


ရှောင်ယွမ်၏ စကားများက လုဖုန်း၏စိတ်ထဲသို့ တိုးဝင်သွားသည်။ သူတို့၏ဘဝ၊ ကလေးများ၏ ဘဝလုံခြုံရေးသည် ဤလျှို့ဝှက်ချက်ပေါ်တွင် မူတည်နေသည်ကို သူ သဘောပေါက်လိုက်သည်။


"အင်း စိတ်ချပါ ကိုယ်ကတိပေးတယ်

ဒါ ကိုယ်တို့နှစ်ယောက်တည်းရဲ့လျှို့ဝှက်ချက်​လေ

ကိုယ်တို့မိသားစုရဲ့ ဘဏ္ဍာတိုက်ပေါ့"


လုဖုန်းက နားလည်စွာ ပြုံးရင်း ပြောသည်။ သူတို့ နှစ်ဦးတည်းသာ သိသော အဖိုးတန် လျှို့ဝှက်ချက်တစ်ခုက သူတို့နှစ်ဦးကြားက နီးစပ်မှုကို ပိုမိုခိုင်မာစေခဲ့သည်။ ယခုမှစ၍ မည်သည့်အရာကိုမဆို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားမည့် သူငယ်ချင်းကောင်းများ၊ မိတ်ဆွေရင်းများ၊ အဖော်မွန်ကောင်းများ ဖြစ်လာခဲ့ပြီဟု လုဖုန်းခံစားလိုက်ရသည်။


"ကဲ ဒါဆို ကျွန်တော်တို့ 

အတူတူကြိုးစားကြမယ်မယ်" 


ရှောင်ယွမ်က လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ပြောသည်။ 


"ကျွန်​တော်တို့ ခန်းကုတင်တွေ ဆောက်မယ် 

အိမ်နဲ့သိုလှောင်ရုံတွေ ​ဆောက်မယ် 

ခြံထဲက အပင်တွေလည်း ဂရုစိုက်မယ် 

ပြီးတော့ ဒီနေရာလွတ်ထဲက လယ်ကွင်းတွေကိုလည်း အတူတူ ထွန်ယက်စိုက်ပျိုးကြမယ်

ဟင်းခတ်အ​မွှေးအကြိုင်အသစ်နဲ့ 

မျိုးစေ့အသစ်တွေရှာမယ် ပြီးတော့ 

ကလေးတွေအတွက် ပိုပြီး​ကောင်းမွန်လုံခြုံတဲ့ ဘဝတစ်ခုကို ဖန်တီးပေးမယ် သူတို့ ဘယ်တော့မှ 

အငတ်မခံရအောင် ဘေးကင်းလုံခြုံတဲ့ 

ပတ်ဝန်းကျင်မှာ ကြီးပြင်းလာနိုင်အောင် 

ကျွန်​တော်တို့ ကြိုးစားကြမယ်" 


"သေချာတာပေါ့ ရှောင်ယွမ်

ကိုယ်တို့ အတူတူ ကြိုးစားကြမယ်" 


သူ၏လက်ဖဝါးနွေးနွေးက ရှောင်ယွမ်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ 


"မင်းကြောင့် ကိုယ့်ဘဝမှာ 

အလင်းရောင်တွေ ပြန်ပေါ်လာခဲ့တာ"