အခန်း (၃၅)
Viewers 4k

အခန်း (၃၅)


နေရာလွတ်ထဲတွင် လုဖုန်းက သစ်သားရိုးတံရှည်တပ်မြေထွန်ကိရိယာကို ကျွမ်းကျင်စွာ ကိုင်တွယ်ကာ မြေကြီးများကို ထွန်ယက်တော့သည်။ သူ၏ကိုယ်ပေါ်မှ ကြွက်သားများက လှုပ်ရှားမှုအလိုက် ခပ်တန်းတန်းပေါ်နေပြီး ခွန်အားပြည့်ဝနေသည့် အသွင်ကို ဆောင်သည်။ ရှောင်ယွမ်ကလည်း အမျိုးအမည်စုံလင်သော မျိုးစေ့ထုပ်များကို ကိုင်ဆောင်ကာ သူ့ဘေးမှနေ၍ အကူအညီပေးသည်။ 


ယခင်က ရှောင်ယွမ်တစ်ယောက်တည်း လုပ်ဆောင်ခဲ့ရသည့် အလုပ်များအားလုံးကို ယခုတော့ သူတို့နှစ်ဦးသား အတူတူ ပူးပေါင်းလုပ်ကိုင်နေကြပြီ ဖြစ်သည်။


နေရာလွတ်ထဲရှိ မြေဆီလွှာသည် အပြင်ကမ္ဘာထက် ပိုမိုကောင်းမွန်ပြီး အံ့ဩဖွယ်ရာ ပေါက်လွယ်သည့် သတ္တိရှိသည်။ သူတို့နှစ်ဦးက တစ်ပြိုင်တည်း စိုက်ပျိုးနေကြသည်။ လုဖုန်းက တဖြည်းဖြည်းချင်း ညီညာစွာ ထွန်ယက်သွားသော မြေကြီး၏အနံ့က လတ်ဆတ်နေပြီး မြေသင်းရနံ့က ထူးခြားစွာ စိတ်ကြည်လင်စေသည်။ ရှောင်ယွမ်က မြေပြင်တစ်လျှောက်တွင် မြေပဲစေ့များကို လက်ဖြင့် ကြဲချနေသည်။


"လုဖုန်း ဒီအကွက်မှာ မြေပဲတွေထပ်စိုက်ရအောင် မြေပဲက အာဟာရလည်းဖြစ်တယ်

ဆီထုတ်လို့လည်း ရတယ်

ပြီးတော့ ငါတို့ ဒီခေတ်မှာ မရှိနိုင်သေးတဲ့ 

မြေပဲ​ထောပတ်နဲ့ မြေပဲယိုတွေလည်း လုပ်လို့ရတယ်" 


ရှောင်ယွမ်က ၂၁ရာစုက အစားအသောက်တွေအကြောင်း ပြောပြရင်း ပျော်ရွှင်နေသည်။

လုဖုန်းက ခေါင်းငြိမ့်ကာ ပြုံးသည်။ 


"ကောင်းတာပေါ့ 

ကိုယ်တို့ရွာမှာ လူကြီးတွေက မြေပဲပြုတ်၊ 

မြေပဲလှော်စားတတ်တဲ့ အကျင့်ရှိတယ်

အဲဒါတွေဆို ရွာသားတွေလည်း ကြိုက်ကြလိမ့်မယ် စိုက်တာပေါ့ကွာ"


လုဖုန်းက မြေကို ညီညာစွာ ထွန်ယက်ပြီးသည်နှင့် ရှောင်ယွမ်က ညီညီညာညာ တန်းစီကာ မြေပဲစေ့များကို မြေကြီးထဲ ထည့်သွင်းသည်။ ပြီးနောက် လုဖုန်းက သူ့လက်ဖြင့် မြေကြီးကို ညင်သာစွာ ဖုံးအုပ်ပေးသည်။ သူတို့နှစ်ဦးသား အတွဲညီညီ လုပ်ကိုင်နေကြသည်မှာ နှစ်ပေါင်းများစွာကတည်းက အတူတူတွဲ၍ လုပ်ခဲ့ဖူးသူများအလားပင်။ 


တစ်ဦးက မြေထွန်လျှင် တစ်ဦးက မျိုးစေ့ချသည်။ တစ်ဦးက ရေလောင်းလျှင် တစ်ဦးက ပေါင်းသင်သည်။ ချွေးစက်များ တသွင်သွင်ကျလာသော်လည်း ပင်ပန်းမှုက သူတို့၏ စိတ်ဓာတ်ကို အနိုင်မယူနိုင်ခဲ့​ပေ။ သူတို့၏ မျက်နှာတွင် ပင်ပန်းသည့်အရိပ်အယောင်မရှိဘဲ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးရယ်နေမိကြသည်။ 


"ဟေး ရှောင်ယွမ် 

ကိုယ်တို့အတူတူ အလုပ်လုပ်ရတာ 

ပျော်စရာကောင်းတယ်နော်

ကိုယ်တို့နှစ်ယောက်ပေါင်းလိုက်တော့ 

ဘာမဆို ဖြစ်နိုင်သားပဲ"

လုဖုန်းက ရယ်မောရင်း ပြောလိုက်သည်။ သူ၏အသံက ပျော်ရွှင်မှု အပြည့်ဖြစ်​နေသည်။


"ဟုတ်တယ် 

လုဖုန်း ခင်ဗျားရဲ့အား​တွေက 

ဒီနေရာမှာ တကယ်ကို အသုံးဝင်တယ်

ကျွန်​တော် တစ်ယောက်တည်းဆို 

ဒီလောက်အများကြီး ဘယ်ပြီးမှာလဲ 

ခင်ဗျားသာမရှိရင်တော့ ကျွန်​တော်ခါးနာပြီး 

သေနေလောက်ပြီ! 

ခင်ဗျားကမှ ကံကောင်းခြင်း လက်ဆောင်ပဲ"


ရှောင်ယွမ်ကလည်း လုဖုန်းကို ကျေးဇူးတင်စွာ ပြန်ပြောသည်။ သူတို့နှစ်ဦးသား စကားပြောရင်း၊ ရယ်မောရင်း အပင်များကို စိုက်ပျိုးနေကြသည်။ 


အပင်များ စိုက်ပျိုးပြီးစီးသွားသောအခါ နှစ်ဦးသား ချွေးများဖြင့် ရွှဲရွှဲစိုနေပြီ ဖြစ်သည်။ ပင်ပန်းမှုဒဏ်ကြောင့် အနည်းငယ် မောဟိုက်နေကြသည်။ ရှောင်ယွမ်က ​ချောင်းငယ်လေးဘေးရှိ ကြည်လင်တောက်ပနေသော စမ်းရေပေါက်သို့ လုဖုန်းကို ခေါ်သွားသည်။ စမ်းရေ၏ အေးမြသောမှုက သူတို့ဆီကို လန်းဆန်းသွား​စေသည်။


"လုဖုန်း တော်တော်ပင်ပန်းပြီ မဟုတ်လား

စမ်းရေလေးကို သောက်ကြည့်ပါဦး

အရမ်းလန်းဆန်းစေတယ်" 


ရှောင်ယွမ်က ပြောရင်း သူ၏ဖလားလေးဖြင့် ရေခွက်တစ်ခွက် ခပ်ပေးသည်။


လုဖုန်းက ရေခွက်ကို လှမ်းယူပြီး တစ်ငုံသောက်လိုက်သည်။ အအေးဓာတ်က လည်ချောင်းထဲမှသည် ကိုယ်တွင်းအင်္ဂါများအထိ စိမ့်ဝင်သွားပြီး တကိုယ်လုံးရှိ ကြွက်သားများ တင်းအားပြေလျော့သွားသလို ခံစားရသည်။ ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်ထဲသို့ လန်းဆန်းမှုများ စီးဆင်းဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ 


ပင်ပန်းနွမ်းနယ်မှုများ၊ မောပန်းမှုများ တစ်ရှိန်ထိုး လျော့ပါးသွားပြီး ကြည်လင်လန်းဆန်းရုံသာမက စိတ်ပင် ကြည်လင်တောက်ပလာသလို ခံစားရသည်။ သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး ရှောင်ယွမ်ကို အံ့ဩတကြီး ကြည့်လိုက်သည်။


"ဟင်... ရှောင်ယွမ်! ဒါ ဘယ်လိုရေမျိုးလဲ

ဘာလို့ ဒီလောက် လန်းဆန်းသွားရတာလဲ

ကိုယ်ထဲက အားအင်တွေ ပြန်ပြည့်လာရုံတင်မကဘူး၊ ခုနက မြေထွန်တုန်းက ပင်ပန်းတာတွေတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး

ဒီရေသာ နေ့တိုင်းသောက်ရရင် 

တောင်တစ်​တောင်လုံးတောင်မှ မြေထွန်ပစ်ဦးမယ်! တော်တော် ထူးခြားတဲ့​စမ်းရေပဲ" 


လုဖုန်းက အံ့ဩတကြီး မေးသည်။ သူ၏အသံမှာ မယုံနိုင်ခြင်းနှင့် ရင်ခုန်ခြင်းများ ရောပြွမ်းနေသည်။

ရှောင်ယွမ်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။ 


"ဒါက ကျွန်​တော်​ပြော​ပြော​နေတဲ့ 

နေရာလွတ်ထဲက စမ်းရေ​လေ

ဒီနေရာရဲ့ စွမ်းအင်တွေက ဒီစမ်းရေထဲမှာ 

အများကြီး ရှိနေတယ်

အပင်တွေကို လောင်းပေးရင်လည်း 

အရမ်းသန်တာ အဲဒီစမ်းရေကြောင့်ပဲ 

လူတွေသောက်ရင်လည်း အားအင်တွေ ပြန်ပြည့်ပြီး ရောဂါဝေဒနာတွေတောင် သက်သာစေတယ်

​ရောဂါအားလုံးကို​ပျောက်ကင်းနိုင်မယ်လို့ ထင်တယ်"


လုဖုန်းသည် စမ်းရေ၏ ထူးခြားချက်ကြောင့် ထပ်မံ၍ အံ့ဩရပြန်သည်။ ဤနေရာလွတ်သည် တကယ်ပင် မှော်ဆန်လွန်းသည်။ သူနှင့် ရှောင်ယွမ်တို့၏ ဘဝကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေးကြီးတစ်ခု ဖြစ်သည်ကို သူ ယခုမှပင် ပြည့်ပြည့်၀၀ သဘောပေါက်တော့သည်။ သူတို့နှစ်ဦးသား စမ်းရေကို အဝသောက်ပြီး ကိုယ်လက်သန့်စင်ကြသည်။ 


ထို့နောက် အလုပ်ပြီးစီးသွားသော လယ်ကွက်အသစ်များကို ကြည့်ရင်း ကျေနပ်စွာ ပြုံးနေကြသည်။ သူတို့နှစ်ဦး၏ ပူးပေါင်းအားထုတ်မှု၏ ရလဒ်ကို မြင်ရခြင်းက ပီတိဖြစ်ဖွယ်ရာပင်။


အလုပ်များ ပြီးစီးသွားသောအခါ ရှောင်ယွမ်နှင့် လုဖုန်းတို့ နေရာလွတ်ထဲမှ ပြန်ထွက်လာကြသည်။ အပြင်သို့ထွက်လိုက်သည့်အခါ တောအစပ်သို့ သူတို့ ရောက်ရှိနေသည်ကို တွေ့ရသည်။ အပြင်ကမ္ဘာ၏ လေထုက နေရာလွတ်ထဲမှ လေထုလောက် မသန့်ရှင်းသော်လည်း ရင်းနှီးသော အနံ့အသက်များက သူတို့ကို ကြိုဆိုနေသည်။ 


မကြာ​သေးမီက တောဝက်ကြီးသည်လည်း မရှိတော့ပေ။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး အန္တရာယ်ကင်းပုံရသည်။ နေကလည်း စောင်းနေပြီမို့ အိမ်ပြန်ချိန်ရောက်ပြီ ဖြစ်သည်။


"ကံကောင်းတာပဲ

တောဝက်ကြီးလည်း မရှိတော့ဘူး

လာ ကိုယ်တို့ အိမ်ပြန်ကြစို့

ကလေးတွေလည်း စောင့်နေကြလိမ့်မယ်"


သူတို့နှစ်ဦးသား အိမ်သို့ပြန်ရန် လှည့်ထွက်လာစဉ် လုဖုန်း ထောင်ထားခဲ့သော ထောင်ချောက်တစ်ခုဆီသို့ အကြည့်ရောက်သွားသည်။ ထောင်ချောက်ထဲတွင် နားရွက်ဖြူဖြူ၊ အမြီးတိုတိုနှင့် မျက်လုံးနီနီ ယုန်ဖြူလေးတစ်ကောင် မိနေသည်ကို တွေ့လိုက်ရသောအခါ လုဖုန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ယုန်ကလည်း ထောင်ချောက်ထဲမှ ရုန်းကန်နေပုံရသည်။


"ဟေး ရှောင်ယွမ် ကြည့်ဦး

ကိုယ့်ထောင်ချောက်မှာ ယုန်တစ်ကောင် မိနေပြီ

ဒီနေ့တော့ ယုန်သား စားရတော့မယ်" 


ရှောင်ယွမ်လည်း ဝမ်းသာအားရ ရယ်မောလိုက်သည်။

"ဟားဟား၊ ကောင်းတာပေါ့

ကျွန်​တော်လည်း ယုန်သားမစားရတာ ကြာပြီ

သတိရလာတဲ့​နေကစားတဲ့ ယုန်သားစွပ်ပြုတ်ကို

သတိရ​နေတာ ဒီယုန်က တော်တော်ဝမှာပဲ"


သူတို့နှစ်ဦးသား ယုန်လေးကို ထောင်ချောက်ထဲမှ ဂရုတစိုက် ထုတ်ယူပြီး စကားတပြောပြောဖြင့် အိမ်သို့ ပြန်လာကြသည်။ လမ်းတစ်လျှောက်တွင် ရှောင်ယွမ်က လုဖုန်းကို ၂၁ ရာစုက ယုန်သားချက်နည်း အချို့ကို ပြောပြသည်။ 


"ကျွန်တော့်ဆီမှာ ယုန်သားကို 

ဘာဘီကျူးဆော့စ်နဲ့ ကင်တဲ့နည်း ရှိတယ် 

နောက်ပြီးတော့ အီတလီကလာတဲ့ ဟင်းခတ်အမွှေးအကြိုင်ပေါင်းစပ်မှုနဲ့ ချက်ရင် 

ပိုမွှေးပြီး အရသာပိုရှိတယ် 

အာလူးလေးတွေနဲ့ ချက်ရင်လည်း 

အသားနူးပြီး အရသာရှိတယ်"


လုဖုန်းကလည်း စိတ်ဝင်တစား နားထောင်ရင်း မျက်ခုံးတွန့်ကာပြောသည်


"မင်းရဲ့ကမ္ဘာက အစားအသောက်တွေလည်း တော်တော် ထူးခြားတာပဲနော် 

ဘာဘီ... ဘာတဲ့လဲ 

ကိုယ် မ​ပြောတတ်တော့ဘူး 

ဒါပေမယ့် နာမည်တွေကတော့ ဆန်းတာပဲ! 

​တွေးကြည့်ရုံနဲ့တင် အနံ့က တော်တော်မွှေးနေပြီ" 


သူတို့နှစ်ဦးသား ဘယ်လိုချက်စားရမလဲဆိုတာကို စိတ်ကူးယဉ်နေခဲ့ကြသည်။


အိမ်သို့ ရောက်သောအခါ သူတို့နှစ်ဦးသည် အမေလင်းအိမ်သို့ သွားရောက်ကာ ကလေးများကို သွားခေါ်ကြသည်။ ကလေးနှစ်ယောက်က ရှောင်ယွမ်ကို မြင်မြင်ချင်း ပြေးဖက်ကြသည်။ ထိုစဉ် လုဖုန်းလက်ထဲက ယုန်ကို မြင်လိုက်သောအခါ ကလေးငယ်နှစ်ဦး၏ မျက်လုံးလေးများ ပြူးကျယ်သွားပြီး ဝမ်းသာအားရ အော်ဟစ်ကာ ခုန်ပေါက်ကြတော့သည်။


"ယုန်! ယုန်!" 


"အစ်ကိုကြီး ယုန်ဖမ်းလာတယ်"


"အစ်ကိုယွမ် ယုန်လေးက ချစ်စရာလေး!"


ကလေးများက ယုန်လေးကို ဝိုင်းအုံကြည့်ရှုနေကြပြီး တအံ့တတအောဖြစ်နေကြသည်။ လက်လေးများဖြင့် ယုန်ကို ထိကြည့်ချင်သော်လည်း မကိုင်ရဲဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မောနေကြသည်။


"သားတို့ ပြန်လာကြပြီလား

ကလေးတွေလည်း သားတို့ကို စောင့်နေကြတာ"


"အမေ ဒီနေ့ ကျွန်တော်တို့ 

ယုန်တစ်ကောင် ဖမ်းလာတယ်

ညစာ အတူတူ လာစားပါလား

ယုန်သားချက်စားကြရအောင်"


ရှောင်ယွမ်က ပြုံးရွှင်စွာ ဖိတ်ခေါ်လိုက်ရာ

အမေလင်းက လက်ကာပြသည်။


"အို... မဟုတ်တာ သားရယ်

အမေ မလာတော့ပါဘူး

သားတို့မိသားစုပဲ စားကြပါ

အမေက အိမ်မှာ ညစာစားစရာရှိပါတယ်"


"မဟုတ်ပါဘူး အန်တီလင်းက ကလေးတွေကိုလည်း တစ်နေကုန် ကြည့်ပေးထားတာ

အမေမပါရင် ဘယ်ဖြစ်မလဲ

လာပါ ကျွန်တော်တို့ အတူတူ စားကြမယ် 

အမေသာ မပါရင် ကျွန်တော်တို့ ဒီယုန်ကို ဘယ်လို စားရမှန်းတောင် သိမှာ မဟုတ်ဘူး

ထင်းမီးနဲ့ပဲ ယုန်တစ်ကောင်လုံး ကင်စားရမလိုတောင် ဖြစ်နေပြီ!" 


လုဖုန်းကပါ အပြုံးဖြင့် ဝင်ပြောသည်။ 


"အဖွား လာပါနော်

ယုန်သား စားရအောင်

အဖွားချက်တာ အရမ်းကောင်းတာ" 

​ရှောင်ပိုင်​လေးက အမေလင်း၏လက်ကို ဆွဲပြီး ဝိုင်း​လေပြောတော့ အမေလင်းလည်း နောက်ဆုံးတွင် လက်ခံလိုက်ရသည်။ သူမ၏မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခု ရှိ​နေသည်။


"ကဲ ကဲ ဒီကလေးတွေနဲ့တော့ ခက်ပါပြီ

ကောင်းပြီလေ ဒါဆိုလည်း အမေ ချက်ပေးရမယ် သားတို့ မချက်တတ်မှာစိုးလို့" 


"ဟုတ်ကဲ့ အမေ ချက်ပေးရင် ပိုကောင်းတာပေါ့ ကျွန်တော်တို့က မချက်တတ်ဘူး" 


ရှောင်ယွမ်က ဝမ်းသာအားရ ပြန်ပြောသည်။ 


သူနှင့် လုဖုန်းတို့သည် ယုန်သားချက်ပြုတ်နည်းများအကြောင်း ပြောဆိုနေခဲ့ကြသော်လည်း အမေလင်း၏ ကျွမ်းကျင်မှုနှင့် အရသာကို မမီနိုင်သည်ကို သူတို့သိကြသည်။


​ရှောင်ယွမ်တို့ အိမ်​​ရောက်သည့်အခါ 

အမေလင်းက ယုန်သားကို ကျွမ်းကျင်စွာ ပြင်ဆင်တော့သည်။ အရင်ဦးဆုံး ယုန်သားကို သန့်စင်ပြီးနောက် အပိုင်းပိုင်းဖြတ်ကာ ရေစင်စင်ဆေးကြောသည်။ 


ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ဂျင်း စသည့် ဟင်းခတ်ပစ္စည်းများကို ကျွမ်းကျင်စွာ ပါးပါးလှီးဖြတ်သည်။ မီးဖိုပေါ်တွင် ဒယ်အိုးတင်ကာ တောဆီအနည်းငယ်ထည့်၍ အပူပေးထားသည်။ 


ဆီပူလာသောအခါ လှီးထားသော ဟင်းခတ်ပစ္စည်းများကို ထည့်ကာ မွှေးကြိုင်သော နံ့သာမွှေးလာသည်အထိ ဆီသတ်သည်။ ထို့နောက် သန့်စင်ပြီးသား ယုန်သားများကို ထည့်ကာ အသားကျက်သည်အထိ လှန်လှောကြော်သည်။ အသားများ နီရဲလာပြီး ကျက်သွားသောအခါ ရေအနည်းငယ်ထည့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်တို့ဖြင့် အရသာသွင်းကာ အသားနူးအိသွားသည်အထိ အဖုံးအုပ်၍ တည်ထားသည်။ 


ဟင်းအိုးထဲမှ အသားရည်ကြည်လင်လာပြီး အနံ့အရသာကလည်း စွဲမက်ဖွယ်ကောင်းလောက်အောင် မွှေးကြိုင်လာတော့သည်။ မွှေးကြိုင်လှသော ယုန်သားဟင်းနံ့က အိမ်တစ်အိမ်လုံး ပျံ့နှံ့လာသောအခါ ဗိုက်ဆာနေသော ကလေးများကလည်း ယုန်သားနံ့ကို ရှူရှိုက်ရင်း စားပွဲနားသို့ ပြေးကပ်လာကြသည်။ သူတို့မျက်လုံးလေးများက ယုန်သားဟင်းအိုးဆီမှ ခွာမရတော့ပေ။


"အ​မေ အရမ်း​မွှေးတာပဲဗျာ

တကယ် အ​မေ့ကို​ခေါ်လာတာ မှန်သွားတယ် ဟဲဟဲ"


ဤရက်ပိုင်းအတွင်း ရှောင်ပိုင်​လေးက အ​မေလင်းအား အဖွားဟု​ပင် တရင်းတနှီး ခေါ်​​နေ​လေပြီ။


"အဖွား ​မွှေးတယ် 

သား ဗိုက်ဆာလာပြီ" 


"စားရမယ် ​ရှောင်ပိုင်​လေးအတွက်

​သေး​သေး​လေးဖဲ့ပြီး အ​အေးခံထား​ပေးတယ် 

ခဏ​စောင့်​နော်"


"​သြော် အ​မေက သားရ​နေကျ 

အသားဖက်​လေးကို ရှောင်ပိုင်​လေး​ပေးတယ်​ပေါ့ 

အ​မေက သားကိုမချစ်​တော့ဘူး 

သူ့​မြေးပဲ ပိုချစ်​နေတာပါ"


​ရှောင်ယွမ်က စ​နောက်လိုက်သည်။ 


"အစ်ကိုယွမ် စား 

သား မစား​တော့ဘူး 

သားကဗိုက်သိပ်မဆာ​သေးဘူး"


​ရှောင်ပိုင်​လေးက ​ချင်းယွမ်အားဖက်ကာ 

​မေး​လေး​မော့၍ ​ပြော​လေသည်။


"မင်းက​တော့ က​လေးနဲ့ပြိုင်​လု​နေတယ် 

ရှိတယ် ရှိတယ် သားအတွက်လည်း

ဖယ်ထားတယ် ဟုတ်ပြီလား"


​​ရှောင်ယွမ် စ​နောက်​နေသည်အားကြည့်ရင်း 

လုဖုန်း အသည်းတယားယားနှင့် ပြုံး​နေမိသည်။ 


အင်း ​ယောက္ခမကြီး​ကိုခေါ်မိတာ မှားပြီ 

နဖူး​လေးကို ခိုးနမ်းလို့မရ​တော့ဘူး 

ညထိ​စောင့်ရ​တော့မှာပဲ ကွာ

​ရှောင်ယွမ်ကကွာ ချစ်စရာ​လေး

အသည်းယားလိုက်တာ


ညစာ စားကြသောအခါ ယုန်သားဟင်းက အလွန်အရသာရှိသည်။ အသားများက နူးညံ့ပြီး ဟင်းရည်ကလည်း ချိုချိုစပ်စပ်လေးနှင့် စားကောင်းလှသည်။ 


လုဖုန်းက စိတ်ရင်းအတိုင်း ချီးကျူး​ပေးသည်။ 

"အ​ဒေါ်လင်း ချက်တာ 

တကယ်ကိုကောင်းတယ် အရသာရှိလိုက်တာ 

ဒီယုန်သားက အရင်က စားဖူးတာတွေထက် 

ပိုကောင်းနေသလိုပဲ 

အ​ဒေါ်သာ နေ့တိုင်းလာချက်ပေးရင် 

ဘာအလုပ်မှလုပ်နိုင်မှာမဟုတ်​တော့ဘူး 

ကျွန်တော်​နေ့တိုင်း အိမ်ပြန်စားဖို့ပဲ ​

တွေးနေမိတော့မယ်ထင်တယ်!" 


"ဟုတ်တယ် အမေ ချက်တာဆို 

ဘာပဲဖြစ်ဖြစ် အရမ်းကောင်းတယ်"


အမေလင်းက သူတို့ကို ကြည့်ပြီး ပျော်ရွှင်စွာ ပြုံးနေသည်။ သူ့အတွက် ဤကဲ့သို့ ချီးကျူးစကားများက ဘယ်အစားအစာနဲ့မှ မလဲနိုင်သည့် ပျော်ရွှင်မှုပင်ဖြစ်သည်။ 


ကလေးများကလည်း ယုန်သားကို အားရပါးရ စားသောက်ကြပြီး ပါးစပ်များတွင် ဆီများပေပွနေကြသည်။ သူတို့၏မျက်နှာလေးများတွင် ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးနေကြသည်ကို ကြည့်ပြီး အမေလင်း၊လုဖုန်းနှင့် ရှောင်ယွမ်တို့လည်း ကျေနပ်ပျော်ရွှင်ကြရသည်။