Chapter 187
_ ချန်ဝေ့နှင့်တွေ့ရခြင်း
ချန်ရုံမှာ သူမ၏အခန်းထဲသို့ပြန်သွားပြီး သလွန်ပေါ်၌ တစ်နာရီခန့် ထိုင်နေခဲ့လေသည်။အချိန်ကြာလာသည်နှင့်အမျှ သူမ၏နှလုံးသားလည်း ငြိမ်သက်တိတ်ဆိတ်လာသည်။ လမင်းကြီးနှင့်အတူ တစ်စတစ်စလျော့နည်းလာသော အပြင်မှ အသံဗလံများအားသတိပြုနေရင်း ရန်မင်းထွက်သွားလောက်ပြီဟု အတွေးပေါက်သွားလေ၏။
ယင်းနောက်တွင် သူမက အပြင်ဘက်သို့ တစ်ကိုယ်တည်းထွက်လာခဲ့ပြီး ကျောက်သားလှေကားထစ်များကိုဖြတ်ကျော်၍ သစ်ပင်တန်းလမ်းတစ်လျှောက်မှတစ်ဆင့် ညာဘက်ရှိ လမ်းကျဉ်းကလေးထဲသို့ ဝင်ရောက်သွားခဲ့သည်။ဤနေရာမှာ ရန်မင်းနှင့်တွေ့ခဲ့သောနေရာမှ အလွန်ကွာဝေးလေ၏။
သူမ၏ကျောင်းတော်ထိန်းများမှာ လွန်ခဲ့သောရက်များ၌လာရောက်လည်ပတ်သူအများအပြားအား ငြင်းပယ်ခဲ့ကြောင်း ချန်ရုံသိလေသည်။အေးချမ်းခြင်းအား ဆန္ဒရှိသည့်သူမအလိုကျ ဝမ်ဟုန်က ဖြည့်ဆည်းပေးခဲ့၏။
ထိုအချိန်တွင် ပေါ့ပါးသွက်လက်သောခြေသံများထွက်ပေါ်လာသည်။
ချန်ရုံက ဝမ်ဟုန်၏လူများဖြစ်မည်ဟု တစ်ကိုယ်တည်းတွေးတောကာ လျှောက်လှမ်းနေရာမှ ရပ်တန့်ပြီး ဖွင့်ဟမေးမြန်းလိုက်တော့လေ၏။
" ဘာဖြစ်တာလဲ ... "
ထိုအခါ ခြေသံများ ရပ်တန့်သွားပြီး ရင်ကူး၏အသံထွက်ပေါ်လာသည်။
" အရှင်မ ... အခုလေးတင်ပဲ တောင်နောက်ကနေ လူတစ်ယောက်ရဲ့ရယ်သံကို ကျွန်မတို့ကြားလိုက်ရတယ် ... အရှင်မနဲ့ သိတဲ့လူလားမသိဘူး ... "
ထိုလေသံအရ ရင်ကူးမှာ ရန်မင်းနှင့်ချန်ရုံ့အား အတူတကွတွေ့မြင်လိုက်သော်လည်း အရိပ်အခြည်ကြည့်၍ ဂရုတစိုက်မေးမြန်းနေခြင်းဖြစ်လေသည်။
" အသိအကျွမ်းဟောင်းပါ " ချန်ရုံက တိုးညင်းစွာ ပြန်ဖြေလိုက်၏။ထို့နောက်တွင် သူမက တောက်ပသောမျက်ဝန်းများဖြင့် ရင်ကူးအား လှည့်ကြည့်လိုက်ပြီး တန်ပြန်မေးမြန်းလေသည်။
" နင်တို့ရဲ့ သခင်လေးဆီ စာပို့ချင်တယ်ဆိုရင်ရော ဘယ်သူက သွားပို့ပေးမှာလဲ ... "
ထိုအခါ ရင်ကူးက ခေတ္တနှုတ်ဆိတ်နေရာမှ ရုတ်တရက် ထပြုံးလိုက်ပြီး ပြန်လည်ရှင်းလင်းပြောဆိုလာခဲ့သည်။
" အရှင်မလေး ...ကျွန်မတို့ကို ကျီစားနေတာပါလား ... သခင်လေးက ကျွန်မတို့ကို ဒီလွှတ်လိုက်ပြီဆိုကတည်းက ကျွန်မတို့က အရှင်မလေးရဲ့ လူတွေဖြစ်သွားပါပြီ ... သတင်းစကားတွေ ဟိုဖြန့်ဒီဖြန့်လုပ်မှာ မဟုတ်ပါဘူး ... "
ရင်ကူးမှာ ချန်ရုံက သူမအား ကျီစားနေသည်ဟု အထင်လွဲမှားနေခဲ့၏။
ချန်ရုံကတော့ မည်သည့်ကိုမှ ဆက်ပြောလိုစိတ်မရှိတော့ပေ။သူမက အရှေ့သို့ပြန်လှည့်ပြီး " အဲလိုဆိုလည်း ထားလိုက်တော့ ... " ဟုသာပြောလာခဲ့သည်။
ယင်းနောက်တွင် ချန်ရုံမှာ ဆက်လက်လျှောက်လှမ်းသွားခဲ့သော်လည်း ရင်ကူးက သူမ၏အနောက်သို့ခပ်သုတ်သုတ်လိုက်လာခဲ့သည်။
" အရှင်မ ...ကျွန်မက စိတ်မကြည်ဖြစ်အောင် လုပ်မိသွားတာလား ဟင် ... "
" တစ်ယောက်တည်းနေချင်တယ် ... "
ရင်ကူးမှာ ချန်ရုံ၏ထိုစကားအား အမိန့်သဖွယ်မှတ်ယူကာ ရပ်တန့်သွားပြီး အနောက်မှ ဆက်လိုက်မလာတော့ပေ။
ခြေလှမ်းငါးရာခြောက်ရာကျော်ခန့် ဖြတ်သန်းပြီးသောအခါ အသံဗလံများနှင့်ကင်းကွာပြီး ဆိတ်ငြိမ်သောတစ်နေရာသို့ ရောက်ရှိလာခဲ့၏။
ထိုနေရာတွင် ရပ်တန့်ပြီး ဘေးဘီသို့တစ်ချက်ကြည့်လိုက်သောအခါ တောင်၏လက်ဝဲဘက်ခြမ်းရှိ ကျောင်းဆောင်ငယ်မှ အမျိုးသမီးတစ်ဦးဆင်းသက်လာသည်ကို ချန်ရုံမြင်လိုက်ရသည်။ကနဦးတွင်ချန်ရုံမှာ ထွေထွေထူးထူးအာရုံစိုက်မနေဘဲ အမှုမဲ့အမှတ်မဲ့ဆက်လက်လျှောက်လှမ်းသွားခဲ့၏။သို့သော်လည်း ခြေသုံးလှမ်းအကွာတွင် သူမက ရပ်တန့်ပြီး ထိုတစ်ယောက်အား တစ်ဖန်ပြန်လည်ကြည့်ရှုမိသွားသည်။
ယင်းမိန်းကလေးမှာ သစ်တော်ပန်းပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ကျောက်ဖြူသဖွယ်ဖြစ်သောသူမ၏အသားအရည်က
လရောင်အောက်တွင် အေးစက်နေပုံရသည်။
ထိုမိန်းကလေးမှာ ချန်ဝေ့ဖြစ်သလော။
ချန်ရုံမှာ ဆက်လက်လျှောက်လှမ်းနေရင်းဖြင့်သူမ၏မျက်လုံးများကိုကျဉ်းမြောင်းပြီး ဘေးပတ်ပတ်လည်အား တိတ်တဆိတ် စူးစမ်းကြည့်ရှုနေခဲ့သည်။
အမှုမဲ့အမှတ်မဲ့ကြည့်လျှင် ချန်ဝေ့၏ပတ်ဝန်းကျင်၌ မည်သူမှမရှိဟုထင်ရသော်လည်း ခြေလှမ်းတစ်ရာခန့်အကွာ တောအုပ်ထဲ၌ လူတစ်ဦးရှိနေလေ၏။
ထိုသူမှာ ချန်ဝေ့၏ကိုယ်ရံတော်ဖြစ်ပုံရသည်။
ရန်မင်းက ချန်ဝေ့အား အမှန်တကယ်ပင် မေတ္တာသက်ဝင်နေသည်မဟုတ်ပါလော။မည်သည့်နေရာပင်ရောက်နေပါစေ သူက ချန်ဝေ့အတွက် အစောင့်အကြပ်များစေလွှတ်ပေးလေ့ရှိသည်။ယခင်ဘဝတွင် ချန်ဝေ့၏နံဘေး၌ ကိုယ်ရံတော်တစ်ဦးနှင့် လက်ရုံးတော်အစေခံနှစ်ဦးအမြဲတမ်းပါရှိတတ်သည်။ထို့ကြောင့်ပင် ချန်ရုံ့ခမျာ တစ်စုံတစ်ရာပြုလုပ်ရန် ဘယ်သောအခါကမှ အခွင့်အရေးမရရှိခဲ့ပေ။ဤတစ်ကြိမ်၌လည်း ထပ်တူပင်ဖြစ်နေမည်ဟု သူမ ထင်မထားခဲ့ပါ။
ချန်ဝေ့မှာ မြေပြင်ကိုသာ ဗလာဖြစ်စွာဖြင့် ငုံ့ကြည့်နေခဲ့၏။ယင်းနောက်တွင် သူမက ချန်ရုံ့ထံမှ အကြည့်များအား ခံစားသိရှိနေသည့်အလား ဆတ်ခနဲမော့ကြည့်လာသည်။
ချန်ဝေ့မှာ ချန်ရုံ့အား မင်သေစွာဖြင့် စက္ကန့်အနည်းငယ်ခန့်စူးစိုက်ကြည့်ရှုနေခဲ့ပြီး ခဏကြာသောအခါမှသာ စကားဟနိုင်ရှာလေသည်။
" နင်က ဘာလို့ ဒီရောက်နေတာလဲ ... ရန်လန် ဘယ်မှာလဲ ... သူနင့်ကိုသွားရှာတယ်ထင်နေတာ "
ချန်ဝေ့က ဘေးဘီတစ်ချက်ကြည့်လိုက်ပြီး ရန်မင်းကို ရှာဖွေလျက် မေးမြန်းလာခဲ့၏။
ချန်ရုံတစ်ယောက် ချန်ဝေ့အား လှမ်းကြည့်လိုက်သည်။ညလေညင်းက သူမ၏နှလုံးသားကို ချမ်းစိမ့်သွားစေပြီး ချန်ရုံသည် လရောင်အောက်မှ တစ်ဖက်သား၏မျက်နှာအား နှုတ်ဆိတ်စွာဖြင့် စူးစမ်းနေခဲ့သည်။
ချန်ဝေ့၏အသွင်အပြင်က သိပ်ကြည့်မကောင်းပေ။သူမသည်ပိန်ပါးလွန်းကာ မေးစေ့အစုံကလည်း ချွန်ထက်နေပြီး အမြဲလိုလိုမျက်ရည်နှင့်မျက်ခွက်ဖြစ်နေပုံပင်။
သို့သော်လည်း ယင်းပိန်လှီသည့်အသွင်အပြင်က ချန်ဝေ့အား လေညင်းတစ်ချက်တိုက်ခတ်ချိန်၌ပင် ကြွေကျမြေခသွားနိုင်သည့်သစ်တော်ပန်းပွင့်သဖွယ် ပို၍အားနွဲ့သနားစရာကောင်းစေသည်။
ချန်ရုံအကဲခတ်နေစဉ်တွင် တစ်ဖက်လူကလည်း အလားတူပင် ပြုမူနေခဲ့လေ၏။
ချန်ဝေ့က ချန်ရုံ့အား အပေါ်အောက်ကြည့်လိုက်ရင်းမခို့တရို့လေးပြုံးလျက် ပြောဆိုလာသည်။
" အားရုံ ... လနည်းနည်းပဲရှိသေးတာကို အရှင်မဖြစ်သွားတာလား ... ဟီးဟီး ... နင်က ဒီအရှင်မဝတ်စုံနဲ့တောင် ပိုလိုက်ဖက်ပြီး ဆွဲဆောင်မှုရှိနေသေးတယ် ... "
သူမက တပြုံးပြုံးဖြင့် ချန့်ရုံ့ထံသို့လျှောက်လှမ်းလာခဲ့ပြီး ငါးလှမ်းခန့်အကွာတွင် ရပ်တန့်လိုက်သည်။
ယင်းနောက်တွင် ချန့်ဝေ့မှာ သက်ပြင်းချလျက် ဆက်လက်ပြောကြားလာခဲ့၏။
" နင် ဝမ်ချီလန်နဲ့ထွက်သွားတယ်ကြားတုန်းက အရမ်းမနာလိုဖြစ်ခဲ့တာ ... အားချီနဲ့ ကောင်မလေးတွေတောင် နင့်ကို မနာလိုဖြစ်နေကြတာ ... ငါတို့အကုန်လုံးက နင်ကျန့်ခန်းကိုရောက်တာနဲ့ လန်ယာဝမ်အိမ်တော်မှာ နတ်သမီးလေးလို နေနေမယ်ထင်နေတာ ... အရှင်မဖြစ်နေမယ်လို့တော့ ဘယ်သူမှထင်မထားဘူး ... "
သူမက ချန်ရုံ့အား စာနာသလိုလိုကြည့်ရှုကာ " သနားစရာ အားရုံလေး ... " ဟု ထပ်လောင်းမြည်တမ်းလိုက်လေသည်။
ချန်ရုံမှာမူ တစ်ဖက်အား တိတ်တဆိတ်ကြည့်ရင်း အေးအေးလူလူ ရပ်စောင့်နေခဲ့၏။ချန်ဝေ့စကားဆုံးပြီး ခေတ္တကြာသောအခါတွင် သူမက " ပြောလို့ ပြီးပြီလား ... " ဟု မေးမြန်းလိုက်သည်။ထိုအခါ ချန်ဝေ့မှာ မင်သေလျက်သားဖြင့် နှုတ်ဆိတ်သွားတော့လေ၏။
ချန်ရုံက ချန်ဝေ့အား စူးစိုက်ကြည့်လျက် ခပ်ယဲ့ယဲ့ပြုံးရင်း ဖြည်းညင်းစွာပြောလိုက်သည်။
" အခုလေးတင် နင့်ရဲ့ခင်ပွန်းတပ်မှူးရန်က ငါ့ကိုလာရှာပြီး သူနဲ့လိုက်ခဲ့ဖို့ပြောသွားတယ် ... "
ထိတ်ပျာသွားသောချန်ဝေ့အား ကြည့်ရှုနေရင်း ချန်ရုံက တစ်ချက်ပြုံးသည်။ယင်းနောက်တွင် သူမက လက်ကိုနောက်ပစ်လျက် ကနဦးက ချန်ဝေ့ကြည့်သည့်ပုံစံအတိုင်းလိုက်လံတုပပြီး အထင်အမြင်သေးသလိုလိုပြန်လည်ကြည့်ရှုလိုက်လေ၏။
" အားဝေ့ ... နင်အခုငါ့ကို အိမ်တော်သခင်မလို့ ခေါ်သင့်နေပြီနော် ... "
ယင်းလေသံမှာပေါ့ပါးသော်လည်း စကားလုံးများကတော့ ချန်ဝေ့အတွက်လေးလံလွန်းလှပေသည်။
ချန်ဝေ့မှာ နှင်းသားများသဖွယ် ဖြူဖပ်ဖြူလျော်ဖြစ်သွားခဲ့ပြီး ဟန်ဆောင်၍ပင် ဆက်ပြုံးမနေနိုင်ရှာတော့ပေ။
ထို့နောက်တွင် သူမက အရှေ့သို့ဇွတ်တရွတ်တိုးကပ်လာကာ ချန်ရုံ၏ဝတ်ရုံစအား ကိုင်ဆွဲလျက် အော်ဟစ်လာခဲ့လေ၏။
" မဟုတ်ဘူးး ... နင်လိမ်နေတာ ... တပ်မှူးရန်က နင်ဝမ်ချီနဲ့ အိပ်ခဲ့တယ်လို့ပြောတယ် ... သူက နင့်ကိုမလိုချင်တော့ဘူး .... "
၎င်းအော်ဟစ်သံက တောင်လက်ယာဘက်ခြမ်းမှ ခြေသံများအား ဆွဲဆောင်နိုင်လောက်သည်အထိ ကျယ်လောင်လှသည်။ထိုအချိန်၌ ချန်ရုံမှာ သူမအားကိုင်ဆွဲထားသောချန်ဝေ့၏လက်များကို မျက်မှောင်ကြုတ်လျက်ဆွဲဖယ်ပစ်လိုက်သည်။ယင်းနောက်တွင် သူမသည် သွေးရူးသွေးတန်းအော်ဟစ်နေသောချန်ဝေ့အား ခနဲ့ပြုံးပြုံး၍ ကြည့်ရှုနေခဲ့လေ၏။
ချန်ရုံပြုံးနေသည်ကိုတွေ့လိုက်ရသောအခါ ချန်ဝေ့တစ်ယောက် ပို၍ပင် ဒေါသမီးများတောက်လောင်လာသည်။
သူမက အံကိုတင်းတင်းကြိတ်လျက် ချန်ရုံ့အားစူးစိုက်ကြည့်ရင်း အာပေါင်ရင်းသန်စွာဖြင့်အော်ဟစ်လိုက်တော့၏။
" အရှက်မရှိတဲ့ကောင်မ ... ဘယ်လိုတောင်ပြုံးရဲတာလဲ ... နင့်မျက်ခွက်ကို စုတ်ပြတ်သတ်အောင်လုပ်ပစ်မယ် ... "
ချန်ဝေ့က ချန်ရုံ၏မျက်နှာအား လက်ဖြင့်ကုတ်ခြစ်ရန် သွေးရူးသွေးတန်း ရွယ်လာခဲ့သော်လည်း ချန်ရုံမှာ ကိုယ်ခံပညာတတ်မြောက်ထားသည်ဖြစ်သောကြောင့် အလွယ်တကူပင်ရှောင်ရှားလိုက်နိုင်သည်။
ချန်ဝေ့မှာ ချန်ရုံ၏အနားသို့ပင် မကပ်နိုင်ရှာချေ။သူမ ချဉ်းကပ်လိုက်သည့်အခါတိုင်းတွင် ချန်ရုံက သွက်လက်စွာ နောက်ဆုတ်သွားပြီး တိုက်ခိုက်မှုမှန်သမျှအား ရှောင်ရှားသည်။နောက်ဆုံး၌ ချန်ဝေ့တစ်ယောက် မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားတော့လေ၏။မိုက်ရူးရဲဆန်သော ခြေလှမ်းများအဆုံးတွင် သူမက ခေတ္တရပ်တန့်လိုက်ပြီး အသက်ကိုမှန်မှန်ရှူသွင်းနေသည်။
ချန်ရုံမှာတော့ ကနဦးကအတိုင်း တစ်ထေရာတည်းပြုံးနေဆဲပင်။ချန်ဝေ့မှာ ထိုအပြုံးကို လှမ်းကြည့်ရင်းဖြင့် သူမကိုယ်သူမ စိတ်မနည်းထိန်းနေရသည်။
ယခုအချိန်၌ ချန်ဝေ့မှာ ဒူးထောက်လျက်သားအနေအထားဖြင့် အမောဖြေနေပြီး ချန်ရုံ့အားထပ်မံအော်ဟစ်လိုက်ပြန်လေ၏။
" နင်မဟုတ်မဟတ်တွေလာမပြောနဲ့ ... တပ်မှူးရန်က နင့်ကိုမလိုချင်ဘူး ...သူနင့်ကိုလိုချင်တယ်ဆိုရင် အခုချိန် သူဒီမှာရှိနေမှာပေါ့ ...နင်လိမ်နေတာ ... "
ထိုအခါ ချန်ရုံက ရုတ်ချည်းဆိုသလိုပင် လက်ခုပ်တဖျပ်ဖျပ် ထတီးလိုက်တော့သည်။
" ဝါးး ... ချန်ဝေ့က ဉာဏ်မဆိုးဘူးပဲ ... ငါလိမ်နေတာကို ပြောနိုင်တယ် ... "
ယင်းစကားကြောင့် ချန်ဝေ့ခမျာအေးခဲသွားသည်။
သူမက ပျစ်ပျစ်နှစ်နှစ်ကျိန်ဆဲစကားများအား ပြန်လည်မျိုချလိုက်ပြီး အလွန်အံ့အားသင့်နေပုံဖြင့် ချန်ရုံ့အား စူးစိုက်ကြည့်လာခဲ့၏။
" နင်ဘာပြောလိုက်တာလဲ ... နင်လိမ်နေတယ်လို့ပြောလိုက်တာမလား ... နင်လိမ်နေတာဟုတ်တယ်မလား ... "
သူမ၏အထိတ်တလန့်လေသံ၌ ပျော်ရွှင်ဝမ်းမြောက်မှုအငွေ့အသက်များရောယှက်နေသည်။
မျက်နှာချင်းဆိုင်ရှိ ချန်ရုံမှာလည်း ထိတ်လန့်သွားသောအမူအရာဖြင့်ချန်ဝေ့အား စူးစိုက်ကြည့်လျက်ရှိပေ၏။
"ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ... ဘာလို့ ဘဝကြီးကို ဒီလိုပုံစံနဲ့ နေနေတာလဲနော် ... "
ချန်ရုံ၏၄င်းလေသံက အလွန်တိုးညင်းပြီး ချန်ဝေ့အားသရော်နေသည်မျိုးထက် တစ်ကိုယ်တည်း တွေးတောရေရွတ်နေသလိုပင်။
ယခုအချိန်တွင် ချန်ရုံက သူမအား လှောင်ပြောင်သည်ဖြစ်စေ ၊ မထီမဲ့မြင်ထေ့ငေါ့နေသည်ဖြစ်စေ ချန်ဝေ့ စိတ်မဝင်စားပေ။သူမက ချန်ရုံ၏အရှေ့သို့တိုးကပ်သွားလိုက်ပြီး သိလိုရာကိုသာ ထပ်တလဲလဲဆက်လက်မေးမြန်းနေခဲ့လေ၏။
"နင်ဘာကိုဆိုလိုတာလဲ ... နင်လိမ်နေတာမဟုတ်လား ... ရန်လန်က နင့်ကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူးမလား"
ချန်ဝေ့၏မေးခွန်းတိုင်း၌ သိလိုစိတ်ပြင်းထန်မှုများပါဝင်နေသည်။
ချန်ရုံမှာ အလောတကြီးမေးမြန်းနေရှာသည့်ချန်ဝေ့အား သနားစဖွယ်ကြည့်ရှုနေခဲ့လေ၏။သူမ၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေဆဲဖြစ်ပြီး ချန်ရုံမှာ ဝမ်ဟုန်လုပ်နေကျအမူအရာအတိုင်းပင် လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။
" ဟုတ်တယ် ...ညာပြောနေတာ ... တပ်မှူးရန်က ငါနဲ့ထိမ်းမြားမှာမဟုတ်ဘူး ... "
ချန်ဝေ့၏ဝမ်းသာလုံးဆို့သွားသည့်အမူအရာကိုကြည့်ရှုနေရင်းဖြင့် ချန်ရုံက လေးနက်စွာထပ်မံပြောဆိုလိုက်သည်။
" အားဝေ့နင်က ဟန်ဆောင်တော်တယ်မလား ... ဘယ်ချိန်မဆိုမျက်ရည်ကျနိုင်တယ်လေ ... "
ထိုစကားကြောင့် ချန်ဝေ့တစ်ယောက် ဒေါကန်သွားတော့လေ၏။သို့သော်လည်း ချန်ရုံမှာ ပြုံးမြဲပြုံးဆဲပင် ဆက်လက်ပြောကြားလာခဲ့သည်။
" နင့် မျက်ရည်တွေကို အသုံးချလိုက်စမ်းပါ အားဝေ့ရယ် ... နင့်အရည်အချင်းတွေထုတ်သုံးပြီးတော့ နင့်ရဲ့ရန်လန်ကို ကျန့်ခန်းကနေ မျှားခေါ်ထုတ်သွားလိုက် ... "
ချန်ဝေ့ခမျာ အံ့အားသင့်သွားရှာပြီး မည်သည်ကိုမှ ပြန်မပြောနိုင်ခဲ့ပေ။ထိုအချိန်တွင် ချန်ရုံက သူမ၏လက်ချောင်းထိပ်များအားပွတ်သပ်နေရင်းဖြင့် ဆက်လက်စကားဆက်လာခဲ့သည်။
" တပ်မှူးရန်က ငါ့အတိတ်ကိုသိရက်နဲ့တောင် ငါ့ကိုလိုချင်နေသေးတယ်လို့ ပြောတယ် "
ထိုစကားအဆုံးတွင် ချန်ဝေ့မှာ စက္ကူချပ်တစ်ခုသဖွယ် ဖြူဖျော့သွားပြီး နောက်ဆုတ်သွားခဲ့လေသည်။
ချန်ရုံမှာမူ တစ်ဖက်လူအားမကြည့်ဘဲ ပြောစရာရှိသည်ကိုသာ ဆက်လက်ပြောကြားနေ၏။
" သူက ငါ့ကိုထိမ်းမြားချင်တယ်လို့လည်းပြောတယ် ... "
ဤတစ်ကြိမ်တွင် ချန်ဝေ့၏လည်ချောင်းအတွင်းမှရှိုက်ကြီးတငင်အသံတစ်ခုထွက်လာခဲ့သည်။ငိုရှိုက်သံဟုထင်ရသော်ငြားလည်း ယင်းအသံမှာ ခံပြင်းလွန်းရာမှဒေါသတကြီးထွက်ပေါ်လာသောလေသံ သဘောလည်းသက်ရောက်သည်။
ချန်ဝေ့မှာ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားခဲ့ပြီး ချန်ရုံ့အားကြည့်ရှုနေသောသူမ၏မျက်ဝန်းများ၌လည်း မျက်ရည်စများဝေ့ဝဲနေသည်။
" ဒါပေမဲ့ ငါက ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ချီးမြှောက်ထားတဲ့ အရှင်မတစ်ယောက်လေ ... ပြီးတော့ နင့်ရဲ့ရန်လန်က စစ်မှုရေးရာတွေမှာပဲ အမြဲအချိန်ကုန်နေတာ ... စစ်တပ်ထဲက အစားအသောက်နဲ့ နေရာထိုင်ခင်းတွေက ကျန့်ခန်းနဲ့ဘယ်ယှဉ်နိုင်ပါ့မလဲ ... "
ချန်ရုံက ပြောပြောဆိုဆိုဖြင့် သူမ၏လက်ချောင်းများထံမှ အကြည့်လွှဲလိုက်ပြီး ချန်ဝေ့အား မော့ကြည့်ခဲ့လေသည်။
" အားဝေ့ ... နင့်ရဲ့ခင်ပွန်းက ငါအရှင်မပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်လုံးဝဂရုမစိုက်တဲ့ အင်ပါယာထဲကတစ်ဦးတည်းသောယောကျာ်းပဲ ... အဲဒါကြောင့် နင်သူ့ကို ကျန့်ခန်းကနေ မြန်မြန်လေးခေါ်ထုတ်သွားတာကောင်းလိမ့်မယ် ... ငါစိတ်မပြောင်းခင် ... "
ချန်ရုံ၏အဆုံးမဲ့သောမျက်ဝန်းများက လရောင်အောက်တွင် တောက်ပနေခဲ့သည်။
တစ်ဖက်လူထံမှအတွေးများအား ချန်ဝေ့ ထိုးထွင်းမသိရှိနိုင်သကဲ့သို့ အမှန်အတိုင်းပြောနေခြင်း ဟုတ်သည် ၊ မဟုတ်သည်ကိုလည်း မခွဲခြားနိုင်တော့ပါပေ။သူမ လုပ်နိုင်သမျှမှာ ချန်ရုံ့အား ခံပြင်းစွာဖြင့် စူးစိုက်ကြည့်နေရုံသာဖြစ်သည်။
" ဘ-ဘာလို့လဲ .... "
ချန်ဝေ့က ပြောပြောဆိုဆိုဖြင့် ထွက်သွားရန်ပြင်နေသေမျက်စိရှေ့မှ ဝမ်းကွဲညီအစ်မအား ဖမ်းဆွဲထားလိုက်၏။
" ချန်အိမ်တော်ကအားရုံ ... နင်ဘာတွေကြံနေတာလဲလို့ ... "
ထိုအခါ ချန်ရုံက လှည့်ကြည့်လာခဲ့သည်။ယခုအချိန်၌ သူမ၏အမူအရာမှာ အေးစက်ထောင်လွှားနေပေ၏။
" ထွက်မသွားချင်ရင်လည်း ငါပြောခဲ့တာကို မေ့လိုက် ... "
ချန်ရုံမှာ ပြောပြောဆိုဆိုဖြင့် ချန်ဝေ့ဆွဲထားသောသူမ၏အင်္ကျီလက်အား တစ်ချက်ခါထုတ်လိုက်သည်။
သို့သော်လည်း ချန်ဝေ့က သူမအားထွက်သွားခွင့်မပေးသေးချေ။
" နေဦး ... အမှန်ပဲလား အားရုံ ... တပ်မှူးရန်က နင့်ကို လိုချင်နေသေးတာလား ... "
ထိုအချိန်တွင် ချန်ရုံမှာ နောက်ပြန်လှည့်မကြည့်ဘဲ အေးစက်စွာပြန်လည်ဖြေကြားခဲ့လေ၏။
" ကိုယ့်လူအကြောင်းကိုယ်မသိဘူးလား ... သူငါ့အပေါ်ထားတဲ့ခံစားချက်တွေကို နင်နားမလည်ဘူးလို့တော့ ငါ့ကိုလာမပြောနဲ့နော် ... "
ထိုစကားအဆုံးတွင် ချန်ဝေ့ခမျာ ငြိမ်ကျသွားရှာသည်။
ခြေနှစ်လှမ်းခန့်အကွာတွင် အနောက်မှငိုရှိုက်သံအား ချန်ရုံကြားလိုက်ရတော့လေ၏။လှည့်ကြည့်လိုက်သောအခါ ချန်ဝေ့က မျက်နှာအား လက်ဖဝါးများဖြင့်ကွယ်အုပ်ရင်း ဝမ်းနည်းပက်လက်ငိုကြွေးနေသည်။သူမ၏ပုခုံးတန်းများမှာလည်း တသိမ့်သိမ့်တုန်လှုပ်နေခဲ့ကာ ဤမြင်ကွင်းအားလျစ်လျူရန် ချန်ရုံ့အတွက် ခက်ခဲလွန်းလှပေသည်။
ချန်ရုံက ချန်ဝေ့ထံသို့ပြန်လည်ဦးတည်သွားခဲ့ပြီး သနားစိတ်ဖြင့် ငုံ့ကြည့်လိုက်သည်။
" ဒီလောက်အထိ အသည်းကွဲနေစရာ မလိုပါဘူး အားဝေ့ ... နင်သူ့ကို နင်ထင်သလောက်မချစ်ပါဘူး ... "
ချန်ဝေ့မှာ ခါတိုင်းကဲ့သို့ပင် သူမ၏စကားအား လျစ်လျူနေဆဲပင်။
" ငါခံစားရတာကိုမြင်တော့ ပျော်နေရောပေါ့ အားရုံ ... သိပ်ပြီးလည်း ကျေနပ်မနေနဲ့ဦး ...နင့်လိုအရှင်မကို အခုဘယ်သူကမှ မလိုချင်တော့ဘူး "
ထိုအခါ ချန်ရုံက ချန်ဝေ့အား ပြုံးပြလျက် ပြန်လည်ချေပပြောဆိုလိုက်လေ၏။
" ဟုတ်တယ်လေ ... ငါအခု အရမ်းကိုပျော်နေတယ် ...နင်ရှုံးပြီ အားဝေ့ ... နင်သူ့ကို စိတ်ကျေနပ်အောင် ဘာတွေပဲလုပ်ပါစေ နင့်ခင်ပွန်းရဲ့နှလုံးသားက ဗရပွဖြစ်နေနှင့်ပြီ ... သူ ငါ့ကိုမပိုင်ဆိုင်နိုင်တာနင့်ကြောင့်လေ ... အခုကစပြီး သူက နင့်အပေါ်စိတ်ကွက်လာတော့မှာပဲ ... ပွဲသိမ်းပြီ အားဝေ့ ...အကုန်ပြီးသွားပြီ "
ချန်ရုံ၏စကားက တစ်ဖက်သားအား အပ်ချောင်းများစိုက်ဝင်သွားသည့်နာကျင်မှုမျိုးကို ပေးစွမ်းသည်။
ချန်ဝေ့မှာ အရက်စက်ဆုံးလှောင်ပြောင်ထေ့ငေါ့မှုဖြင့် ပြန်လည်ချေပလိုသော်လည်း မည်သည့်အကြောင်းအရာမှထွက်မလာခဲ့ဘဲ အာပေါင်ရင်းသန်စွာဖြင့် လည်ချောင်းနက်ထဲမှ ငိုရှိုက်နေမိသည်။
ချန်ရုံပြောသည့်စကားမှာ မှားယွင်းနေသည်မျိုးမဟုတ်ကြောင်း အမျိုးသမီးတစ်ဦး၏ပင်ကိုယ်အသိက သူမအား လှုံ့ဆော်နေခဲ့လေ၏။
ရုတ်ချည်းဆိုသလိုပင် ချန်ဝေ့၏သည်းမခံနိုင်မှု ၊ နာကြဥ်းခါးသက်မှု ၊ အမုန်းတရားများနှင့်တကွ ဝမ်နည်းဆုံးရှုံးနာကျင်မှုများအားလုံးက ရှိုက်ကြီးတငင်ငိုရှိုက်သံအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့သည်။
ချန်ရုံမှာမူ ညလေညင်းထဲ၌ မလှုပ်မယှက်ရပ်လျက် ငိုကြွေးနေသောဝမ်းကွဲဖြစ်သူအား ငုံ့ကြည့်နေခဲ့သည်။ယင်းနောက်တွင် သူမက ရှည်လျားစွာ သက်ပြင်းချလိုက်ပြီး လှည့်ထွက်သွားတော့လေ၏။
သို့သော်လည်း ခြေလှမ်းအနည်းငယ်အကွာတွင် အနောက်ဘက်ရှိတောအုပ်ငယ်ထဲမှ သက်ပြင်းချသံတစ်သံအား ရုတ်တရက်လှမ်းကြားလိုက်ရသည်။အသံလာရာနေရာသို့တစ်ချက်စူးစမ်းလိုက်သောအခါ ရင်းနှီးဟန်ရနေသောမျက်နှာဖြင့် တောင့်တောင့်ဖြောင့်ဖြောင့်အမျိုးသားတစ်ဦးအား ချန်ရုံတွေ့လိုက်လေသည်။
ခေတ္တအကဲခတ်ကြည့်ရှုပြီးနောက်တွင်မူ ထိုသူမှာ ရန်မင်း၏လှည်းမောင်းသူအဖြစ် မကြာခဏဟန်ဆောင်ထားတတ်သော ရယ်မောစရာကောင်းပြီး စိတ်ဝင်စားဖွယ်ကောင်းသည့်တစ်ယောက်ဖြစ်ကြောင်း သူမ မှတ်မိသွားခဲ့သည်။
ဤလိုလူက ချန်ဝေ့အား ကာကွယ်စောင့်ရှောက်ပေးနေရှာသည်။ချန်ဝေ့မှာ အမှန်အကန်ပင် မျက်နှာသာအပေးခံနေရလေ၏။သို့သော်လည်း ပို၍ပင်ကောင်းသွားသေးသည်။အမြင့်သို့ရောက်လေလေ ကျရှုံးချိန်တွင် အထိနာလေလေမဟုတ်ပါလော။
" နေကောင်းပါရဲ့လား ... "
ထိုလူက ချန်ရုံ့ထံသို့ လျှောက်လှမ်းသွားခဲ့ပြီး အရိုအသေပြုလျက် မေးမြန်းလာသည်။
ယင်းနောက်တွင် သူက ချန်ဝေ့အားတစ်ချက်လှည့်ကြည့်လိုက်ပြီး ချန်ရုံရှိရာဘက်သို့ပြန်လှည့်လျက် သက်ပြင်းချနေလေ၏။
" ရှင်တို့တပ်မှူးနဲ့အတူတူ ကျန့်ခန်းကနေထွက်သွားပါတော့ ... "
ချန်ရုံက ထိုတစ်ယောက်ထံမှ အကြည့်လွှဲရင်းဖြင့် လေးနက်စွာပြောလိုက်သည်။
" ဒီမြို့က ကြီးကျယ်တယ်ထင်ရပေမဲ့ ထောင့်နေရာတိုင်းမှာ အန္တရာယ်က စောင့်ကြိုနေတယ် ... ရှင်တို့တပ်မှူးရန်က အမြော်အမြင်ကြီးတဲ့သူမဟုတ်လား ...နုံချာမိုက်မဲတဲ့ သေခြင်းမျိုးနဲ့ မသေပါစေနဲ့ "
ယင်းနောက်တွင် သူမက အခင်းနေရာမှ ထွက်ခွာသွားတော့သည်။ချန်ရုံပြောသောစကားများမှာ သတိပေးချက်တစ်ခုသဖွယ်ဖြစ်နေသောကြောင့် ထိုယောက်ျားခမျာ ထိတ်လန့်တုန်လှုပ်သွားရှာ၏။သူ၏မျက်ခုံးစပ်မှာလည်း စိုးရိမ်ပူပန်မှုအရှိန်ကြောင့် တွန့်ချိုးနေခဲ့သည်။