အပိုင်း 186
Viewers 24k

Chapter 186
ရန်မင်း၏ချစ်မေတ္တာ (၂)



ရန်မင်း၏ရင်ခွင်ထဲ၌ အချိန်အတော်ကြာကုန်ဆုံးသွားပြီးနောက် ချန်ရုံက ခေါင်းတတွင်တွင်ခါယမ်းလာခဲ့သည်။

"ဒါဆို ချန်ဝေ့ကရော ဘယ်လိုလဲ "

ချန်ရုံက ရန်မင်းအား မော့ကြည့်လျက်တိုးညင်းစွာမေးလိုက်လေ၏။အဖြေအားသိရှိရန်မှာ မေးမြန်းနေစရာမလိုသော်လည်း သူမ အတည်ပြုချင်သေးသည်။

ထိုအချိန်တွင် ရန်မင်းက ချန်ရုံ၏အရှင်မသျှောင်ထုံးကိုဖြည်လိုက်ပြီး ကွေးကောက်နေသောဆံနွယ်လိပ်များအား လက်ဖြင့်သပ်ချပေးနေခဲ့သည်။

" ချန်ဝေ့လား ... သူက ကိုယ်လုပ်တော်ပဲလေ ... မင်းကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး ... သူက ကိုယ့်ကို မေတ္တာသက်ဝင်ပြီးတော့ ယုံကြည်အားကိုးရှာတဲ့ အားနွဲ့နွဲ့မိန်းမသားတစ်ယောက်ပဲ ... သူ့ကို အကြောင်းပြချက်မရှိဘဲ စွန့်ပစ်လိုက်ရင် ရှင်သန်နိုင်မှာမဟုတ်တော့ဘူး "

ရန်မင်းက ခေတ္တစကားရပ်လိုက်ပြီးနောက် သူ၏နောက်ဆုံးလိုက်လျောမှုအား ကမ်းလှမ်းပြောဆိုလာခဲ့သည်။

" တကယ်လို့ မင်း တကယ်ကို မကြိုက်ဘူးဆိုရင် အခုချိန်ကစပြီး မင်းကိုကိုယ်နဲ့ပဲအမြဲခေါ်သွားမယ်"

ထိုအခါချန်ရုံက အေးစက်စွာပြုံးလိုက်ပြီး သူမအားဖက်တွယ်ထားသောရန်မင်း၏လက်မောင်းများထဲမှ အသာအယာရုန်းထွက်လိုက်သည်။
နှစ်ဘဝတာက သူမအား ဤလူအကြောင်း နားလည်စေခဲ့သည်။ရန်မင်းမှာ မိန်းမတစ်ဦး၏မျက်ရည်ကို အမြဲတစေအရှုံးပေးတတ်သူဖြစ်သည်။သူမအား မေတ္တာသက်ဝင်ကြောင်းပြောနေသော်လည်း မျက်ရည်စက်လက်ဖြင့် အသနားခံပါပင်လျှင် သူသည် ချန်ဝေ့အား စွန့်ပစ်မည်မဟုတ်ချေ။

၎င်းအပြင် ချန်ဝေ့တစ်ဦးတည်းသာမဟုတ်သေးဘဲ လီဝေ့ ၊ ဝူဝေ့ အစရှိသဖြင့် တိုးပွားလာလိမ့်ဦးမည်။အချို့သော အမျိုးသမီးများမှာ အမှန်တကယ်ပင် အားနွဲ့ရှာကြသော်လည်း တချို့တဝက်မှာမူ တမင်တကာ မူရာမာယာများနေကြခြင်းသာဖြစ်လေ၏။

သူတို့က မီးပုံပွဲလှည့်လည်နေသည့်သဖွယ် ရန်မင်းထံသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြလိမ့်မည်။

အတိတ်ဘဝတွင် ချန်ရုံမှာသူမ၏နိမ့်ကျသည့်အဆင့်အတန်းနှင့် ချစ်ခြင်းမေတ္တာကင်းမဲ့သောအိမ်ထောင်ရေးကြောင့် နှိမ့်ချလှောင်ပြောင်ပြီး အပယ်ခံခဲ့ရသည်။ဤတစ်ကြိမ်တွင်မူ သူမသည် အခြားယောက်ျားတစ်ဦးထံ၌ ဖြူစင်မှုကို ဆုံးရှုံးခဲ့ရလေ၏။လူအများက ထိုအချက်ကိုအသုံးချလွန်းကြသဖြင့် ချန်ရုံမှာ လက်တုံ့ပြန်ရုံကလွဲ၍ မတတ်နိုင်တော့လေပြီ။

ချန်ရုံမှာ ကျိန်းသေပေါက်ရှုံးနိမ့်မည်မဟုတ်သော်လည်း သူမသည် ထိုဘဝအား ငြီးငွေ့နေပြီဖြစ်သည်။အတိတ်ဘဝ၌ ဤလူနှင့်အိမ်ထောင်ရက်သားပြုလိုက်သောကြောင့်
ချစ်ခြင်းကင်းမဲ့သောနေ့ရက်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။သို့သော်လည်း လောလော‌ဆယ်အနေအထားအရ ဤလူက သူမအား နံဘေး၌မြဲမြံစွာထားမည်မှာ သေချာသည်။

အရေးကြီး‌သောအချက်တစ်ချက်မှာ ရန်မင်းသည် မာနကြီးသူတစ်ဦးဖြစ်လေ၏။
ထိုသို့သောသူအများစုမှာ မိမိကိုယ်ကိုယ်ထက် သူတစ်ပါး၏အမှားကို ပို၍ရှုမြင်ကြလေ့ရှိသည်။
ချန်ရုံမှာ သူမ၏နှလုံးသားကို ဦးစွာဆုံးရှုံးခဲ့ပြီးနောက်ပိုင်းတွင် ခန္ဓာကိုယ်အား အခြားယောက်ျားတစ်ဦးထံသို့ ပေးအပ်ခဲ့ရသည်။ဤအချက်က ရန်မင်း၏နှလုံးသားထဲ၌ ဆူးတစ်ချောင်းသဖွယ် စိုက်ဝင်နေနိုင်သည်။

အချိန်ကုန်လွန်ပြီး ဘေးစကားများပျံ့နှံ့လာသည်နှင့်အမျှရန်မင်းမှာ သူမအား ဖူးရောင်နာအသားပိုအကြိတ်တစ်ခုသကဲ့သို့ဖြတ်ထုတ်ပစ်လိုက်လိမ့်မည်။
သူမကဲ့သို့သော အမျိုးသမီးတစ်ဦးအတွက် အထီးကျန်ခြင်းကသာ သင့်လျော်ပေလေမည်။လနှင့်တိမ်များကိုအဖော်ပြု၍ တဖြည်းဖြည်းအသက်အရွယ်ကြီးရင့်လာသောသူမကိုယ်သူမ စောင့်ကြည့်နေနိုင်ခြင်းဖြင့်ပင် လုံလောက်ချေပြီ။

ရန်မင်းမှာ ရင်ခွင်ထဲရှိအမျိုးသမီးထံမှ အေးစက်မှုနှင့်ငြင်းပယ်ခြင်းတို့အား အတိုင်းသားခံစားမိနေသည်။

သူ၏မျက်နှာပေါ်ရှိ ကြွက်သားများက တဆတ်ဆတ်တုန်ခါသွားခဲ့‌၏။ရုတ်တရက်ဆိုသလိုပင် သူကချန်ရုံ့အား မြေပြင်ပေါ်နောက်ပြန်လဲကျသွားအောင် ဆောင့်တွန်းပစ်လိုက်တော့သည်။
ယင်းနောက်တွင် ရန်မင်းက ချန်ရုံ့အား ငုံ့ကြည့်ရင်း ပါးလျှပ်လျှပ်နှုတ်ခမ်းသားတစ်စုံဖြင့် ရင့်သီးစွာမေးလိုက်လေ၏။

" ချန်အိမ်တော်ကအားရုံ ... ငါချန်ဝေ့ကို စွန့်ပစ်လိုက်ရင် မင်း ငါနဲ့ လိုက်မှာလား "

ရန်မင်းမှာ ဒေါသတကြီးဖြင့် တစ်ဖက်သားအား အပေးအယူလုပ်ရန် ဖိအားပေးနေသည်။
သို့သော်လည်း ချန်ရုံက ခေါင်းယမ်းပြီး တစ်ချက်ပြုံးကာမျက်လွှာချထားလိုက်လေ၏။

" ဘာပဲဖြစ်ဖြစ် ကျွန်မ မလိုက်ဘူး ... "

ထို့နောက်တွင် ချန်ရုံမှာ သူမ၏အင်္ကျီလက်မှ ဖုန်စများအား ခါထုတ်နေရင်း ပေါ့ပေါ့ပါးပါး ပြုံးလျက် မတ်တပ်ထရပ်လိုက်သည်။

" ကျွန်မ ကောင်းကောင်းနေနေတာပဲ တပ်မှူးရန် ... ရှင်နဲ့မလိုက်နိုင်ဘူး ... "

ချန်ရုံက ပြောရင်းဆိုရင်းဖြင့် ယင်းနေရာမှထွက်ခွာသွားသော်လည်း ရန်မင်းက ရုတ်ချည်းပင် အနောက်မှ ဆွဲထားသည်။ယခုအချိန်၌ ရန်မင်းက သူမအားနက်နဲစွာစိုက်ကြည့်နေလေ၏။

" အဲဒါဆိုရင် နောက်ထပ်ရက်နည်းနည်းလောက် ထပ်နေမှရတော့မှာပဲ ... "

ဤသည်မှာ ချစ်မေတ္တာကို ဝန်ခံသောနည်းလမ်းမဟုတ်ပေ။လုံးဝ သေချာပေသည်။

ထိတ်ပြာသွားရှာသည့်ချန်ရုံက မျက်လုံးအပြူးသားဖြင့် " မနေနဲ့ ... " ဟု အလိုလိုပြောထွက်မိသွားခဲ့သည်။

ထိုအခါ ဝံပုလွေအကြည့်ဖြင့်ရန်မင်းက သူမအား ခနဲ့ပြုံးပြုံးပြကာ မေးမြန်းလာလေ၏။
" ဘာလို့နေလို့မရတာလဲ ... "

ချန်ရုံတစ်ယောက် နှုတ်ဆိတ်သွားခဲ့သည်။နှုတ်ခမ်းများ တွန့်ကွေးသွားသော်လည်း သူမသည် မည်သည့်စကားမျိုးကိုမှ ပြန်လည်မပြောဆိုနိုင်ခဲ့ပေ။

ရန်မင်းမှာ သူမ စိတ်ပြောင်းမည့်အချိန်အား စောင့်ဆိုင်းရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း ချန်ရုံ ကောင်းကောင်းသိသည်။သူက ဝမ်ဟုန့်အား စောင့်ဆိုင်းနေခြင်းပင် ဖြစ်လေ၏။ရန်မင်းမှာ လက်ရှိအချိန်၌ ဝမ်ဟုန့်အား အမှန်တကယ်ပင် သတ်ပစ်ချင်နေသည်။

ချန်ရုံမှာ နှလုံးများအဆက်မပြတ်ခုန်နေခဲ့သော်လည်း အတတ်နိုင်ဆုံးတည်ငြိမ်အောင် စိတ်ထိန်းထားလေသည်။

ဤနေရာမှာ ကျန့်ခန်းဖြစ်သည်ဟု သူမကိုယ်သူမ ပြန်လည်ပြောပြနေမိသည်။ကျောင်းတော်တွင်ရှိသမျှမှာလည်း ဝမ်ဟုန်၏လူများပင်။ရန်မင်းသည် အစွမ်းထက်သော်ငြားလည်း ဝမ်ဟုန့်အား ထိနိုင်မည်မဟုတ်ချေ။

ထို့ပြင် ရန်မင်းအား ဟူလူမျိုးများက ကြောက်ရွံ့ကြသော်လည်း ဂျင်လူမျိုးများ၏အမြင်တွင်မူ သူသည် နောက်ခံမျိုးရိုးမတောင့်တင်းဘဲ မျိုးရိုးနာမည်ပြောင်းထားသောဇာတ်နိမ့်သားတစ်ယောက်သာဖြစ်သည်။
ရန်မင်းထံတွင် စစ်သည်အင်အားလည်း များများစားစားပါမလာချေ။


တွေးဝောာခြင်းက သူမအား အနည်းငယ်သာစိတ်သက်သာရာရစေသည်။ရန်မင်းမှာ အကြောက်တရားကင်းမဲ့ပြီး သူတကယ်ဆန္ဒရှိလျှင် ဧကရာဇ်မင်းမြတ်ကိုပင် သတ်ဖြတ်ပစ်နိုင်သော လူစားမျိုးဖြစ်သည်။ချန်ရုံက အရှေ့သို့မျှော်ကြည့်လိုက်၏။

ရန်မင်းမှာ သူ၏နှလုံးသားထဲသို့ ရှုပ်ထွေးသောခံစားချက်တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး သူ၏နှုတ်ခမ်းပါးများက မျဉ်းတစ်ကြောင်းသဖွယ် ဖြောင့်တန်းနေသည်။သူသည် တစ်ဖက်လူ၏ နုဖတ်ဖတ်လည်တိုင်ကို ကြည့်လိုက်ပြီး နှလုံးသားမရှိသောထိုမိန်းကလေးအား လည်ပင်းညှစ်သတ်ပစ်ချင်လာပြန်သည်။
သို့သော်လည်း ယင်းအတွေးပေါ်လာသောအခါတွင် နောက်ထပ် စိတ်အားထက်သန်မှုတစ်ခုကပါ ထပ်မံရောက်ရှိလာ၏။သူသည် သူမကို ပွေ့ဖက်ကာ အနူးအညွတ်တောင်းဆိုပြီး အတူလိုက်ခဲ့ပါမည်ဆိုလျှင် ချန့်ဝေ့အားသတ်ပစ်မည်ဟု ဖွင့်ဟချင်လာပြန်သည်။

ဗျာများနေသောအတွေးပေါင်းစုံကြောင့် ရန်မင်း၏လက်သီးများက တင်းချည် လျှော့ချည်ဖြစ်နေခဲ့လေသည်။ထိုအချိန်တွင် ချန်ရုံက သူ့အား ကျောပေးကာ အောက်ဘက်ရှိ မြူခိုးများဖုံးလွှမ်းနေသောချိုင့်ဝှမ်းအား ငုံ့ကြည့်လိုက်၏။ယင်းနောက်တွင် သူမက ခပ်ဖွဖွပြုံးလျက် ပြောဆိုခဲ့သည်။

"ဘာလို့ အရှင်မဖြစ်ချင်တာလဲလို့ ရှင်မေးထားတာ ကျွန်မ မဖြေရသေးဘူးနော် ... "

ယခုအချိန်တွင် ချန်ရုံမှာ ရွေ့လျားနေသောမြူခိုးများအား စေ့စေ့ကြည့်ရှုလျက်ရှိသည်။

" ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ဇစ်မြစ်က နိမ့်ကျလွန်းပေမဲ့ အလိုလောဘကတော့ အမြဲတမ်းကြီးနေလို့လေ ... အဲ‌ဒါကြောင့်ကျောင်းတော်ကို ၀င်ဖို့ဆုံးဖြတ်လိုက်တာ ... ကျွန်မဆီမှာက အဆင့်အတန်းမရှိ၊ အလှတရားမရှိ၊ မိသားစုမရှိ ၊ ဘာမှမရှိဘူးဆိုတာကလည်း သိသာနေတာပဲ ... အဲဒီကြားထဲကမှ ယောက်ျားတစ်ယောက်ရဲ့အချစ်ကို လက်ဝါးကြီးအုပ်ချင်နေလိုက်သေးတယ်"

ယင်းနောက်တွင် သူမက ရန်မင်းအား ပြုံးပြလျက် ပြန်လှည့်ကြည့်သည်။

" ရှင်နဲ့ကျွန်မက တစ်ထေရာတည်းတူနေတာကို မသိသေးဘူးလား ... ကျွန်မတို့နှစ်ယောက်စလုံးက တစ်ဖက်လူရဲ့အလုံးစုံကို လိုချင်ကြတဲ့သူတွေပဲလေ ... မဟုတ်ရင်တော့ သေတဲ့နေ့အထိ နှလုံးသားတွေ ဇကာပေါက်ဖြစ်ပြီး နာကျင်မှုဆီက ဝါးမျိုခံရမှာပေါ့ ... "

" မင်းက ငါ့အကြောင်းကောင်းကောင်းသိနေတာပဲ အားရုံ ... "

ရန်မင်း၏အေးစက်သောလေသံမှ ခနဲ့မှုအငွေ့အသက်အချို့အား ချန်ရုံရိပ်စားမိသော်လည်း သူမက ပြုံးရုံသာပြုံးလေသည်။
ယင်းနောက်တွင် ချန်ရုံက အရှေ့သို့ပြန်လည်လှမ်းမျှော်ကြည့်လိုက်ပြီး စကားဆက်လေ၏။

" ဝမ်ချီလန်က အတင်းအကြပ်ဖိအားပေးခဲ့တာမဟုတ်ဘူး ... ဒါပေမဲ့ ရှင် ချန်ဝေ့ကို လက်ခံလိုက်တဲ့နေ့မှာ ကျွန်မ စွန့်ပစ်ခံရသလိုခံစားရပြီး စိတ်ရှုပ်ထွေးနေခဲ့တာ ...အဲဒါကြောင့်ပဲ သူ့ကို လိုလိုလားလားပေးလိုက်တာ "

ရန်မင်း၏မျက်နှာတစ်ခုလုံး နီရဲလာသည်။သူက ချန်ရုံ့အား စိုက်ကြည့်ရင်း လည်ပင်းအား ဆုပ်ကိုင်ရန် လက်လှမ်းလိုက်လေ၏။သို့သော်လည်း ထိုလက်က တုန်လှုပ်နေလျက် ချန်ရုံ၏ပုခုံးပေါ်သို့သာ ကျရောက်သွားခဲ့သည်။

လက်ရှိအချိန်တွင် ဤအရှက်မဲ့သောမိန်းမအား ချိုင့်ဝှမ်းတွင်းသို့စေလွှတ်ရန်အတွက် အားအနည်းငယ်စိုက်ထုတ်ရန်သာ လိုအပ်သည်။

ချန်ရုံမှာမူ သူမအား သတ်ဖြတ်ပစ်နိုင်သည့် အနောက်မှရန်မင်းအား သတိမမူပုံပေါ်ကာ အောက်သို့သာ ငုံ့ကြည့်နေဆဲဖြစ်သည်။

" နောက်တော့ သူက ကျွန်မကို သူ့ရဲ့ချီးမြှောက်ခံကိုယ်လုပ်တော်အဖြစ်ထားမယ်လို့ ကတိပေးလာတယ် ... ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ လောဘကြီးပြီး ရက်စက်တတ်တာကိုတော့ ကောင်းကောင်းသိတယ် ... ကိုယ်လုပ်တော်အဖြစ်နေပြီး ကျွန်မအထက်မှာ အိမ်တော်သခင်မတွေရှိနေမှာကို လက်ခံနိုင်လောက်တဲ့အထိ ကျွန်မရဲ့အချစ်က လုံလောက်မနေဘူးလေ ... လန်ယာဝမ်အိမ်တော်လိုမျိုး မျိုးနွယ်စုကြီးတစ်ခုမှာ သည်းမခံနိုင်ရင်ဖြစ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်ကတော့ သေလိုက်ရုံပဲရှိတော့မယ် ... "

ချန်ရုံက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ဆက်ပြောသည်။

" စဉ်းစားကြည့်ပါ တပ်မှူးရန် ... ကျွန်မ ဘယ်လိုပဲသေသေ ကျွန်မအပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းတွေကိုတော့ ဘယ်လိုလုပ်ပြီး ဇီဝိန်ချွေပစ်နိုင်မှာလဲ ... သူက ကျွန်မကိုလက်လွှတ်ရမှာကြောက်ပြီး မေတ္တာသက်ဝင်နေတဲ့အချိန်မျိုးမှာပဲ ထွက်လာလိုက်မှာပေါ့ ... အဲဒါမှ နောင်တစ်ချိန်မှာ ကျွန်မ သေသွားလည်း သူက ကျွန်မကို ဘဝတစ်လျှောက်လုံး တသသဖြစ်နေမှာ ... "

ချန်ရုံက ပြောပြောဆိုဆိုဖြင့် ရယ်လေ၏။

"ကံဆိုးစွာနဲ့ပဲ ကျွန်မ မသေခဲ့ဘူးလေ ... မသေရင်တော့ အရှင်မဖြစ်ချင်ခဲ့တယ် ... အဲဒါကြောင့် နိုးထနေသမျှအချိန်တွေမှာ ဧကရာဇ်မင်းမြတ်နဲ့တွေ့ပြီး ကျွန်မရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ အကွက်ချကြံစည်နေခဲ့တာ ... "

ရန်မင်းသည် ချန်ရုံ၏အနောက်တွင် မလှုပ်မယှက်ဖြစ်နေသည်။သူက ချန်ရုံ၏ပုခုံးပေါ်မှလက်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။

" မင်း သူ့ကို အဲလောက်တောင်ချစ်တာလား "

" သူ့ကိုချစ်တာလား ... ဟုတ်မနေဘူး ... ကျွန်မကိုယ်ကျွန်မ အချစ်ဆုံးပဲ ... ကျွန်မကို မပိုင်ဆိုင်ရလို့ သူ့ဘဝတစ်လျှောက်လုံး နောင်တရသွားအောင် လုပ်ခဲ့တာ..."

ချန်ရုံက ကျောပေးလျက်အနေအထားဖြင့်ပင် ရန်မင်းအား ဆက်လက်မေးမြန်းလိုက်သည်။

" ရှင်ကျွန်မကို မသတ်ဘူးမလား ... သွားတော့မယ် "

ယင်းနောက်တွင် ချန်ရုံမှာ ထိုနေရာမှ ဖြည်းညင်းစွာထွက်ခွာလာတော့၏။ သူမ၏နောက်သို့ မည်သူတစ်ဦးတစ်ယောက်ကမှ လိုက်ပါမလာခဲ့ပေ။

ခြေလှမ်းမည်မျှ လှမ်းလာခဲ့သည်ကိုမသိလိုက်ဘဲ တစ်နေရာအရောက်တွင် အထိန်းတော်ဖျင်၏‌အသံကို သူမ ကြားလိုက်ရသည်။

" မမလေး ... ဘာလို့အရမ်းနွမ်းဖတ်နေတာလဲ ... "

အထိန်းတော်ဖျင်၏အံ့ဩနေမှုက ချန်ရုံ့အားခေတ္တရပ်တန့်သွားစေပြီး နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ရန်မင်းက ထိုနေရာတွင်မရှိတော့ပေ။
ချန်ရုံမှာ အထိန်းတော်ဖျင်အား တစ်ချက်လှမ်းကြည့်ပြီးသူမ၏ နဖူးပေါ်မှ ချွေးစများကို သုတ်ပစ်လိုက်သည်။ပြောခဲ့သမျှစကားတိုင်းက ရန်မင်းအား သူမအတွက်နှင့် ဝမ်ဟုန့်ကိုအရဲစွန့်လုပ်ကြံရန်မထိုက်တန်ဟု ထင်မြင်သွားစေရန် မျှော်လင့်ပါသည်။

ရန်မင်းမှာ ‌အမြော်အမြင်ကြီးမားသူဖြစ်လေ၏။
ထိုသို့သောသူတစ်ဦးအနေဖြင့် သူ၏အားသာချက် အားနည်းချက်များအား ချိန်ဆပြီးနောက်တွင် ဝမ်ဟုန့်အားအမှန်တကယ် သတ်မည်မဟုတ်ပေ။
ချန်ရုံမှာ မည်သည့်အခွင့်အရေးကိုမှ မလိုချင်ဘဲ လုံခြုံခြင်းကိုသာမျှော်လင့်သည်။ဤသည်မှာ သူမ၏ကိုယ်ပိုင်ဘဝဖြစ်ပြီး ရှင်ခြင်း ၊ သေခြင်းကြောင့် ကွာဟမှုလည်း များများစားစားရှိမည်မဟုတ်ချေ။


***

ရန်မင်းက တည့်တည့်မတ်မတ်ရပ်ကာ ချန်ရုံထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။သူ၏အနီရောင်နှဖူးစီးမှာ ညလေနှင့်အတူ လွင့်ပါသွားခဲ့လေ၏။

အချိန်အတော်ကြာပြီးနောက်တွင် ရန်မင်းက ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်လိုက်ပြီး ဖြည်းညင်းစွာ ခေါင်းငုံ့သည်။ထိုနေရာတွင် စကားလုံးနှင့်ဖော်ပြ၍မရသောတင်းကြပ်ဆို့နင့်မှုတစ်မျိုးက သူ၏နှလုံးသားအား ဝါးမျိုပြီး အစာအိမ်ကို ချေမွလုမတတ်ဖြစ်နေသည်။ရန်မင်းက သူ၏မျက်လုံးများအား တင်းတင်းပိတ်ထားလိုက်၏။

" သူ့ကိုသတ်ပစ်လိုက်သင့်တာ ... "

မကြာခင်မှာပင် တစ်ကိုယ်တည်းကြားလောက်သောသူ၏တီးတိုးလေသံက ညလေထဲသို့ ပျံဝဲလာကာ ရယ်မောသံအဖြစ်ပြောင်းလဲသွားတော့သည်။
၎င်းရယ်မောသံက တစ်စတစ်စကျယ်လောင်လာပြီး အဆုံးသတ်တွင်မူ အော်ဟစ်ပေါက်ကွဲသံအဖြစ် အသွင်ပြောင်းသွားခဲ့သည်။