အပိုင်း 185
Viewers 24k

Chapter 185
ရန်မင်း၏ချစ်မေတ္တာ (၁)



ရန်မင်းက ချန်ရုံ့အား စိုက်ကြည့်လျက် တိုးညင်းစွာပြောလာခဲ့သည်။

“မသိခဲ့ဘူး … မင်းနဲ့သူ့အကြောင်းကို ... ”

ယင်းနောက်တွင် သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်လက်ရှင်းပြလာခဲ့၏။

" တစ်နေ့ငါနန်ယန်မြို့ထဲကို တိတ်တိတ်လေးဝင်သွားတော့ လူအုပ်ထဲက ချန်ဝေ့က ငါ့ကိုချက်ချင်းမှတ်မိသွားပြီး ဗြုန်းစားကြီးပြေးဝင်လာတယ် ... သူငိုနေတာက အရမ်းသနားစရာကောင်းပြီးတော့ ငါ့ကိုလည်း အရမ်းမေတ္တာသက်ဝင်နေတဲ့ပုံပေါ်လို့ ကိုယ်လုပ်တော်အဖြစ်ထားပေးဖို့ သဘောတူလိုက်တယ် ... ပြီးတာနဲ့ သူ့ကိုအိမ်ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကိုပြောခဲ့လိုက်တာ ... "

ရန်မင်းပြောနေသည်မှာ မူရုံခယ်အားနှိမ်နင်းရန်အတွက် သူနန်ယန်သို့တိတ်တဆိတ်ပြန်လာခဲ့ပြီး ဝမ်ဟုန်နှင့်ပူးပေါင်းခဲ့သောအချိန်က ဖြစ်ပုံပေါ်သည်။

ထိုအချိန်တွင် သူမတို့နှစ်ဦးကြား၌ အလွန်အဆင်ပြေနေခဲ့လေ၏။ဤဘဝ၌ သူမသည် ရန်မင်းအား မေတ္တာသက်ဝင်ခြင်းမရှိသည့်အတွက် သဝန်တိုမှုများအလယ်တွင်မျှော်လင့်ချက်မဲ့နေမည်မဟုတ်ဟု ချန်ရုံက တွေးထင်ထားခဲ့သည်။ထိုသို့ဖြစ်၍ ရန်မင်းနှင့် ထိမ်းမြားရ၍လည်း ကိစ္စထွေထွေထူးထူးရှိလာမည်ဟု ချန်ရုံ မထင်ထားခဲ့ပေ။

သို့သော်လည်း ရန်မင်းက ချန်ဝေ့အား လက်သင့်ခံလိုက်ပြီဖြစ်ကြောင်း ကြားလိုက်ရသောအချိန်မှစ၍အခြေအနေမှာရုတ်ချည်းပြောင်းလဲသွားခဲ့သည်။

ချန်ရုံမှာ မည်သည့်နေရာကိုသွား၍ မည်သည့်အရာကိုလုပ်မည်ရမှန်း သေချာမသိဖြစ်ခဲ့ရလေ၏။
ထို့ကြောင့်ပင် သူမသည် ရှုပ်ယှက်ခတ်နေသောစိတ်အခြေအနေဖြင့် ဝမ်အစေခံများခေါ်ဆောင်ရာနောက်သို့ လိုက်သွားခဲ့ပြီး ‌ထိုမှတစ်ဆင့်သူမ၏ဖြူစင်မှုကို ဆုံးရှုံးခဲ့ရသည်။

ချန်ဝေ့မှာမူ ရန်မင်း၏ကိုယ်လုပ်တော်ဖြစ်ရန်အတွက် အကြည့်လေးတစ်ချက်ဖြင့် မျက်ရည်လေးတစမ်းစမ်းလုပ်ပြလိုက်ရုံသာ လိုအပ်ပါသလော။

ဘဝကြီးက အလွန်တရာပင်ရယ်စရာကောင်းလှသည်။စက်ဝန်းဝိုင်းကြီးတစ်ခုအတွင်း၌ ဖန်တရာတေအောင်သံသရာလည်ပြီး စမှတ်သို့ပင် ပြန်ပြန်ရောက်ရှိနေလေ၏။

ချန်ရုံက ရန်မင်းအား လှည့်ကြည့်လိုက်သည်။သူမ၏ နှုတ်ခမ်းများက ရွေ့လျားသွားသော်လည်း မည်သည့်စကားသံမှ ထွက်မလာခဲ့ပါ။
ခေတ္တကြာသောအခါမှသာ သူမက " တိုက်ပွဲနေ့တုန်းက အားဝေ့က လျို့ဝှက်ဥမင်ကနေ ထွက်သွားတာလား ... "ဟု ခပ်တိုးတိုးမေးလေသည်။

ချန်ရုံမှာ သူမ စစ်မြေပြင်ထဲသို့ အပြေးအလွှားတိုးဝင်သွားသော်လည်း မသေဆုံး‌ခဲ့သည့်နေ့ရက်အား ရည်ရွယ်၍ ပြောဆိုနေခြင်းဖြစ်သည်။ယင်းနောက်ပိုင်း၌ ရန်မင်းနှင့်ချန်ဝေ့တို့အား သူမ တွေ့ရချိန်တွင် ချန်ဝေ့၏ဆံပင်စည်းနှောင်ပုံမှာ အိမ်ထောင်သည်တစ်ဦးအသွင်ဖြစ်နေခဲ့လေ၏။
သူမ မှတ်မိသလောက်ဆိုလျှင် ထိုကာလ၌ နန်ယန်မြို့ပတ်ပတ်လည်တွင် အစောင့်အကြပ်များထူထပ်နေခဲ့ပြီး
ချန်ဝေ့မှာ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းမှတစ်ဆင့်သာ ရန်မင်းထံသို့ ရောက်ရှိလာနိုင်သည်။ထိုဥမင်အကြောင်း အသိပေးသည်ဆိုကတည်းက ရန်မင်းမှာ ချန်ရုံ့အပေါ်စိတ်ရှိနေကြောင်း ထင်ရှားလွန်းပေ၏။

မည်သို့ကြိုးစားပြီး ကံကြမ္မာအား အဘယ်သို့ပင်ပြောင်းလဲပါစေ အရာရာက မူလပတ်လမ်းအတိုင်းလည်ပတ်နေဆဲပင်။

ရန်မင်းက ‌ချန်ရုံနှင့်အကြည့်ချင်းဆုံပြီး ရှင်းပြလာခဲ့သည်။

" ဟုတ်တယ် ... သူက ငါ့ရဲ့ လုံခြုံရေးအတွက်စိတ်ပူပန်နေရှာတာ အအိပ်အစားတွေပျက်တဲ့အထိပဲ ... ငါ့ရဲ့ကျန်းမာရေးအတွက် နတ်ဘုရားတွေရှေ့မှာ တစ်နေကုန် ဒူးထောက်ပြီး ဆုတောင်းတယ်တဲ့လေ ... ဒီတော့ ငါ့ရဲ့သက်တော်စောင့်က သနားသွားပြီး လျို့ဝှက်ဥမင်ကနေတစ်ဆင့် သူ့ကို ငါ့ဆီခေါ်လာပေးတာ ... "

ထို့နောက် ရန်မင်းက မျက်မှောင်ကြုတ်လိုက်ပြီး ချန်ရုံ့အား ဆက်လက်သတိပေးပြောကြားလာခဲ့၏။

"ချန်ယွမ့်ကို မုန်းနိုင်တယ်ဆိုပေမဲ့ ချန်ဝေ့အပေါ် ဒေါသပုံမချပါနဲ့ ... သူက အားနည်းတဲ့ မိန်းကလေးတစ်ယောက်ပဲ... နောက်ပြီးတော့ သူက မင်းရဲ့ဂုဏ်ဒြပ်ကို မထိခိုက်စေနိုင်တဲ့ အဆင့်နိမ့်ကိုယ်လုပ်တော်တစ်ယောက် ... "

အတိတ်အကြောင်းပြောနေရင်းဖြင့် ရန်မင်း၏ဒေါသစိတ်များပြန်လည်ထကြွလာသည်။သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခက်ထန်စွာဆိုလာခဲ့ပြန်လေ၏။

" ငါမင်းကိုထိမ်းမြားဖို့ ကတိပေးထားပြီးသား ... ချန်အိမ်တော်ကအားရုံ ... ငါ‌ချန်ဝေ့ကိုလက်ခံလိုက်တာက အရေးပါတဲ့ကိစ္စဟုတ်မနေဘူး ... မင်းသူ့ကို ဆင်ခြေလာမလုပ်နဲ့"

ရန်မင်းက ပြောပြောဆိုဆိုဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။ယခုအချိန်၌ သူသည် ချန်ရုံ့အား ဝံပုလွေသဖွယ်ဖြစ်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေလျက်ရှိသည်။
" ချန်အိမ်တော်ကအားရုံ ... တစ်ခုခုပြောစမ်းပါဦး ... မင်း ဘာလို့ငါတို့ကတိကို တန်ဖိုးမထားလဲ ... မင်း ဘာလို့ တခြားလူနဲ့ အိပ်နေတာလဲ "

ရန်မင်း၏စကားများက တည့်တိုးဆန်လွန်းပြီး စကားလုံးတစ်လုံးချင်းတိုင်းစီမှာ သူ၏နှလုံးသားထဲ၌ကိန်းဝပ်နေသောအဆိပ်ပြင်းမြွေတစ်ကောင်သကဲ့သို့ လေးလံလွန်းသည်။စကားလုံးတိုင်းက ရန်မင်းအား ဒေါသပိုတိုးလာစေပြီး ခါးသီးနာကျဉ်းသောခံစားချက်ကို ပေးစွမ်းလေ၏။
သူသည် ဤမေးခွန်းကိုမေးနိုင်ရန်အတွက်နှင့် စစ်ရေးစစ်ရာတာဝန်များအား ဘေးဖယ်ကာ ချန်ရုံ့ထံသို့ တကူးတက လိုက်လာခဲ့ခြင်းဖြစ်သည်။အဖြေတစ်စုံတစ်ရာတော့ ကျိန်းသေပေါက်ရမှဖြစ်မည်။

ချန်ရုံမှာ တစ်ဖက်လူအား စူးစိုက်ကြည့်လိုက်လေ၏။
ကြည့်ရှုနေသည်ဆိုသော်ငြားလည်း သူမ၏မျက်ဝန်းများကတော့ အသက်မဲ့နေခဲ့သည်။

ဤလူမှာ ယခုချိန်အထိ သဘောမပေါက်နိုင်သေးပေ။
ဝမ်ဟုန်နှင့် ဆက်ဆံရေးအား အသာထားလေဦး ၊ သူက ချန်ဝေ့အား လက်ခံနေသရွေ့ သူမတို့နှစ်ဦးအတူရှိနိုင်စရာ အကြောင်းမရှိချေ။သူမသည် အတိတ်အိပ်မက်ဆိုးများအား ဘယ်သောအခါမှ တစ်ဖန်ပြန်လည်ဖန်တီးတော့မည်မဟုတ်ပါ။
ရန်မင်းက သူမကို စိုက်ကြည့်နေဆဲပင်။
သူ၏ခက်ထန်မှိုင်းညို့နေသော မျက်ဝန်းများက ချန်ရုံ့အား ထိုနေရာမှထွက်သွားရန် သို့မဟုတ် နှုတ်ဆိတ်နေရန် ခွင့်မပြုခဲ့ပေ။

သို့သော် ချန်ရုံမှာ ရယ်မောရုံမှတစ်ပါး ဘာပြန်ပြောရမည်ကိုမသိရှာပေ။ယခင်ဘဝကဖြစ်ပျက်ခဲ့သောသူမတို့သုံးယောက်ကြားမှ ရုန်းရင်းဆန်ခတ်မှုများအကြောင်းကိုလည်း ပြောမပြနိုင်ခဲ့ချေ။

ချန်ရုံက အတွင်းစိတ်ထဲ၌ သက်ပြင်းတစ်ချက်ချကာ ရန်မင်း၏မျက်ဝန်းများဖြင့် ဆုံတွေ့ရန် မျှော်ကြည့်လိုက်သည်။ထို့နောက် သူမက မျက်တောင်ရှည်များအား မှိတ်ချည်ဖွင့်ချည်ပြုပြီး‌ အေးဆေးစွာ ဆိုလိုက်တော့လေ၏။

"တပ်မှူးရန် .... ရှင်နဲ့ကျွန်မက အရမ်းတူပါတယ် ... ဒီလိုဖြစ်ရဲ့သားနဲ့ ကျွန်မနဲ့ချန်ဝေ့က တစ်မိုးအောက်မှာ အတူတွဲမနေနိုင်ဘူးဆိုတာကို ဘာလို့မသိရတာလဲ ... ရှင်သူ့ကိုခေါ်သွင်းလာကတည်းက ယောက်ျားတစ်ယောက်ကို အတူမျှဝေပေါင်းသင်းဖို့ဖြစ်လာပြီပဲ ... "

"မှန်ပါတယ် ... ရှင် ကျွန်မကို ရှင့်ရဲ့ဇနီးဖြစ်ခွင့်ပေးမယ်လို့ ကတိပေးထားတယ် ... သူက ကိုယ်လုပ်တော်သပ်သပ်ပဲဆိုပါတော့ ...ကျွန်မက သူ့ထက်နိမ့်ကျတဲ့ဝမ်းကွဲဆိုပေမဲ့ ရှင့်အိမ်တော်မှာတော့ အဆင့်အတန်းပိုမြင့်တယ်ပဲထား ရှင်မေ့နေတာတစ်ခုရှိသေးတယ် တပ်မှူးရန် ... ချန်ဝေ့ဆီမှာက သူ့မိဘတွေနဲ့ မျိုးနွယ်စုအခံရှိပြီးသား ...ဒါပေမဲ့ ချန်အိမ်တော်က အားရုံကတော့ အဲလိုဟုတ်မနေ‌ဘူးလေ ... ကျွန်မက အိမ်တော်သခင်မဖြစ်နေရင်တောင်မှ သူ့ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာမဟုတ်ဘူး "

ချန်ရုံမှာ ပြောရင်းဆိုရင်းဖြင့် အသံထွက်လျက်ရယ်မောမိသွားတော့လေ၏။

" ပြီးတော့ ကျွန်မက‌ ယောက်ျားတစ်ယောက်ကို သူနဲ့တစ်သက်လုံးပြိုင်လုနေမယ်လို့ ဘယ်လိုတောင်ထင်ရက်ရတာလဲ ... "

ချန်ရုံ၏နှုတ်ခမ်းများက တွန့်ကွေးသွားပြီး သူမ၏ မျက်နှာပေါ်ရှိ ထေ့ငေါ့နေသောအမူအရာများမှာ ပို၍ ကြည်လင်ပြတ်သားလာသည်။

" ဆင်းရဲဒုက္ခတွေပြည့်နေတာ သေချာနေတဲ့ဘဝတစ်ခုထဲ ဝင်ပြီး ဘာကိစ္စ စိတ်ဒုက္ခခံရမှာလဲ ... ဘာလို့ဒီလိုအရှုပ်တွေထဲဝင်ရမှာလဲ ...အခုတစ်ကြိမ်မှာတော့ ကျွန်မက ချန်ဝေ့မဟုတ်သလို ရှင့်ကိုလည်း အဲလောက်အထိ ချစ်မနေဘူး ... "

ချန်ရုံ့ထံမှ လှောင်ပြောင်ခနဲ့သောပြောဆိုချက်ကြောင့် ရန်မင်းတစ်ယောက် အံ့အားသင့်သွားသည်။

သူမပြောသမျှစကားတိုင်းမှာ နှလုံးသားတွင်းမှတိုက်ရိုက်ထွက်လာခြင်းဖြစ်ကြောင်း သူသိရှိပေ၏။

ရန်မင်းမှာ အလွန်ပင်မင်သေသွားခဲ့ပြီး ' ကျွန်မက ချန်ဝေ့ဟုတ်မနေဘူး ... ' ဟူသည့် မလျော်မကန်သောစကား၏အနက်အဓိပ္ပါယ်အား မတွေးနိုင်လောက်အောင်ဖြစ်ခဲ့ရသည်။
သူက ချန်ရုံ့အား မလှုပ်မယှက်စိုက်ကြည့်နေရင်းဖြင့် ထုံထိုင်းစွာပြောလိုက်လေ၏။

" ငါသိသားပဲ မင်းငါ့ကိုမချစ်ဘူးဆိုတာ ... အဲဒါကြောင့်ပဲ တစ်ခုခုမှားသွားတာနဲ့ ချက်ချင်းထထွက်ပြေးတော့တာ ... နောက်ဆုံးတော့ အမှန်အတိုင်းပြောလာပြီပဲ ... မင်းငါ့ကိုမချစ်ဘူး ... မင်းချစ်တဲ့သူက ဝမ်ဟုန်ဖြစ်သွားပြီ ..."

" မင်းမကြိုက်တဲ့သူတစ်ယောက်ဆိုရင်တောင်မှ ငါက ကိုယ်လုပ်တော်အဖြစ်ပဲ သတ်မှတ်ခဲ့တာ ... ဒီလို အသေးအဖွဲကိစ္စအတွက်နဲ့ မင်းက ငါပေးတဲ့အဆင့်အတန်းကို စွန့်ပစ်လိုက်တယ် ... ပြီးတော့ ဝမ်ဟုန်နဲ့သွားအိပ်တယ် ... ချန်အိမ်တော်က အားရုံ မင်းက တကယ်ကို မိန်းမပျက်ပဲ ..."

ရန်မင်းက အလွန်စက်ဆုပ်ရွံရှာနေသောလေသံဖြင့် ပျစ်ပျစ်နှစ်နှစ်ပြောဆိုပစ်လိုက်ပြီး ချန်ရုံ့အား ဆွဲလားရမ်းလား လုပ်တော့သည်။
သူက အထိန်းအကွပ်မဲ့စွာဖြင့် ချန်ရုံ၏လည်ပင်းအားကိုင်ဆုပ်ထားခဲ့ရာမှ ရုတ်ရက်တုံ့ဆိုင်းသွားလေ၏။

ယင်းနောက်တွင် ရန်မင်းမှာ တစ်ဖက်မိန်းကလေး၏လှပပြီး အေးစက်နေသောမျက်နှာထားနှင့် တည်ငြိမ်ကြည်လင်သည့် မျက်ဝန်းများထဲသို့စိုက်ကြည့်လျက် သူ၏လက်အား ဖြေလျှော့လိုက်ပြီး ထုံထိုင်းစွာရယ်မောသည်။

" မင်းကို ထပ်ပြီးတော့အနာတရဖြစ်အောင် လုပ်မိတော့မလို့ပဲ... "

အရာရာပေါ်လွင်နေသော်လည်း ရန်မင်းမှာ နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးမျှင်အား ကိုင်ဆွဲထားချင်ရှာသေး၏။

" မဟုတ်ဘူး... အကုန်မှားနေတာမလား... မင်းပြောသမျှက ဆင်ခြေတွေချည်းပဲမလား ... "

ရန်မင်းက ပြောပြောဆိုဆိုဖြင့် ချန်ရုံ၏မေးဖျားအား ဆွဲကိုင်လာခဲ့သည်။

" မင်းရည်ရွယ်တာက ဝမ်ဟုန်ဆိုရင် ... သူက ငါ့ထက်သာတယ်ဆိုရင် ... မင်းသူ့ကိုတကယ်ချစ်တယ်ဆိုရင် ... သူနဲ့အတူအိပ်ပြီးတဲ့အချိန်မှာ ဘာလို့ စစ်မြေပြင်ထဲဝင်ပြေးဖို့ ရွေးချယ်ခဲ့တာလဲ"

ရန်မင်း၏လေသံမှာ သူကိုယ်တိုင်ပင်မသိလိုက်ဘဲ ပျော့ပျောင်းတိမ်ဝင်သွားခဲ့လေ၏။ထို့နောက်တွင် သူသည် မေးဖျားမှလက်အား‌ ချန်ရုံ၏အောက်နှုတ်ခမ်းသားများထံသို့ လွှဲပြောင်းလိုက်သည်။

" အားရုံ ... ကိုယ့်ကိုပြောပါ ... သူက မင်းကို အကြပ်ကိုင်နေတာမလား ... မင်းကိုယ့်ကိုချစ်ပြီးတော့ လက်ထပ်ချင်နေတုန်းပဲမလား ... သူက အကြပ်ကိုင်နေတာမဟုတ်လား ဟင် "

ဤအခိုက်အတန့်တွင် ရန်မင်း၏မျက်ဝန်းများထဲ၌ နူးညံ့သိမ်မွေ့သော တစ်စုံတစ်ရာကဖြတ်ပြေးသွားကာ မျှော်လင့်ချက်ရောင်ခြည်နှင့်တကွ တောင့်တမှုတစ်ချို့လည်း ရောယှက်နေခဲ့သည်။
သို့သော်လည်း ထိုခံစားချက်များကြားမှ တစ်ဖက်လူ၏စိုးရိမ်ပူပန်မှုနှင့် ယုံကြည်ချက်ကင်းမဲ့မှုကိုလည်း ချန်ရုံက ရိပ်စားမိလေသည်။

မျက်စိရှေ့ရှိလူမှာ သူမ၏လုပ်ရက်များကြောင့် စိတ်ရှုပ်ထွေးနေကြောင်း ချန်ရုံနားလည်သည်။သူမ ပြောသမျှစကားတိုင်းက စိတ်ရင်းဖြစ်ကြောင်း သူသိနေသော်လည်း ဝမ်ဟုန့်အား အမှန်တကယ်ပင်နှစ်သက်ပါက အတူအိပ်စက်ပြီးနောက်တစ်နေ့တွင် အဘယ်ကြောင့် အဆက်အသွယ်ဖြတ်ပစ်ရကြောင်းကို ရန်မင်းက နားမလည်နိုင်ဖြစ်နေသည်။

လောကကြီးထဲရှိ မိန်းမသားတိုင်းမှာ ချန်ဝေ့ကဲ့သို့ပင် မေတ္တာသက်ဝင်ရသောယောက်ျားတစ်ဦးအတွက်နှင့် မိမိကိုယ်ကို အောက်ကျို့နှိမ့်ချနိုင်ကြသည်မဟုတ်ပါလော။

ချန်ရုံမှာ သည်းညဉ်းမခံနိုင်ခဲ့ပင်လျှင် ဝမ်ဟုန်၏သဘောတူညီချက်အားလက်ခံကာ အိမ်တော်သို့ဝင်ရောက်ပြီး တစ်စုံတစ်ရာကြံစည်ခဲ့လိမ့်မည်။

မည်သို့ပင်ဆိုပါစေ‌ နောက်ဆုံးတွင်မူ လန်ယာဝမ်ချီ၏ချီးမြှောက်ခံကိုယ်လုပ်တော်ဂုဏ်ဒြပ်မှာ လေးလံလွန်းသဖြင့် ဤသို့ဖြစ်သွားခြင်းဖြစ်မည်။

ရန်မင်းမှာ ချန်ရုံက သူ့အပေါ်‌မေတ္တာရှိသောကြောင့်သာ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်မည်ဟု ယုံကြည်နေသည်။သူနှင့်မထိမ်းမြားနိုင်တော့သောကြောင့် လောကကြီးအား စွန့်ခွာရန်တွေးတောခဲ့ပြီး အရှင်မအရာကိုရွေးချယ်ခဲ့ခြင်းဖြစ်လေမည်။

ရန်မင်း၏မျက်ဝန်းများထဲ၌ဝမ်းနည်းပူဆွေးမှုများပြည့်နှက်နေပြီး သူကချန်ရုံ၏အရှင်မသျှောင်ထုံးအား တယုတယပွတ်သပ်နေသည်။နောက်ဆုံးတွင် သူက အဓိကအချက်အား ဖွင့်ထုတ်ပြောလာခဲ့လေ၏။

" အားရုံ ... ကိုယ်စဉ်းစားပြီးပြီ ... ဒီလိုတွေ ဆက်ပြီးအဖြစ်မခံနိုင်တော့ဘူး ... ကိုယ်ပြင်‌ဆင်စရာရှိတာတွေပြင်ဆင်ဖို့ခဏစောင့်ပေးပါ ... ပြီးတာနဲ့ ကျန့်ခန်းကနေ အတူတူ ထွက်သွားရအောင် "

ရန်မင်းက ချန်ရုံ၏သေးသွယ်သောမျက်နှာလေးအားတယုတယထိတွေ့လိုက်ကာ " မင်းက ကိုယ့်ဇနီးဖြစ်နေတုန်းပဲ ... " ဟု စိတ်အားထက်သန်စွာ ထပ်လောင်းပြောဆိုခဲ့သည်။

ထိုစကားအားပြောပြီးသောအခါ သူက စိတ်သက်သာရာရသွားဟန်ဖြင့် ချန်ရုံ့အားရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့လေ၏။ရန်မင်း၏မျက်ဝန်းများ၌ နူးညံ့ယုယမှုများပြည့်နှက်နေပြီး သူက ချန်ရုံ့အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကာ မျက်ဝန်းအစုံကိုမှိတ်လျက် " အားရုံ ... ကိုယ်နဲ့လိုက်ခဲ့ပါနော် ... " ဟု တိုးညင်းစွာပြောလာသည်။

ဤတစ်ကြိမ်တွင် ရန်မင်း၏လေသံ၌ ဆို့နင့်ပူပန်ခြင်းများကိန်းဝပ်နေသည်။သူ၏ချောမောသောမျက်နှာတွင်ပင်လျှင် စိုးရိမ်ကြောက်ရွံ့မှုများ တည်ရှိနေပေ၏။ချန်ရုံငြင်းပယ်လိုက်မည်ကို သူစိုးရိမ်သည်။ချန်ရုံက ရက်စက်ကြမ်းကြုတ်သောအမှန်တရားအား ထုတ်ဖော်တူးဆွပြီး သူ၏နှလုံးသားအား ခွဲချေပစ်မည်ကို ရန်မင်းကြောက်ရွံ့နေမိသည်။

ချန်ရုံမှာ ရန်မင်းအား ဤလိုပုံစံနှင့် တစ်ခါမှ မမြင်ဖူးခဲ့ပေ။ဤသို့ ကြောက်မက်ဖွယ်ကောင်းပြီး မာနကြီးသူက တစ်နေ့တွင် သူမအား ညင်သာသောလေသံဖြင့် ခယပြောဆိုလာမည်ဟု စိတ်ပင် မကူးဖူးခဲ့ပါ။ယခင်ဘဝ၌ သူမသေဆုံးသည်ကို စောင့်ကြည့်နေခဲ့သောအမျိုးသားက ယခုတွင်မူ သူ့အား လက်ထပ်ပါရန် ခခယယပြောဆိုနေသည်။

ချန်ရုံတစ်ယောက် မင်သေသေနေမိလေ၏။
ဖြတ်သန်းခဲ့သောနှစ်ဘဝတာနှင့် သူမ၏အိပ်မက်မှန်သမျှထဲတွင် ရန်မင်းက သူမအား အမှန်တကယ်ချစ်လာမည်ဟု ချန်ရုံမတွေးထားခဲ့ဖူးပါ။
သို့သော်လည်း သူမကတော့ မှတ်ဉာဏ်အပိုင်းအစများ ၊ ဒဏ်ရာအနာတရများဖြင့်ရောက်ရှိလာပြီး ရန်မင်းအား အဆိပ်သင့်စေခဲ့သည်။
ချန်ရုံမှာ ဤအခြေအနေအား ‌ယုံကြည်ရခက်နေဆဲဖြစ်ပြီး တစ်ဖက်လူ၏လက်မောင်းများကြားထဲတွင်သာ တောင့်တောင့်ကြီးရပ်နေမိသည်။

ယခင်ဘဝ၌ ချန်ရုံသေဆုံးသွားပြီးနောက်တွင်လည်း ရန်မင်းမှာ ချန်ရုံ့အား ကြိမ်ဖန်များစွာအိပ်မက်မက်နေခဲ့သည်။ဤသည်ကိုတော့ ချန်ရုံတစ်ယောက် ဘယ်သောအခါကမှ မသိရှိနိုင်ခဲ့ပေ။
ကနဦးတွင် ထူးထူးခြားခြားမခံစားခဲ့ရသော်လည်း ဘုရင်မင်းမြတ်အဖြစ်လူသိရှင်ကြားကြေငြာပြီးနောက်တွင်မူ ချစ်ခြင်းမေတ္တာများဖြင့်ပြည့်နှက်နေသောတစ်စုံတစ်ဦး၏မျက်ဝန်းများနှင့်တွေ့ဆုံရာ မီးလောင်ပြင်မှ အကြိမ်ကြိမ်နိုးထလာခဲ့ရသည်။ရန်မင်းခမျာ နေ့စဉ်နေ့တိုင်း ဝိုင်းဝိုင်းလည်နေသောအမျိုးသမီးထုကြီးကိုကြည့်ရှုရင်း သူ့အားရူးသွပ်စွာပေးဆပ်ချစ်မြတ်နိုးပေးနိုင်သောအမျိုးသမီးမရှိတော့ကြောင်း အတွေးပေါက်ခဲ့ရလေသည်။

ရှန်းပေက သူ့အား လမ်းပေါ်သို့ ခွေးနွားသဖွယ် တရွတ်တိုက်ဆွဲသွားသောအချိန်တွင်ပင်လျှင် ရန်မင်းစိတ်ထဲ၌
' သူသည် ဟူနှင့်ဂျင်လူမျိုးများထံမှ အောက်မေ့သတိရခြင်းကိုခံရပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့ကာ တစ်ချိန်က အမျိုးသမီးတစ်ဦးထံမှ အကြွင်းမဲ့ချစ်မေတ္တာကိုလည်းရရှိခဲ့ဖူးသောကြောင့် ဘဝကြီးက ရှင်သန်ရကျိုးနပ်ခဲ့ပါသည် ' ဟူသောအတွေးတစ်မျိုးတည်းသာရှိခဲ့သည်။

ဘဝကြီးမှာ အမြဲတစေ ဤအတိုင်းပင်ဖြစ်လေသည်။ငယ်ရွယ်စဉ်အချိန်၌ တစ်စုံတစ်ဦးအား လွယ်လင့်တကူ လက်လွှတ်ပေးလိုက်နိုင်၏။သို့သော်လည်း လောကဓံရိုက်ခတ်မှုဒဏ်ကိုခံစားရပြီး အသက်လေးရလာချိန်တွင် ဆုံးရှုံးခဲ့သောအရာများပါဝင်သည့်မှတ်ဉာဏ်က ရှူးနှမ်းမိုက်မဲခဲ့မှုများအားသတိပေးသောအနေဖြင့် ထပ်တလဲလဲပြန်လည်ထင်ဟပ်လာလိမ့်မည်။

ထို့ပြင် လေးလေးနက်နက်နှင့်ရူးသွပ်စွာအချစ်ခံရခြင်းမှာ လွယ်လင့်တကူတောင်းဆို၍ရသောအရာမဟုတ်ချေ။ငယ်ရွယ်စဉ်၌ မာန်သွေးကြွယ်ပြီး ဤသို့သောပတ်သတ်ဆက်နွှယ်မှုများအား ရှောင်ဖယ်နေခဲ့လျှင် အိုမင်းရင့်ရော်ချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကမှ မိမိအနားမရှိတော့သည်ကို ရှာဖွေတွေ့ရှိလာလိမ့်မည်။မိမိအားချစ်ပေးနိုင်သူ မရှိသကဲ့သို့ အနစ်အနာခံပေးမည့်သူလည်းရှိလာမည်မဟုတ်ချေ။အမှတ်ရစရာတို့နှင့် အတူပါလာသောနောင်တတရားများက အိပ်စက်ချိန်၌ ကိုယ်ခန္ဓာနှင့်စိတ်ဝိဉာဉ်အစုံအား ဝါးမျိုသွားလိမ့်မည်။အိပ်မက်ကမ္ဘာတွင်း၌ ရယ်မောအော်ဟစ်နေခဲ့သော်လည်း မျက်ရည်စက်လက် နိုးထလာရသောအချိန်များဖြင့် ကြုံဆုံလာရပေလိမ့်မည်။

ထို့ကြောင့်ပင် ရှေးလူကြီးသူမများက ' နောင်တကင်းမဲ့စွာ ဘဝဆုံးခန်းတိုင်ရခြင်းဖြင့်ပင် လုံလောက်ချေပြီ ' ဟု နှစ်ထောင်ပေါင်းများစွာ မိန့်မြွက်ခဲ့ကြခြင်းဖြစ်သည်။

ရန်မင်းမှာ သူကိုယ်တိုင်ပင်မသိလိုက်ဘဲ ချန်ရုံ့အား ရင်ခွင်ထဲ၌ တင်းကြပ်စွာ ဖက်တွယ်ထားမိလေ၏။ရောက်ရောက်လာချင်း၌ သူသိလိုခဲ့သမျှမှာ ထိုနေ့က ဖြစ်ပျက်ခဲ့သောအကြောင်းစုံကိုပင်။

ရန်မင်းမှာသူ၏နှလုံးသားထဲမှ အဆိပ်များအား ဖယ်ထုတ်ပြီး ငြိမ်းချမ်းစွာထွက်သွားလိုခဲ့သည်။သို့သော်လည်း မည်သည်ကိုမှမပြောရသေးခင်မှာပင် ဤကဲ့သို့ တောင်းဆိုမိသွားသော သူ့ကိုယ်သူနားမလည်နိုင်တော့ချေ။

မည်သည်ကိုမှ ထပ်မံ မမေးမြန်းလိုတော့ပါ။
မည်သည့်အကြောင်းကိုမှလည်း မသိချင်တော့ပါ။
ဖြစ်ပျက်ခဲ့သမျှအား အတိတ်တွင်သာထားခဲ့ချင်၏။

တစ်ချက်ကြည့်ရုံဖြင့်ပင် သူမက သူ၏စိတ်အားဖတ်ရှုနိုင်ခဲ့သောအချိန်ကိုလွမ်းဆွတ်မိသည်။နံဘေး၌ ထိုမိန်းကလေးအမြဲရှိခဲ့သောအချိန်သို့ပြန်သွားချင်သည်။

မြင်းစီးနင်းချိန်တိုင်း၌ သူမက ကိုယ်ရံတော်အမျိုးသမီးလေးအဖြစ် အမြဲလိုက်ပါလာတတ်ခဲ့သည်။

ပင်ပန်းနွမ်းနယ်မှုများနှင့်ရင်ဆိုင်ရသောအခါ သူမ၏တီးတိုးစကားသံလေးများနှင့် အားဖြစ်စေမည်။စိတ်အတက်အကျမှန်သမျှတွင် သူမအား ရင်ခွင်ထဲ မှီတွယ်စေလျက် နှစ်ဦးသား မိုးကုပ်စက်ဝိုင်းတစ်ခွင် ခရီးနှင်ကြမည်။

နှစ်ယောက်အတူရှိခဲ့သောအချိန်ကာလက တိုတောင်းသော်လည်း မည်သည့်အခါမှ ပစ်ခွာမသွားဘဲ သေတစ်ဖန်သက်တစ်ဆုံးချစ်မြတ်နိုးပေးရမည့်လူတစ်ဦးရှိရုံဖြင့် ဘဝကြီး ပြီးပြည့်စုံသွားသလိုခံစားရသည်မှာ ရန်မင်းအတွက် ပထမဆုံးအကြိမ်ဖြစ်လေသည်။

သူမသည် သူ၏ကြင်ယာတော်ယွီဖြစ်သင့်သည်။