အပိုင်း 184
Viewers 24k

Chapter 184
ရန်မင်းနှင့် နောက်တစ်ကြိမ်ပြန်လည်တွေ့ရှိရခြင်း



ချန်ရုံ အတွေးနယ်ပယ်ထဲနစ်မြုပ်နေခဲ့ချိန်၌ အထိန်းတော်ဖျင်မှာ အချိန်အနည်းငယ်ကြာ ဆက်လက်ငြီးတွားနေလေသည်။

" ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လူကြီးတွေပဲလေ သခင်မလေးရယ် ... အမှားလုပ်ခဲ့တယ်ဆိုပေမဲ့လည်း အခုလိုလူကိုယ်တိုင်ရောက်လာကြမှတော့ ဘာလို့ချီလန့်ကိုမပြောကြည့်တာလဲ ... ' အ‌ရေးကြီး သွေးနီး ' ဆိုတဲ့စကားပုံလည်းရှိသေးတာပဲလေ... စကားလေးနည်းနည်းပါးပါးပြောပေးရတာက အပန်းမကြီးပါဘူး ... ဟုတ်တယ်မလား "

ထိုအခါ ချန်ရုံ၏အေးတိအေးစက်မျက်ဝန်းများမှာ အထိန်းတော်ဖျင်ထံသို့ရောက်ရှိသွားပြီး သူမက ရုတ်ချည်းပင် အကြည့်ပြန်ရုတ်လျက် ပြောကြားလိုက်လေ၏။

" ကျွန်မကြီးပြင်းလာတာကို တစ်လျှောက်လုံး မြင်နေခဲ့ပြီးတော့ အခုထိ ကျွန်မကို ကောင်းကောင်းမသိသေးဘူးလား ... "

သူမသည် အညိုးကြီးရုံသာမက ရုပ်လေးနှင့်ပင်မလိုက်အောင် ရက်စက်တတ်သူလည်းဖြစ်လေ၏။
ချီလန်နှင့် ဧကရာဇ်မင်းမြတ်တို့၏ကာကွယ်မှုမရှိခဲ့ပင်လျှင် သူမသည် အခွင့်အရေးရှိသရွေ့ချန်ယွမ်တို့တစ်မိသားစုလုံးအား ကျိန်းသေပေါက် လက်တုံ့ပြန်မည်သာဖြစ်သည်။

အထိန်းတော်ဖျင်မှာ ချန်ရုံ၏ကြမ်းကြုတ်တင်းမာသောမျက်နှာထားအား ထိတ်လန့်စွာ စိုက်ကြည့်နေခဲ့ပြီးနောက်ဆုံး၌ တိုးညင်းစွာပြောကြားလိုက်လေ၏။

" ဒါပေမဲ့ အခုတော့ အရာရာကို ကျိုးကြောင်းဆင်ခြင်နိုင်တဲ့လူကြီးဖြစ်လာပြီပဲလေ ... "

ချန်ရုံမှာ စိတ်မရှည်ဖြစ်စွာဖြင့် အင်္ကျီလက်အားတစ်ချက်ခါပစ်လိုက်ပြီး ယင်းနေရာမှ ခပ်သုတ်သုတ်ထွက်ခွာလာခဲ့တော့သည်။ယနေ့၌ သူမ၏နှလုံးခုန်နှုန်းက အနည်းငယ်မြန်ဆန်နေပြီး အချိန်သည်လည်း သာမန်ထက် ပိုမိုနှေးကွေးနေသလိုပင်။

နောက်‌တစ်နေ့နေဝင်ချိန်တွင်လည်း ချန်ရုံမှာ လူအပေါင်းအားရှောင်ဖယ်လျက် တောင်အနောက်ဘက်ရှိ ကျောက်တုံးဖျာကြီးပေါ်၌ တစ်ယောက်တည်းသွားထိုင်နေခဲ့သည်။

၎င်းနေရာမှ အောက်ငုံ့ကြည့်လိုက်လျှင် မြူအဖွေးသားနှင့် ချိုင့်ဝှမ်းကိုမြင်နိုင်ပြီး တစ်ချိန်တည်းမှာပင် ကျေးငှက်သီကျူးသံများနှင့် မျောက်ကလေးများ၏အော်သံများကို ကြားရသည်။တစ်ခါတစ်ရံတွင် ကျောင်းတော်ဘက်မှ အချင်းချင်းတီးတိုး‌ပြောနေသံများကိုပင် လှမ်းကြားနိုင်သေး၏။
ချန်ရုံက ထိုမြင်ကွင်းအား ‌ခဏတာရှုစားပြီးနောက် ကျောက်ဖျာပေါ်သို့လှဲချလိုက်သည်။

အထိန်းအကွပ်မဲ့သောတိမ်စိုင်တိမ်သားများမှာ ဆည်းဆာ ရောင်ဖြင့် ဆေးခြယ်သခြင်းခံနေရသည်။ချန်ရုံက စုချည်ခွဲချည်ဖြစ်နေသောတိမ်သားများအား ငေးမောလျက် ရယ်မောနေခဲ့လေ၏။၎င်းရယ်မောသံမှာ တိမ်စိုင်များကြား စီးဆင်းနေသောငွေလရောင်သဖွယ်ဖြစ်သည်။
သူမ၏အိပ်မက်ထဲမှ ကြောက်မက်ဖွယ်ရာအတွေးများ ခဏတာ မှိန်ပျသွားပုံရသည်။

ချန်ရုံအိပ်ပျော်လု‌ဆဲဆဲတွင် အနောက်မှ ခြေသံအချို့ထွက်ပေါ်လာခဲ့၏။ထိုအခါ သူမလည်း ငိုက်မျဉ်းနေရာမှ နိုးထလာသည်။ချန်ရုံက လှဲနေရာမှ ထထိုင်လျက် မျက်လုံးများကိုပွတ်သပ်ကာ " ဝိုင်တစ်ပုလင်းယူလာပေးပါဦး ... " ဟုအိပ်မှုန်စုံမွှားလေသံဖြင့် လှမ်းပြောလိုက်၏။

အနောက်မှလူ၏ခြေသံများက ရပ်တန့်သွားသည်။

ထိုအချိန်၌ ချန်ရုံမှာ သမ်းဝေလျက် ခြေဆန့်လက်ဆန့် အကြောလျှော့နေခဲ့သည်။ယင်းနောက်တွင်သူမက မတ်တပ်ထ၍ ဝတ်ရုံအား ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြန်လည်ပြုပြင်သပ်တင်နေခဲ့ပြီး တစ်စုံတစ်ရာအား သတိရသွားလေဟန်ဖြင့် ထပ်လောင်းမှာကြားခဲ့ပြန်၏။

" ဪ ဟုတ်သား ...ဗျက်စောင်းလေးပါ ယူခဲ့ပါဦး ... "

အနောက်မှလူက တစ်လက်မပင် မရွေ့သဖြင့် ချန်ရုံက မျက်မှောင်ကြုတ်လျက်သားလှည့်ကြည့်လိုက်တော့သည်။

သူမ ဦးစွာမြင်ခဲ့ရသည်မှာ ရွှံ့များပေကျံနေသောဖိနပ်တစ်စုံနှင့် ဖုန်သဲများပေရေနေသည့် အထက်မှအနက်ရောင်ဝတ်ရုံစပင်။

ထို့အပြင် ထင်ရှားနေသောဟူဝတ်စုံမှာ ကျန့်ခန်းမှ ဝတ်စားဆင်ယင်ပုံများနှင့်ကွဲပြားနေသည်။

ကတုန်ကယင်ဖြစ်မှုက သူမ၏အိပ်ချင်စိတ်များအား သယ်ဆောင်ယူသွားလေ၏။

ချန်ရုံမှာ ထိုအသွင်အပြင်အားစူးစိုက်ကြည့်ကာ သူမကိုယ်တိုင်ပင်မသိလိုက်ဘဲ ဆက်တိုက် တံတွေးမျိုချနေမိသည်။ဝတ်ရုံကျယ်အတွင်းရှိသူမ၏လက်များ တင်းကြပ်စွာဆုပ်မိလျက်သားရှိနေသည်မှာ လက်သည်းရှည်များက လက်ဖဝါးပြင်အားထိုးထောက်နေသည်အထိပင်။
ချန်ရုံ၏အကြည့်များက ယင်းခြေတစ်စုံထံ၌သာရှိနေပြီး သူမမှာ အထက်သို့မော့ကြည့်နိုင်ရန် မနည်းရုန်းကန်နေရလေသည်။

ထိုအချိန်၌ တစ်ဖက်လူက သူမထံသို့ ဖြည်းညင်းစွာချဉ်းကပ်လာပြီး ခြေသုံးလှမ်းအကွာတွင် ရပ်တန့်လိုက်သည်။ယင်းနောက်တွင် အေးစက်နိမ့်ပါးသောလေသံတစ်သံထွက်ပေါ်လာခဲ့၏။

"ငါ့ကိုကြည့်ရမှာ အဲလောက်တောင်ကြောက်လား"

ချန်ရုံခေါင်းမော့လိုက်သောအခါ ချောမောသော်လည်း အေးစက်နေသည့်မျက်နှာကို တွေ့ရသည်။ယခုအချိန်၌ ထိုသူ၏ပါးလျှပ်လျှပ်နှုတ်ခမ်းများက မျဉ်းတစ်ကြောင်းသဖွယ်ဖြောင့်တန်းနေပြီး ထိုသူမှာ သူမအား သုန်မှုန်အေးစက်စွာဖြင့် စိုက်ကြည့်နေလေ၏။၄င်းမျက်ဝန်းအိမ်များထဲတွင်မူ ဒေါသမီးတောက်များ တောက်လောင်လျက်ရှိသည်။

ထိုသူမှာ ရန်မင်းပင်ဖြစ်လေသည်။

အကြောင်းတစ်ခုခုကြောင့် ချန်ရုံမှာ ရန်မင်း၏‌ဒေါသအကြည့်အား ကြောက်ရွံ့သလိုမခံစားရဘဲ ရယ်သာရယ်ချင်လာသည်။သို့သော်လည်း သူမက မရယ်မောခဲ့ပေ။

"ချန်ဝေ့ ဘယ်မှာလဲ ... သူ့ကို ဘာလို့ ခေါ်မလာတာလဲ "

ချန်ရုံက မဆိုစလောက်ကလေး မျက်ခုံးပင့်တင်၍ မေးမြန်းလိုက်၏။

ထိုအခါ ရန်မင်းခမျာ ပဟေဠိဆန်သောအမူအရာဖြင့် အလိုလိုပင်မျက်မှောင်ကြုတ်မိသွားတော့သည်။ရန်မင်းမှာ ခေတ္တနှုတ်ဆိတ်နေခဲ့ပြီး သူသည် တစ်စုံတစ်ရာထူးဆန်းသောခံစားချက်မျိုးရနေခဲ့၏။ဤသို့တစ်ဖန်ပြန်လည်တွေ့ဆုံရချိန်တွင် အဘယ်ကြောင့် ချန်ဝေ့အကြောင်းကို ဦးစွာမေးမြန်းရပါသနည်း။

ရန်မင်းထံ၌ သိလိုစိတ်များစုပုံနေပြီး သူသည်ယခင်က ဤကဲ့သို့သော အသေးစိတ်အချက်အလက်များအား ဂရုထားတတ်လေ့မရှိခဲ့ပေ။သို့သော်လည်း ဤတစ်ကြိမ်၌ ကြိုတင်ပြင်ဆင်လာခဲ့သည်ဖြစ်ရာ ချန်ရုံ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမိကာ စတင်အတွေးများလာတော့၏။

"မင်းသူ့ကိုမကြိုက်ဘူးလား ... "

ရန်မင်း၏လေသံက ပျော့ပျောင်းသွားသည်။

" သူက ချန်အိမ်တော်မှာ မင်းထက်အဆင့်အတန်းမြင့်တယ်ဆိုပေမဲ့ ငါ့အိမ်တော်မှာတော့ ကိုယ်လုပ်တော်အဆင့်ပဲဆိုတာကို မင်းမသိလို့လား ... "

" ချန်ရုံ ... မော့ကြည့်ပြီး ငါ့စကားကိုပြန်ဖြေ ... "

ရန်မင်းက အမိန့်ပေးလာခဲ့၏။

ထိုအခါ ချန်ရုံမှာ တစ်ဖက်လူစိတ်တိုင်းကျ မော့ကြည့်ပေးလိုက်သည်။သူမ၏လှပသော မျက်နှာပေါ်တွင် မှိန်ဖျော့ဖျော့အပြုံးနှင့်တည်ငြိမ်သောမျက်လုံးများ ရှိသည်။

ဤမိန်းကလေးမှာ သူ့အားတွေ့မြင်ရသည်ကိုရှက်ရွံ့ခြင်းမရှိရုံသာမက ဟန်ဆောင်ပန်ဆောင်ပင်လုပ်မနေချေ။

ရန်မင်း၏မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။ထို့နောက်တွင် သူက အသက်ပြင်းပြင်းရှူသွင်းပြီး နောက်ထပ်ခြေနှစ်လှမ်းတိုးကပ်သွားခဲ့လေ၏။

ရန်မင်းမှာ စိတ်ကိုပြန်လည်စုစည်းလိုက်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်ထားကာ ချန်ရုံနှင့်မလှမ်းမကမ်း၌ မတ်မတ်ရပ်နေသည်။ယခုအချိန်၌ သူသည် နေဝင်ချိန်ရောင်ခြည်ပျံ့နှံ့ပြီး မြူဖုံးလွှမ်းနေသည့် တောင်တစ်ခွင်ကို ကြည့်ရှုလျက်ရှိပေ၏။

" မင်းက ဘာလို့အရှင်မဖြစ်လာတာလဲ ... "

သူမ အဘယ်ကြောင့် အရှင်မတစ်ပါးဖြစ်လာရပါသနည်း။

ချန်ရုံ၏နှုတ်ခမ်းစွန်းများ ကော့ချိုးသွားပြီး သူမက ရန်မင်းအား လှည့်ကြည့်လေသည်။ယခုအချိန်တွင် ချန်ရုံမှာချောမောစွာထုဆစ်ထားသော ရန်မင်း၏အသွင်အပြင်အပေါ် အကြည့်ရောက်နေပေ၏။

ရန်မင်းမှာ လက်နှစ်ဖက်ကိုနောက်ပစ်ကာ အနီရောင်နှဖူးစည်းတစ်ခုအား စည်းနှောင်ထားလျက်ရှိပြီး သူ၏ဆံပင်ရှည်များကလည်း လေနှင့်အတူပျံ့လွင့်နေသည်။ချန်ရုံမှာ ထိုရုပ်သွင်အား ငေးငေးငိုင်ငိုင်ကြည့်ရှုနေမိ၏။ဝေးကွာလှ
သောအချိန်နှင့်နေရာလပ်တစ်ခုတွင် သူမ၏နှလုံးသားထဲ၌ ဤပုံရုပ်လွှာအား တစ်ကြိမ် ရေးထိုးခဲ့ဖူးသည်။သို့သော်လည်း မေ့မရနိုင်သောအမှတ်ရစရာများက ယခုအခါတွင် မှုန်ဝါးဝါးအိပ်မက်တစ်ခု ဖြစ်နေခဲ့လေပြီ။သူမကို ရူးသွပ်စေသောအတိတ်သည် လှည့်စားမှုတစ်ခုသာဖြစ််ပြီး ၎င်းသည် ဘယ်သောအခါကမှ မတည်ရှိခဲ့ပေ။

ချန်ရုံတစ်ယောက် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။ထို့ကြောင့်ပင် ရန်မင်းက သူမအားလှည့်ကြည့်လာလေ၏။ယင်းအကြည့်များမှာ ချန်ရုံ့အား အတွေးကမ္ဘာမှနိုးထသွားစေပြီး သူမက အထိတ်တလန့်ဖြင့် ချက်ချင်း နောက်ဆုတ်သွားခဲ့သည်။ရန်မင်း၏လေသံကိုကြားမှသာ ချန်ရုံတစ်ယောက် ရပ်တန့်သွားတော့လေ၏။

" ငါမေးတာဖြေ ... အမှန်တရားကိုရှာဖို့ ကျန့်ခန်းအထိလာခဲ့တာ "

ရန်မင်းက တစ်ဖက်လူအား စူးစူးစိုက်စိုက်ကြည့်နေခဲ့ပြီး စကားဆုံးသောအခါတွင် သူ၏မျက်နှာကြွက်သားများက အနည်းငယ်တုန်ခါသွားခဲ့သည်။
ဝေဒနာက သူ၏နှလုံးသားတစ်ဝိုက်အား လှိုက်စားပြီး ငြိမ်းချမ်းခြင်းအား လုယက်နေသလိုပင်။ထို့ကြောင့် ရန်မင်းက ဖွင့်ထုတ်မေးရန်ရွေးချယ်ခဲ့ခြင်းဖြစ်နိုင်သည်။စိတ်ထဲရှိသည့်အရာတစ်ခုချင်းစီအား ထုတ်မေးပြီး အဖြေပြန်ရမှသာ နှလုံးသားအနီးတွင် တင်းကြပ်လျက်ရှိသည့်ထိုအဆိပ်ရှိသောမြွေကို ဖယ်ထုတ်ပစ်နိုင်လေမည်။

ဤကမ္ဘာပေါ်၌ရန်မင်းအား နားလည်နိုင်သူတစ်ယောက်ရှိမည်ဆိုလျှင် ထိုသူမှာ ကျိန်းသေပေါက် ချန်ရုံပင်။

လက်ရှိအခိုက်အတန့်တွင် ရန်မင်းထံမှ နာကျင်မှုကို သူမ ကြားသိနိုင်သည်။

ချန်ရုံက ရန်မင်း၏ချောမောသော မျက်နှာ၊ ခက်ထန်ကြမ်းတမ်းသောမျက်လုံးများနှင့် ဖြောင့်စင်းသောအသွင်အပြင်အား ကြည့်ရှုနေခဲ့လေ၏။အချိန်အတော်ကြာအောင် ငေးမောပြီးနောက်တွင် သူမက ရုတ်တရက် ထရယ်လာတော့သည်။

" ဘာရယ်တာလဲ ... "

ရန်မင်းက အော်ဟစ်လိုက်၏။သူ၏အော်သံမှာ ယခင်ကကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်ပြီး သတ်လိုဖြတ်လိုစိတ်အပြည့်ပါဝင်ဆဲဖြစ်သည်။
သို့သော်လည်း ချန်ရုံမှာ ထိုအော်သံအား ကြားသိပုံမရဘဲ ရယ်မြဲသာဆက်ရယ်နေသည်။နောက်ဆုံးတွင် မျက်ရည်စီးကြောင်းနှစ်ခုက သူမ၏ပါးပြင်များပေါ်သို့စီးကျလာလေ၏။
ထိုအချိန်တွင် ဒေါသထွက်နေသောရန်မင်းမှာ ရုတ်ချည်းငြိမ်ကျသွားပြီး ချန်ရုံသည်လည်းတိတ်ဆိတ်သွားခဲ့သည်။

ချန်ရုံက မျက်ရည်စများအား အင်္ကျီလက်ဖြင့်သုတ်ရင်း ပြောလာသည်။

"ဘဝနှစ်ခုရဲ့ အထွတ်အထိပ်ပါပဲလား... နောက်ဆုံးတော့ လွတ်မြောက်သွားပြီ"

၎င်းဖိသုတ်ခြင်းမှာ အားပါသဖြင့် ချန်ရုံ၏မျက်နှာက အနည်းငယ်နီမြန်းသွားခဲ့လေသည်။ယခုအချိန်၌ သူမသည် ရန်မင်းအား စေ့စေ့ကြည့်လျက်ရှိ၏။

၎င်းမျက်ဝန်းများထဲ၌ ရယ်ရွှင်ဖွယ်ရာသို့မဟုတ် ခါးသက်မှု တစ်စုံတစ်ရာမရှိဘဲ‌ တောက်ပ‌သောကြယ်ရောင်‌များသာရှိလေသည်။

ရန်မင်း၏မေးခွန်းနှင့် ဒေါသမာန်ပြည့်ဝသောမျက်ဝန်းများကြောင့် ချန်ရုံတစ်ယောက် ပြုံးမိသွားတော့သည်။ထိုအပြုံးသည် လေထုနှင့်တိမ်တိုက်များသကဲ့သို့ပေါ့ပါးလွန်းပေ၏။

ရန်မင်းက မျက်မှောင်ကြုတ်လျက်သားအနေအထားဖြင့် ထပ်မံအော်မေးလာခဲ့သည်။

" ဘာလို့ရယ်တာလဲလို့ ... "
သူတကယ်ပင် နားလည်နိုင်စွမ်းမရှိတော့ချေ။

ချန်ရုံမှာ ထိုစကားကိုပြန်လည်မဖြေကြားဘဲ အရှေ့သို့ခြေနှစ်လှမ်းတိုးလိုက်ပြီး ရန်မင်း၏နံဘေး၌ ဝင်ရပ်လေသည်။ယင်းနောက်တွင် သူမသည် မြူခိုးထူထပ်နေသည့် တောင်ထွတ်အား ရန်မင်းကဲ့သို့ပင် လှမ်းမျှော်ကြည့်ရှုလိုက်လေ၏။
ရန်မင်းမှာ ဖြေရှင်းချက်တစ်စုံတစ်ရာရလိုရငြား ချန်ရုံ၏လက်မောင်းအားဆွဲကိုင်ရန် ပြင်လိုက်ချိန်တွင် ချန်ရုံက ရုတ်တရက်ဆိုလာခဲ့သည်။

" ကျွန်မ ချန့်ဝေ့ကိုမုန်းတယ် ... "

စကားလုံးအနည်းငယ်မျှသာရှိသော်လည်း ချန်ရုံ၏လေသံထဲတွင် အစွန်းရောက်သောနာကျည်းမုန်းတီးမှုများ ခိုအောင်းနေ‌သည်။
ရန်မင်း၏လက်မှာ လေထဲတွင်ရပ်တန့်သွားခဲ့၏။

ယင်းနောက်တွင် ချန်ရုံက ခြောက်ကပ်ကပ်ပြုံးပြလာပြီး စကားဆက်လေသည်။

" နန်ယန်မှာရှိတဲ့ချန်အိမ်တော်မှာနေတုန်းက ချန်ဝေ့ရဲ့အဖေ ချန်ယွမ်က ကျွန်မကို တခြားသူဆီဆက်သပြီး အ‌ဝေးပို့ပစ်ချင်ခဲ့တာ အကြိမ်ကြိမ်ပဲ ...တကယ်တော့ နန်ယန်မင်းသားဆီ လွှတ်လိုက်တုန်းကလည်း အဲလိုပဲ ... "

ရန်မင်းမှာ ဤအကြောင်းအား ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သောကြောင့် အလွန်ပင်အံ့အားသင့်သွားတော့သည်။

ထိုအချိန်တွင် ချန်ရုံက သူ့အား လှည့်ကြည့်လျက်‌ မေးမြန်းလာသည်။

"သူ့ရဲ့ ရိက္ခာတွေ လုယက်ခံရတုန်းက ကျွန်မ ရှင့်ဆီအကူအညီလာတောင်းခဲ့တာကိုမှတ်မိသေးလား"

သေချာပေါက်ပင်မှတ်မိပေသည်။ထိုအချိန်တွင် ရန်မင်းမှာ သူ၏ကြင်ယာတော်ယွီအား ရှာတွေ့ခဲ့ပြီအထင်ဖြင့် ဘဝကြီး ပြီးပြည့်စုံသလိုခံစားခဲ့ရသည်။

ချန်ရုံကတော့ ရန်မင်းတွေးနေသည်များကိုမသိရှိပေ။သူမ၏မျက်ဝန်းများက တောက်ပပြီး တစ်ချိန်တည်းမှာပင်အေးစက်နေသည်။

" အဲဒီတုန်းက ချန်ယွမ်က ကျွန်မကိုအချုပ်ထဲက တိတ်တဆိတ်ထုတ်ပေးခဲ့တာ ... သူတို့က ကျွန်မကိုလူမသိအောင် အကျဉ်းချထားကြတာလေ ... သူ့မိန်းမဆိုရင် ကျွန်မကို အမိန့်မနာခံလို့ သေဒဏ်ပေးမယ်တောင်လုပ်ထားတာ ... "

ချန်ရုံက နာကျင်စွာပြုံးရင်း ဆက်ပြောရှာသည်။

" အဲဒီညတုန်းက အပြင်ဘက်မှာရှိတဲ့အစောင့်တွေက ကျွန်မကို မကွပ်မျက်ခင် ဘယ်လိုတွေလုပ်မယ်ဆိုပြီးပြောနေကြတာကို အထဲမှာထိုင်ပြီး နားထောင်နေခဲ့ရတာ ... "

ရန်မင်း၏မျက်ခုံးစပ်မှာ ဒေါသအရှိန်ဖြင့် အလွန်တရာပင် တွ့န့်ချိုးနေပြီဖြစ်သည်။

ချန်ရုံ၏အတိတ်သို့တစ်ကြော့ပြန်သောစကားသံက အနည်းငယ်တိမ်ဝင်သွားခဲ့လေ၏။ယင်းနောက်တွင် ချန်ရုံမှာ သူမ၏ပျော့ညံ့သည့်ပုံစံကို ရန်မင်းအား မပြလိုသောကြောင့် ခေါင်းပြန်လှည့်ကာ အရှေ့သို့သာမျှော်ကြည့်နေခဲ့သည်။သူမက မျက်လုံးကိုအနည်းငယ်ကျယ်ကျယ်ဖွင့်လိုက်ပြီး ညလေညင်းကိုခံယူ၍ မျက်ရည်စများအား ခြောက်သွေ့သွားစေသည်။

“အဲဒါကြောင့် ရှင့်ဆီလာပြီး သူတို့ကို အပြစ်ပေးဖို့ပြောတာ ... ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုက ရှင်က ချန်ဝေ့အပေါ်စိတ်ရှိနေတုန်းပဲ ... ကျွန်မက အညိုးကြီးတဲ့သူပါ ... ချန်ဝေ့ကိုဖျက်ဆီးမပစ်နိုင်တာက တစ်သက်တာရှည်ကြာမဲ့နောင်တပဲ ... "

ချန်ရုံ၏စကားများ ပေါ့ပါးလွန်းသည်မှာ
သူမသည် ချန်ဝေ့၏ခင်ပွန်းသည်က အနားတွင်ရှိနေသည်ကို လုံးဝမသိသလိုပင်။

လေထုထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ချန်ရုံက ရန်မင်းအား လှည့်ကြည့်ခဲ့လေ၏။