Chapter 183
သူမ သိကျွမ်းခဲ့ဖူးသူများ
ချန်ရုံက ခေါင်းမော့ပြီးဝမ်ဟုန်နှင့် အကြည့်ချင်းဆုံလိုက်သည်။ဝမ်ဟုန်မှာ သူမ၏မျက်ခုံးတန်းများ ၊ မျက်ဝန်းအိမ်များနှင့် အညှာမလွယ်လွန်းသောနှုတ်ခမ်းများကို ကြည့်ရှုနေခဲ့ပြီးနောက် အတန်ကြာအောင် ပြုံးပြီး " အားရုံ ... " ဟု တိုးညင်းစွာ ခေါ်ဆိုလာသည်။
“အင်း ... ”
ဝမ်ဟုန်မှာ ရွှေရောင်အလင်းတန်းများဖြာကျနေသည့်သူ၏ချောမောသောမျက်နှာအား ချန်ရုံ၏ရင်ခွင်ထဲသို့တိုးအပ်ထားလိုက်သည်။တစ်ဖက်မိန်းကလေး၏မျက်ဝန်းများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်ကိုတွေ့လိုက်ရသောအခါ ဝမ်ဟုန်၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွားခဲ့လေ၏။
" ကိုယ်သွားတော့မယ် ... "
သူက ချန်ရုံ့အား ပြုံးပြလျက် မတ်မတ်ပြန်ရပ်လိုက်သည်။
ယင်းနောက်တွင် ဝမ်ဟုန်မှာ တစ်ဖက်သို့လှည့်ပြီး အင်္ကျီလက်များအား တစ်ချက်ခါ၍ အပြင်ထွက်သွားတော့သည်။
သူထွက်သွားပြီးနောက်တွင် တံခါးမှာတလှုပ်လှုပ်ဖြစ်နေသေးပြီး အခန်းတွင်း၌ ဝမ်ဟုန်၏အသက်ရှုသံများ ၊ ကိုယ်သင်းရနံ့များက ပျံ့လွင့်နေခဲ့ဆဲပင်။
ချန်ရုံမှာမူ မလှုပ်မယှက်ရှိနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် တံခါးပွင့်လာပြီး အထိန်းတော်ဖျင်က ထပ်မံဝင်ရောက်လာပြန်လေသည်။
သူမက ဘေးဘီတစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ရုံ့ထံသို့ဦးတည်တိုးကပ်လာကာ ခပ်တိုးတိုးဆိုလေ၏။
"သခင်မလေး ... ကျောင်းတော်ကို လူတွေအများကြီးလာတယ် ... သူတို့တွေအကုန်လုံးက လန်ယာဝမ်အိမ်တော်ကတဲ့ ... "
အထိန်းတော်ဖျင်မှာ ချန်ရုံ့အား အသေအချာတစ်ချက်စူးစမ်းလိုက်ပြီးမှသာ နောက်တစ်ဆင့်အကြောင်းအရာကို ထပ်ပေါင်းပြောကြားခဲ့သည်။
"ချီလန်သာ အချိန်မီရောက်မလာခဲ့ရင် နောက်ဆက်တွဲကို တွေးတောင်မတွေးရဲပါဘူး "
ချန်ရုံမှာ ကြမ်းပြင်ကိုသာစူးစိုက်ကြည့်နေခဲ့ပြီး သူမ၏တန်ပြန်အဖြေမှာ တိတ်ဆိတ်ခြင်းသာဖြစ်လေသည်။
အထိန်းတော်ဖျင်က သက်ပြင်းချရှာသည်။
" မမလေးသာ အရှင်မ မဟုတ်ရင် အများကြီး ပိုကောင်းမှာပဲ ... ချီလန် မမလေးကိုချစ်ပုံမျိုးနဲ့ဆို အိမ်တော်ရဲ့အနာဂါတ်သခင်မလောင်းတောင် မမလေးကို ကောင်းကောင်းဆက်ဆံရမှာ ... "
ချန်ရုံမှာ ကြမ်းပြင်ထက်မှ အကြည့်မလွှဲခဲ့ဘဲ ခက်ခဲနေပုံဖြင့် ခေါင်းကိုသာတွင်တွင်ခါယမ်းလေသည်။
ခဏအကြာတွင် သူမက မတ်တပ်ထရပ်ပြီး အပြင်ထွက်သွားတော့သည်။အထိန်းတော်ဖျင်သည်လည်း အနောက်မှနေ၍ ထပ်ကြပ်မကွာလိုက်ပါသွားခဲ့လေ၏။
"သခင်မလေး ... မင်းသားရင်က ဒီတစ်ခါတော့ တကယ်ကို စည်းကျော်နေပါပြီ ... ဧကရာဇ်မင်းမြတ်ရဲ့ စကားကိုတောင် လုံးဝဂရုမစိုက်ပါဘူး "
"သခင်မလေး ... ဒီကိစ္စကို ဧကရာဇ်မင်းမြတ်ဆီ တိုင်ကြားသင့်ပါတယ် ... ဧကရာဇ်မင်းက မင်းသားကို သေချာပေါက် အပြစ်ပေးမှာပါ ... "
ချန်ရုံမှာ အထိန်းတော်ဖျင်၏အဆက်မပြတ် ငြီးတွားနေသံများကြားမှ နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့ဆက်သွားခဲ့သည်။
ခြေလှမ်းပေါင်းများစွာ လှမ်းပြီးနောက်တွင် သီလရှင်တစ်ပါး ပေါ်ပေါက်လာသည်။ထိုသီလရှင်အမျိုးသမီးမှာလည်း သူမကဲ့သို့ပင် တာအိုဘာသာဝင်၀တ်စုံကို ၀တ်ဆင်ထားလျက်ရှိသည်ကို မြင်လိုက်သည့်အတွက် ချန်ရုံတစ်ယောက်ရပ်တန့်သွားသည်။
ယင်းသီလရှင်မှာ ငယ်ရွယ်လှပပြီး ချန်ရုံ့အားမြင်သည်နှင့် ချက်ချင်းဆိုသလိုပင် နှုတ်ခွန်းဆက်သသည်။
"မင်္ဂလာပါ အရှင်မ"
ထိုအခါ ချန်ရုံက ခေါင်းညိတ်ပြလျက် အနောက်မှ သီလရှင်လေးဦးထံသို့ အကြည့်လွှဲလိုက်လေ၏။
ခပ်ဝေးဝေးတွင်မူ အလုပ်ရှုပ်နေကြသော အစေခံတစ်စုရှိပြီး ညာဘက်မှသစ်ပင်များတစ်ဝိုက်၌ အဝါရောင်သီလရှင်ဝတ်ရုံများ လွင့်ပျံနေသည်။
" ဘယ်နှယောက်လာကြတာလဲ "
ချန်ရုံက မျက်တောင်တစ်ချက်ခတ်ပြီး မေးမြန်းလိုက်သည်။
“စုစုပေါင်း နှစ်ဆယ့်ငါးယောက်ပါ အရှင်မ ... ”
တစ်ဖက်မိန်းကလေးက တလေးတစား ပြန်ဖြေသည်။သူမသည် မျက်လုံးအပြူးသားဖြစ်နေသောချန်ရုံ၏ပုံစံမှတစ်ဆင့် အတွင်းစိတ်ကို ဖောက်လျှိုးမြင်သွားပြီး ထပ်မံ၍
အသေးစိတ်ရှင်းပြလာခဲ့လေ၏။
" ဆယ့်သုံးပါးက ရှီရှန်ကျောင်းတော်က ရှိရင်းစွဲသီလရှင်ဆရာလေးတွေပါ ... ကျန်တဲ့ဆယ့်နှစ်ယောက်ကိုတော့ အရှင်မဆီမှာအလုပ်အကျွေးပြုဖို့ သခင်လေးက စေလွှတ်လိုက်တာပါ ... မကြာခင်မှာ တပည့်သားအဖြစ်သွတ်သွင်းတဲ့အခမ်းအနားကို လုပ်ခွင့်ပြုပါ ... "
ချန်ရုံက ခေါင်းညိတ်ပြလိုက်သည်။
" ကျွန်မတို့အပြင် အလုပ်သမားငါးဆယ်၊ အစေခံနှစ်ကျိပ်နဲ့ ဘဏ္ဍာစိုးသုံးယောက်လည်းရှိပါသေးတယ် ... အစောင့်ကိုနှစ်ဆတိုးလို့လည်းရတယ်လို့ သခင်လေးက ပြောပါတယ် ... အရှင်မ ဘဏ္ဍာစိုးနဲ့ တွေ့ချင်ပါသလား”
ချန်ရုံက ထပ်မံခေါင်းညိတ်လိုက်လေ၏။
" ဟုတ်ကဲ့ပါ ....အခုပဲအကြောင်းကြားလိုက်ပါ့မယ် "
" မင်းနာမည်ဘယ်လိုခေါ်လဲ "
ချန်ရုံက ထိုတစ်ယောက်အား မေးမြန်းလိုက်သည်။
" ဝမ်အိမ်တော်မှာတော့ ရင်ကူး လို့ခေါ်ကြပါတယ်"
"ရင်ကူး ... ကောင်းပြီ ... မင်းသွားလို့ရပြီ"
" ဟုတ်ကဲ့ပါ ... "
ရင်ကူးထွက်သွားချိန်တွင် အခြားသီလရှင်တစ်ပါးက ချန်ရုံ့ထံသို့ဦးတည်လာကာ အကွာအဝေးတစ်ခုတွင် ရပ်တန့်ပြီး ဦးညွှတ်လျက်ဆိုလေသည်။
" အရှင်မ ...ချန်မျိုးရိုးတွေရောက်လာပြီး အရှင်မနဲ့တွေ့ဖို့တောင်းဆိုနေကြပါတယ် ... "
ချန်ရုံက ခေါင်းညိတ်ပြလိုက်ပြီး ၎င်းတစ်ယောက်ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့လေ၏။
ဧည့်ခန်းမသို့ရောက်သောအခါ ရင်းနှီးနေသောရုပ်သွင်တဖြစ်လဲ ချန်စန်းလန်ကို တွေ့လိုက်ရသည်။ချန်စန်းလန်မှာယခုအချိန်၌ အစေခံတစ်ဦးအား အော်ဟစ်နေသည်။
ချန်ရုံအားတွေ့လိုက်သည်နှင့် သူ၏အကြည့်များက မို့မောက်သောရင်ဘတ်နှင့် သေးသွယ်သောခါးတို့ထံ ဦးစွာရောက်ရှိသွားခဲ့၏။ယင်းနောက်တွင် သူက လက်ကိုဝှေ့ယမ်းပြီး " အားရုံ ... အားရုံ ... " ဟုခေါ်ဆိုသည်။
ထိုအသံကြောင့် ခန်းမတွင်းရှိအခြားသူများကပါ သတိပြုမိသွားကြပြီး ချန်ယွမ်၏လေသံပါ တစ်ပါတည်းထွက်ပေါ်လာသည်။
" အားရုံက ဒီရောက်နေတာလား ... လာလေ ဝင်ခဲ့လေ ... "
ချန်ရုံမှာ ချန်ယွမ့်အား တစ်စုံတစ်ရာပြန်လည်မတုံ့ပြန်သေးဘဲ ချန်စန်းလန်ကိုသာ ဦးညွှတ်ပြလိုက်၏။ယင်းနောက်တွင်မှ သူမက အထူးတလည်မဖြစ်သောလေသံဖြင့် အေးစက်စွာဆိုလာခဲ့သည်။
" ဒီလိုခေါ်တာကတော့လွန်လွန်းတာပေါ့ သခင်ကြီး ... ဒီကမ္ဘာပေါ်မှာ အားရုံဆိုတဲ့သူ မရှိတော့ဘူး ... ဟုန်ယွင်ကျီ ဆိုတဲ့ အရှင်မတစ်ပါးပဲရှိတယ် "
ထိုစကားကြောင့် ချန်စန်းလန်တစ်ယောက် မင်သေသွားရှာသည်။၎င်းအချိန်တွင် ချန်ရုံမှာ ခန်းမထဲသို့ အေးအေးလူလူ ဝင်ရောက်လာခဲ့၏။
ခန်းမထဲ၌ ချန်ယွမ်နှင့်သူ၏ဇနီးသည်ဖြစ်သူ သခင်မရွမ်တို့က စားပွဲဘေး၌ သောက်ဖွယ်ရာများဖြင့် အသီးသီးထိုင်နေကြပြီး သူတို့နှစ်ယောက်လုံးက အထဲဝင်လာသောချန်ရုံ့အား တစ်ချက်လှည့်ကြည့်ကြသည်။
ချန်ယွမ်မှာ သိသိသာသာပင် အိုစာလာပြီး မဲပိန်ခြောက်နေကြောင်း ချန်ရုံသတိပြုမိသွားသည်။သူ၏နောက်ကျောမှာလည်း ကွေးညွတ်သွားကာ သူမကိုကြည့်နေသောမျက်ဝန်းများထဲ၌ မထီမဲ့မြင်ဆန်မှုနှင့် ဟန်ပန်လုပ်မှုများ ရှိမနေတော့ပေ။
ချန်ယွမ်က မတ်တပ်ထရပ်လာခဲ့သည်။
" ရောက်လာပြီပဲ အားရုံ ...ဟို ... ပြောချင်တာက နတ်ဆရာမ ဟုန်ယွင်ကျီလို့ပါ ...လာပါ ထိုင်ပါ ... "
သူက တိတ်ဆိတ်နေသောဇနီးသည်အားတစ်ချက်လှည့်ကြည့်လိုက်ပြီး ချန်ရုံ့အား ထိုင်ရန်ဖိတ်ခေါ်သည်။
ချန်ရုံမှာ ချန်ယွမ် ပြန်မထိုင်ရသေးမီမှာပင် သက်ဆိုင်ရာထိုင်ခုံ၌ နေရာယူလိုက်လေ၏။
ယင်းနောက်တွင် သူမက သိသိသာသာပင် ဘောင်မဝင်ဖြစ်လာသောချန်ယွမ့်အားတစ်ချက်ကြည့်လိုက်ပြီး " လာရင်းအကြောင်းက ဘာလဲ ... " ဟု ပြတ်ပြတ်သားသားမေးလိုက်သည်။
စကားပုလ္လင် ထွေထွေထူးထူးခံမနေဘဲ အေးစက်ပြတ်တောင်းလွန်းလှသည့်ချန်ရုံ၏လေသံကြောင့် သခင်မရွမ်၏မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားပြီး ချန်ယွမ်၏အပြုံးမှာလည်း တောင့်တင်းလာသည်။
" မင်းက အရှင်မဖြစ်သွားပြီဆိုပေမဲ့လည်း ငါကတော့ ငါ့သမီးလို့ပဲတွေးတယ် အားရုံ ... "
ချန်ရုံက ပြုံးရုံသာပြုံးပြီး မည်သည်ကိုမှပြန်မဖြေပေ။
ယင်းနောက်တွင် ချန်ယွမ်က ချောင်းဟန့်လိုက်ပြီးဆက်လက်ပြောကြားသည်။
" မင်းအပေါ်မှာ မလျော်မကန်တွေလုပ်ခဲ့မိလို့ မျိုးနွယ်စုအကြီးအကဲတွေက ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ ငါ့ကိုနန်ယန်မှာနေခိုင်းကြတယ် ... "
ချန်ရုံ၏နက်မှောင်သောမျက်ဝန်းအိမ်များအားလှမ်းမြင်လိုက်ရသောအခါ ချန်ယွမ်မှာ သူပြောလိုခဲ့သည့်တောင်းပန်စကားများအား ပြန်လည်မျိုချမိသွားသည်။
သူက တံတွေးတစ်ချက်မျိုလိုက်ပြီး စကားဆက်လေ၏။
" အားဝေ့နဲ့ သူ့ခင်ပွန်းတို့နဲ့အတူတူ ကျန့်ခန်းကိုလိုက်လာခဲ့တာ ... မနေ့က ရောက်ရောက်ချင်း မင်းအကြောင်း ကြားလိုက်ရတယ် ... အဲဒါကြောင့် ဒီနေ့အလည်အပတ်ဝင်လာခဲ့တာ ... "
အေးစက်သထက် အေးစက်လာသည့်ချန်ရုံ၏အမူအရာအားမြင်လိုက်ရသောချန်ယွမ်မှာ နေရခက်စွာဖြင့်ပြုံးနေရင်း ပါးစပ်ပိတ်ထားလိုက်တော့သည်။
ဘေးနားရှိ သခင်မရွမ်မှာမူ အင်္ကျီအောက်မှလက်များကို သာ တင်းတင်းဆုပ်ထားလေ၏။
ဧကရာဇ်မင်းမြတ်ကဲ့သို့သောနောက်ခံကြီးကြီးမားမားရှိပြီး လန်ယာဝမ်ချီမှ မေတ္တာသက်ဝင်ရသူဖြစ်ကြောင်းကိုသာ မသိခဲ့လျှင် ဤလိုမိန်းကလေးမျိုးအား အရေးပင်လုပ်နေမည်မဟုတ်ချေ။အညတရတစ်ဦးက ဩဇာအာဏာရှိသူများ၏လေးစားမှုနှင့် အဘယ်သို့ထိုက်တန်မည်နည်း။
ဤတစ်ယောက်က အရှင်မဖြစ်နေချိန်တွင် သူမ၏ခင်ပွန်းသည်နှင့်သားတော်မှာတော့ လူမှုအဆင့်အတန်းလှေကားထက်မှ တစ်စတစ်စ နိမ့်ပါးကျဆင်းနေရသည်။
သခင်မရွမ် အံကိုတင်းတင်းကြိတ်ထားချိန်တွင် ချန်ရုံက အေးအေးလူလူမေးမြန်းလိုက်သည်။
" အားဝေ့နဲ့ သူ့ခင်ပွန်းက ကျန့်ခန်းကိုပြန်လာတာလား ... "
ချန်ရုံ၏လေသံမှာပေါ့ပါးသော်လည်း ဂရုတစိုက်ဖြစ်နေကြောင်းကို ချန်ယွမ်နားလည်ပေသည်။သူက ခေတ္တနှုတ်ဆိတ်နေရာမှ ဉာဏ်အလင်းပွင့်သွားပြီး ခေါင်းတညိတ်ညိတ်ဖြင့် ပြန်လည်ဖြေကြားလေ၏။
" ဟုတ်တယ်လေ ... ဟုတ်တယ် ... တပ်မှူးရန်လည်း ကျန့်ခန်းရောက်နေတယ် ... ဒီရက်ပိုင်းအတွင်း ကျောင်းတော်ကိုတောင် အလည်လာမလားပဲ ... "
"ဪ ...."
ချန်ရုံက ခပ်ဖျော့ဖျော့တစ်ချက်ပြုံးသည်။
ထိုအချိန်တွင် ချန်စန်းလန်က အထဲဝင်လာပြီး လှမ်းအော်ပြောတော့၏။
"အဖေ ...အားရုံကို ဘာလို့ ဒီလိုအရေးမပါတာတွေ ပြောပြနေတာလဲ "
ယင်းနောက်တွင် သူက ချန်ရုံ့အား တစ်ချက်ဦးညွှတ်ပြလိုက်ပြီး လိုရင်းကိုသာ ပြောကြားလာသည်။
မျက်နှာချေမှုန့်များအလွန်အကျွံသုံးထားသောချန်စန်းလန်၏မျက်နှာပေါ်၌ လိုဖက်ပြုံးတစ်ခုရှိနေပြီး အရေးအကြောင်းများ ခပ်ရေးရေးပေါ်နေသည်။
" အားရုံ ... မင်းဦးလေးနဲ့ငါတို့က ဒီကို လာလည်တာဆိုပေမဲ့ ငါတို့အစားအသနားခံပေးဖို့လည်း အကူအညီတောင်းချင်တယ် ... "
အသနားခံပေးရမည်ဟု ဆိုလိုက်သလော။
ချန်ရုံက ပြုံးလျက် မော့ကြည့်လိုက်သည်။
" ဘယ်သူ့ကိုလဲ ... "
" ဘယ်သူရှိရမှာလဲ ... သေချာပေါက် ဝမ်ချီလန်ပဲပေါ့ ... "
ချန်စန်းလန်မှာ ဖခင်ဖြစ်သူ၏ခပ်စူးစူးအကြည့်များကိုဂရုမထားဘဲ ဒဲ့တိုးပင်ပြောချလိုက်လေ၏။
ထိုအခါ ချန်ရုံက ချက်ချင်းပင်အကြည့်လွှဲသွားသည်။
" မဖြစ်နိုင်တာမပြောနဲ့ စန်းလန် ... ငါ အခု အရှင်မဖြစ်နေပြီ "
ချန်စန်းလန်မှာ ချန်ရုံ၏စကားဆုံးသည်အထိ မစောင့်ဆိုင်းဘဲ ကြားဖြတ်ဝင်ရောက်ပြောကြားလာသည်။
"မင်း ဒီဆင်ခြေသုံးလို့မရဘူး အားရုံ ... မင်းက သူ့ရဲ့နှလုံးသားနဲ့စိတ်ဝိဉာဉ်ပဲဆိုတာကို တစ်မြို့လုံးသိတယ် ...ပြီးတော့ ငါတို့က အများကြီးတောင်းဆိုနေတာလည်းမဟုတ်ဘူး ... ဝမ်ချီလန့်ကို နန်ယန်မှာမထီမဲ့မြင်လုပ်ခဲ့မိတာအတွက်ဗွေမယူပါနဲ့လို့ပဲ ပြောပေးရင်လုံလောက်ပြီ ... အားရုံ ဒီလောက်ကတော့ မင်းအတွက် မလွယ်လွန်းဘူးလား ... "
ချန်ရုံမှာ ကျင့်ဝတ်ကိုဂရုမစိုက်ဘဲ သူဖြစ်ချင်သည်ကိုသာဇွတ်တရွတ်ပြောနေသောချန်စန်းလန်အား ကြည့်ရှုနေရင်း တစ်ကိုယ်တည်းတွေးတောလိုက်၏။
သူမတို့အချင်းချင်း မတွေ့ခဲ့သောအချိန်များတွင်ပင်လျှင် ဤတတိယမြောက်အစ်ကိုတော်မှာ လူရမ်းကားတစ်ပိုင်းဖြစ်နေဆဲဖြစ်သည်။
ယခုအချိန်၌ သူက ဒေါသထွက်နေသလိုပင်။
ချန်ယွမ်မှာ အခြေအနေကို စူးစူးရဲရဲကြည့်နေခဲ့သော်လည်း သူ၏သားတော်အား ဝင်ရောက်တားမြစ်ခြင်းအလျဉ်းမရှိပေ။
လိုရင်းကိစ္စအား ချန်စန်းလန်က ဦးဆောင်ပြောကြားပြီးဖြစ်သောကြောင့် ချန်ယွမ်မှာ ချောင်းတစ်ချက်ဟန့်ကာ ချန်ရုံ့အား ပြုံးပြလာ၏။
"မင်းရဲ့ဝမ်းကွဲအစ်ကိုတော်ကိုစိတ်မဆိုးပါနဲ့ ... သူက ဒီရက်ပိုင်း စိတ်ဆတ်နေတော့ စကားပြောတဲ့အခါ သေချာမတွေးဘူး "
ခေတ္တရပ်နားပြီးနောက် ချန်ယွမ်က သက်ပြင်းချလျက် ဆက်ပြောလေသည်။
"အမှန်အတိုင်းပြောရရင် ဒါက မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ အတွေးပဲ ... သူတို့က ငါမင်းကို ရန်မင်းဆီပေးချင်ခဲ့တုန်းက နန်ယန်မှာရှိတဲ့ဝမ်ဟုန့်ကို ဆန့်ကျင်မိသွားတယ်လို့ ထင်ကြတယ် ... ဒါပေမဲ့ ငါ့မှာ ရည်ရွယ်ချက်ကောင်းရှိတယ်ဆိုတာကို မင်းလည်းသိတာပဲ "
ချန်ရုံ၏ခနဲ့တဲ့တဲ့မျက်နှာထားအား လှမ်းမြင်လိုက်သောအခါ ချန်ယွမ်၏မျက်နှာထားက အနည်းငယ်တင်းမာသွားတော့သည်။သူက အံကိုတင်းတင်းကြိတ်၍ချန်ရုံ့အား ကြည့်ပြီးပြောလိုက်လေ၏။
" အားရုံ ... ငါမင်းကို တောင်းဆိုတာပါ ... "
ထိုအချိန်တွင် သခင်မရွမ်မှာ ဆက်လက်နှုတ်ဆိတ်မနေနိုင်တော့ဘဲ ကြားဖြတ်ပြောလာတော့၏။
" အမလေးရှင် ... ဒီလိုအသေးအဖွဲလေးအတွက်နဲ့ ဘာလို့ကိုယ့်ထက်အငယ်ကိုဦးညွှတ်ရမှာလဲ ... "
ယခုအချိန်တွင် သခင်မရွမ်က ချန်ရုံ့အား စိတ်မကြည်လင်စွာဖြင့် စူးစိုက်ကြည့်လျက်ရှိသော်လည်း ချန်ရုံ၏အမူအရာမှာတော့ ခံစားချက်ကင်းမဲ့နေသည်။ချန်ရုံမှာ နေမြဲအတိုင်းသာတည်ငြိမ်စွာဆက်ထိုင်နေခဲ့ပြီး ချန်ယွမ်က သူမအားဦးညွှတ်နေသည်ကိုပင် သတိမထားမိခဲ့ပေ။
လေထုတစ်ခွင် တင်းမာလာပြီး ဧည့်သည်များ၏အမူအရာများ မသိမသာပြောင်းလဲလာကြချိန်မှသာ ချန်ရုံက ဖြည်းညင်းစွာထရပ်ခဲ့သည်။
သူမက အရှေ့သို့သာဦးတည်သွားပြီး ချန်ယွမ်အားတစ်ချက်မကြည့်လေဘဲ အေးအေးလူလူပြောကြားလိုက်လေ၏။
" ဟုန်ယွင်ကျီဆိုတာက လောကီရေးရာနဲ့ ပတ်သက်ပြီး ဘာကိုမှ ဂရုမစိုက်တော့တဲ့ အရှင်မတစ်ပါးပဲ ... ရှင်တို့တွေနေရာမှားလာမိပြီ "
ယင်းနောက်တွင် ချန်ရုံက ခန်းမထဲမှ အပြီးတိုင်ထွက်သွားတော့သည်။
ချန်စန်းလန်မှာ ချန်ရုံ၏အနောက်မှအပြေးလိုက်သွားခဲ့သော်လည်း သူ၏ခြေထောက်အရှေ့၌ တံမြက်စည်းရိုးတစ်ချောင်းက ကာဆီးလာခဲ့သည်။
" သေချာကြည့်သွားလေ ... "
လက်ရှိအချိန်တွင် သူနှင့်ချန်ရုံတို့ကြား၌ အလုပ်အကျွေးပြုသူဟုယူဆရသူတစ်ဦးရှိနေသည်။ထိုသူ၏အော်ငေါက်သံက မာကျောလွန်းပြီး ယင်းလေသံ၌သစ္စာစောင့်သိမှုအပြည့်ရှိသည်။ကိုယ်ရောင်ကိုယ်ဝါမှာလည်း သာမာန်အစေခံတစ်ဦးနှင့် လားလားမျှမသက်ဆိုင်ချေ။
ချန်စန်းလန်ခမျာ ထိတ်ထိတ်ပြာပြာဖြင့် အလိုလိုခြေဆုတ်ပေးမိသွားတော့လေ၏။
တံမြက်စည်းလှည်းရာမှထွက်ပေါ်လာသောဖုန်ခိုးဖုန်ငွေ့များကြားထဲတွင် ချန်ရုံမှာ သူ၏အမြင်အာရုံမှ ဖြည်းညင်းစွာပျောက်ကွယ်သွားတော့သည်။
ချန်ရုံထွက်လာသည်ကိုမြင်သောအခါ အထိန်းတော်ဖျင်က အပြေးလေးဆီးကြိုပြီး အထဲတွင်ကျန်ခဲ့သောမိသားစုအား တစ်ချက်လှမ်းကြည့်လျက် ဆိုလာသည်။
" သခင်မလေး ... စန်းလန်နဲ့ ဦးရီးတော်တို့က အရမ်းမျက်နှာပျက်နေကြတယ် ...သူတို့ဒေါသထွက်လာနိုင်ကြလားဟင် ... "
သူမ၏လေသံတွင် ထိတ်လန့်မှုနှင့် ချန်ရုံ့အပေါ်အားမလိုအားမရဖြစ်ခြင်းများ ပါဝင်နေသည်။
ထိုအခါ ချန်ရုံက အေးစက်စွာ ပြန်လည်ဖြေကြားလေ၏။
"သူတို့လား ... ကျန့်ခန်းအထိ ခက်ခက်ခဲခဲလာခဲ့ကြရတာကိုတောင်မှ သူတို့အပေါ်အာဃာတထားတဲ့ အရှင်မကို လာရှာတယ်တဲ့လေ ...ချန်အိမ်တော်ဆီက အစွန့်ပစ်ခံရပြီး အခုဘယ်မှသွားစရာမရှိတော့တဲ့ပုံပဲ ... "
ချန်ရုံ၏အတွင်းစိတ်ထဲ၌ မေးခွန်းများဖြင့်ပြည့်နှက်နေခဲ့သည်။
ချန်ဝေ့နှင့်ရန်မင်းလာနေကြပြီဖြစ်သလော။အဘယ်ကြောင့်ဤလောက်အထိ မြန်ဆန်ရသနည်း။
သူမ ကျန့်ခန်းသို့ရောက်လာသည်မှာ နှစ်လခန့်သာရှိသေး၏။ထိုသို့ဖြစ်လျက် အဘယ်ကြောင့် ရန်မင်းကပါ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရသနည်း။သာမန်ဆိုလျှင်သူသည် စစ်ရေးစစ်ရာများဖြင့်သာ လုံးပန်းနေရပြီး အားလပ်ချိန်ပင် မရှိတတ်သူဖြစ်ပါသလော။