အပိုင်း 182
Viewers 24k

Chapter 182
သူက ပြောတယ်



ဝမ်ဟုန်က ကန့်လန်ကာအား တစ်ဖန်ပြန်လည်ဆွဲချလိုက်သည်။ယင်းနောက်တွင် သူ၏ဩရှရှလေသံက တဖျပ်ဖျပ်လွင့်နေသောကန့်လန့်ကာစတစ်ဖက်မှ ထွက်ပေါ်လာခဲ့လေ၏။

" မကြာသေးခင်ကမှ အရမ်းတင့်တယ်လွန်းတဲ့အစေခံမိန်းကလေးတစ်ယောက်ကို ရခဲ့တာမလို့ပါ ... အမျက်တော်ရှတော်မမူပါနဲ့ ဧကရာဇ်မင်းမြတ် "

အပြင်ဘက်ရှိလူတိုင်း အံ့သြသွားကြသည်။ဧကရာဇ်မင်းမြတ်နှင့် မင်းသားရန်တို့နှစ်ဦးစလုံး အံ့အားသင့်ငြိမ်သက်သွားကြချိန်တွင် ကနဦးက နှုတ်ချိုသောမိန်းမငယ်ကတော့ အောက်နှုတ်ခမ်းကိုသာတင်းတင်းကိုက်ပြီး မျက်ရည်များကိုထိန်းထားခဲ့ရှာသည်။

နောက်ဆုံး၌ ကျယ်လောင်သောရယ်မောသံက တိတ်ဆိတ်မှုကို ဖြိုခွင်းပစ်လိုက်တော့၏။
ဧကရာဇ်ငယ်မှာ လှည်းယာဉ်အား တဖတ်ဖတ်ရိုက်ကာ ခေါင်းကိုလည်ပြန်မော့ထားပြီး မျက်ရည်ကျလုမတတ် တဟားဟားအော်ရယ်နေလေသည်။မင်းသားရမ်သည်လည်း လိုက်ပါရယ်မောလေ၏။

" ကောင်းတယ် ဝမ်ချီရေ ...ကောင်းတာပေါ့ ... မြင်းလှည်းပေါ်မှာအဲဒါလုပ်နေတာပေါ့ ...ဟားဟားဟားး "

စစ်မာအိမ်သားအများစုက စုရုံးလာကြပြီး အားရဝမ်းသာဖြစ်နေကြသည်။မင်းသားရမ်နှင့် သူ၏ပေါက်ဖော်များမှာမူ ဝမ်ဟုန်၏စကားလုံးများကြောင့် ဝမ်းသာပီတိ ဂွမ်းဆီထိနေကြ‌ကာ စိတ်တူကိုယ်တူလူတစ်ဦးအားတွေ့လိုက်ရသကဲ့သို့ပင် နှစ်ထောင်းအားရနေကြ‌ရှာသည်။

“သွားကြစို့ ”

မင်းမျိုးမင်းနွယ်များ ဟက်ဟက်ပက်ပက်ရယ်မောနေကြချိန်တွင် ဝမ်ဟုန်က သူ၏အမှုထမ်းတို့အား လှမ်းပြောလိုက်လေ၏။

လှည်းယာဉ်ရွှေ့လျားသွားသောအခါ လူအများက ဧကရာဇ်မင်းအား လှည့်ကြည့်လာကြသည်။ထိုအခါ ရယ်မောလျက်သားဖြစ်‌နေသောဧကရာဇ်မင်းက လက်ခုပ်တီးလျက် အားပါးတရအော်ပြောတော့သည်။

" သွားပါစေ ...သွားပါစေ လန်ယာဝမ်ချီက အသန့်အပြန့်ကြိုက်တယ်ဆိုတာကို သိပြီးသား ... ရေမိုးချိုးအဝတ်အစားလဲဖို့ အိမ်ပြန်ချင်ရှာမှာပေါ့ ... ဟားဟားဟား "

ယင်းရယ်မောသံများကြားမှ လှည်းရထားက ဖြည်းဖြည်းချင်းဆုတ်ခွာသွားခဲ့သည်။

ထိုနေရာ၌ ဝမ်ဟုန်၏အခြွေအရံများအား မျက်စိဒေါက်ထောက်စိုက်ကြည့်နေပြီး ကြိမ်ဖန်များစွာနှောက်ယှက်လိုခဲ့သောလူတစ်ဦးရှိနေသည်။ကံမကောင်းစွာဖြင့်ပင် ဧကရာဇ်မင်းမြတ်က ရွှင်မြူးစွာရယ်မောနေပြီး ကျန်မင်းသားနှစ်ပါးသည်လည်း အလားတူပင်ဖြစ်သောကြောင့် ထိုသူမှာ အခွင့်ကောင်းကို ရှာမတွေ့နိုင်ခဲ့ပေ။

ရယ်မောသံများ ရပ်တန့်သွားမှသာလျှင် ထိုသူက ဧကရာဇ်ထံသို့ တိုးတိုးတိတ်တိတ်ချဉ်းကပ်ကာ အခွင့်အရေးယူပြီး တီးတိုးပြောတော့သည်။
" အရှင်မင်းကြီး ... ဝမ်ချီက ဝမ်အိမ်တော်ဆီသွားနေတာမဟုတ်တာကို မြင်တော်မူပါရဲ့လား ... သူက ရှီရှန်ကျောင်းတော်ဆီကို ဦးတည်နေတော်မူကြောင်းပါ ... "

ရှီရှန်ကျောင်းတော်ဟုဆိုလိုက်ခြင်းလော။
ဧကရာဇ်၏မျက်လုံးများပြူးကျယ်သွားသည်။ယင်းနောက်တွင်သူက နှစ်ကြိမ်ခန့်မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ထပ်မံအော်ရယ်တော့ပြန်လေ၏။

" ဝမ်ချီက မြင့်မြတ်တဲ့နေရာမှာ ချစ်တင်းနှောချင်တာပေါ့ ... ဟားဟားဟားးး "

တစ်ဖက်လူမှာ ဧကရာဇ်မင်းက ထိုသို့အတွေးပေါက်သွားလိမ့်မည်ဟူ၍ မတွေးထားခဲ့ပေ။ယခုအချိန်၌ သူသည် နှုတ်ဆိတ်စွာဖြင့်မျက်လွှာချထားရုံသာတတ်နိုင်တော့သည်။

တပြုံးပြုံးဖြစ်နေသောမင်းသားရမ်က ဝမ်ဟုန်၏ဦးတည်ရာကိုလှမ်းကြည့်နေရင်း ဧကရာဇ်ရှိရာထံသို့ သူ၏လှည်းရထားကိုမောင်းနှင်လာလေ၏။

" ဘယ်သူက ထင်ထားမှာလဲနော် ... "

ထိုအခါ အခြားသူတစ်ဦးကလည်း ခေါင်းကိုဘယ်ညာယမ်းရင်း မင်းသားရမ်၏နောက်မှ ဝင်ရောက်ထောက်ခံပြောကြားသည်။

" လန်ယာဝမ်ချီတောင်မှာပဲ ဒီလိုအပြုအမူတွေ လုပ်နေတာ ... အဲဒီမြင့်မြတ်လှပါချည်ရဲ့ဆိုတဲ့သူတွေက အခု ကျုပ်တို့ကို ဘယ်လိုဝေဖန်မလဲဆိုတာကို စောင့်ကြည့်ရသေးတာပေါ့ ...”

ဧကရာဇ်မင်းမှာမူ မျက်ရည်များထွက်လာသည်အထိ ရယ်မောနေခဲ့သည်။

" ဟုတ်နေတာပဲ ဝမ်ချီရာ ... သူ့ဟာနဲ့သူတော့ဟုတ်နေတာပါလား ... နောက်ဆုံးတော့ ဝမ်ချီလန်လည်း ဒီပုတ်ထဲကဒီပဲပါပဲ ... ချစ်တင်းနှောချင်တဲ့အချိန်မှာ နှောပစ်လိုက်မဲ့လူစားမျိုးလေ ... ဒီကောင့်ကို စိတ်တိုင်းကျတယ် ... "

အနောက်မှ အကြံပေးဖြစ်သူမှာ စကားလုံးများပျောက်ရှသွားလေသည်။ဂုဏ်သိက္ခာကြီးမားသော မျိုးနွယ်စုများ၏ အမွေဆက်ခံသူများအား သဘောကျနှစ်ခြိုက်တတ်လေ့မရှိသည့် ဧကရာဇ်မင်းမြတ်မှာ ဝမ်ဟုန်၏ထိုကဲ့သို့သောမလျော်မကန်မှုအား ချီးမွမ်းထောပနပြုကာ အလွယ်တကူပင် အလွတ်ပေးလိုက်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုမျှသာမကသေး မင်းသားနှစ်ပါးမှာလည်း သူတို့၏စံပြပုဂ္ဂိုလ်အား တွေ့လိုက်ရသကဲ့သို့ ဝမ်းသာအားရဖြစ်နေကြသည်။

ဤအချိန်၌ မိန်းကလေးတစ်ဦးသာ ‌မပျော်နိုင်မရွှင်နိုင်ဖြစ်နေလေ၏။သူမသည် အစ်ကိုတော်များ၏ရယ်မောသံများအား အတန်ကြာအောင်သည်းခံနေခဲ့ပြီးနောက် မကျေမနပ်ဖြစ်စွာဖြင့် မြည်တွန်တောက်တီးလိုက်သည်။

" မရယ်နဲ့ ... ဘာမှမပြောကြနဲ့ ... အကုန်တော်ကြပါတော့ "

ယင်းနောက်တွင် သူမက အောက်နှုတ်ခမ်းကိုတင်းတင်းကိုက်ကာ မျက်ရည်ရွှဲလဲဖြင့် တဟီးဟီးအော်ငိုတော့၏။

" ကြောက်စရာကောင်းတဲ့ဝမ်ချီ ... ဆိုးတဲ့ဝမ်ချီ ... အီးဟီးဟီးး ... ဒီလိုဝမ်ချီကို မကြိုက်ဘူး ... "

နှမတော်ဖြစ်သူ ရင်ကွဲနာကျနေသည့်မြင်ကွင်းအား မြင်လိုက်ရချိန်တွင် အစ်ကိုတော်များက ခေတ္တနှုတ်ဆိတ်သွားသော်လည်း ထို့နောက်တွင်မူ ပိုမိုကျယ်လောင်စွာဖြင့် ဝါးလုံးကွဲရယ်မောကြတော့လေသည်။

စာနာသနားတတ်သူ မင်းသားရမ်ကတော့ လှည်းယာဥ်ဖြင့်နံဘေးမှ ဖြတ်မောင်းသွားကာ သက်ပြင်းချလျက် ပြောပြရှာသည်။

" ရူးမိုက်တဲ့ကလေး ... ဝမ်ချီလန်မကလို့ လျှိုရှားဟွေ့ဆိုရင်တောင်မှ မင်းကို ထိမ်းမြားခွင့်မပေးဘူး ... ဝမ်းနည်းနေလည်း ဘာထူးမှာလဲ ... "

ထိုအခါ ကလေးမက ပိုလို့ပင် ချုံးပွဲချ၍ ငိုပွဲဆင်နွှဲတော့လေ၏။

****

ဝမ်ဟုန်၏လှည်းရထားမှာ ဆက်လက်ရွေ့လျားနေဆဲဖြစ်သည်။လက်ရှိတွင် လှည်းယာဉ်တွင်း၌ ချန်ရုံ၏ညည်းညူသံများနှင့် ဝမ်ဟုန့်ထံမှ နူးညံ့သိမ်မွေ့သော တီးတိုးသံများဖြင့်သာ ပြည့်နှက်နေသည်။

အကြံပေးပုဂ္ဂိုလ်များက အကြည့်ချင်းဖလှယ်လိုက်ကြ၏။ယင်းနောက်တွင် ထိုထဲမှတစ်ယောက်က လှည်းယာဉ်နားသို့ချဉ်းကပ်ကာ ကန့်လန့်ကာတစ်ဖက်မှနေ၍ ခပ်တိုးတိုးပြောသည်။

“ အရှင် ... အရှင့်ရဲ့လုပ်ရပ်ကို မျိုးနွယ်စု အကြီးအကဲက
အမျက်တော်ရှတော်မူပါလိမ့်မယ် ... "

ထိုအခါအခြားအကြံပေးပုဂ္ဂိုလ်တစ်ဦးကလည်း ဝင်ရောက်ပြောကြားလေ၏။

“အရှင် ... ဘုရင်မင်းမြတ်နဲ့ဆက်ဆံဖို့ နည်းလမ်းပေါင်းစုံရှိရဲ့သားနဲ့ ဘာလို့ဒီလိုလုပ်ရတာပါလဲ ...ရှေးရိုစွဲတဲ့ဝန်ကြီးတွေက အရှင့်ရဲ့ လုပ်ရပ်ကြောင့် စိတ်ပျက်သွားကြပါလိမ့်မယ် ”

အကြံပေးပုဂ္ဂိုလ်နှစ်ဦး ပြိုင်တူသက်ပြင်းချလိုက်ကြချိန်တွင် တတိယမြောက်တစ်ဦးကပါ ဝင်ရောက်ထောက်ပြလာခဲ့သည်။

" မျိုးနွယ်စုက အရှင့်အပေါ်အရမ်းမျှော်လင့်ချက်ထားထားကြတာပါ ... လွန်ခဲ့တဲ့ရက်နည်းနည်းကပဲ အကြံပေးတွေအများကြီးက အရှင့်ကိုထောက်ခံပေးထားကြတာ ... နိုင်ငံ့အရေးထဲကို ဝင်ဖို့ ရည်မှန်းချက်မရှိဘူးဆိုရင်တောင် မှ ဒီလိုလုပ်တာက မသင့်လျော်ပါဘူး ... တခြားလူတတ်ကြီးတွေက ဒီကိစ္စကိုအကြောင်းခံအဖြစ်အသုံးချပြီး ပြဿနာမီးမွှေးရှာလာနိုင်ပါတယ် "

သူတို့၏စောဒဂတက်မှုနှင့် မြည်တွန်တောက်တီးမှုများက အခြေအနေအပေါ် လုံးဝမသက်ရောက်စေပါ။လှည်းရထားပေါ်မှ အမျိုးသားမှာ တစ်ဖက်မိန်းကလေးအား ညင်သာစွာ တီးတိုးပြောဆိုနေဆဲဖြစ်ပြီး သူတို့ကို အဖတ်ပင်မလုပ်ချေ။
ထို့ကြောင့်ပင် အကြံပေးများက တစ်ယောက်ကိုတစ်ယောက် အပြန်ပြန်အလှန်လှန်ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သက်ပြင်းချရုံသာတတ်နိုင်ခဲ့ကြသည်။

လမ်းမကြီးထက်၌ လှည့်ပတ်ပြီးနောက် လှည်းရထားမှာ‌ တောင်ပေါ်သို့တက်သွားခဲ့ပြီး ရှီရှန်ကျောင်းတော်ရှိရာထံသို့ ဦးတည်ခဲ့လေ၏။

ချန်ရုံနိုးလာချိန်တွင် ရှီရှန်တောင်ပေါ်၌ ဆည်းဆာတက်ချိန်ရောက်နေပြီဖြစ်သည်။ငှက်တေးဆိုသံအပေါင်းမှာ ဝန်းကျင်တစ်ခွင်ပျံ့နှံ့နေပြီး နေရောင်ခြည်ခပ်နွေးနွေးက
ပြတင်းပေါက်ကိုဖြတ်ခွင်း၍ အခန်းတစ်ဝက်အား လင်းထိန်သွားစေသည်။ချန်ရုံမှာ ယခုအချိန်တွင် နေရောင်ခြည်ဖြင့် ‌ပိုက်ထွေးခံထားရပြီး အလင်းတန်းများက သူမရှေ့တွင် ကခုန်နေသည်။
မျက်လုံးအစုံကိုဖွင့်လျက် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သောအခါ အလွန်တရာပင်ချောမောသောမျက်နှာကို မြင်လိုက်ရသည်။ယခုအချိန်၌ ထိုသူ၏ခေါင်းက သူမအား မှီလျက်သားရှိပြီး ချန်ရုံမှာ တစ်ဖက်လူ၏လက်မောင်းများထဲ၌ ပွေ့ဖက်ခံထားရလေ၏။

ချန်ရုံမှာ ဝမ်ဟုန့်အား မနှိုးရက်ပေ။ယခုအချိန်၌ ဝမ်ဟုန်သည် သစ်သားခုံပေါ်တွင်အိပ်ပျော်နေပြီး သူ၏ချောမောသောမျက်နှာပေါ်၌ မျက်တောင်ရှည်များကြောင့်ဖြစ်ပေါ်လာသည့်အရိပ်အချို့ထင်ဟပ်နေသည်။နေရောင်ခြည်ခပ်နွေးနွေးက သူ၏ကျောက်စိမ်းအသားအရည်ပေါ်၌ ပြန့်ကြဲနေသည်ဖြစ်ရာ နှုတ်ခမ်းမွေးခပ်ရေးရေးလေးများကိုပင် မြင်နေရလေ၏။

ချန်ရုံက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး တစ်ဖက်လူ၏မျက်နှာကိုကိုင်တွယ်ကြည့်ရန် ဖြည်းညင်းစွာလက်လှမ်းခဲ့သည်။သူမသည် ခပ်နွေးနွေးအရေပြားအား ဖြည်းညင်စွာပွတ်သပ်ပေးနေခဲ့ရာမှ တစ်စုံတစ်ရာကြောင့် ထိတ်လန့်သွားပြီး လက်ကိုချက်ချင်းပြန်ရုတ်လိုက်တော့သည်။
ချန်ရုံက ခေါင်းပြန်ငုံ့လိုက်ပြီး မလှုပ်မယှက်အနေအထားဖြင့် မျက်လုံးများကိုဖွင့်ထားခဲ့သည်။
ထိုအချိန်တွင် သူမ၏ခါးတစ်ဝိုက်၌ နွေးထွေးမှုတစ်ခုက ရစ်တွယ်လာလေ၏။

ဝမ်ဟုန်မှာ ကနဦးကတည်းက နိုးနေနှင့်ပြီးဖြစ်သလော။

ချန်ရုံတစ်ယောက် အေးခဲသွားရှာသည်။
အနောက်မှလူကတော့ ထိုတင်းမာမှုများကို သတိမထားမိလေဘဲ သူမ၏ခါးအား ညင်သာစွာသိမ်းကြုံးဖက်တွယ်လျက် ပြောလာသည်။

"နိုးပြီလား "

" အင်း "

ဝမ်ဟုန်က သူမအားငုံ့ကြည့်လာပြီး တိုးညင်းစွာဆိုလေ၏။

" သူတို့က အမွှေးနံ့သာပေါင်းကိုသုံးပြီး မင်းကို ဆေးခတ်ကြတာ "

သူ၏ပြောစကားမှာ အလွန်ပင် ရိုးရှင်းသည်။
ချန်ရုံခေါင်းငုံ့လိုက်စဉ်တွင် ရေစီးကြောင်းသဖွယ်ဖြစ်သောဝမ်ဟုန်၏လေသံက အေးမြစွာထွက်ပေါ်လာပြန်လေ၏။

" အားရုံ ... မင်းက ကျန့်ခန်းနဲ့လောယန်မှာ မနေခဲ့ဖူးတော့ မသိတဲ့အရာတွေရှိမှာပဲ ... မင်းမျိုးမင်းနွယ်တွေက နှစ်ပေါင်းရာနဲ့ချီပြီးတော့ အပျော်အပါးလိုက်စားလာကြတာ ... သူတို့လိုက်စားတဲ့နည်းလမ်းတွေက နောက်ပိုင်းကျတော့ ပိုပိုပြီးတောင် ဆင့်ကဲလာကြတယ် ...သူတို့တွေအကုန်လုံးက ယာမကာ ၊ မူးယစ်ဆေးဝါးနဲ့ အိပ်ရာပေါ်ကကိစ္စတွေကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေတဲ့သူတွေကြီးပဲ ... တချို့ဆို ငြီးငွေ့လာလို့ ယောက်ျားလေးအိပ်ရာဖော်တွေနဲ့ အတူပျော်ကြတာတွေတောင်ရှိတယ်... "

သူက ချန်ရုံ၏ဆံနွယ်အချို့အား လက်ချောင်းဖြင့် ဝေ့ဝိုက်ကစားရင်း ညင်သာစွာဆက်ပြောပြန်သည်။

" သူတို့တွေက နှစ်ပေါင်းတစ်ရာလောက် အဲဒီယာမကာနဲ့ မူးယစ်ဆေးဝါးတွေထဲ နစ်မြုပ်လာကြာတာ ...မင်းသတိထားရင်တောင် ရှောင်နိုင်ဖို့မဖြစ်နိုင်ဘူး "

ဝမ်ဟုန်မှာ ချန်ရုံ့ထံမှ မိမိကိုယ်ကိုအပြစ်တင်စိတ်နှင့် ဝမ်းနည်းခြင်းတို့ကို ရှာဖွေတွေ့ရှိသွားပုံရပြီး သူ၏စကား
သံက လေပြေသဖွယ် နူးညံ့ပေသည်။
ချန်ရုံမှာ နှုတ်ဆိတ်နေခဲ့လေ၏။
မည်သို့ပင်ဆိုပါစေ ညနေခင်းဆည်းဆာရောင်အောက်တွင် ဝမ်ဟုန်၏အေးဆေးသောလေသံက အိပ်ခန်းငယ်ထဲတွင် လွင့်ပျံ့နေသေးသည်။

"အဲဒီနေ့က သူတို့ကိုဆိုခိုင်းတဲ့သီချင်းကိုကြားခဲ့လား အားရုံ ... "

ယင်းနောက်တွင် ဝမ်ဟုန်က တစ်ကိုယ်တည်း သီချင်းလေးညဉ်းတော့သည်။

" ဆင်းရဲချမ်းသာ မှားမှန်လင့်စေ ....ရှင်ဘုရင် သူစွမ်းကောင်းမှန်သမျှ သေခြင်းမှ မလွတ်စေရာ ... ပိုးစာခင်းတွေဟာ ပင်လယ်ပြာတွေရဲ့စမှတ်ပါ ... ဝမ်လူမျိုးနဲ့ ရှဲ့မျိုးနွယ်အပေါင်းဟာ ပြစ်ဒဏ်လျှော့ပေါ့ခံရခြင်းမည်တဲ့ ကရုဏာသက်မှုကို ရရှိလို့ရှာ ... "


အချိန်အတော်ကြာပြီးနောက် ချန်ရုံက တိုးညင်းစွာမေးမြန်းလိုက်သည်။

" ဝမ်လူမျိုးနဲ့ ရှဲ့လူမျိုးတွေက ကရုဏာသက်ခံရတယ်လို့ပြောလိုက်တာလား "

ထိုသူတို့မှာ အဘယ်သို့ ကရုဏာသက်ခံရပါမည်နည်း။

တစ်နည်းဆိုရသော် ဝမ်အိမ်တော်နှင့်ရှဲ့အိမ်တော်ကဲ့သို့သောမျိုးနွယ်စုကြီးများ၏ အထင်ကရမျိုးနွယ်ဝင်များမှာ လူသိရှင်ကြားကွပ်မျက်မှုဒဏ်မှသာ ကင်းလွတ်ခွင့်ရနိုင်သည်။ဤသည်မှာ လုပ်ကြံသတ်ဖြတ်ခြင်း၊ အဆိပ်ခတ်ခြင်းနှင့်ရောဂါဘယများအားလုံးက ဖြစ်နိုင်ချေရှိနေသေးသည်ဟု ဆိုလိုခြင်းမဟုတ်ပါလော။

"အဓိက မျိုးနွယ်စုတွေက လက်ရှိအခြေအနေကို ကျေနပ်နေကြတယ်"

ဝမ်ဟုန်က သူမ၏ဆံသားများထဲသို့ လက်ဖွဖွထိုးလျှိုရင်း အေးအေးလူလူဆိုသည်။

ချန်ရုံ့ခမျာတုန်လှုပ်သွားတော့လေ၏။
ဟူလူမျိုးများ၏ကျူးကျော်မှုမှာ မြောက်ပိုင်းလူထုတစ်ရပ်လုံးအား ပျက်သုဉ်းစေခဲ့ပြီး လောယန်ကဲ့သို့သော‌တော်ဝင်မြို့တော်မှာလည်း အကြိမ်ကြိမ်နင်းချေခံခဲ့ရသည်။မောယန်ကဲ့သို့ခံတပ်အများအပြားရှိသောမြို့တော်သည်လည်း ဝိုင်းရံခံကာ မြေပြင်ထက်၌ မီးလောင်တိုက်သွင်းခံခဲ့ရပြန်လေ၏။မရေမတွက်နိုင်သောဂျင်လူမျိုးမိသားစုပေါင်းများစွာမှာ ကျူးကျော်သူ အပေါင်း၏မြင်းခွာများအောက်၌ ဇီဝိန်ချုပ်ခဲ့ကြရပြီး ၎င်းတို့၏အရိုးစုများက မြင့်မားစွာစုပုံနေဆဲဖြစ်သည်။ထိုသို့ဖြစ်နေလျက်နှင့်ပင် အဓိကမျိုးနွယ်စုများက လက်ရှိအခြေအနေအား ကျေနပ်နေနိုင်ကြပါသလော။

လူပေါင်းများစွာမှာ ပညာရှိသောဧကရာဇ်မင်းမြတ်အား အလိုမရှိဟု ဆိုလိုလိုက်ခြင်းလော။
လန်ယာဝမ်အိမ်တော် သို့မဟုတ် ချန်တိုင်းပြည်မှ ရှဲ့အိမ်တော်တို့က နိုင်ငံရေးစွမ်းရည်ပြည့်ဝကာ လူရိုင်းများအားမောင်းထုတ်နိုင်သောစစ်ရေးစွမ်းပကားများရှိလာကြသည်ကို ဤလူများအားလုံးက မမြင်လိုဟု ဆိုလိုလိုက်ခြင်းလော။
အံ့ပင်မဩနိုင်တော့ပါချေ။

ချန်ရုံမှာ တွေးလေလေပိုသဘောပေါက်လေလေဖြစ်လာပြီး တစ်ချိန်တည်းမှာပင် စိတ်ပျက်လက်ပျက်ဖြစ်လာရသည်။အချိန်အတော်ကြာမှသာ သူမက ညဉ်းတွားသောလေသံဖြင့် မေးမြန်းလိုက်လေ၏။

" ဒါဆိုရှင်ကရောဘယ်လိုလဲ ... "

သူ့အတွက်ပူပန်ပေးနေရှာသောအမျိုးသမီးအား မြင်လိုက်ရချိန်တွင် ဝမ်ဟုန်မှာ အပြုံးများကိုမရပ်တန့်နိုင်တော့ပေ။

" မင်းရဲ့ကျောင်းတော်ကို စောင့်ရှောက်ဖို့ လူတွေလွှတ်ထားတယ် ... "

ထိုအကြောင်းကို ဝမ်ဟုန်ရုတ်တရက်ပြောလိုက်ချိန်တွင် လွန်လေပြီးသောအကြောင်းအရာအား စကားစမပြတ်သေးသည်ဖြစ်ရာ ချန်ရုံတစ်ယောက် မည်သည့်စကားဖြင့်ပြန်ဖြေရမှန်းမသိဖြစ်သွားတော့သည်။စိတ်ရှိတိုင်းသာဆိုလျှင် ငြင်းပယ်လိုက်ချင်သော်လည်း ကျန့်ခန်းကဲ့သို့သောမြို့၌ ယနေ့ဆေးခတ်ခံရသည်ဆိုလျှင် နောက်တစ်နေ့၌
ပိုမိုဆိုးရွားစွာဖြင့် အကွက်ချကြံစည်ခံလာရနိုင်သည်။

“ကျေးဇူးတင်ပါတယ်”

ချန်ရုံက ပြုံးလျက် တိုးညင်းစွာပြောလိုက်၏။

"မလိုပါဘူး"
ဝမ်ဟုန်၏အဖြေမှာမူ ရှင်းလင်းပြတ်သားသည်။


ထို့နောက်တွင် ချန်ရုံမှာ ရင်ခွင်ထဲမှလွတ်မြောက်သွားခဲ့ပြီး အနှီအမျိုးသားက အခင်းနေရာမှထထွက်သွားလေ၏။

ခြေလှမ်းနှစ်လှမ်း လှမ်းပြီးသောအခါ ဝမ်ဟုန်က သူမအား ပြန်လှည့်ကြည့်သည်။ရွှေအဆင်းရှိသောဆည်းဆာရောင်ခြယ်ကြိုးမျှင်များက ဝမ်ဟုန်၏ခန္ဓာကိုယ်၊ ဆံပင်၊ မျက်နှာနှင့် ၀တ်ရုံများပေါ်၌ ပျံ့လွင့်နေ၏။ရုတ်ချည်းဆိုသလိုပင် သူ၏တည်ရှိမှုတစ်ခုလုံးက အသွင်ပြောင်းသွားကာ မဖော်ပြနိုင်လောက်အောင်ပင် ချောမောလှသော ယစ်မူးစေသည့် အသွင်သဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဝမ်ဟုန်က သူမအား ဘေးတိုက်လှမ်းကြည့်နေပြီးသူ၏ဆံနွယ်များမှာ ဘယ်ဘက်မျက်လုံးအား ဖုံးကွယ် လျက်ရှိသည်။ထိုယောက်ျား၏ နက်မှောင်သောဆံပင်၊ ကျောက်စိမ်းသဖွယ်မျက်နှာနှင့် ထင်ရှားသည့်မျက်ဝန်းအိမ်များက ထာဝရလှပသောပုံရုပ်လွှာတစ်ခုကို ဖန်တီးပေးသည်။

သူသည် ကျောက်စိမ်းစိုင်သဖွယ်ပင် ချောမောလှပါပေ၏။

လက်ရှိအခိုက်အတန့်တွင် ယင်းကိုလူချောက သူမအား နူးညံ့စွာ စိုက်ကြည့်နေသည်။