အပိုင်း 181
Viewers 24k

Chapter 181
: ငြင်းဆန်၍မရသော အထိအတွေ့



ဝမ်ဟုန်က သူ၏ခန္ဓာကိုယ်အောက်ပိုင်းသို့ တိုးဝင်လာသော ချန်ရုံ၏လက်ကို ကိုင်လိုက်သည်။ သို့သော် ချန်ရုံ၏လက်ကို အင်္ကျီထဲမှ ဆွဲထုတ်လိုက်ပြီးရုံသာရှိသေးသည်၊ ချန်ရုံ၏လက်နောက်တစ်ဖက်က ဝမ်ဟုန်၏ အင်္ကျီရင်ဘတ်ကို ဆွဲနေပြန်လေသည်။

ချန်ရုံသည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ သူမ လိုချင်သည်ကို မရမချင်း အလျှော့မပေးမည့်ပုံပေါက်နေသည်။ သို့သော် ချန်ရုံက ဆေးခတ်ခံထားရသောကြောင့် သူမ၏ လက်များနှင့် ခြေထောက်များသည် အားမရှိဖြစ်နေကြကာ သူမ၏‌ဆွဲဆောင်မှုများက နှေးကွေးသော အပြုအမူများသာ ဖြစ်နေကြသည်။

ဝမ်ဟုန်က ချန်ရုံ၏ညာဘက်လက်ကို လွှတ်လိုက်၍ သူ့ရင်ဘတ်ပေါ်သို့ရောက်နေသောလက်ကို ဖမ်းကိုင်လိုက်ရပြန်သည်။

ထိုလက်ကို ဖမ်းမိသွားချိန်တွင် ချန်ရုံ၏နှုတ်ခမ်းက ဝမ်ဟုန်၏နှုတ်ခမ်းများပေါ်သို့ ရောက်လာပြန်သည်။ ချန်ရုံသည် သင်းရနံ့မွှေးပျံ့သောလျှာက ဝမ်ဟုန်၏ နှုတ်လမ်းများကို ပွတ်သပ်နေသည်။ ချန်ရုံ၏လျှာသည် ဝမ်ဟုန်၏ ပါးစပ်ထဲသို့ တဖြည်းဖြည်းတိုးဝင်၍ သွားများကိုကျော်ကာ ဝမ်ဟုန်၏ လျှာနှင့် ထိတွေ့သွားလေတော့သည်။

ထိုအချိန်တွင်တော့ ဝမ်ဟုန်၏အသက်ရှူသံလည်း မမှန်တော့ပေ။ ဝမ်ဟုန်သည် ချန်ရုံ့ကိုရှောင်ရန် မျက်နှာကိုတစ်ဖက်သို့ လှည့်လိုက်သော်လည်း ထိုသို့ရှောင်လေ ချန်ရုံက ပိုဆိုးလေဖြစ်နေသည်။ ချန်ရုံက ရယ်၍ ဝမ်ဟုန်၏အင်္ကျီဝတ်ရုံကို လှမ်းဆွဲနေသည်။

မကြာခင်မှာပင် ချန်ရုံသည် ဝမ်ဟုန်၏ရင်ဘတ်ပေါ်သွားအောင် ဝတ်ရုံကို ဆွဲဟပစ်လိုက်နိုင်သွားသည်။

ချန်ရုံ့ကိုရှောင်ရင်းဖြင့် ဝမ်ဟုန်၏အသက်ရှုသံသည်လည်း တဖြည်းဖြည်းပြင်းလာကာ မျက်နှာသည်လည်း ပို၍နီလာသည်။ ‌သည်းမခံနိုင်တော့သည့်နောက်ဆုံးတွင် ဝမ်ဟုန်သည် ချန်ရုံ၏လက်များကို ဆုပ်ကိုင်၍ အမြန်အမိန့်ပေးလိုက်သည်။

"အားရုံ...တော်တော့ တော်တော့..."

ချန်ရုံက ဝမ်းနည်းသွားသည့်ပုံလေးဖြင့် ဝမ်ဟုန်ပြောနေသည်ကို နားမလည်သကဲ့သို့ မော့ကြည့်လိုက်သည်။

ချန်ရုံ၏ထိုပုံစံကိုမြင်လျှင် သူတော်စင်များပင် စိတ်ထိန်းနိုင်မည်မဟုတ်ချေ။ ဝမ်ဟုန်၏ နှလုံးသားသည်လည်း ချန်ရုံ့ကိုမြင်သောအခါ ခုန်ရန်ပင်မေ့သွားသည်။ ဝမ်ဟုန်သည် ချန်ရုံ၏လက်များကိုကိုင်ကာ ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်။

ချန်ရုံက ထိုသို့ အထိန်းချုပ်ခံထားရသည်ကိုမကြိုက်ပေ။ သူမသည် ဝမ်ဟုန်၏ရင်ခွင်ထဲမှ ရုန်းထွက်ရန်ကြိုးစားသော်လည်း ဝမ်ဟုန်က ကိုင်ထားသောကြောင့် လက်များလှုပ်မရသည်ကို တွေ့သောအခါ နူးညံ့တိုးတိတ်သော ညည်းညူသံလေးဖြင့် သူမ၏မျက်နှာကို ဝမ်ဟုန်၏ရင်ဘတ်၌ပွတ်သပ်နေလိုက်သည်။

ဝမ်ဟုန်၏လည်ပင်း၌ ချွေးစက်များ ထွက်လာ၍ ရင်ဘတ်ဆီသို့ စီးကျသွားသည်။

ဝမ်ဟုန်၏ လည်စလုတ်သည်လည်း နိမ့်ချေ မြင့်ချေဖြစ်နေသည်။ ဝမ်ဟုန်က အံကိုကြိတ်၍ ချန်ရုံ့အား ခပ်တင်းတင်းဖက်ထားချိန်တွင် ရထားလုံးအပြင်မှ အကြံပေးတစ်ဦးက ရယ်၍ပြောလိုက်သည်။

"အရှင်...မိန်းကလေးတစ်ဦးရဲ့ အချစ်က ကမ္ဘာပေါ်မှာ ငြင်းဆန်ဖို့အခက်ခဲဆုံးအရာပါပဲ...အရှင်လည်း ဘာဖြစ်လို့များ ဒီလောက်တောင် ထိန်းချုပ်နေရတာပါလဲ..."

အခြားအကြံပေးတစ်ဦးကလည်း ဝင်ပြောလိုက်သည်။

"ကမ္ဘာကြီးက ပြောင်းလဲတာ တကယ်မြန်တယ်နော်...မကြာသေးခင်ကပဲ အရမ်းကို အချစ်ကို စိတ်ဝင်စားတဲ့ ကျွန်ုပ်တို့ရဲ့ အရှင်က အခုတော့ သူတော်ကောင်းကြီးဖြစ်နေပြီထင်ပါရဲ့..."

ထိုစကားကြောင့် ရယ်သံများထွက်ပေါ်လာကြသည်။

ရင်ခွင်ထဲမှ ရုန်းကန်နေသော မိန်းကလေးကြောင့် ချွေးပြန်သည်အထိ ဒုက္ခရောက်နေရသော ဝမ်ဟုန်ကတော့ ထိုစကားများကိုကြားသောအခါ ပို၍ပင် စိတ်တိုသွားမိသည်။

အပြင်မှ ရယ်သံများက ပို၍ကျယ်လောင်လာသည်။

ဝမ်ဟုန်ကတော့ ချန်ရုံ၏နှုတ်ခမ်းကို မနည်းရှောင်နေရသည်။ ချန်ရုံ့အား ဖက်ထားသောလက်များက ပြေလျော့သွားလျှင်လည်း ရင်ခွင်ထဲမှ ချန်ရုံသည် ဝမ်ဟုန်၏ခန္ဓာကိုယ်အနှံ့ကို ပွတ်သပ်နေတော့သည်။

ကူကယ်ရာမဲ့စွာဖြင့် ဝမ်ဟုန်သည် ရှေ့သို့ကိုင်း၍ ချန်ရုံ့အား မလှုပ်နိုင်ရန် သူ၏ ခန္ဓာကိုယ်ဖြင့် ဖိထားလိုက်ရတော့သည်။

အပြင်မှလူများကလည်း ရထားလုံးထဲမှ လှုပ်ရှားရုန်းကန်သံများကို ကြားသွားကြသည်။ အစောင့်တစ်ဦးက ရယ်ချင်စိတ်ကို ထိန်း၍ ပြောလိုက်သည်။

"အရှင်...အရမ်းကို ကြမ်းတမ်းနေပါလား..."

"ကျွန်ုပ်သိသလောက်ကတော့ ကြမ်းတမ်းနေတာ ကျွန်ုပ်တို့ရဲ့ အရှင် မဟုတ်ပါဘူး...'

ရယ်သံများက နောက်တစ်ခေါက် ထွက်ပေါ်လာပြန်သည်။

ဝမ်ဟုန်ကတော့ စိတ်တိုရန်ပင် အချိန်မရတော့ချေ။ အောက်မှ ချန်ရုံက မရုန်းကန်တော့သည်ကို မြင်သောအခါ ဝမ်ဟုန်သည် ဖက်ထားသောလက်များကို ဖြေလျော့လိုက်၍ ခန္ဓာကိုယ်ကို အနည်းငယ်ကြွပေးလိုက်သည်။

ဝမ်ဟုန်သည် ချန်ရုံ၏ နီရဲနေသော မျက်နှာနှင့် ဝမ်းနည်းမှုအပြည့်ဖြည့် ကြည့်နေသော မျက်လုံးများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သွားများကို တင်းတင်းစေ့၍ ချန်ရုံ၏မျက်လုံးကို ငုံ့၍နမ်းလိုက်ကာ အက်ကွဲသောအသံဖြင့် ခက်ခက်ခဲခဲပြောလိုက်သည်။

"ငါက သူတော်စင်မဟုတ်ဘူးလေ အားရုံ...မင်း ဒီလိုသာ ဆက်လုပ်နေရင် ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်မိတော့မှာ စိုးရိမ်မိတယ်..."

ထိုသို့ပြောပြီးသောအခါ ဝမ်ဟုန်က ပြုံးလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့လိုက်ရာ သူ၏ဆံချည်တစ်မျှင်က ချန်ရုံ၏‌နှာခေါင်းပေါ်သို့ ကျသွားသည်။ ဝမ်ဟုန်၏ အက်ကွဲသောအသံထဲ၌ အထီးကျန်မှုများ ပါနေသည်။

"ချစ်တင်းနှောတယ်ဆိုတာ လှပတဲ့ အရာတစ်ခုပဲ အားရုံ...အရင်တစ်ခေါက်တုန်းက ငါအရမ်းမှားသွားခဲ့တယ်...ငါ တခြားအရာတစ်ခုခုကို စဉ်းစားခဲ့ရမှာ..."

ဝမ်ဟုန်ပြောနေသည်များကို ချန်ရုံကတော့ ခေါင်းထဲဝင်ပုံမရပါ။ ချန်ရုံသည် မျက်ရည်ဝဲသော မျက်လုံးများဖြင့်သာ ဝမ်ဟုန့်အား ငေးကြည့်နေလေသည်။

ရထားလုံးက ရှေ့သို့ ဆက်၍ မောင်းနှင်နေသည်။

"အရှင်...ဖြေဆေးရပါပြီ..."

ထိုအချိန်၌ အစောင့်တစ်ဦးက လှမ်းပြောလိုက်သည်။

‌အစောင့်၏ပြောစကားအရ ထိုဆေးသည် စိတ်ကိုအနားရစေနိုင်သော အိပ်ဆေးတစ်မျိုးဖြစ်သည်။ အမည်းရောင်နံ့သာ၏ ဖြေဆေးမဟုတ်သော်လည်း မှိုင်းတိုက်ခံထားရသူအား စိတ်ချမ်းသာစွာ အိပ်ပျော်သွားစေနိုင်သော ဆေး‌ဖြစ်သည်။

"အရှင်..."
သူ၏သခင်က ဘာမှပြန်ပြောသည်ကို မကြားသောအခါ အစောင့်က ထပ်ခေါ်လိုက်သည်။

ဝမ်ဟုန်က အခုထိ ဘာမှပြန်မပြောချေ။

ဝမ်ဟုန်သည် သူ့အောက်၌ လှုပ်ရှားရုန်းထိုးနေဆဲဖြစ်သော ချန်ရုံ့အား တိတ်ဆိတ်စွာငုံ့ကြည့်နေမိသည်။ ချန်ရုံ၏ မျက်လုံးများနှင့် အမူအယာများသည် အသည်းယားစရာ၊ ချစ်စရာလေးဖြစ်နေ၍ ပိုအရေးကြီးသည်က ချန်ရုံသည် ဝမ်ဟုန့်အပေါ် ချစ်စိတ်များ ယိုဖိတ်ကျနေသကဲ့သို့ ဖြစ်နေသည်။

ဝမ်ဟုန်က ချန်ရုံ့အား အချိန်အတော်ကြာ ငုံ့ကြည့်နေပြီးမှ ပြောလိုက်သည်။

"မလိုတော့ဘူး..."

အစောင့်က မသေမချာပုံစံဖြင့် ထပ်မေးရန် တုံ့ဆိုင်းနေသောကြောင့် အနားမှ တစ်စုံတစ်ယောက်က မျက်စောင်းထိုး၍ ခပ်တိုးတိုးပြောလိုက်သည်။

"သခင်လေးက မလိုတော့ဘူးပြောနေတယ်လေ...မင်း တုံးအလှချည်လား..."

‌အစောင့်က ရထားလုံးအား ဆက်၍ ငေးကြည့်နေရင်းဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

"အဲဒီမိန်းကလေးက မိန်းမတစ်ယောက်ပဲလေ...သူ့ကို ရယူချင်လား မရယူချင်လားဆိုတာ သခင်လေးရဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ပဲဆိုင်တာကို...အဲဒါကို ဒီမိန်းကလေးကို လက်ဖျားနဲ့တောင်မထိပဲ ပြန်လွှတ်လိုက်မယ်ဆိုတာ သခင်လေးအတွက် အရမ်းကို ထူးဆန်းမနေဘူးလား..."

အစောင့်၏အသံက တိုးတိတ်သောကြောင့် အခြားလူနှစ်ဦးသာ ကြားလိုက်ရသည်။ ထိုနှစ်ဦးလုံးက အစောင့်အား စိတ်တိုစွာကြညိ့၍ တစ်ယောက်ဆိုလျှင် ခေါင်းကိုပင် ခါရမ်းလိုက်သည်။

ရထားလုံးထဲ၌ ချန်ရုံသည် ဝမ်ဟုန်အောက်မှ မလှုပ်နိုင်ဖြစ်နေသောကြောင့် နီရဲနေသောမျက်နှာလေးဖြင့်သာ ဝမ်ဟုန့်အား မော့ကြည့်၍ တိုးတိုးလေးပြောလိုက်သည်။

"ချီလန်...ကျွန်မ အရမ်းပူနေပြီ..."

ချန်ရုံ၏စကားကြောင့် ဝမ်ဟုန်၏ လည်မျိုက လှုပ်သွားသည်။

ထို့နောက် ဝမ်ဟုန်သည် အောက်သို့ ကိုင်း၍ ချန်ရုံ၏နှာဖျားလေးကို ခပ်ဖွဖွလေးထိကာ ပြောလိုက်သည်။

"ဘာမှမဖြစ်ဘူး...မင်းနဲ့အတူ ငါရှိနေတယ်လေ..."

ဝမ်ဟုန်၏ထွက်သက်ကြောင့် ချန်ရုံ၏မျက်နှာက ပိုနီရဲသွားသည်။

"အရှင်...အရှင်...ကျွန်မ အရမ်းချစ်ရတဲ့ အရှင်..."

ချန်ရုံက တမ်းတမက်မောသော မျက်လုံးများဖြင့် တီးတိုးပြောလိုက်သည်။

ဝမ်ဟုန်ကလည်း မျက်လုံးကိုမှိတ်၍ သူ၏မျက်နှာနှင့် ချန်ရုံ၏မျက်နှာကို ထိကပ်ထားလိုက်ရင်းဖြင့် ချန်ရုံ၏ ဆွဲဆောင်နေသောအသံလေးကို နားထောင်ကာ သက်ပြင်းချလိုက်သည်။

သက်ပြင်းချလိုက်ပြီးချိန်မှာပင် ဝမ်ဟုန်၏ပါးစပ်သည် ချန်ရုံ၏နှုတ်ခမ်းဆီသို့ရောက်သွား၍ ချန်ရုံ၏ ညည်းညူသံလေးများနှင်း တီးတိုးပြောသံလေးများ အကုန်ကို လည်ချောင်းထဲသို့ မျိုချလိုက်လေသည်။

ချန်ရုံ၏မွှေးရနံ့များနှင့် ထွက်သက်များကြောင့် အနမ်းက ပို၍ပင်ချိုမြနေလေသည်။

ဝမ်ဟုန်က နှုတ်ခမ်းများကို ခွာလိုက်သောအခါ ချန်ရုံက ခေါင်းကိုမ၍ ပြန်ထိကပ်လိုက်သည်။ ချန်ရုံ၏လျှာက ဝမ်ဟုန်၏လျှာကို ရစ်ပတ်လိုက်သောအခါ ဝမ်ဟုန့်ထံမှ စိတ်ကျေနပ်သော အသံထွက်လာသည်။

ထိုအချိန်၌ အစောင့်တစ်ဦးက ပြောလိုက်သည်။
"ကျွန်တော်ကို အိမ်ကိုပြန်ရမှာပါလား အရှင်..."

ပြန်ဖြေသံ မကြားရပေ။

ရထားလုံးက ရပ်သွားသည်။ အချိန်ခဏကြာမှ အစောင့်က အသံကို အနည်းငယ်မြှင့်၍ ထပ်မေးလိုက်သည်။
"အရှင်...ကျွန်တော်တို့ အိမ်ပြန်ရမှာပါလား..."

အစောင့်၏အသံကြောင့် ရထားလုံးထဲမှ စုံတွဲက အသိစိတ်ပြန်ဝင်လာကြသည်။ ဝမ်ဟုန်က အသက်ကို ပြင်းစွာရှူ၍ မော့ကြည့်လိုက်သည်။ ယစ်မူးခြင်းမရှိတော့ပဲ ဝမ်ဟုန်၏ မျက်လုံးများက ကြည်လင်နေကြ၍ ချန်ရုံ့အား အတန်ကြာကြည့်ပြီးသောအခါ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်သောအခါ ဝမ်ဟုန်၏မျက်လုံးများက ပို၍ ကြည်လင်နေကြသည်။ ချန်ရုံ၏မျက်လုံးများကို ကြည့်လိုက်သောအခါ ဝမ်ဟုန်သည် သူ၏ပုံရိပ်ကိုသူ ပြန်မြင်လိုက်ရ၍ ခပ်ဖြည်းဖြည်းပြောလိုက်သည်။

"ရှီရှန်တောင်ကို သွားမယ်..."

"ဟုတ်ကဲ့..."

ခဏရပ်ပြီးမှ ဝမ်ဟုန်က ထပ်ပြောလိုက်သည်။
"အစေခံတွေကိုလည်း ရှီရှန်တောင်ကို ပြန်ခိုင်းလိုက်..."

"ဟုတ်ကဲ့..."

ရထားလုံးများက ဦးတည်ချက်ပြောင်းသွားသည်။

ထို့နောက် ပေတစ်ရာခန့်ပင် ဆက်မသွားရသေးခင်မှာပင် ရထားလုံးများ တုံ့ခနဲ ရပ်သွားကြလေသည်။

"အဲဒါ ချီလန်လား..."

မိန်းကလေးတစ်ဦးက ဤကဲ့သို့ ရုတ်တရက် တွေ့ဆုံလိုက်ရခြင်းကို ပျော်ရွှင်သွားသည့်အသံဖြင့် ပြောလိုက်သည်။

အစောင့်များက ပြန်မဖြေနိုင်ခင်မှာပင် လူတစ်ဦး၏ရယ်သံလည်း ထွက်ပေါ်လာသည်။

"ငါ ချီလန်နဲ့ ဆုံနေတာလား...ကောင်းပေစွ..."

အပြင်၌ ဆူညံသံများရပ်သွား၍ ညီညာသောအသံများထွက်ပေါ်လာသည်။

"မင်္ဂလာပါ ဧကရာဇ်မင်းမြတ်..."

ဧကရာဇ်?

ဝမ်ဟုန်က မျက်မှောင်ကျုံ့လိုက်သည်။

ဝမ်ဟုန်သည် ချန်ရုံ၏ တာအို ဝတ်ရုံနှင့် ဆံထုံးတို့ကို လှမ်းကြည့်၍ စဉ်းစားလိုက်သည်။
ငါ အခုမှ အိမ်ထဲကထွက်လာတာကို ဧကရာဇ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့နေတာလား...ငါ လူတွေအပေါ် သဘောကောင်းနေမိတာ များပြီထင်တယ်...

ချန်ရုံသည့် လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ သီလရှင်အဖြစ် ဧကရာဇ်ထံမှ ချီးမြှောက်ခံထားရခြင်းဖြစ်သည်။

ချန်ရုံ့အား ထိုသို့ လုပ်ပေးလိုက်ခြင်းသည် ကျန့်ခန်းမှအထက်တန်းလွှာများထံမှ အားပေးမှုကိုမရသော်လည်း ဧကရာဇ်ထံတွင်တော့ ထောင်ပေါင်းများစွာတည်တံ့လာသည့် အမိန့်အာဏာရှိနေသေးသည်။

ဟန်ဆောင်မှုများသည် နန်းတွင်းဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထို့အပြင် ဝမ်ဟုန်သည်သာမက ကျန့်ခန်းမင်းသားသည်လည်း ယခုကိစ္စကို လျှို့ဝှက်စွာ ကြံစည်ခဲ့သည်မဟုတ်လား...

လူကြားထဲ၌ အရှက်ကွဲရခြင်းသည် အထက်တန်းလွှာအသိုင်းအဝိုင်း၌ လုံးဝမဖြစ်သင့်သောအရာတစ်ခုဖြစ်သည်။

ယခုအခြေအနေသည် ဝမ်ဟုန့်အား တစ်စုံတစ်ယောက အကောက်ကြံလိုက်သည်နှင့် တူနေပေတော့သည်။

ဝမ်ဟုန်က တိတ်ဆိတ်နေမိဆဲတွင် အခြားလူတစ်ဦး၏ရယ်သံ ထွက်ပေါ်လာသည်။

"အဲဒါ တကယ်ပဲ ချီလန်လား...မတွေ့ရတာ တစ်နှစ်တောင်ကြာပြီဆိုတော့ ချီလန်က ငါ့ကို မှတ်မိပါတော့မလားတောင်မသိဘူး..."

ထို နုပျိုသည့် အသံပိုင်ရှင်သည် ဧကရာဇ်၏အရင်းနှီးဆုံးသူငယ်ချင်း မင်းသားရန်ဖြစ်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချီလန်ပြန်ရောက်လာပြီလို့ လူတွေပြောနေကြတာ ကြားလိုက်တယ်...အခု ချီလန်က တကယ်ပြန်ရောက်နေပြီဆိုတော့ မြို့ထဲက မိန်းကလေးတွေက ကျွန်ုပ်တို့ကို လှည့်ကြည့်တော့မှာတောင် မဟုတ်ဘူးထင်ပါတယ်..."

အခြားလူတစ်ယောက်က ဝင်ပြောလိုက်သည်။

ထိုစကားကြောင့် လူအုပ်ကြီးက ရယ်လိုက်သည်

ထိုအချိန်၌ အသံတိုးတိုးနှင့် မိန်းကလေးက ထပ်ခေါ်လိုက်ပြန်သည်။

"ချီလန် ချီလန်...ဘာဖြစ်လို့ အပြင်ကို ထွက်မလာသေးတာပါလဲ..."

အပြင်က ရယ်သံများကို နားထောင်၍ ဝမ်ဟုန်က ပြုံးလိုက်သည်။ ထို့နောက် ဝတ်ရုံလက်ဖြင့် ချန်ရုံ၏မျက်နှာကိုလွှမ်းကာ ပါးစပ်ကို ပိတ်ထားလိုက်လေသည်။

ထို့နောက်တွင်မှ လက်ကိုဆန့်၍ လိုက်ကာကို ဖြည်းညှင်းစွာ မလိုက်သည်။

ဝမ်ဟုန်၏မျက်နှာပေါ်လာသောအခါ မိန်းကငယ်က စိတ်ပူသည့်ပုံဖြင့် တအံ့တဩပြောလိုက်သည်။

"ချီလန် ဘာဖြစ်နေတာပါလဲ...ဘာဖြစ်လို့ မျက်နှာတစ်ခုလုံးနီရဲနေတာလဲဟင်...အဝတ်အစားတွေကလည်း ဖရိုဖရဲဖြစ်လို့..."

ထိုမိန်းကလေး၏မျက်လုံးများက ဝမ်ဟုန်၏ အင်္ကျီမပါသော ခန္ဓာကိုယ်အပေါ်ပိုင်းဆီသို့ အကြည့်ရောက်သွားသောအခါ မျက်နှာတစ်ခုလုံး ရှက်သွေးဖြင့် နီရဲသွားသည်။

ထို့နောက် မိန်းကလေးသည် လည်ပင်းကိုဆန့်၍ ရထားလုံးထဲသို့ ချောင်းကြည့်လိုက်တော့သည်။