Chapter 12
Viewers 2k

【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ၁၂】


Chapter 12


နောက်တစ်နေ့မနက်တွင် လင်ဖု၏ ဥက္ကဋ္ဌရုံးခန်းတံခါးသို့ စူးချုံ ရောက်ရှိလာသောအခါ လင်ဖုသည် လက်အောက်ငယ်သားတစ်ဦးကို ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းနေတာ ထူထပ်သောတံခါးဘောင်မှနေ၍ ကြားလိုက်ရသည်။


"ကျေးဇူးပြုပြီး ထိုင်ပါဦး။" ရှောင်ကျန်းက စူးချုံကို စောင့်ဆိုင်းခန်းရှိ သားရေဆိုဖာဆီသို့ ခေါ်သွားကာ "ဒီမှာ ခဏစောင့်ပါ။"


ငါတို့ရဲ့ မစ္စတာလင် အမြဲဂုဏ်ယူခဲ့တဲ့ ကျိုးကြောင်းဆီလျော်မှုက လုံးဝကို ပြိုပျက်သွားခဲ့ပါပြီ။


စူးချုံသည် သူ့လက်များကို သတိထားပြီး ဝှေ့ယမ်းကာ ဘေးနားတွင် ရပ်လိုက်ပြီး ဆိုသည်။ "ငါမတ်တတ်ရပ်နေလိုက်ပါ့မယ်။"


ဒီလောက်ကောင်းတဲ့ ဆိုဖာကို အပေါက်ဖြစ်အောင်လုပ်မိရင် ရှက်စရာကြီး...


မနေ့ညက ရှောင်ကျန်း အိပ်ရာဝင်ခါနီးတွင် လင်ဖုသည် ဖုန်းခေါ်ပြီး ရှောင်ကျန်းကို သူ့အားလာခေါ်ရန် ပြောခဲ့သည်။


ရှောင်ကျန်း ရောက်ရှိလာသောအခါ အမြဲတမ်း ခပ်မိုက်မိုက်ဖြင့် လွှမ်းမိုးနိုင်သော မစ္စတာလင်သည် ညဝတ်အင်္ကျီနှင့် ကုတ်အင်္ကျီကို ဝတ်ဆင်ကာ လမ်းဘေးတွင် မတ်တတ်ရပ်နေပြီး နွေးထွေးစေရန် ခြေထောက်များကို ဆောင့်နေပြီး သူ့လက်များကို လေမှုတ်နေသည်။ စကားများပြီးနောက် ဇနီးသည်က အိမ်မှနှင်ထုတ်ခံရသော မ‌ယားကြောက် ခင်ပွန်းသည်နဲ့တူသည်။


ဒီမနက် ကုမ္ပဏီကို လာပြီးနောက် လင်ဖုသည် ပေါက်ကွဲတော့မည်အခြေအနေ ရောက်နေ၏။ သူသည် အရာအားလုံးကို စိတ်တိုင်းမကျဘဲ စိတ်အခြေအနေမကောင်းတာ သိသာပါသည်။


သူတို့က စကားများထားတာ ဖြစ်လောက်တယ်... ဒါကိုစဉ်းစားရင်း ရှောင်ကျန်းက စူးချုံကို တိတ်တဆိတ်ကြည့်နေခဲ့သည်။


အိုး... မင်းက ခက်ခက်ခဲခဲ ကစားတဲ့ နတ်ဆိုးလေးပဲ၊ ငါတို့မစ္စတာလင်က မင်းနဲ့ ဘာလုပ်ရမလဲ။


စူးချုံသည် တံခါးအပြင်ဘက်တွင် ရပ်ကာ ရုံးခန်းရှိလူများကို ဆူပူကြိမ်းမောင်းနေသည့် လင်ဖု၏ အသံကို နားထောင်ရင်း သူ့အမူအရာသည် တဖြည်းဖြည်း အပြစ်ရှိသလို မသက်မသာဖြစ်လာသည်။


ရှောင်ကျန်းသည် စူးချုံ၏အမူအရာကို သတိပြုမိပြီး ရုတ်တရက် မမျှော်လင့်ဘဲ တစ်စုံတစ်ခုကို ပြောလိုက်သည်။ "ငါတို့မစ္စတာလင်က များသောအားဖြင့် စိတ်ထားကောင်းပြီး သူ့လက်အောက်ငယ်သားတွေကို ဂရုစိုက်တတ်ပါတယ်။ အခုနွေရာသီမှာ မစ္စတာလင်က ကုမ္ပဏီတစ်ခုလုံးကို အသားကင်စားဖို့ ကမ်းခြေကိုသွားဖို့ စီစဉ်ပေးခဲ့တာ။ ငါတို့အတွက် သိုးသားတောင် ကိုယ်တိုင်ကိုယ်ကျ ကင်ပေးခဲ့သေးတယ်။"


စူးချုံက ‘အင်း’ဟု စိတ်ရှုပ်ထွေးစွာ အသံပြုလိုက်သည်။


"ပြီးခဲ့တဲ့ ကုမ္ပဏီပါတီပွဲမှာ မစ္စတာလင်က အရက်မူးနေတဲ့ ဌာနမန်နေဂျာကို လေဝင်လေထွက်မရှိဘဲ အိမ်ပြန်ပို့ခဲ့တယ်။" အမြဲတမ်း စကားနည်းသော ရှောင်ကျန်းက ဒီနေ့ ဆေးမှားသောက်ထားပုံရသည်။


စူးချုံသည် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများ အနည်းငယ်နီလာကာ "အင်း..."


သူ ကောင်းတာ ငါသိတာပေါ့...


သူငိုတော့မဲ့ပုံပေါက်နေတာကို မြင်လိုက်ရတော့ ရှောင်ကျန်းက လျင်မြန်စွာ လိမ်ညာလိုက်သည်။ "အရက်မူးတဲ့ ဌာနမန်နေဂျာက မိန်းမတစ်ယောက်ပါ"


မစ္စတာလင်က ဂေးလေ...


"အိုး..." စူးချုံသည် စိတ်ရှုပ်ထွေးနေပုံရပြီး ရှောင်ကျန်းက ဘာကြောင့် ရုတ်တရက် ဒီလိုပြောတယ်ဆိုတာ နားမလည်ဘူး။


သူ မပျော်မရွှင်ဖြစ်နေသေးတာကိုမြင်တော့ ရှောင်ကျန်းက နောင်တရစွာ ပြောလိုက်သည်။ "မဟုတ်ဘူး၊ ဌာနမန်နေဂျာက တကယ်တော့ ယောင်္ကျားပါ"


စူးချုံသည် တိတ်ဆိတ်သွားပြီး သူ့ပါးစပ်ထောင့်များမဲ့သွားကာ လက်ချောင်းများဖြင့် ကစားရန် ခေါင်းကို ငုံ့ထားလိုက်သည်။


ရှောင်ကျန်း: ...


ဘယ်လိုပြောမှ မင်း ကျေနပ်နိုင်မှာလဲ...


ထိုအချိန်တွင် ဥက္ကဋ္ဌရုံးတံခါးပွင့်လာပြီး လင်ဖု ဆူပူကြိမ်းမောင်းခံရသော ဌာနမန်နေဂျာသည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့သည်။


ရှောင်ကျန်းသည် စူးချုံ၏အကြည့်မှ ဌာနမန်နေဂျာ၏ နူးညံ့သိမ်မွေ့ပြီး လှပသောမျက်နှာကို တားဆီးရန် ချက်ချင်းပင် ပြေးသွားခဲ့သည်။


"မင်းဘာလုပ်နေတာလဲ။" ဌာနမန်နေဂျာသည် ရှောက်ကျန်းကြောင့် မြေပြင်ပေါ် လှဲလုနီးပါးဖြစ်သွားသည်။


"မြန်မြန်သွား၊ နောက်ပြန်လှည့်မကြည့်နဲ့၊ အဲဒီလူကို မင်းမျက်နှာ မမြင်စေနဲ့။" ရှောင်ကျန်းက အေးစက်စွာပြောသည်။


အားကိုးရာမဲ့ကြည့်နေသော ဌာနမန်နေဂျာ: …


ကုမ္ပဏီမှာ စိတ်ရောဂါရနေတဲ့ လူတစ်ယောက်ရှိတယ်။ ဒီအဆိုင်းမှာ ငါ အလုပ်လုပ်‌လို့ မရတော့ဘူး။


ရုံးခန်းထဲတွင် အခြားမည်သူမျှမရှိသည်ကို မြင်လိုက်ရသဖြင့် စူးချုံသည် အလိုလိုဝင်လာကာ တံခါးဝတွင်ရပ်ကာ "လင်ဖု" ဟု ခေါ်လိုက်သည်။


စာရွက်စာတမ်းများကိုဖတ်ရန် အာရုံစိုက်နေသော လင်ဖုသည် ရုတ်တရက်ကြည့်လိုက်ရာ ရောက်ရှိလာသောလူမှာ စူးချုံဖြစ်ပြီး လင်ဖု၏အမူအရာမှာ ရုတ်တရက် အလွန်ရှုပ်ထွေးသွားတာကို တွေ့လိုက်ရသည်။


ရှောင်ကျန်း: …


ငါတို့မစ္စတာလင်က အံ့ဩသွားတယ်...


"ငါမင်းကိုပြောစရာရှိတယ်..." စူးချုံသည် လင်ဖု၏လက်ထဲက ရှုံ့တွနေသော စာရွက်စာတမ်းများကိုကြည့်ပြီး မဝံ့မရဲမေးလိုက်သည်။ "မင်းမှာ အချိန်ရှိလား။" 


လင်ဖုသည် စာရွက်စာတမ်းကို ချက်ချင်းဘေးသို့ ပစ်ချလိုက်ပြီး စူးချုံကို လေးလေးနက်နက်ကြည့်ကာ တိုးတိုးပြောသည်။ "အင်း၊ ပြောလေ"


ရှောင်ကျန်း: …


ငါတို့မစ္စတာလင်ရဲ့ အမြင်က တိကျတဲ့ပါဝင်မှုတွေကို ခွဲခြမ်းစိတ်ဖြာဖို့ အရမ်းရှုပ်ထွေးပေမဲ့ နက်နဲတဲ့အချစ် 50% ထက်ကျော်လွန်နေတာ သေချာတယ်။


"ငါတို့ ခေါင်မိုးပေါ်တက်ပြီး စကားပြောလို့ရမလား။" စူးချုံက မျက်နှာကျက်ကို ညွှန်ပြသည်။


"ကောင်းပြီ" လင်ဖုသည် အမြန်ထရပ်လိုက်ပြီး သူ့အဝတ်အစားများကို သန့်ပြန့်အောင်ပြုပြင်ကာ စားပွဲနောက်ကနေ ထွက်လာသည်။ သူ့မျက်လုံးများက ကမ္ဘာပေါ်မှာ တည်းခိုစရာနေရာ တစ်နေရာသာရှိသကဲ့သို့ စူးချုံကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။


လင်ဖုသည် ကြမ်းပြင်ကိုမကြည့်ဘဲ ကော်ဇောနဲ့ ခလုတ်တိုက်မိမှာကို စိတ်ပူနေသော ရှောင်ကျန်း: …


လခွမ်း၊ ငါတို့မစ္စတာလင်က မင်းရဲ့တောင်းဆိုချက်တွေကို မငြင်းဆန်နိုင်ဘူးဆိုတာ သူ့ကိုယ်သူသိသွားပြီ။


ရုံးခန်းမှထွက်လာပြီးနောက် နှစ်ယောက်သား ဓာတ်လှေကားဖြင့် အပေါ်ထပ်သို့ တက်ခဲ့ကြသည်။


ဓာတ်လှေကား၏ ပျင်းစရာကောင်းပြီး ဖျော့တော့သော အသံမျှသာ ရှိပြီး လေထုသည် အနည်းငယ် ငြိမ်သက်နေသဖြင့် စူးချုံက ခေါင်းငုံ့ကာ တစ်ခုခုပြောရန် မေးလိုက်သည်။ "မနေ့ညက မင်း ကောင်းကောင်းအိပ်ပျော်ရဲ့လား။"


လင်ဖုသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး သူ့အသံသည် နူးညံ့သိမ်မွေ့ပြီး အကူအညီမဲ့နေသည်။ "ကိုယ် သိပ်ပြီးအိပ်လို့မပျော်ဘူး။"


စူးချုံကို သူချစ်မိသွားရသည့် အကြောင်းရင်းက အစပိုင်းမှာ သနားပြီး ချစ်မိတာကြောင့်ဆိုပေမဲ့ ပိုအရေးကြီးတာက စူးချုံသည် ဆင်းရဲနေပေမဲ့ လောဘမကြီးသလို ပစ္စည်းဥစ္စာပိုင်ဆိုင်လိုစိတ်လည်း မရှိဘဲ အခြားသူများကို ဒုက္ခပေးမည့်အစား သူကိုယ်တိုင်သာ နာကျင်ခံစားလိမ့်မည်။ သို့သော် မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ဤအရာအားလုံး၏ စစ်မှန်မှုကို လင်ဖုအား သံသယဝင်သွားစေခဲ့သည်။


သူသည် အရင်ကတည်းက သိထားပြီးသားဖြစ်ပြီး သူ၏ကိုယ်ပိုင်ပစ္စည်းများကို လျှို့ဝှက်စုဆောင်းထားတာကာ သူ့ကို လုံးဝမသိသလို ဟန်ဆောင်နေရတာ ဘာကြောင့်လဲ။


ဒါကိုတွေးရင်း လင်ဖုသည် သူ့အတွေးများကို နှောင့်ယှက်လိုက်၏။ စူးချုံကိုယ်တိုင်မရှင်းပြခင် သူ ဆိုးဆိုးရွားရွား မတွေးချင်ပေ။


ဓာတ်လှေကားတံခါးပွင့်လာပြီး ဓာတ်လှေကားမှ ဆင်းလာသောအခါတွင် ကျဉ်းမြောင်းသော မှန်တံခါးကို လင်ဖုက တွန်းဖွင့်လိုက်ရာ ပြင်းထန်သော လေအေးသည် သူ့အင်္ကျီထောင့်ကို တွန်းထုတ်လိုက်သည်။ လင်ဖုသည် လျင်မြန်စွာ လျှောက်လာပြီး စူးချုံ ထွက်လာ‌ရန် တံခါးကိုကိုင်ထားကာ စူးချုံကို တိုက်ခတ်လာသော အေးစက်သောလေများကို သူ့ခန္ဓာကိုယ်ဖြင့် တိတ်တိတ်လေး ကာထားသည်။


"မင်းပြောစရာရှိရင် ပြောလိုက်ပါ။" လင်ဖုသည် ခေါင်မိုးအစွန်းမှာရပ်ပြီး လက်ရန်းကိုကိုင်ကာ အောက်ကိုငုံ့ကြည့်လိုက်သည်။


ဆောင်းရာသီတွင် မြို့သည် စိမ်းလန်းစိုပြေမှုများစွာ ပျောက်ရှသွားသည်။ မီးခိုးရောင်အဝေးပြေးလမ်းမပေါ်မှာ မော်တော်ယဉ်များ ဖြည်းညှင်းစွာတွားသွားနေ၏။ ကောင်းကင်က မှုန်မှိုင်းနေပြီး ဆီးနှင်းများကျလုနီးနီး ဖြစ်နေသည်။ ပတ်ပတ်လည်တွင် အရာအားလုံးက ညှိမှိုင်းပြီး ခြောက်ကပ်နေသည်။


စူးချုံသည် သူ့လည်ချောင်းကို ရှင်းထုတ်ပြီး တံတွေးမျိုချလိုက်ကာ အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သလိုပါပဲ။ "တကယ်တော့ ငါက လူသားမဟုတ်ဘူး။"


လင်ဖုက ရယ်ချင်သလိုလို မျက်ခုံးပင့်လိုက်သည်။


စူးချုံသည် နှုတ်ခမ်းထောင့်ကို မြှောက်လိုက်ပြီး ခပ်ရေးရေး ပြုံးပြကာ ပြောလိုက်သည်။ "ငါက ကောင်းကင်ကနေ ဆင်းသက်လာတဲ့ ဆင်းရဲခြင်းနတ်ဘုရားပဲ။" 


လင်ဖု၏အမူအရာသည် ရုတ်တရက် ထူးဆန်းလွန်းသဖြင့် စကားလုံးဖြင့် ဖော်ပြရခက်သည်။


"မင်းယုံမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်။" စူးချုံသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဖြူဖွေးသွယ်လျသောလက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လင်ဖု၏ ဘယ်ဘက်မျက်ခွံကို နွေဦးပေါက်ပန်းပွင့်ကဲ့သို့ ထိလိုက်ပြီးနောက် လက်ညှိုးကို မြှောက်ကာ အဝေးသို့ ညွှန်ပြလိုက်ရာ သူ့လေသံက အိပ်မက်ကဲ့သို့ နူးညံ့နေသည်။ "ကြည့်လိုက်"


လင်ဖုသည် ခေါင်းကိုလှည့်ကာ စူးချုံ၏လက်ချောင်းဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။