အပိုင်း 191
Viewers 24k

Chapter 191
ရိုးသားမှု သို့မဟုတ် ဟန်ဆောင်မှု


အရိပ်အာဝါသအပြည့်ရှိသောလမ်းပေါ်၌ဖြစ်သည်။

" သခင်လေး ... သူတို့က ဟိုဘက်မှာပါ ... "

မိန်းမစိုးငယ်တစ်ဦးက ရိုသေကျိုးနွံစွာဆိုလိုက်ပြီး ဝတ်ရုံဖြူနှင့်အမျိုးသား လွတ်လပ်စွာလျှောက်လှမ်းသွားနိုင်ရန် ခြေလှမ်းတစ်ဝက် ဆုတ်ပေးလိုက်လေ၏။

ယင်းနောက်တွင် တဖြည်းဖြည်းချဉ်းကပ်လာသည့်ထိုအမျိုးသားငယ်မှာ ရယ်သံတစ်ပိုင်းတစ်စအား လှမ်းကြားလိုက်ရရှာသည်။ထိုအရာမှာ ဧကရာဇ်မင်းမြတ်၏အသံဖြစ်လေ၏။သို့သော်လည်း ၎င်းရယ်မောသံများကြားမှ မိန်းကလေးတစ်ဦး၏အသံကိုလည်း သူကြားလိုက်ရသည်။

ထိုအမျိုးသား၏ခြေလှမ်းများက သိသိသာသာပင် နှေးကွေးသွားခဲ့သည်။

မိုးမခပင်များအား ဖြတ်ကျော်ပြီးနောက်တွင် သူသည် ထိုနှစ်ဦးထံမှ ခြေလှမ်းနှစ်ဆယ်စာ အကွာအဝေးသို့ရောက်ရှိလာခဲ့လေ၏။ရောက်ရှိလာကြောင်းအား လူကိုယ်တိုင်အသိပေးတော့မည့်ဆဲဆဲတွင် ဧကရာဇ်မင်းမြတ်ထံမှ " အားရုံ ... " ဟု ခေါ်ဆိုသံ ထွက်ပေါ် လာသည်။

ထိုအခါ ချန်ရုံမှာလည်း ဧကရာဇ်မင်းအား လှည့်ကြည့်ခဲ့ပြီး သူမ၏မျက်ဝန်းများက ရွှန်းစိုဝင်းလဲ့နေကာ အလှတရားအား တစ်ဆင့်တိုးစေသည်။

ဧကရာဇ်မင်းသည် ချန်ရုံ့အားစူးစူးစိုက်စိုက်ကြည့်နေရာမှ အနားသို့ရုတ်ချည်းတိုးကပ်လိုက်ပြီး လေးနက်စွာ မေးမြန်းလာခဲ့လေ၏။

" အားရုံ ... ကိုယ်တော့်တစ်သက်နဲ့တစ်ကိုယ် မင်းလို မိန်းကလေးမျိုး မတွေ့ခဲ့ဖူးဘူး ...ပြောပါဦး ... ဘာလို့ကိုယ်တော့်ကို လက်မထပ်ဘဲနေမှာလဲ ... "

နေရောင်အောက်တွင် ဧကရာဇ်မင်းမြတ်က သူ၏သွားဖြူတန်းများ ထင်းလင်းလာသည်အထိ ပြုံးရယ်နေသည်။

" လန်ယာဝမ်ချီက မင်းကိုလက်မထပ်နိုင်ဘူး ...ဒါပေမဲ့ ကိုယ်တော့်မှာတော့ ပြဿနာမရှိဘူး ... နှစ်နည်းနည်းလောက်ကြာရင် မင်းကို သရဖူဆောင်းပေးပြီး ဧကရီအရာအပ်နှင်းမယ် ဘယ်လိုလဲ ... "

ယင်းလေသံက ရှင်းလင်းပြတ်သားပြီး သူ၏အပြုံးမှာ လင်းလင်းချင်းချင်းနွေဥတုအလင်းရောင်အောက်တွင်ရှိနေသောပန်းခင်းသကဲ့သို့ ကြည်လင်သည်။တောက်ပပြီး တည့်တိုးဆန်ကာ မျက်စိကြိမ်းဖွယ်ရာဖြစ်လေ၏။

စိမ်းလန်းစိုပြေသောမိုးမခပင်များအောက်တွင်မူ ချောမောသောအမျိုးသားငယ်တစ်ဦး မလှုပ်မယှက်ရှိနေလေသည်။


ဝမ်ဟုန်က ဖြည်းညင်းစွာ ပြုံးလိုက်ပြီး အနားတိုးသွားကာ " ကျွန်တော်မျိုးဝမ်ဟုန် နှုတ်ခွန်းဆက်သပါတယ် ဧကရာဇ်မင်းမြတ် ... " ဟု ဆိုလျက် ‌ဦးညွှတ်အရိုအသေပေးလိုက်သည်။

ထိုအသံက ကျန်နှစ်ဦးအား နိုးကြားသွားစေပြီး သူတို့က ဝမ်ဟုန့်အား လှည့်ကြည့်လာခဲ့ကြသည်။ကနဦးက ရယ်မောနေသောမျက်နှာထားများမှာတော့ အနည်းငယ်ကျန်ရှိနေဆဲပင်။ဧကရာဇ်မင်းမြတ်မှာ မဆိုစလောက်လေး စိတ်အနှောက်အယှက်ဖြစ်သွားကြောင်း သေချာပေ၏။

ဝမ်ဟုန်က ယဉ်ကျေးသိမ်မွေ့သော်လည်း တည်ငြိမ်အေးစက်သည့်အပြုံးဖြင့် နှစ်ဦးသားအား ကြည့်ရှုနေခဲ့သည်။

သူသည် ချန်ရုံ့အား တစ်ချက်လှမ်းကြည့်ပြီးနောက် နှုတ်ခမ်းစွန်းများကို ကွေးညွှတ်ကာ ဧကရာဇ်အား လျှောက်တင်လိုက်လေ၏။

" ဟုန်ယွင်ကျီဆိုတာက အရှင်ကိုယ်တိုင်အပ်နှင်းထားတဲ့ဘွဲ့အမည်ပါ ... ပေါ့ပေါ့တန်တန်ဖြစ်အောင် လုပ်ဖို့မသင့်ကြောင်းပါ ... "

ဝမ်ဟုန်က ပေါ့ပါးစွာပြုံးပြနေခဲ့ပြီး သူ၏လေသံမှာ ညင်သာလျက် အသံနေအသံထားမှန်ကန်သည်။
သို့သော်လည် ထိုလေသံထဲမှ ခြိမ်းခြောက်မှုအငွေ့အသက်အား ချန်ရုံနှင့်ဧကရာဇ်မင်းတို့နှစ်ဦးစလုံး ခံစားနိုင်ကြသည်။

ယင်းနောက်တွင် ဧကရာဇ်မင်းမြတ်က တစ်စုံတစ်ရာအားသတိရသွားဟန်ဖြင့် " ဪ ... ဟုတ်သားပဲ ... " ဟု ဆွဲဆွဲငင်ငင်ရေရွတ်လိုက်လေ၏။

" ဟုတ်တယ် ... ဟုတ်တယ် ... ငါကိုယ်တော် အားရုံကို သာသနာ့ဘောင်ထဲသွတ်သွင်းမိထားတာ ... "

ဧကရာဇ်မင်းမှာ ပြောပြောဆိုဆိုဖြင့်ချန်ရုံ့အားလှည့်ကြည့်လာပြီး အနားသို့တိုးကပ်သွားလေ၏။

" အားရုံ ... ကိုယ်တော့်ကို ဒီနယ်တစ်ဝိုက်မှာ ဉာဏ်တုံးပြီးတော့ ဆင်ခြင်တုံတရားမရှိတဲ့ဧကရာဇ်လို့ သမုတ်နေကြတာကိုသိလား ... "

ဧကရာဇ်မင်းမြတ်၏မျက်ဝန်းများထဲ၌ ရွှန်းလဲ့မှုအချို့ရှိနေခဲ့ပြီး သူက လည်ပင်းအားပြန်လည်ထောင်မတ်လိုက်ကာ တက်တက်ကြွကြွဆက်လက်ပြောကြားသည်။

" ကိုယ်တော့်ဧကရီကသာ အရှင်မတစ်ယောက်ဆိုရင် မကြုံစဖူးဖြစ်သွားမှာပဲမလား ... အရမ်းထိတ်လန့်စရာကောင်းမယ်မလား ... "

ယင်းနောက်တွင် သူက ဝမ်ဟုန့်အားလှည့်ကြည့်လိုက်၏။

"မောင်မင်းမသိဘူးလား ချီလန် ... ကိုယ်တော်က မထီမဲ့မြင်ပြုနေကြတဲ့အရာတွေအားလုံးကို ပိုက်ထွေးထားရတယ်ဆိုတာကို ... ဘယ်လိုလုပ်ပြီးတော့ လက်လွှတ်စပယ်နေနိုင်မှာလဲ "

ဧကရာဇ်မင်းမှာ ပြောဆိုနေလက်စဖြင့် တစ်စုံတစ်ခုအား သတိရသွားသည့်သဖွယ် ဝမ်ဟုန့်အား လုံးစေ့ပတ်စေ့ကြည့်ရှုလာခဲ့သည်။

" ဒါမှမဟုတ် မောင်မင်းက ဒီကို အားရုံအတွက် လာတာလား ... "

ဧကရာဇ်မင်းမြတ်က ဝမ်ဟုန့်ကို စူးစူးစိုက်စိုက်ကြည့်နေရာမှ ချန်ရုံ့အား သူ့အနောက်သို့ဆွဲသွင်းလိုက်တော့သည်။

" မောင်မင်းက ဒီမိန်းကလေးရဲ့နိမ့်ကျတဲ့နောက်ခံအပေါ် အထင်အမြင်သေးနေပုံပဲ ... မောင်မင်းကိုယ်တိုင်က အဲလိုဖြစ်နေရင်လည်း ဒီတစ်ယောက်ကို ငါကိုယ်တော့်ဆီပေးလိုက်သင့်တယ် ... "

ယင်းနောက်တွင် သူက အနီးနားမှ ကျောက်စိမ်းခွက်အား လှမ်းယူပြီး ဝမ်ဟုန့်ထံသို့ ထိုးပေးလိုက်လေ၏။

" ရော့ ... ဒါနဲ့လဲမယ် .. "

ဝမ်ဟုန့်ခမျာ ထိုနေရာတွင်ပင်လျှင် အေးစက်တောင့်ခဲသွားတော့သည်။

ဝမ်ဟုန်က ချန်ရုံ့အား စေ့စေ့ကြည့်ရှုနေခဲ့ပြီး ကြည်လင်ဝင်းလဲ့နေသောမျက်ဝန်းများအရ တစ်စုံတစ်ရာပြောချင်နေပုံပင်။
သူသည်ဤတစ်သက်တာ၌ သူမ၏တစ်ဦးတည်းအမျိုးသားဖြစ်ကြောင်း ၊ သူမှလွဲ၍အခြားသူမရှိနိုင်ကြောင်းတို့အား ချန်ရုံ့ဘက်မှ ဧကရာဇ်မင်းမြတ်ထံ ဖွင့်ထုတ်ပြောလာမည်ဟု ဝမ်ဟုန်က သေချာနေပုံရလေသည်။

ချန်ရုံတစ်ယောက်သိလိုစိတ်များဖြင့်ပြည့်နှက်သွားတော့လေ၏။မဟုတ်မှလွဲ၍ ဝမ်ဟုန်မှာ သူမနှင့်ရန်မင်းတို့၏တွေ့ဆုံမှုနှင့် အပေးအယူများအကြောင်း သိရှိပြီးဖြစ်သလော။ချန်ရုံ့ခမျာ ရုတ်ချည်းပင်အကြည့်လွှဲပြီး မျက်လွှာချထားလိုက်ရတော့သည်။

ထိုအချိန်တွင် ဧကရာဇ်က ချန်ရုံနှင့်ဝမ်ဟုန်တို့အား အပြန်ပြန်အလှန်လှန်ကြည့်ရှုလာပြီး သူ၏မျက်လုံးများမှာဖြည်းညင်းစွာကွေးညွတ်သွားလျက် နူးညံ့သောအပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

" သွား‌တော့ ချီလန် သွား ... သွား ... "

ချန်ရုံ့အား စူးစိုက်ကြည့်ရှုနေဆဲဖြစ်သည့် ဝမ်ဟုန့်ကို မြင်နေရသော်လည်း ဧကရာဇ်က မသိချင်ယောင်ဆောင်သည်။

" ချီလန် ... ချီလန် ... သွားလေ ... သွား ... "

ဧကရာဇ်က ပြောပြောဆိုဆိုဖြင့် ဝမ်ဟုန်၏လက်ထဲမှ ကျောက်စိမ်းပန်းကန်လုံးထဲသို့ စားဖွယ်အချိုမုန့်များထည့်ပေးလိုက်လျက် ဆက်တိုက်တွန်းထုတ်ပြောပြန်လေသည်။

ထိုအခါ ဝမ်ဟုန့်ခမျာ အနောက်သို့ ခြေတစ်လှမ်းဆုတ်သွားရှာသည်။
ဝမ်ဟုန်က ချန်ရုံထံမှ အကြည့်လွှဲပြီး ဧကရာဇ်အား ရိုသေစွာဦးညွှတ်လျက် ခြောက်ကပ်ကပ်ပြုံးပြလိုက်လေ၏။

" စနောက်နေတာပါလား ... အရှင်မင်းကြီး ... "

ဧကရာဇ်မင်းမှာ တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ အရှေ့သို့တိုးလာခဲ့ပြီး ကျောက်စိမ်းခွက်အား ဝမ်ဟုန်၏ရင်ခွင်ထဲသို့အသေအချာထိုးထည့်ပေးရန် ပြင်ဆင်နေလေသည်။

ထိုစဉ်တွင် အသက်ကြီးကြီးမိန်းမစိုးတစ်ဦးက တောအုပ်တစ်နေရာမှ ပြေးထွက်လာပြီး "အရှင်မင်းကြီး ... မင်းဆရာကျောက် ကြွလာပါပြီ ... " ဟု အမောတကော အသိပေးသည်။

ထိုအခါ ဧကရာဇ်မင်းခမျာ လုပ်လက်စများအား အောင့်သက်သက်ဖြင့် ရပ်တန့်လိုက်ရပြီး ကျောက်စိမ်းပန်းကန်လုံးအား ဘေးသို့ ပစ်ချကာမျက်မှောင်ကြုတ်သွားခဲ့လေသည်။

" ခုကတည်းကလား ... "

ယင်းနောက်တွင် သူက ဝမ်ဟုန့်အား အမှုမဲ့အမှတ်မဲ့တစ်ချက်ကြည့်လိုက်ပြီး တစ်ကိုယ်တည်း မြည်တွန်တောက်တီးလာတော့၏။

" ပျော်ဖို့ကိုမကောင်းဘူး ... ဘာလို့အစောကြီးရောက်လာတာလဲဟ .. "

ဧကရာဇ်မင်းမြတ်မှာ ပြောပြောဆိုဆိုဖြင့် ၎င်းနေရာမှထွက်ခွာသွားတော့လေသည်။ခြေတံရှည်များကြောင့်တစ်လှမ်းချင်းစီက ခရီးအတော်တွင်စေသည်။

ဝမ်ဟုန်က ဧကရာဇ်အားတစ်ချက်လှည့်ကြည့်လိုက်ပြီး ချန်ရုံ့အနားသို့တိုးကပ်သွားခဲ့သည်။

ထိုအခါ ခပ်လှမ်းလှမ်းတွင်ရှိသောဧကရာဇ်မှာ တစ်စုံတစ်ရာအားသတိရသွားသကဲ့သို့ အချိန်ကိုက်ပင် ဆတ်ခနဲလှည့်ကြည့်လာလေ၏။နှစ်ဦးသား၏‌နီးကပ်နေမှုကိုမြင်လိုက်ရသောအခါ ဧကရာဇ်က ခပ်ဆတ်ဆတ် ဆိုလာခဲ့သည်။

" ဝမ်အိမ်တော်က ချီလန် ... ဟုန်ယွင်ကျီက အရှင်မတစ်ပါးနော် ... မောင်မင်းက သူ့နားကပ်ပြီး ဘာလုပ်နေတာလဲ"

သူသည် ဝမ်ဟုန့်အား မျက်ဝန်းကျဉ်းကျဉ်းများဖြင့်စိုက်‌ကြည့်နေရင်း တစ်ကိုယ်တည်းကြားလောက်သောလေသံဖြင့် ရေရွတ်လိုက်လေ၏။

" ငါက မိုက်မဲနေမှန်းသိတယ် ... ဒါပေမဲ့ ဘယ်သူကမှ ဝမ်ဟုန်က အဲဒီတစ်ယောက်(မိုက်မဲတဲ့သူ)လို့ပြောမထားဘူး ... ဟုန်ယွင်ကျီက ငါကိုယ်တော်ကိုယ်တိုင် ချီးမြှောက်ထားတဲ့အရှင်မပဲ ... မောင်မင်းက သူ့ကိုအသိမိတ်ဆွေအနေနဲ့ စောင့်ရှောက်ပေးနေတာကို ကြားရလို့ဝမ်းသာတယ် ... "

ခေတ္တစကားရပ်ပြီးနောက် ဧကရာဇ်မှာ အဆီအငေါ်မတည့်စွာဖြင့် ဘောက်ဆတ်ဆတ်ပြောလာပြန်လေ၏။

" ဒီမယ် မောင်မင်း ... အဲလိုဆိုတိုင်း အခွင့်ကောင်းယူမယ်တော့မကြံနဲ့နော် ...အရှင်မတစ်ယောက်နဲ့ ဗရုတ်သုတ်ခတွေလုပ်ချင်နေတာလား ... "

ဧကရာဇ်မင်း၏စကားပြောနှုန်းကမြန်ဆန်ပြတ်သားလွန်းပြီး လိမ္မာပါးနပ်သောဝမ်ဟုန်သည်ပင်လျှင် ထိုနေရာ၌ ကျောက်တုံးကြီးသကဲ့သို့သာ မတ်တပ်ရပ်နေနိုင်ခဲ့သည်။
ဧကရာဇ်မင်းမှာ ဝမ်ဟုန်၏တုံ့ပြန်မှုအား မစောင့်ဆိုင်းဘဲ ချန်ရုံ့အား နွေးထွေးစွာပြုံးပြလိုက်၏။

"စိတ်မပူပါနဲ့ အားရုံ ... မင်းအတွက် ကိုယ်တော်တစ်ယောက်လုံး ဒီမှာရှိတယ် ...ကိုယ်တော် မင်းကိုလုံခြုံအောင် စောင့်ရှောက်မယ်"

ထို့နောက်တွင် သူက တစ်ဖက်သို့ပြန်လှည့်သွားပြီးရွှင်မြူးစွာ လျှောက်လှမ်းလိုက်သည်။ခြေနှစ်လှမ်းစာအကွာ၌ ဧကရာဇ်မင်းက နောက်တစ်ကြိမ်ပြန်လှည့်ကြည့်လာသည်။

" ကိုယ်တော်ပြောတာကို စဉ်းစားထားပါ ... နောက်တစ်ကြိမ်တွေ့ရင် အဖြေလိုချင်တယ် "

ချန်ရုံ့အား ထိုကဲ့သို့စိတ်အားထက်သန်စွာပြောအပြီးတွင် ဧကရာဇ်မင်းမြတ်မှာ မြူတူးစွာဖြင့်တောအုပ်တစ်ဖက်သို့ ဝင်လျှိုးပျောက်ကွယ်သွားခဲ့လေသည်။

ဧကရာဇ် ထွက်သွားကြောင်း အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ဝမ်ဟုန်က "သွားကြရအောင်" ဟု တိုးညင်းစွာပြောလာခဲ့သည်။
ယင်းနောက်တွင် သူက တစ်ဖက်သို့လှည့်၍ ဦးဆောင်လျှောက်လှမ်းလိုက်၏။သို့သော်လည်းချန်ရုံမှာ လိုက်ပါလာခြင်းမရှိပေ။

" အားရုံ ... ဒီနေရာက ကြာကြာနေသင့်တဲ့နေရာမဟုတ်ဘူးနော် ... "

ဝမ်ဟုန်က အနောက်သို့လှည့်ကြည့်ပြီးပြောလိုက်သည်။
သူ၏လေသံထဲ၌ အပြုံးမျက်နှာနှင့် မတူကွဲပြားလှသောအေးစက်စက်အငွေ့အသက်များ ရောယှက်နေပေ၏။

ထို့နောက်တွင် နှစ်ဦးသား ဘေးချင်းယှဉ်၍ ထိုနေရာမှထွက်ခွာလာခဲ့ကြသည်။ဝမ်ဟုန်၏လမ်းလျှောက်နှုန်းက ပိုမိုမြန်ဆန်ပြီး ချန်ရုံမှာ အနောက်၌ တဖြည်းဖြည်းကျန်ရစ်ခဲ့လေ၏။တစ်ဖက်လူအား အမှီမလိုက်နိုင်သောကြောင့် ချန်ရုံက အရှိန်လျှော့ကာ သူမအရှိန်နှင့်သူမ အေးအေးလူလူလျှောက်လှမ်းလာခဲ့သည်။

နံဘေးမှတိတ်ဆိတ်မှုအငွေ့အ‌သက်ကြောင့် ဝမ်ဟုန်လှည့်ကြည့်လိုက်မိသည်။သူ၏ဘေး၌ မည်သူမှရှိမနေဘဲ ချန်ရုံမှာ ခြေလှမ်းတစ်ရာခန့်အကွာအဝေး၌ ကျန်ရစ်ခဲ့သည်။
အဝေးမှလှမ်းမြင်ရသည့်ပုံပန်းသွင်ပြင်မှာ တည်ငြိမ်အေးချမ်းလှပြီး အဝါရောင်အရှင်မဝတ်စုံမှာ ထိုမိန်းကလေး၏ကျက်သရေနှင့်ဆွဲဆောင်မှုအား မလျော့ကျစေပေ။ဝမ်ဟုန်က ချန်ရုံ့အား တိတ်တဆိတ် ကြည့်နေခဲ့လေသည်။
အချိန်အတော်ကြာသောအခါ သူမက အနီးအနားသို့ရောက်ရှိလာသည်။

ယခုအချိန်၌ ချန်ရုံမှာ စိတ်အခြေအနေကောင်းနေပြီး ဝမ်ဟုန့်အား မော့ကြည့်၍ပြုံးပြလိုက်လေ၏။သို့သော်လည်း ဝမ်ဟုန်က ရုတ်ချည်းပင် အကြည့်လွှဲလိုက်ပြီး နှုတ်ဆိတ်စွာဖြင့် ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။

များမကြာမီတွင်ပင် နှစ်ဦးသား သက်ဆိုင်ရာလှည်းရထားများထံသို့ ရောက်ရှိလာကြသည်။
ချန်ရုံမှာ လှည်းယာဉ်ပေါ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ကန့်လန့်ကာစအား ဆွဲချလိုက်ပြီး ထိုင်ခုံ၌ သက်တောင့်သက်သာမှီထိုင်လျက် စတင်တွေးတောတော့သည်။

စစ်မားကျန်းသည် စိတ်ဝင်စားစရာကောင်းသူတစ်ဦးဖြစ်လေ၏။သို့သော်လည်း သူမအား သူပြောသောစကားများက မည်သည့်အတိုင်းအတာထိ မှန်ကန်မည်ကို သိချင်မိသေးသည်။

ချန်ရုံတစ်ယောက် ရုတ်ချည်းပင် ခေါင်းတွင်တွင်ခါယမ်းလိုက်တော့၏။မှန်ကန်လျော်ညီမှု ရှိမရှိအားအဘယ်ကြောင့် ဂရုပြုနေသင့်သနည်း။ဧကရာဇ်မင်းထံမှ ကျောထောက်နောက်ခံရှိရုံဖြင့်ပင် အခြေအနေကောင်းနေပြီမဟုတ်ပါလော။
ချန်ရုံက တစ်ချက်ပြုံးလိုက်ပြီး ဆက်လက်တွေးတောသည်။

ဧကရာဇ်မင်းထံမှ အကူအညီသာရလျှင် ကျန့်ခန်းမှထွက်သွားပြီး မြေယာကိုထိန်းသိမ်းရန် အဆင်ပြေသွားမည်မဟုတ်ပါလော။ခေတ္တတော့စောင့်ရဦးလိမ့်မည်။ဝမ်ဟုန်ထိမ်းမြားပြီးသည်နှင့် ဤနေရာမှထွက်ခွာသွားတော့မည်။ဤမျက်နှာသွင်ပြင်ကြောင့်ပြဿနာတစ်စုံတစ်ရာဖြစ်မလာခင် အမြန်လှုပ်ရှားရပေမည်။

ချန်ရုံမှာ မျက်လုံးများကို မှိတ်ပြီး အနားယူရန် ပြင်ဆင်လိုက်သည်။ထိုအချိန်တွင် ဝမ်ဟုန်၏လေသံထွက်ပေါ်လာခဲ့၏။

" အားရုံ ... "

ချန်ရုံလည်း အမှုမဲ့အမှတ်မဲ့ပြန်ထူးလိုက်သည်။
ထိုအခါ တစ်ဖက်လူက ဧကရာဇ်မင်းမြတ်၏စကားကို မယုံကြည်ရန်ဆက်လက်ပြောကြားလာခဲ့ပြန်သည်။

ချန်ရုံက မည်သည်ကိုမှပြန်မပြောဘဲ မျက်လုံးများကိုဖွင့်လိုက်ပြီး ကန့်လန့်ကာတစ်ဖက်ခြမ်းမှ ပုံရိပ်အား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ဝမ်ဟုန်၏စကားများမှာ တားမြစ်ခြင်း သဘောသက်ရောက်နေမှန်း သူမ နားလည်သည်။

" စစ်မားကျန်းရဲ့ အမျိုးသမီးဆောင်မှာ မျိုးနွယ်စုကြီး‌တွေက မိန်းကလေးတွေအများကြီးနဲ့ပြည့်နေတာ ... သူ့ကြင်ယာတော်တွေထဲက ဘယ်သူကမှ အဲလောက်ရိုးရှင်းမနေဘူး ... ဧကရီအရာဆိုတာကလည်း ထူးကဲတဲ့အမွေအနှစ်တစ်ခုခုရှိနေမှ ရနိုင်တာ ... အားရုံ မင်းသူ့ကို မယုံသင့်ဘူး "

" အင်း ... "

ချန်ရုံက မျက်လွှာချလျက် အေး‌အေးလူလူပြန်ဖြေလိုက်သည်။၄င်းအဖြေမှာ ပေါ့လျော့လွန်းလှပြီး ကျေနပ်စရာမကောင်းချေ။
ထိုအချိန်တွင် ကန့်လန့်ကာစမှာ အပေါ်မြောက်တက်သွားခဲ့ပြီး ဝမ်ဟုန်၏ချောမောသောမျက်နှာက ချန်ရုံ၏အရှေ့တည့်တည့်၌ ပေါ်ထွက်လာခဲ့လေ၏။

လက်ရှိအချိန်၌ ဝမ်ဟုန်က ချန်ရုံ့အား စူးစူးစိုက်စိုက်ကြည့်ရှုနေသည်။

ချန်ရုံ၏မျက်နှာပေါ်မှ တည်ငြိမ်အေးစက်မှုအား မြင်လိုက်ရသောအခါ ဝမ်ဟုန်တစ်ယောက် သက်ပြင်းချမိသွားတော့လေ၏။

" ဘာဖြစ်လို့လဲ ... "
သက်ပြင်းချသံကိုကြားသောချန်ရုံက ဖြည်းညင်းစွာမေးမြန်းလာသည်။

"ဘာမှမဟုတ်ဘူး ... "

ချန်ရုံမှာ ဝမ်ဟုန်၏အဖြေအား လွယ်လင့်တကူ လက်ခံလိုက်ပြီး မည်သည်ကိုမှဆက်လက်မမေးမြန်းတော့ပေ။

" ချီလန် ... "

ဝမ်ဟုန်တစ်ယောက် ကန့်လန့်ကာအား ပြန်လည်ဆွဲချရန်တွေးတောနေစဉ်တွင် ချန်ရုံက ခပ်တိုးတိုးဆိုလာခဲ့သည်။
ထိုအခါ ဝမ်ဟုန်က နူးညံ့ပြီး အားတက်သွားသောမျက်ဝန်းများဖြင့် တစ်ဖက်လူအား ကြည့်ရှုလိုက်လေ၏။
သို့သော်လည်း ချန်ရုံကတော့ အကြည့်လွှဲထားမြဲပင်။

" ရှင် မထိမ်းမြားခင် ရက်နည်းနည်းလောက် ကြိုအသိပေးလို့ရမလား ... "

ချန်ရုံက ပြောပြောဆိုဆိုဖြင့် ပျော်ရွှင်ဝမ်းနည်းခြင်း အလျဉ်းကင်းမဲ့သောမျက်ဝန်းများဖြင့် မော့ကြည့်လာပြီး ကျီစယ်သလိုလို ဆိုလာခဲ့သည်။

" တခြားလူတွေကို မပြောခင် ကျွန်မကို အရင်ပြောပြလို့ရမလား "

သူမ၏မျက်နှာထားကပြုံးနေသော်ငြားလည်း လေသံမှာတော့ ပျော့ပျောင်းသည်။ချန်ရုံမှာ လေးလေးနက်နက်မေတ္တာရပ်ခံနေခြင်းပင်။

ထိုအခါဝမ်ဟုန်မှာအကြောင်းအရင်းတစ်စုံတစ်ရာကြောင့် တစ်ဖက်သို့ အလိုလိုလှည့်ကြည့်မိသွားပြီး အဝေးမှမှိန်ပျပျတောင်ကုန်းများထံသို့ ငေးမောနေခဲ့လေသည်။

ယင်းနောက်တွင် သူက ကန့်လန့်ကာစအား သွယ်လျလျလက်ချောင်းများဖြင့် ဆွဲချလိုက်တော့၏။

ဝမ်ဟုန်သည် ချန်ရုံ၏စကားအား ပြန်လည်ဖြေကြားခြင်း မပြုခဲ့ချေ။