Chapter 192
တရားဝင်ကြေညာခြင်း။
ကန့်လန့်ကာကိုဖြတ်၍ပေါ်နေသော ဝမ်ဟုန်၏မှုဝါးဝါးအရိပ်ကိုကြည့်ကာ ချန်ရုံ ရီချင်လာသည်။
မဟုတ်လောက်ပါဘူး......
ဒီအချိန်တွင် အပြင်ဘက်ရှိ ရယ်မောသံများနှင့် ဆူဆူညံညံအသံများက သူတို့ကိုနှောင့်ယှက်လာလေသည်။
ချန်ရုံက သူမ၏ကန့်လန့်ကာစကိုမကာ ချောင်းကြည့်လိုက်သည်။
သူတို့၏ရထားလုံးများက တော်ဝင်နန်းတော်မှ မထွက်ရသေးပေ။ ရယ်သံများသည် နန်းတော်နံရံများအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့နောက် သူတို့က တဖြေးဖြေးချင်း ဝမ်ဟုန်နှင့်ချန်ရုံတို့နားရောက်လာသည်။
သူတို့မသိလိုက်ခင်မှာဘဲ မိန်းမငယ်လေးတစ်ယောက်က ပျော်ရွှင်စွာအော်ပြောလာ၏။
“အဲ့ဒါက ချီလန်ရဲ့ ရထားလုံးဘဲ”
“ချီလန်လား၊ ဘယ်အိမ်တော်ကချီလန်လဲ”
အခြားတစ်ယောက်က မေးလာသည်။
“လန်ယာရဲ့ ဝမ်အိမ်တော်ကချီလန်ကလွဲပြီး ဘယ်သူကများ ချီလန်ဆိုတဲ့ဒီနာမည်နဲ့ ထိုက်တန်မှာလဲ”
ဒုတိယကောင်မလေးက မရှင်းမလင်းဖြစ်နေဆဲတွင် ကောင်ငယ်လေးတစ်ယောက်က စိတ်အားတက်ကြွစွာပြောပြလာသည်။
“အားရီ ကျန့်ခန်းမှာ နာမည်ကြီးတဲ့ ယောက်ျားအနည်းငယ်ရှိတယ်။ သူတို့ကြားထဲမှာ ခန့်ညားတဲ့ ယွီကျားဇီ၊ ရမ္မက်လျှမ်းတဲ့ ရှဲ့ဟယ်ထင်း နဲ့ နတ်သားတစ်ပါးလို ဝမ်ချီလန်တို့ပါတယ်။ ဝမ်ချီလန်က အရှေ့ကရထားလုံးပေါ်မှာ ထိုင်နေတဲ့သူဘဲ”
သူပြောပြီးပြီးချင်းတွင် မိန်းမငယ်အနည်းငယ်က စိတ်အားတက်ကြွစွာ ကြွေးကြော်လာကြသည်။
ဤအချိန်တွင် မိန်းကလေးတစ်ယောက်က မပျော်ရွှင်စွာ အသံမြှင့်လာ၏။
“ဘယ်လိုလုပ်ပြီး နင်တို့က နန်းတွင်းထဲမှာ ဆူညံပူညံတွေလာလုပ်နေတာလဲ”
ထိုသူက ကိုးယောက်မြောက်မင်းသမီးပင်ဖြစ်သည်။
ဆူညံသံများက တခနတွင်းမှာပင် ရပ်သွားပြီး လှည်းဘီးလှည့်သံများနှင့် အစားထိုးခံလိုက်ရသည်။
မကြာခင်မှာပင် ချန်ရုံက မင်းသမီးသိမ်မွေ့သောအသံကို ကြားလိုက်ရသည်။
“အားဟွမ်က ကြိုဆိုပါတယ် ချီလန်....အရှင့်ကို ရက်နဲ့ချီအောင်မတွေ့ခဲ့ရဘူး၊ အဆင်ပြေပြေရှိနေမယ်လို့ မျှော်လင့်ပါတယ်”
သူမ၏အသံက နူးညံ့ကာ ချင့်ချိန်တတ်ပေသည်။
ဝမ်ဟုန်၏သိမ်မွေ့နူးညံ့သော အသံက သာယာနာပျော်ဖွယ် ထွက်လာပြီး ပြန်ဖြေလာသည်။
“မေးမြန်းပေးလို့ ကျေးဇူးတင်ပါတယ် မင်းသမီး ကျွန်တော်နေကောင်းပါတယ်”
သူမက ကိုယ့်ကိုကိုယ် အားဟွမ်ဟု သုံးနှုန်းခဲ့သော်လည်း သူက သူမအား မင်းသမီးဟုခေါ်လာ၏။ သူကနူးညံ့စွာပြောလိုက်ခြင်းဖြစ်သော်ငြား သူ၏စကားလုံးများက စိမ်းကားမှုတစ်ခုကိုဖော်ပြနေပေသည်။
မင်းသမီးက သူမပါးစပ်ကို အနည်းငယ်စေ့လိုက်ကာ သူမ၏သေးငယ်သောမျက်နှာက မပျော်ရွှင်မှုကိုဖော်ပြလာသည်။
သူမက ပတ်ကြည့်လိုက်ကာ ချန်ရုံ၏ရထားလုံးကိုသတိထားမိလာသည်။
“အထဲမှာ ဘယ်သူလဲ”
မင်းသမီးက ဝမ်အိမ်တော်၏ရထားလုံးမောင်းသူကို မေးလိုက်သည်။
ငယ်ရွယ်သော မင်းမျိုးမင်းနွယ်များက အချိန်နှင့်အမျှ သူတို့ဆီဝန်းရံလာသည်။ ရထားလုံးမောင်းသူက ရိုသေစွာ ပြန်ဖြေလာ၏။
“အရှင်မင်းသမီး ဒါက နတ်ဆရာမ ဟုန်ယွင်ကျီပါ”
ဆွေးနွေးသံများက ထပ်မံထွက်ပေါ်လာလေသည်။
“အဲ့ဒီ တောသူမလား”
မိန်းမငယ်တစ်ယောက်က အံ့အားတကြီးပြောလာသည်။
“ငါကြားတာတော့ သူမရဲ့ပုံစံက ပြောမပြနိုင်လောက်အောင် ဆွဲဆောင်မှုရှိတယ်ဆိုဘဲ၊ မြန်မြန် ကန့်လန့်ကာစကို မတင်လိုက်၊ အဲ့ဒီလိုမှ ငါသူ့ကိုမြင်နိုင်မှာ”
သူမ၏အဖော်က ဝေဖန်ချက်များ၏အလယ်တွင် သူမလက်မောင်းအားဆွဲလာသည်။ မိန်းမငယ်လေးက ဝမ်ဟုန်ကိုတစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန်ပင် သူမပါးစပ်ကိုပိတ်လိုက်သည်။
မင်းသမီးကလည်း ကြက်သေသေသွားပုံပေါ်၏။
သူမက အချိန်တစ်ချို့ကြာသည်အထိ ချန်ရုံ၏ရထားလုံးကို စိုက်ကြည့်လိုက်ပြီးနောက် မေးစေ့ကိုမြှင့်ပြီး မောက်မာစွာမဲ့ပြုံးပြုံးလိုက်သည်။
“နတ်ဆရာမ ရှင်က အရမ်းကြီးမြတ်လွန်းလို့ ကျွန်မကိုတွေ့ပြီး နှုတ်ဆက်စရာတောင်မလိုတော့ဘူးလား”
ချန်ရုံက ဘာလှုပ်ရှားမှုမှ မပြုလုပ်လာပေ။
သူမက ဘေးဘက်သို့မှီလိုက်ပြီး မျက်စိများကိုထပ်မှိတ်လိုက်သည်။
ငါက ဝမ်ဟုန်ရဲ့အမည်အောက်မှာရှိနေတာ။ ဝမ်ဟုန်ကိုယ်တိုင် ဒီမှာရှိနေမှတော့ သူ့ကိုဘဲတာဝန်ယူခိုင်းလိုက်တော့မယ်။ လူတစ်ချို့ကတွတ်ထိုးရတာကို သဘောကျရုံနဲ့ ငါကိုယ်တိုင်ထွက်ပြီး လူတွေရဲ့ရှောင်ကြဉ်တာကို သည်းခံနေစရာမလိုဘူး”
ဟွမ်အိမ်တော်တွင် အသတ်ခံရသည့်ယောက်ျားကိုမြင်ခဲ့ရသည်။ နန်းတွင်းထဲရှိ မနှစ်မြို့ဖွယ်စာရိတ္တပျက်ပြားမှုများကိုလည်း မြင်ခဲ့ရ၏။ အရှင်မင်းမြတ်နှင့်လည်း စကားပြောခဲ့သေးပေသည်။ ချန်ရုံက အခုချိန်တွင် တွေးလိုက်မိသည်။
'ဖြစ်နိုင်တာက ငါ့ရဲ့ဥပါယ်တံမျဉ်တွေကို ပြောင်းလဲဖို့ အချိန်တန်နေပြီဘဲ'
ရထားလုံးဆီမှ ဘာလှုပ်ရှားမှုကိုမှမတွေ့ရဘဲ ကန့်လန့်ကာစတောင် မလှုပ်သွားသည်ကို တွေ့လိုက်ရသောအခါ မင်းသမီးက မတတ်နိုင်ဘဲ ဒေါသဖြင့်နီရဲလာလေသည်။
သူမ၏ ဒေါသကိုဖိနှိပ်ကာ ဝမ်ဟုန်ကို မခံမရပ်နိုင်စွာ ပြောလာ၏။
“ချီလန် အရှင်မြင်တယ်မလား”
ဝမ်ဟုန်၏အသံက နူးညံ့ကာပေါ့ပါးနေဆဲဖြစ်သည်။
“မင်းသမီး နတ်ဆရာမက ကျွန်တော်တို့လူ့လောကနဲ့ မသက်ဆိုင်တော့ပါဘူး၊ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ ဓလေ့ထုံးထမ်းတွေက သူမနဲ့ဘာမှလုပ်စရာရှိမနေပါဘူး”
“သွားတော့”
သူက ရထားလုံးမောင်းကို အမိန့်ပေးလိုက်သည်။
ရထားလုံးမောင်းက ပြန်တုံ့ပြန်ကာ မြင်းကိုအရှေ့သို့နှင်လိုက်သည်။
မင်းမျိုးနွယ်ဝင် လူငယ်များက ပြန့်ကျဲနေပြီး တမင်သက်သက် သူတို့၏လမ်းကိုပိတ်ဆို့ထားသောအခါ သူတို့က အချိန်နှင့်အမျှ သွားသည်ဆိုရုံမျှသာ ရွှေ့နိုင်၏။
ဝမ်ဟုန်၏ ရထားလုံးက ရပ်တန့်ရန်ဆွဲခံလိုက်ရကာ မိန်းကလေးတစ်ယောက်က သူ့ကိုပြုံးပြလာသည်။
“ကောင်းကင်ဘုံအလား ဝမ်ချီလန်မလား၊ မသွားပါနဲ့ဦး၊ ခနလောက် ကျွန်မကို ရှင်ကိုပေးရှုစားပါဦး”
သူမက သူ့ကိုမျက်တောင်မခတ်စတမ်းစိုက်ကြည့်လာပြီး သူ့ဆီသို့ကလူကျီစယ်သော အကြည့်များပေးပို့လာလေသည်။
ထို့နည်းတူစွာပင် ကျန်ရှိသည့် အမျိုးသမီးထုကြီးကလည်း သူ့ကိုဝန်းရံလာကာ နှစ်သက်သဘောကျသည့် စနောက်မှုများကို အော်ဟစ်လာသည်။
ဤမိန်းကလေးတစ်ယောက်စီတိုင်းက လွန်ကဲသောဝတ်စုံများကို ဝတ်ဆင်ထားကာ မာနကြီးသောလေထုကို သယ်ဆောင်ထားကြသည်။ သူတို့ကနန်းတွင်းသို့ စိတ်တိုင်းကျ ဝင်ထွက်သွားလာနိုင်သည်ကို ကြည့်ပါကကျန့်ခန်းရှိ လူများ၊အရာဝတ္ထုများနှင့် အရမ်းမရင်းနှီးသေးလျှင်တောင်မှ သူတို့ကအများဆုံးဝေးလံသည့် စီရင်စုနယ်မြေများမှ မင်းသမီးများဖြစ်ပေလိမ့်မည်။
ဝမ်ဟုန်က သူတို့နှင့်လိုက်ပါကစားနေခဲ့သည်။ သူက သူတို့ကအနားပေးကပ်စေပြီး သူ့ကိုပေးစိုက်ကြည့်စေလိုက်သည်။ အချိန်တစ်ချို့ကြာပြီးနောက် သူကပြုံးကာ မေးလိုက်သည်။
“ကြည့်လို့ဝပြီလား”
မိန်းကလေးတစ်ယောက်က ရှက်ကိုးရှက်ကန်းပြုံးကာ ပြန်ဖြေလာသည်။
“အရှင့်ရဲ့ ကျက်သရေနဲ့ အလှတရားက ပြိုင်ဘက်မရှိနိုင်ပါဘူး၊ အချိန်အနည်းငယ်လောက်က ဘယ်လိုလုပ်ပြီးလုံလောက်နိုင်မှာလဲ”
သူမနောက်ရှိ ပိုအသက်ကြီးကာ လုပ်ရဲကိုင်ရဲရှိပုံရသော မိန်းကလေးက အသံကျယ်ကျယ်ဖြင့်အော်ရယ်ကာ ကြားဖြတ်ပြောလာသည်။
“ဒီယောက်ျားကို အိမ်ခေါ်သွားပြီး မိုးလင်းကနေမိုးချုပ်ထိ နှစ်နှစ်ခြိုက်ခြိုက်ရှုစားရဖို့ ငါဆုတောင်းမိတယ်”
သူမ၏စကားလုံးကို တုံ့ပြန်သည့်ရယ်သံများက သူတို့နားတွင်မြင့်တက်လာလေသည်။
ဤအချိန်အတွင်းတွင် ကိုးယောက်မြောက်မင်းသမီးက ချန်ရုံ၏ရထားလုံးကိုသာ စိုက်ကြည့်နေခဲ့သည်။ သူမကရှေ့တိုးလာပြီး ကန့်လန့်ကာစကိုမလိုက်သည်။
ချက်ချင်းပင် တာအိုဝတ်စုံကိုဝတ်ဆင်ထားသော ချန်ရုံက လူထုထဲတွင် ပေါ်ထွက်လာလေသည်။
မင်းမျိုးမင်းနွယ်ဝင်လူငယ်များက တစ်ချိန်လုံးသူမဆီသို့ခိုးကြည့်နေကြကာ သူမအကြောင်းအလွန်သိချင်နေကြ၏။ အခုသူမ၏မျက်နှာဖော်ထုတ်ခံလိုက်ရသောအခါ သူတို့အားလုံးက သူမကိုဝန်းရံလာကြသည်။
ဒီလိုဖြစ်သွားသောအခါ ဝမ်ဟုန်ကလည်း ချန်ရုံနားပိုကပ်သွားလိုက်သည်။
ဝမ်ဟုန်ကို ငမ်းကြည့်နေမှုများနှင့် မတူစွာ သူတို့ချန်ရုံကို ငေးနေကြသည်မှ ချုပ်ထိန်းမှုမရှိနေပေ။ လုပ်ရဲကိုင်ရဲသော မိန်းကလေးက နောက်ဆုံးအကြည့်တစ်ချက်ပေးလိုက်ကာ ရုတ်တရက်ပြောလာ၏။
“နင်ကအရမ်းလှတာဘဲ ငါနဲ့အိမ်ကိုလိုက်ခဲ့’
သူမက ချန်ရုံကိုပြောနေခြင်းဖြစ်သည်။
ချန်ရုံက ခေါင်းငုံ့ရုံလောက်သာ ငုံ့လိုက်ပြီး အသက်မပါစွာပြန်ဖြေလာ၏။
“ဟုန်ယွင်ကျီက သီလရှင်ပါ”
“နင်က သီလရှင်ဆိုတာ ငါသိပါတယ်”
ကောင်မလေးက ကြားဖြတ်ပြောလာသည်။
“အဲ့ဒီတော့၊ နင်အလိုမရှိဘူးလား”
ဤအရာများသည် လက်ခံနိုင်ဖွယ်မရှိသော စကားလုံးများပင်ဖြစ်သည်။
ချန်ရုံက သူမကိုမော့ကြည့်လိုက်သည်။
သူမထိုသို့ပြုလာသောအခါ မင်းမျိုးမင်းနွယ်ဝင်လူငယ်များက သူမ၏မြင်ကွင်းတွင်ခေါင်းမော့လာကြသည်။ သူတို့က သူမဆီမှအကြည့်မလွှဲနိုင်တော့ပေ။
ချန်ရုံက တိတ်တဆိတ်ပင် သူမနှင့်အကြည့်ဆုံသွားကာ ပြုံးလိုက်ပြီး ဝမ်ဟုန်ကိုလှည့်ကြည့်လာသည်။
သူမက ဝမ်ဟုန်ကိုကြည့်ကာ ဘာမှမပြောလာသော်လည်း သူမ၏မျက်လုံးများထဲတွင် လှိုင်းလုံးများ တလိမ့်လိမ့်ထနေသည်မှာ စကားဖြင့်ပြောနိုင်သည်ထက် ပိုပေသည်။
ဝမ်ဟုန်က ရထားလုံးနံရံကို မှီကာ မြင်ကွင်းအား ပျင်းရိစွာကြည့်နေခဲ့၏။ သူ့နှုတ်ခမ်းများက အမြဲတမ်းလိုလိုပင် ဖျော့တော့ကာ သံယောစဉ်ကင်းသည့် အပြုံးကို ပြုံးထားလေ့ရှိသည်။
သို့သော်ငြား အခုလေးတင်သူမပေးလာသော အကြည့်ကြောင့် သူက မတတ်နိုင်ဘဲ အလန့်တကြားဖြစ်သွားရလေသည်။
အလိုအလျောက်နီးပါးပင် သူက သူမနှင့် အကြည့်ဆုံရန် မျက်လုံးများကို မြှင့်လိုက်သည်။
သူတို့က တစ်စုံတစ်ခုကိုကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ ငယ်ရွယ်သောလူထုသည် သူတို့ကဒီလိုမျိုး အကြည့်ဆုံနေကြသည်ကို မြင်သောအခါ နားလည်သွားကြပြီဖြစ်သည်။
သတ္တိရှိသောမိန်းကလေးက သူတို့နှစ်ယောက်ကိုကြည့်ကာ ချန်ရုံကိုပြောလာ၏။
“နတ်ဆရာမ နင့်ကိုနင် ငါတို့အထက်မှာရှိနေတယ်လို့ထင်နေတာလား”
ချန်ရုံက သူမကိုလျစ်လျူရှုလိုက်သည်။
ကိုးယောက်မြောက်မင်းသမီးက နောက်ထပ်ပြောလာသူဖြစ်သည်။ သူမက မျက်လုံးထဲတွင်မီးတောက်များဖြင့် ချန်ရုံကိုစိုက်ကြည့်ကာ ရယ်သံတစ်ချက်ပေးလာသည်။
“တာအိုပညာရှင်တွေက က္ကန္ဒြေသိက္ခာမရှိဆုံးလူတွေလို့ပြောကြတယ်၊ နင့်ပုံစံကိုကြည့်ရတာ နှစ်ကိုယ်တူကျင့်ကြံခြင်းမှာ ကျွမ်းကျင်မှာဘဲ၊ ငါပြောတာဟုတ်တယ်မလား”
သူမ၏စကားလုံးများက ရန်လိုရုံသာမက ရိုင်းစိုင်းရုန့်ရင်းနေပေသည်။
ချန်ရုံက မော့ကြည့်လိုက်သည်။
သူမက မင်းသမီး၏ လှပကာမာနကြီးနေသောမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ဟုန်ကိုပြန်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများထဲတွင် မကျေနပ်ချက်များထပ်မံပြည့်နှက်လာလေသည်။
ထို့နောက် လူတိုင်း၏အကြည့်အောက်တွင် သူမက ကန့်လန့်ကာကို ဆွဲချလိုက်သည်။
ထပ်ပြီး လျစ်လျူရှုခံလိုက်ရသောအခါ မင်းသမီးက ဒေါသဖြင့်မည်းမှောင်သွားလေသည်။
သူမက ငြူစူဆောင့်အောင့်နေပြီး လူငယ်လေးများက ရယ်မောနေချိန်တွင် ဝမ်ဟုန်က ထပြောလာလေသည်။
“မင်းသမီး ကျေးဇူးပြုပြီး ကိုယ့်စကားလုံးတွေကို သတိထားပါ”
သူမပြုံးသောအခါ သူ့ဆီမှပွင့်ပွင့်လင်းလင်းထွက်ပေါ်နေသည့် အထက်စီးဆန်မှုတစ်ခုရှိနေ၏။ ၎င်းက နှစ်ရာချီနှင့်တိုင်အောင် သူ၏သွေးမျိုးဆက်ထဲတွင် လက်ဆင့်ကမ်းလာသော အထက်စီးဆန်မှုမျိုးဖြစ်သည်။ ၎င်းကစစ်မာအိမ်တော်ကိုတောင် လွှမ်းမိုးနိုင်ခဲ့သည့်အရာဖြစ်သည်။
ထို့အပြင် ဝမ်ဟုန်က သာမာန်နှင့်မတူစွာ အေးစက်ပြီး စိမ်းကားနေ၏။
မင်းသမီးက ဖိမ့်ဖိမ့်တုန်သွားသလို အခြားလူငယ်များကလည်း အတူတူပင်ဖြစ်သည်။ သူတို့က အချင်းချင်းအကြည့်ဆုံလိုက်ကြပြီး အလိုမရှိစွာပင် လမ်းဖယ်ပေးရန် နောက်ဆုတ်ပေးလာကြသည်။
မင်းသမီးသည် ဝမ်ဟုန်အားနှစ်အများကြီးတိုင်အောင် သဘောကျနေခဲ့ခြင်းဖြစ်သည်။ သူမက သူရယ်မောသည်ကိုမြင်ဖူးကာ သူ့အားအပြုံးနှင့်လည်း တွေ့ဖူးပေသည်။ သူမ၏အမြင်များထဲမှ ဝမ်ချီလန်သည် အမြဲလိုလိုသိမ်မွေ့ကာ ဝာည်ငြိမ်ပြီး ကြင်နာတတ်၏။
....သူမက အတိတ်ကာလတွင် ဒီထက်ဆိုးသည်များကို ပြောခဲ့ဖူးသော်လည်း သူကဘယ်တုန်းကမှသူမကို အပြစ်မတင်ခဲ့ပေ။
သူမက တဒင်္ဂမျှ မလှုပ်မရှားနိုင်ဖြစ်သွား၏။
ဝမ်ဟုန်နှင့် ချန်ရုံတို့၏ရထားလုံးများ မောင်းထွက်သွားသောအချိန်တွင် သူမမျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်လာ၏။
သူတို့က အဝေးကြီးရောက်သွားသောအချိန်တွင်မှ မင်းသမီးသည် သူမဝတ်ရုံစကို မျက်နှာဆီဆွဲယူကာ ငိုချလာလေသည်။
“ချီ ချီလန်က ငါ့ကိုမုန်းနေတယ်”
သူမက ကြောက်ရွှံ့ကာ ၊အထိတ်တလန့်ဖြင့်ငိုကြွေးလာလေသည်။
ဤငိုသံများကို ကြားသောအခါ ချန်ရုံကတစ်ချက်လှည့်ကြည့်လိုက်သည်။ စစ်မာမင်းသမီး၏ အပြုအမူက ဝမ်အိမ်တော်မှ အစေခံမိန်းမများထက်တောင် ပို၍ညံ့ဖျင်းပေသည်။
သူမ၏နိမ့်ကျသောနောက်ခံကြောင့် သူမသည် ကျက်သရေရှိမှုနှင့် မင်းမျိုးမင်းနွယ်တစ်ယောက်၏စိတ်နေစိတ်ထားကို မပိုင်ဆိုင်နိုင်ဟု ထင်ထားခဲ့ပေသည်။ သို့သော် အခုတွင် စစ်မာမင်းသမီးကလည်း ပိုမကောင်းနေပုံပင်။
“အဲ့ဒီက လူတိုင်းရှေ့မှာ မင်းက ကိုယ့်ဆီကိုညွှန်ပြတဲ့အကြည့်တစ်ချို့ပို့ပေးခဲ့တာဘဲ၊ အချစ်လေး”
ဝမ်ဟုန်၏သဘောကျနေသေ အသံကထွက်ပေါ်လာ၏။
သူက ကန့်လန့်ကာကို မလာသည်။ သူ၏ဖန်ရောင်ထနေသော မျက်လုံးများက သူမကိုတိတ်တဆိတ်ကြည့်လာ၏။
“မင်းက ပိုပိုပြီးရဲတင်းလာတာဘဲ”
ချန်ရုံက သူက သူမကိုဘာကြောင့် ထိုသို့ကြည့်နေသည်ကိုသိပေသည်။...၎င်းက သူမအနေဖြင့် ကြေညာချက်တစ်ခုလုပ်ကာ သူမအတွက် စကားပြောပေးရန် သူ့ကိုဖိအားပေးလိုက်သောကြောင့်ပင်။ အတိတ်တုန်းကဆိုလျှင် သူ့အတွက်တွေးတောပေးသောကြောင့် ဒီလိုအရာမျိုးကို မလုပ်ခိုင်းခဲ့ပေ။
သူမက မော့ကြည့်ပြီး ကျက်သရေရှိစွာပြုံးပြလိုက်သည်။
“ချီလန် အရှင်က ကျွန်မအပေါ်ကောင်းပေးခဲ့တာ အကြာကြီးရှိလာပြီနော်...အဲ့ဒီလိုဆိုဖြစ်မှာမဟုတ်ဘူး၊ တကယ်လို့ဒီလိုမျိုးဆက်ဖြစ်နေရင် အရှင်က ကျွန်မကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
၎င်းက အပြစ်တင်မှုထက်စာလျှင် ထုတ်ပြန်ချက်ပုံစံပိုဆန်နေ၏။
ဝမ်ဟုန်က သူမ၏စကားများတွင် အေးခဲသွားလေသည်
သူက ဖြေးဖြေးချင်းပြုံးလာ၏။
“မင်းပြောတာမှန်တယ်လို့ ကိုယ်ထင်တယ်”
သူက လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“ဒါကို ကိုးယောက်မြောက်မင်းသမီးက စကားပြောရာမှာ အောက်တန်းကျလို့ ဝမ်ချီရဲ့အထင်သေးတာကိုခံလိုက်ရတယ်လို့ဘဲ သိစေလိုက်ပါ”
“ဟုတ်ကဲ့ပါ”
သူ့နောက်ရှိ ယောက်ျားတစ်ယောက်က ပြန်ဖြေလာ၏။
ထိုယောက်ျားထွက်သွားသောအခါ ဝမ်ဟုန်က ချန်ရုံအား ထပ်ကြည့်လာလေသည်။